ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Monday, June 11, 2012
အဖေထက်မြင့်မြတ်သောသမီး
အနာထပိဏ် သူဌေးကြီး ဆိုရင် ဗုဒ္ဓဘာသာဝင်တိုင်းသိကြမှာ
ဖြစ်ပါတယ်…သူဌေးကြီး ဟာ ဘုရားရှင် နဲ့ တကွ ရဟန်းတော်များကို
ဆွမ်းအမှူ နဲ့ လုပ်ကျွေးပြုစု တဲ့ဒကာ တစ်ယောက်ပါ..အကြီးဆုံး
သမီးဖြစ်တဲ့  မဟာသုဘဒ္ဒါ ကို အမှူကိစ္စ အ၀၀ ဆောင်ရွက် ဖို့ 
တာဝန်ပေးထားပါတယ်…မဟာသုဘဒ္ဒါ က အမှူကိစ္စ ဆောင်ရွက်ရင်း
တရားတော်နာကြားလို့  သောတာပန်တည်ပါတယ်..နောက်တော့
အိမ်ထောင်ရက်သားကျတာနဲ့ လင်ယောင်္ကျား နောက်လိုက်သွားလို့ 
စူဠသုဘဒ္ဒါကို အမ  နည်းတူ တာဝန်ယူစေခဲ့ပြန်တယ်..စူဠသုဘဒ္ဒါက
လည်း အမ နည်းတူ ပဲတရားနာပြီးသောတာပန် တည်ပြန်ရော..
နောက် အိမ်ထောင်ကျပြီးခင်ပွန်းနောက် လိုက်ပါသွားပြန်ရောပေါ့..
အဲ့တော့ နောက်ထပ်သမီးတစ်ယောက် သုမန ဒေ၀ီ ကို တာဝန်ပေးပြန်
ပါတယ်..သုမနဒေ၀ီ ကလဲ အမှူကိစ္စ အ၀၀ ဆောင်ရွက်ရင်း ကနေ
တရားတော်တွေ နာကြားလိုက်တာ သောတာပန်ထက်မြင့်တဲ့ 
သကဒါဂမ် အရိယာဖြစ်သွားတယ်..သုမနဒေ၀ီဟာ ရောဂါသည်လေးပါ
အရိယာဖြစ်ပြီးနောက်ပိုင်းမှာအနာရောဂါနှိပ်စက်ပြီး နောက်ဆုံးအချိန်
ကိုရောက်လာပါတယ်..ဒီတော့ နောက်ဆုံးအနေနဲ့ ဖခင်ကိုတွေ့ လိုတယ်
လို့  အခေါ်လွှတ်တယ်..အနာထပိဏ်သူဌေးကြီး လဲ သမီး မကျန်းမာ
တာသိတာနဲ့  အလှူမဏ္ဍပ် တခု ကနေ ချက်ချင်းလိုက်လာတယ်..
``ချစ်သမီး ..သုမန    ဘယ်လိုဖြစ်တာလဲ”
``ငါ့..မောင်ကလေး  ဘာလဲ”
``ချစ်သမီး .. ယောင်ယမ်းပြောနေတာလား”
``ငါ့ မောင်ကလေး  အမကြီး  ယောင်ယမ်းပြောတာမဟုတ်ဘူး”
``ချစ်သမီး ကြောက်သလား”
``ငါ့ မောင်ကလေး…အမကြီးမကြောက်ပါဘူး”
              အဲ့သလောက်လေး ပြောပြီး သုမန ဒေ၀ီ ဟာ
သေလွန်ရှာပါရော။
+++++++++++++++++++
အနာထပိဏ် သူဌေးကြီး ဟာ သောတာပန်အရိယာ ပုဂ္ဂိုလ်ကြီးဖြစ်
တာနဲ့  ဘုရားရှင် ကိုယ်တော်မြတ်ဆီ အရောက်သွားလို့  ငိုကြွေးပြီး
မေးမြန်းရှာ တယ်..။
“မြတ်စွာဘုရား…တပည့်တော်ရဲ့ သမီးငယ် သုမနဒေ၀ီ ဟာ စုတေ
သေလွန်ရှာပြီ ဘုရား”
“ဒကာတော်…ဘာအတွက်ကြောင့်စိုးရိမ်ပူဆွေးငိုကြွေးနေရတာလဲ
သေခြင်းသဘောတရားမည်သည် ဧကန်အမှန်ရှိတယ်မဟုတ်လား”
“အရှင်ဘုရား.. သေခြင်းတရား ဧကန် အမှန်ရှိတာကိုသိပါတယ်
ဘုရား..ဒါပေမယ့် တပည့်တော်ရဲ့ သမီးဟာ အရှက်အကြောက်နဲ့ 
ပြည့်စုံသူဖြစ်ပါလျှက် သေလွန်ခါနီးမှာ ယောင်ယမ်းမြည်တမ်းပြီး
သေသွားရှာပါတယ်ဘုရား..အဲ့ဒီအတွက် ကြောင့် စိတ်နှလုံး
မသက်မသာ ဖြစ်ရပါတယ် ဘုရား”
“ဒကာတော် သူဌေးကြီး ..သင့်သမီး က ဘယ်လိုစကားများ
ပြောဆိုသွားလို့ လဲ”
“အရှင်ဘုရား ..တပည့် တော် က ချစ်သမီး သုမန လို့  ခေါ်
တဲ့ အခါ  တပည့်တော်ကို ငါ့မောင်ကလေး လို့ ပြန်ခေါ်ပါတယ်ဘုရား..
ချစ်သမီး ယောင်ယမ်း သလားလို့ မေးတဲ့အခါ…ငါ့မောင်ကလေး
အမကြီး မယောင်ယမ်း ဘူး လို့  ပြန်ပြောပါတယ် ဘုရား..
ချစ်သမီး ကြောက်သလားလို့  မေးတဲ့ အခါ..ငါ့မောင်ကလေး
အမကြီးမကြောက်ပါ.. လို့  ပြောပြီး သေလွန်ရှာပါတယ် ဘုရား”
“ဒကာတော်သူဌေးကြီး ..သင့်သမီး ဟာ ယောင်ယမ်း မြည်တမ်း
တာ မဟုတ်ဘုး..”
“အရှင် ဘုရား ယောင်ယမ်း မြည်တမ်း တာမဟုတ်ရင်..ဘာကြောင့်
ငါ့ မောင်ကလေး လို့ ခေါ်ဝေါ်ပြောဆိုပါသလဲ ဘုရား…”
“ဒကာတော်သူဌေးကြီး ..သင့်၏ ငယ် ခြင်းကြောင့် ငါ့မောင်ကလေး လို
ခေါ်ဝေါ် ပြောဆိုခြင်းဖြစ်၏။မှန်၏။ဒကာတော်သူဌေးကြီး  သင့်သမီး
သုမနဒေ၀ီကမဂ်ဖိုလ်တို့ ဖြင့် သင်သူဌေးကြီးထက်ကြီးပေ၏။ သင်ကား
သောတာပန် ပုဂ္ဂိုလ်မျှသာဖြစ်၏။သင့်သမီး ကား သကဒါဂမ် ပုဂ္ဂိုလ်
တည်း။သင့်သမီး ဟာ မဂ် ဖိုလ် တို့ ဖြင့် သင့်ထက်ကြီးသောကြောင့်
ငါ့မောင်ကလေး လို့ ခေါ်ဝေါ် ပြောဆိုခြင်းဖြစ်သည်။”
“မြတ်စွာဘုရား…ဤ အတိုင်း ဟုတ်မှန် ပါသလား”
“ဒကာတော် သူဌေးကြီး  ဤ အတိုင်း ဟုတ်မှန်ပါ၏”
“မြတ်စွာဘုရား.. တပည့်တော်၏သမီးဟာ
ယခု အခါ ဘယ်ဘုံဌါန မှာ ဖြစ်နေပါသလဲ ဘုရား”
“တုသိတာ နတ်ဘုံ `၌ ဖြစ်၏”   လို့ မြတ်ဘုရားကမိန့် တော်မူတော့မှ
အနာထပိဏ်သူဌေးကြီး လဲ ၀မ်းမြောက်ဝမ်းသာ စိတ်ချမ်းသာရပါ
တော့တယ်….
              ကဲ..ဒီဝတ္ထုလေး ကတော့  မြတ်စွာဘုရားရှင် ကိုယ်တော်
မြတ် သက်တော်ထင်ရှားရှိစဉ်က အနာထပိဏ်သူဌေးကြီး နှင့် သမီး
သုမန ဒေ၀ီ တို့ ရဲ့  အကြောင်းလေးပေါ့..
လောကီ နယ် ပယ်မှာတော့ အနာထပိဏ်သူဌေးကြီးကအဖေ ဖြစ်
ပေမယ့်..လောကတ္တရာနယ်ပယ်မှာတော့ အနာထပိဏ် သူဌေးကြီး
က မောင်လေး ဖြစ်သွားတယ်နော်….သမီးသုမနဒေ၀ီ  ကတော့
သကဒါဂမ် အရိယာဖြစ်သူမို့ အဖေ ကိုမောင်လေး လို့ ခေါ်သွားတာ
မိဘထက်မြင့်မြတ်တဲ့ သမီးဖြစ်သွားလို့ နော်…
မိဘ ထက်မြင့်မြတ်တဲ့ သားသမီး ကို အတိဇာတ လို့ ခေါ်ပြီး
မိဘ နဲ့ တန်းတူ သားသမီးကို အနုဇာတ လို့ ခေါ်တယ်
မိဘ ထက် နိမ့် ကျ တဲ့သားသမီး ကို တော့ အ၀ဇာတ လို့ ခေါ်တယ်..
ကိုယ့်ကို ကိုယ် ဘယ်လိုသားသမီးဖြစ်သလဲ ဆိုတာ..
ကိုယ့်ရဲ့ ကြိုး စားအားထုတ်မှူ အပေါ်မှာပဲ တည်ပါတယ်နော်…
ရဟန္တာ ဆိုရင်တော့ ပထမအဆင့် သားတော်သမီးတော် ဖြစ်ပြီး 
အနာဂမ်ဆိုရင် တော့ဒုတိယ အဆင့် သားတော်သမီးတော်ဖြစ်မယ်
သကဒါဂမ် ဆိုရင် တတိယ အဆင့် သားတော်သမီးတော်ဖြစ်မယ်
.သောတာပန်ဆိုရင်တော့ စတုတ္ထဆင့် သားတော်သမီးတော်ဖြစ်မှာပေါ့ နော်..
အနာထပိဏ်သူဌေးကြီး က စတုတ္ထ သားတော်ဖြစ်ပြီး
သုမန ဒေ၀ီ က  တတိယ သမီးတော်ပေါ့…ဒါကြောင့်  ဖခင်ထက်
မြင့်သွားတာနော်….
မြတ်စွာဘုရားရဲ့ သားတော် သမီးတော် ဆိုရင်တော့
ရာထူးကျစရာလဲမရှိဘူး..သူတပါးဖျက်ဆီးလို့ လဲမရဘူးနော်..
ဒီလို ရာထူး ကို ကိုယ်တိုင်ကြိုးစားအားထုတ်မှ ရနိုင်မှာဖြစ်ပါတယ်..
လောကီ နယ်ပယ် က ချမ်းသာတဲ့စည်းစိမ် တွေ ရာထူးဂုဏ်ပုဒ်တွေ က
တော့ ဖျက်ဆီးခြင်းခံရတဲ့ အခါ အားလုံးပျက်စီးဆုံးရှုံးခြင်းတွေ ဖြစ်ကုန် ပါလိမ့် မယ်.
.မြတ်စွာဘုရားရှင်ရဲ့ သားသမီး ရတနာ အစစ်တွေ ကို
တော့ ဘယ်သူမှဖျက်ဆီးလို့ လဲ အဆင့်ကျစရာမရှိသလို ရပြီးသား
အရိယာ တရားတွေဟာလဲပျက်ဆီးစရာ အကြောင်းမရှိဘူးဆိုတာ
လေ့လာမှတ်သားလို့  ကြိုးစားအားထုတ်နိုင်ကြပါစေနော်…
*******တတိယမြောက်သမီးတော်*******
0 comment: