ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Wednesday, July 4, 2012
သမိုင်း
         လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော် ကတည်းက
မဂ္ဂသစ္စာကို ရှာဖွေခဲ့သည်မှာ ဒုတ်ထိုးအိုးပေါက်ပြောရမည်ဆိုလျှင်
အသေအကြေကိုဖြစ်သည်။တကိုယ်တော် နေထိုင်
သူတစ်ဦးအနေဖြင့် အလုပ်မများသော တာဝန်များကြောင့် 
အားနေတတ်သောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ကြသည်။
မိမိ သည်လည်းတကိုယ်တော် နေထိုင်သူဖြစ်သဖြင့်
အကောင်းဆုံးလုပ်ဆောင်မည်ဆိုသော စိတ်ကူးလေးတစ်ခု
ရှိနေခြင်းသည်ပင် တော်တော် ကိုအဖိုးထိုက်တန်သူ ဟု 
မိမိကိုယ်မိမိ ကင်ပွန်းတပ် အမွှန်းတင် လိုက်မိသည်။:D
                      သို့ သော်
                   မဂ္ဂသစ္စာသည် ဤမျှလွယ်လွယ်ကူကူ
 ရှာတွေ့ နိုင်သောအရာမျိုးတော့မဟုတ်ပေ။
မိမိ ကဲ့သို့ ကံကောင်းသူမို့ သာ ရှာတွေ့ ခဲ့သည်ဟု
ဆိုလိုက်ချင်ပါသည်။ :p
                     မူလတန်း ကျောင်းသူအရွယ် ကတည်း က
ဘုရားကို အလွန်စိတ်ဝင်စားမိသူဖြစ်သည်။ လူတကာက 
ရှိခိုးဦးတင်နေသောဘုရားသည် ဘယ်လိုအကြောင်းကြောင့်
ရှိခိုးခံရသလဲဟု သိချင်ခဲ့မိသည်။မိမိ ကိုယ် မိမိ ပင်
ဘုရားဖြစ်အောင်အားထုတ်မယ် ဟူ၍ ပြောခဲ့ဖူးသည် 
အထိ  စိတ်ဝင်စားခဲ့ဖူးသည်။မိမိ ဤ ကဲ့သို့ ပြောသောအခါ  
 အကို ဖြစ်သူ က မိမိကိုဘုရားဆိုတာ ယောင်္ကျားမှဖြစ်တာ 
နင် ကမိန်းကလေး အရင်ဆုံးယောင်္ကျားလေးဖြစ်ဖို့ ကိုပဲ
ဆုတောင်းအုံး ဟု ပြောခဲ့ဖူးသည်ကို
သေသေချာချာမှတ်မိနေသေးသည်။
                 ထို့မှတဆင့် မိမိ အလယ်တန်းကျောင်းသူဘဝ
အရွယ် တွင် ဖခင်  ပြောပြလေ့ရှိသော အရိယာ ပုဂ္ဂိုလ်များ
အကြောင်းသည်  နားထဲတွင် အလွန်ရင်းနှီးခဲ့ပြန်သည်။
ဝိသာခါ သူဌေးမ သည်သောတာပန် အရိယာ ။အနာထပိဏ် 
သူဌေးကြီးသည် သောတာပန်အရိယာ ဟူ၍ ရင်းနှီး 
ကျွမ်းဝင်လှပါသည်။ အားကျနှစ်သက်ခဲ့မိပါသည်။
အလွန်ပင်စိတ်ဝင်စားမိသော အကြောင်းအရာများဖြစ်သည်။
မိမိ ကိုယ်တိုင်လည်း အရိယာဖြစ်အောင်အားထုတ်မယ် 
ဟု ကြိမ်းဝါးမိပါသည်။
             မိမိ တို့ ရွာ ဘုန်းတော်
ကြီးကျောင်းမှ ဆရာတော်ထံတွင် ဖခင် က 
(တိပိဋကဘွဲ့  တံဆိပ်တော်ရမင်းကွန်းဆရာတော်
ဘုရားကြီး ဦးဝိစိတ္တ သာရာဘိဝံသ ရေးသားသော)
               မဟာဗုဒ္ဓ၀င် စာအုပ် ကို
ငှါးရမ်း လာသည်။ဘုန်းကြီးစာအုပ်ဖြစ်သောကြောင့် 
မိမိတို့မှာအေးအေးဆေးဆေး မဖတ်ရပါ။။
ခပ်မြန်မြန်ဖတ် ခဲ့ရသည်။ဘုန်းကြီး က အကြာကြီး
 ယူထားတာမကြိုက်သောကြောင့်ဖြစ်သည်။
အကြောင်းအရာများကိုဖတ်၍ အလွန်စိတ်ဝင်စား
သော်လည်း တခါတခါ မိမိ စဉ်းစားမိသည်များကို
 ပြန်ဖတ်ခွင့်မရပေ။ စာအုပ် ကပြန်ပို့ လိုက်ပြီဖြစ်
သောကြောင့်  စိတ်ထဲဇဝေဇ၀ါ ဖြင့် နေလိုက်ရသည်။
သို့ သော် မိမိအလွန် နှစ်သက်သော ဘုရားရှင် ၏ 
သမိုင်းကိုသိတန်သလောက်သိလိုက်ရသောကြောင့် 
 ကျေနပ်မှူေ တာ့ဖြစ်မိခဲ့ပါသည်။အပြည့်အ၀တော့မဟုတ်ပေ။
ကိုယ်ပိုင်ဝင်ငွေရှိသောအခါ ထိုစာအုပ်များကို 
ကိုယ်ပိုင် ၀ယ် ထားမည် ဟုစိတ်ထဲမှ ကြိမ်းဝါးခဲ့မိသေးသည်။ 
                 မိမိ တို့နေရသည့်မြို့ ကလေးသည်
တောမြို့ ကလေးသာ ဖြစ်သောကြောင့် စာအုပ်များ
စုံစုံလင်လင်ဝယ် ၍ မရနိုင်ပါ။ပိုက်ဆံရှိလျှင်တောင်
ဝယ်ဖို့  ခက်ခဲပါသည်။အကြောင်းအားလျှော်စွာ 
 ခရီးထွက်ခွင့်ကြုံသောအခါလယ်တီဆရာတော်ဘုရားကြီး
ရေးသားတော်မူသောဇိနတ္ထပကာသနီကျမ်း  စာအုပ်နှင့်
 မင်းနန်(မော်ကျွန်း)ရေးသားသော အထက်တန်းစား
ဗုဒ္ဓဘာသာဝင် စာအုပ် ကိုမန္တလေးမြို့  နဂါးစာပေတွင်
တစ်ယောက်စာအုပ် ကို၎င်း။တခြားသော  ဗုဒ္ဓဘာသာ
ဆိုင်ရာ ဘာဝနာ ပိုင်းပါမည်ထင်ရသော
စာအုပ်များကို၎င်း မိမိ သည် ကြိုးစားပမ်းစား 
ရှာဖွေဝယ်ယူ ခဲ့သည်။အထူးသဖြင့် နာမည်ကြီးနေသော 
ဆရာတော် အချို့ ၏ စာအုပ်များကိုပါ သုံးလေးအုပ်
ဆီဝယ်ယူ ဖတ်ရှူ့ ခဲ့သည်။(နာမည်ကြီးနေသော
ဆရာတော်များစာအုပ်ဟု ဆိုရာ`၌ ဓါတ်တော်ကျ 
သွားသော ဆရာတော်များကိုဆိုလိုခြင်းမဟုတ်ပါ။
ထို အချိန်က မိမိ သည် မဟာစည် ဆရာတော်
မိုးကုတ် ဆရာတော် စသည်ဖြင့် ဓါတ်တော်ကျ 
ဆရာတော်များ အကြောင်းကိုမျှ မသိချေ။ 
ထို့ ကြောင့်ကောင်းနိုးရာရာ စာအုပ်များကို
စိတ်မှန်းဖြင့်ဝယ်ယူ ခဲ့ခြင်းဖြစ်လေသည်။)
                   အမှန် ကိုဝန်ခံ၍ ရေးသားပါမည်။
ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်တွင် 
 ရေးသားဖေါ်ပြထားသော အကြောင်းအရာ
တို့မှာ အတော်ပင်စုံလင်လှသည်။သို့သော်……….
မိမိ နားမလည် ခဲ့ပါ။ဆရာမပြ နည်းမကျ ဆိုသော 
စကားသည် အလွန်ပင် မှန် လှပါသည်။
ဆရာမရှိပဲ မိမိ မှာ ချာချာလည် နေခဲ့သည်။  
 ထို စဉ် က မိမိ သည်ရှမ်းငြိမ်းချမ်းရေးဌါနချုပ်
 (S.S.A)၏ ရုံးအခြေစိုက် မြို့ ကလေး(ပြောရလျှင်-
မိမိ နေထိုင်ခဲ့သည့် ရွာ လောက်ပင် အိမ်ခြေမရှိပါ)
အိမ်ခြေတစ်ရာခန့် သာရှိသော ဆင်ကျော့ မြို့ တွင်
 ရောက်ရှိနေချိန်ဖြစ်သည်။တာဝန်ဟူ၍ မယ်မယ်ရရမရှိ 
 အားလပ်နေသောအချိန်က များလွန်းလှသည်
ဖြစ်ရာ မိမိ ၀ယ်ယူခဲ့သော စာအုပ်များထဲမှ
 မဂ္ဂသစ္စာ အကြောင်းဟု ထင်ရသောစာအုပ်တစ်အုပ်ကို
 ယူဖတ်၍ လေးလေးစားစားကြိုးစားအားထုတ်ခဲ့ဖူးသည်။
ကြောက်စရာကောင်းသော  ဘာဝနာနည်းလမ်းဟုပင်
ဆိုချင်မိသည်။မိမိသည်  သုတ အလွန် နည်းပါးသူဆိုပါက
 မှားယွင်းစွာကျင့်ကြံရင်းရူးသွပ် လိမ့်မည်ထင်ပါသည်.။
စ၀င်သည့် နေရာ မှ ဆုံးသည့် နေရာထိ လိုက်
ကြည့်နေရမည် ဟူ၍ ၀င်လေ စရာ နှာသီးဖျား ကိုသိပါ ။
ဝင်လေ အလယ်ရောက်သည့် ရင်ခေါင်းနေရာကိုသိပါ်။
 ပြီးလျှင် ၀င်လေ ဆုံးရာ ချက်တိုင်နေရာကိုသိပါ် 
 စသည်ဖြင့်ရေးသားဖေါ်ပြထားလေရာ ဆရာမရှိသော
မိမိ  အလွန်ပင် အားထုတ်လိုသောမိမိ မှာ  ကြိုးစားပမ်းစား
အားထုတ်လေတော့သည်။ထို့ သို့ အားထုတ် ၍
 နှစ်ရက်မြောက်သောအခါငိုချင်လာသည်။
ဆက်ကြိုးစားကြည့်သည် ပို၍ငိုချင်လာသည်။
 မိမိ ဆက်မလုပ်ရဲတော့ပေ။ တရားအားထုတ်ရင်း
ရူးသွားသည် ဟူသောသတင်းစကားမျိုး
မိမိ ကြားခဲ့ဖူးသောကြောင့် ရပ်ပစ်လိုက်ရသည်။
ဆက်လက်၍ အားမထုတ်ရဲတော့ပေ။
စာအုပ်တစ်အုပ်ထဲတွင် ရေးသားထားသည်မှာ
ဆရာကောင်းသမားကောင်းကိုရှာရမည်။
တရားစစ်တရားမှန် ကိုရှာရမည် ဟု ဖတ်မှတ်ဖူးသည်။
စာအုပ်အမည်ကိုကောင်းစွာမမှတ်မိတော့
သော်လည်း  ၎င်းအကြောင်းအရာလေးသည်
 မိမိစိတ် ကိုစိုးမိုးနေတော့သည်။သို့ သော် ဆရာကောင်း
သမားကောင်းကိုမည်သို့ ရှာဖွေရမှန်းမသိချေ။ 
အားကိုးရာမဲ့လွန်းလှသည်။.မြို့ ကလေးတွင်ရှိသော
 ဆရာဝန် ဒေါက်တာတင်လှ ကိုမေးကြည့်မိသည်။
 အားလုံးထက်စာလျှင်တော့ သူ က နည်းနည်း 
ပိုသိမလားဟူ၍ အားကိုးအားထားပြုကာ မေးခြင်းပါ။ 
သူလည်းမရေရာပေ။နောက်ထပ်အားမရသေး။
နာမည်ကြီးဆရာတော် တစ်ပါး ၏ စာအုပ်ကို
(ဤ နေရာတွင် မိမိ အနေဖြင့်အမည် ဖေါ်၍ရေးသား
ခြင်းမပြုလိုတော့ပါသဖြင့်ဆရာတော်နာမည်ကို
မရေးသားတော့ပါ-နာမည်ကြီးတိုင်း တရားစစ်
တရားမှန်ကို  ဟောကြားသည်ဟူ၍
 မထင်မှတ်စေလိုပါကြောင်း မိမိ ၏ ရှာဖွေတွေ့ ရှိချက်
များမှ သတိပေးတိုက်တွန်းလိုလှပါသည်။တရားစစ်
တရာမှန် ဆိုသည်မှာ မြတ်စွာဘုရားရှင်က
 သေချာဟောကြားထားသော မဂ္ဂသစ္စာကိုသာ
 ဦးတည် ဟောကြားခြင်းသည် တရားစစ်တရားမှန်
 ဖြစ်ကြောင်း  အသိပေးလိုပါသည်။မဂ္ဂ သစ္စာဆိုသည်မှာ
 နိဗ္ဗာန်ရောက်ကြောင်းတရားကို ဆိုလိုပါကြောင်း)
ထပ်၍လေ့လာကြည့်သောအခါ ဆရာတော်ရေးသား
သော အကြောင်းအရာတို့မှာ စိတ်ကိုအေးချမ်းအောင်ထား
တတ်ရေးကို အဓိက ပြု၍ရေးသားဟောကြားထား၏။
တောတောင်တို့၏အေးချမ်းမှူ ကို  ဖေါ်ပြထား၏။
စာဖတ်ရင်းအေးချမ်းမှူကိုမိမိ ခံစားသိမြင်လာသော်လည်း 
အခါအားလျှော်စွာဖြစ်တည်လာသောပူလောင်မှူတို့ သည်
ရပ်တန့် ရန် ခက်ခဲ နေပြန်၏။ပုထုဇဉ် ၏သဏ္ဍာန်ဖြစ်
သောကြောင့်ပူလောင်ခြင်းပါပေ။ဤ သည်ကို မိမိသည်
ထိုစဉ် က မသိပေ။သို့ သော် မိမိ သိတာတစ်ခုတော့
ရှိသည် ဤမျှလောက်ဖြင့်တော့ မဂ္ဂသ​စ္စာမမည် ဟု။
မဂ္ဂသစ္စာသည် ဤမျှလောက်ဖြင့်တော့မရနိုင်သည်ကို
စိတ်ခံစားမှူဖြင့်သိနေခဲ့ပြန်သည်။ကလေးကလား
 ပြောရလျှင် ဆဌမ အာရုံကသိသည် ဟုပင်ပြောရမည်
 ထင်ပါသည်။အာရုံရနေတယ်လေ ဟု ကလေးတွေ
ပြောသလိုပြောချင်မိသည်။တောတောင်တို့၏အေးချမ်းမှူ.။
ကျေးငှက်တိရိစ္ဆာန်တို့၏အေးချမ်းမှူသည် နိဗ္ဗာန်နှင့်လားလားမှ
 မသက်ဆိုင်ပါကြောင်းကို တော့မဂ္ဂ သစ္စာကိုရှာဖွေနေသူများ 
 သတိချပ်လို့ သိမှတ်စေချင်ပါသည်။ခေတ္တခဏတော့
 အေးချမ်းခဲ့သည်သာ။သို့သော် စစ်မှန်သောအေးချမ်းမှူနှင့်
တော့ လားလားမှ မသက်ဆိုင်ပါကြောင်းထပ်လောင်း 
 သတိပေးလိုက်ပါသည်။မရေမရာ ဇဝေဇ၀ါ ဖြင့် 
တရားစစ်တရားမှန်ကိုကြိုးစားရှာဖွေလိုသော်
လည်း အချိန်သာကုန်လွန်ခဲ့လေသည်။
                          နောက် ထပ်  မိမိ သည် ဇယန်း
လက်ဖက်တို့ ထွက်ရှိသောနမ့်ဆန်မြို့သို့ ရောက်ရှိခဲ့ပြန်သည်။
ပင်လယ်ရေမျက်နှာပြင်ထက် ပေ(၅၃၀၀)ကျော်မြင့်သော
 နမ့်ဆန် မြို့လေးသည်  မြန်မာ သို့ ဘာသာပြန်ဆိုရသည်
ရှိသော်စိမ့်ကြီးမြိုင်ကြီးထဲ က တုန်ရင်သောရေ 
ဟူ၍ စာပေဟောပြောပွဲ လာရောက်ကျင်းပခဲ့သော
စာရေးဆရာအချို့  က အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြသည်။
နမ့်၏ အဓိပ္ပါယ်မှာ ရေ  ဖြစ်သည်။ဆန် ၏ 
အဓိပ္ပါယ်မှာ တုန်ရင် သည်ဟူ၍ဖြစ်သည်.။
 ထို တုန်ရင်သောရေ ရှိသောမြို့ ကလေးသည် 
ဆင်ကျော့ထက်စာလျှင် ဆယ် ဆ မက သာပါသည်။ 
မိမိ အတွက်  တရားထူးများရရှိစေရန်ကောင်းစွာသော
အထောက်အပံတို့ကို့ ဖြစ်စေခဲ့ပါသည်။ပလောင်လူမျိုးတို့ 
အများစုနေထိုင်သည် ဟု ဆိုရသော်လည်း မြို့ပေါ်
တွင်တော့ တရုတ်လူမျိုးများ အလွန် များပြားပါသည်။
မိမိ အတွက် အလွန်အဖိုးတန် သောမြို့ ကလေးဖြစ်ပါသည်။
ရင်းနှီးခင်မင်ခဲ့သောမသီတာ က  သူ့ မှာရှိသော
စာအုပ်များ တရားတိတ်ခွေများကို ငှါးရမ်းခွင့်ပေးခဲ့သည်။
တန်ဖိုးရှိပေစွကျေးဇူးတင်ပါသည် မသီတာ။မသီတာ
 ငှါးပေးခဲ့သောတရားခွေများမှာမိုးကုတ်ဆရာတော်ကြီး 
 အဂ္ဂမဟာပဏ္ဍိတ ဦးဝိမလ(ဓါတ်တော်ကျသွားသော 
ဆရာတော်) ၏ တရားတိတ်ခွေများ။ဆရာတော်
ဘုရားကြီး၏ ဥပနိဿယဖြင့် တရားတော်များ
ဟောကြားသော အရှင်ဣန္ဒြက  ၏ တရားတိတ်ခွေများ
မိမိနာယူရသည့်အရှင်ဣန္ဒြ က ၏ တရားများမှ  
မှာတမ်းတော်။သစ္စာနှစ်ပါး။ဝိပဿနာ အကျိုးပြ တရားတော် 
ဤ သုံးခွေ ကို နားလည်သော်လည်းမိုးကုတ်ဆရာတော်ဘုရားကြီး ၏ 
တရားခွေများကိုမူ အထပ်ထပ် နားထောင်ကြည့်သော်လည်း 
  နားမလည် နိုင်ခဲ့ ပါ။ဓါတ်တော်ကျသွားသော ဆရာတော်
ဟူ၍ လည်း အရင် က မကြားခဲ့ဖူးပေ။မိမိမှာ ခက်ခက်ခဲခဲ
 ကြိုးစားနာကြားရင်းအချိန်တွေ သာ ကုန် လွန် ခဲ့ပြန်ပါသည်။
                 ထပ်မံ၍ ကံကောင်းထောက်မစွာပင်
မြန်မာ့စီးပွားရေး ဘဏ်မှ မရီရီထွေး သည် နမ္မတူမြို့ နယ်သို့
အလုပ်ကိစ္စ ဖြင့်သွားရာမှ အပြန် နမ့် ဆန်သို့  ခဏ အလည်
 ရောက်လာသည်။မိမိ နှင့် တရွာတည်းသားချင်းဖြစ်၏။
မရီထွေး လာသည်မှာ အထက မှ ဆရာမ
တစ်ဦးနှင့် တွေ့ရန် ဖြစ်သည်။ မိမိ ထံသို့  နေ့ လည်ဘက်
ခဏ အလည်လာသည်။မိမိ သည် မရီထွေးနှင့်စကားပြောရာ`၌ 
``ဘာသာရေးလေးလေ့လာလို့ရရင် သိတ်ကောင်းမှာပဲ ``
ဟု ဘာရယ် မဟုတ် ပြောမိလေသည်။မရီထွေး က 
တရားတိတ်ခွေတွေဝယ်ပြီးနားထောင်လေ တရားခွေတွေ 
ဒီလောက်ထွက်နေတာ နင် ကအေးအေးဆေးဆေး 
တစ်ယောက်ထဲနေတာ ပိုတောင်ကောင်းသေးတယ်
          ``မဟုတ်ဘူးအမ  ကျမ က တရားခွေတွေ 
နားထောင်ကြည့်တယ်  နားမလည်ဘူးဖြစ်နေတာ..
မိုးကုတ် ဆရာတော်ဘုရားကြီးဆိုတာ ခွေရှိတယ် 
ဘာတွေ ပြောမှန်းကိုမသိဘူးအမရဲ့  နားကိုမလည်တာ..
ဆရာတော်ပြောတာက ဒုက္ခသစ္စာ တဲ့
သမုဒယ သစ္စာ တဲ့  အဲ့ဒါ က ဘာကို ဘယ်လိုခေါ်တာ လဲ``
``အော်..နင်  ပဋိစ္စသမုပ္ပါဒ် ကို မသိဘူးထင်တယ်``
`` အဲ့ဒါ ဘာကိုပြောတာလဲ အမ..ဘယ်မှာ ဖတ်ရမှာလဲ 
စာအုပ်နာမည်ပြောပြပေးပါလား``
`` အမ တို့  မြို့ မှာ တရားပွဲတွေ လုပ်တော့ ဆယ်ရက်တိတိ
သင်ပေးတယ်လေ..အဲ့တုံးက သင်ထားတာ…..ပဋိစ္စသမုပ္ပါဒ် ကို
သင်ထားတော့ ကောင်းတာပေါ့..ဆရာတော်ဘုရားကြီး က
 အဲ့ဒါ ကိုအခြေခံပြီးဟော တာ``
``ဟုတ်လား…ဘယ် အချိန်တွေမှာ သင်ပေးလဲ အမ``
``ဘယ်အချိန်တော့ သေချာ အတိ အကျ မရှိဘူးလေ..
မိုးကုတ်မှာဆိုရင်တော့တရားစခန်းတွေ မှာသင်ပေးမှာပါ့..
နင့်အိမ် က အဆက်အစပ် ရှိတာပဲစုံစမ်းပြီး သွားပေါ့..``
``အင်းသတိပဌာန် ကျောင်းတော့ ရောက်ဖူးတယ်..
အဲ့မှာများ သင်တန်းပေးမလားနော်..စုံစမ်းကြည့်မယ်``
          သိတ်သိချင်နေသော မိမိ အတွက် ခြေရာလေးတစ်ခု
 ကိုကောက်တွေ့ လိုက်ရပြန်ပါသည်။
 ထိုအချိန် ကတည်း က မိမိ စိတ်တွင် ပဋိစ္စသမုပ္ပါဒ် ကို
သင်ယူလိုလှသည်မှ  နေမထိ ထိုင်မရအောင်ပင်
 ဖြစ်နေတော့သည်။နမ့်ဆန်မြို့မှနေ၍  ပဋိစ္စသမုပ္ပါဒ် 
သင်တန်းပေးသော ကျောင်းများကိုစုံစမ်း
သော်လည်း တရားကိုစိတ် မ၀င်စားသူများ 
ကိုမေးမိသဖြင့် ဘာမှ  အဖြေမရခဲ့ပါချေ။
မရီထွေးပြောပြသည့် အထဲတွင် မိုးကုတ်ဆရာတော်
ဘုရားကြီးဓါတ်တော်ကျသွားသည် ဆိုသည့်
အကြောင်းလေးကို စိတ် အ၀င်စားဆုံး
ဖြစ်သည်။ဓါတ်တော်ကျသည့် ဆရာတော်၏ 
တရားများကို နာကြားလိုလှသည်။
နားလည်လိုလှသည်။အလွန် ပင်သိလိုလှသည်။
      အကြောင်းတိုင်ဆိုင်စွာမိမိသည်ဆေးကုသမှူ
ူခံယူ ရန် ဖြစ်လာသည်။မိမိ ဆေးကုသမှူခံယူမည့်
အချိန်သည်ဝါတွင်းကာလ ဖြစ်နေပြန်သည်။ဆေးကုသမှူ
ခံယူရင်း အနားယူသည့်အချိန်တွင် မိုးကုတ်တရားစခန်း
တစ်ခုခု`၌ ပဋိစ္စသမုပ္ပါဒ် တရားများသင်ကြားခွင့်ရရင်
 ကောင်းမည် ဟု တွေးမိလာသည်။အိမ်ရောက်သောအခါ
မိမိ အမေ ကို မေးသည်။တရားစခန်းဖွင့်သော 
ဘုန်းကြီးကျောင်း ဘယ်မှာရှိသည် ကိုမိမိမေးသော်လည်း
အမေ မသိပါ။အမေ သည် မိုးကုတ်မြို့သို့ 
သန့် စင်ပြီးဆန်များတင်ပို့ရောင်းချခြင်းလုပ်ငန်း
ကိုလုပ်ကိုင်သူဖြစ်ပါသည်။အမြဲတမ်းမိုးကုတ်သို   
့ရောက်ရှိပြီး သတိပဌာန်ကျောင်းတိုက်သို့လည်း
အလှူပစ္စည်းများလှူဒါန်းနေကျဖြစ်သည်။
သို့ သော် ၎င်းကျောင်းတွင်တရားစခန်းတော့ မဖွင့်ပေ။
မိုးကုတ် မှ အသိတစ်ယောက်ကိုမေးသော်
လည်း တရားစခန်းများဖွင့်သည့် ကျောင်းတိုက်ကိုမသိပေ။
မိမိ အခက်တွေ့ရပြန်ပါသည်။ဘယ်လိုစုံစမ်းရမှန်းမသိ။
မိုးကုတ်သည် မိမိ တို့ နေသည့်မြို့ နှင့်မိုင် ၃၀ သာဝေးပါသည်။
သို့သော် တောင်တက် တောင်ဆင်းလမ်းများ။
အကွေ့ အကောက်များသောလမ်းဖြစ်သောကြောင့် 
 သွားလာရေးခက်ခဲပါသည်။ဘာလုပ်ရမှန်းမသိသောအခါ
 စိတ်ရှုပ်မိပါသည်။ တခုခုကိုစိတ်အားထက်သန်စွာ
လုပ်လိုလှသော်လည်း ဆက်စပ်၍ မရဖြစ်နေသဖြင့်
အလိုမကျတော့ပေ။
             မရီထွေးအိမ်ကိုသွား၍ မေးကြည့်သည်။
မိမိ တရားစခန်းဝင်လိုလှကြောင်းမိုးကုတ် သို့ 
မည်သို့ စုံစမ်းရမှန်းမသိဖြစ်နေကြောင်း ပြောပြရာ 
  မရီထွေး ကအကြံဥာဏ်ပေးပါသည်။မြို့ ထဲ က
 ဒေါ်တင်ဝင်းရီကိုမေးကြည့်ရန်  မိုးကုတ် သို့ 
တရားစခန်းများဝင်လေ့ရှိကြောင်းပြောသောအခါ
 မိမိ အလွန်ပင် အားရှိသွားပါသည်။
အမေ တို့နှင့်လုပ်ဖေါ်ကိုင်ဖက်များဖြစ်ကြသည်။
အမေ့ သမီးမှန်းလည်းသိသူမို့ 
အထူးတလည် မိတ်ဆက်စရာပင် မလို။အပြေးအလွှား 
သွားမေးရပါသည်။အန်တီ ဒေါ်တင်ဝင်းရီ က 
တရားစခန်းဝင်လိုလျှင် ကြိုတင်စာရင်းပေးရကြောင်း
သို့သော် မိမိတစ်ယောက်ထဲဆိုပါက ဆရာတော်က 
လက်ခံမည်မှာသေချာကြောင်းပြောရာ မိမိမှာ အလွန်ပင်
ဝမ်းသာရပြန်ပါသည်။ ဘာတွေယူသွားရမလဲ
ဟုမေးသောအခါ ဘာမှမလိုကြာင်း မိမိ အ၀တ်အစားနှင့်
အိပ်ယာလိပ် ယူသွားလျှင် ရကြောင်းအစားအသောက်များ 
 ကျွေးသည်ပူစရာမလိုကြောင်း ပြောပြ
သဖြင့်မိမိ က ကားလက်မှတ် တခါ ထဲဖြတ် ခဲ့လိုက်သည်။
 အိမ် ကိုရောက်သည်နှင့်  မနက်ဖြန် မိုးကုတ်သွားမည်
 တရားစခန်းဝင်မည် ဟု ပြောရသည်။
မိမိ တို့ အိမ်သည် ဘာသာတရားနှင့် ဝေးသူများ
မဟုတ်သော်လည်းတရားစခန်းဝင်တာမျိုးတော့ 
 မည်သူမှ မလုပ်ဖူးသော အလုပ်ဖြစ်သည်။
နောက်တစ်ရက် ကားဂိတ် ကိုသွားတော့ 
အဖေ ကလိုက်ပို့ သည်။အဖေ့ ကိုမှာမိသည်။
ဝါတွင်းတစ်တွင်းလုံးလည်းဖြစ်ရင် ဖြစ်မယ်
 သမီးပြန်လာချင်မှပြန်လာမယ် ဟု မှာခဲ့ သည်။
မိမိ မိုးကုတ်ရောက်တော့ ဆရာတော် က မိမိ ကို
စာရင်းပေးထားသူမဟုတ်သော်လည်း
တစ်ယောက်ထဲ ဖြစ်သဖြင့်လက်ခံပေးခဲ့ရာ 
မိမိမှာ အဆင်ပြေသွားလေသည်။
သိတ်ကို ၀င်ချင်သော တရားစခန်း ကို ရောက်ရပြီ 
မနက်စောစော ဘုရားရှိခိုး ပြီး တရားအားထုတ်ရသည်။
သင်တန်းချိန် ကနှစ်ချိန် ဖြစ်သည်။တချိန် က
ပဋိစ္စသမုပ္ပါဒ်ကို သင်ပေးပြီးနောက်တစ်ချိန် က
 အရှူခံနှင့် အရှူဥာဏ်ကို သင်ပေးသည်။
အလုပ်ပေးတရားကိုဟောကြားသည် က တချိန် ဖြစ်သည်။
ကျန်သော အချိန်များက တရားကိုအားထုတ်ရသည်။
မိမိ သည် အလွန် ထူးခြားသောစစ်မှန်သော
တရားတော်များကိုသင်ကြားနာယူမှတ်သားခွင့် ရခဲ့လေသည်။
ပုပ်ပွနေသော ဤ ခန္ဓာကိုယ်အထည်ကြီးကို 
သန့် စင်မွန်မြတ်လှပသည်ဟု ထင်ခဲ့သမျှ 
ရှင်းလင်းစွာမြင်သိခဲ့ရသည်။ပျက်ချင်တိုင်းပျက်နေသော
ခန္ဓာငါးပါး၏သဘောတရားများကို မိမိ
 မြင်သိခွင့်ရခဲ့လေသည်။အလုပ်ပေးတရားဟောကြား သော
 ဦးစီးပဓာန နာယက ဆရာတော် ဦးသုနန္ဒ သည် ၎င်း။
ပဋိစ္စသမုပ္ပါဒ် သင်တန်းတရားများသင်ကြားပို့ချသော 
 အရှင် ဓမ္မဥာဏ သည်၎င်း။ အရှူခံတရားနှင့်
အရှူဥာဏ်တရားကို သင်ကြားပို့ချခဲ့သော 
အရှင် ထေရိန္ဒသည် ၎င်း။ရှင်းလင်း သိမြင် အောင်
 သေချာကျနစွာ သင်ကြာပို့ချသော
ဆရာသမားကောင်းများပင် ဖြစ်သည် ။
ဆရာသမားများ၏ သင်ကြားပို့ချ မှူ
ကြောင့်မိမိ မှာ ကောင်းမြတ်သော တန်ဖိုးရှိသော
 စစ်မှန်သော တရားတော်တို့ကို သင်ယူ
တတ်မြောက်ခဲ့လေသည်။သစ္စာပလ္လင်ပေါ်မှ
ဆရာသမားများကလည်း ပြောပါသည်။
``တရားစခန်းဝင်ပြီး သောတာပန် လောက်မှ
မတည် ရင် ရှက်စရာကြီးနော်..ကိုယ့်ကို ကိုယ် တော့သိနေတာပဲ
ရှက်သင့်တယ်..နေ့ ဆွမ်း  မနက်ဆွမ်း လှူတဲ့သူတွေ က
တရားအားထုတ်တဲ့ယောဂီတွေ အေးအေးချမ်းသာ
တရားအားထုတ် နိုင်ပါစေဆိုပြီးလှူကြတာ 
တရားအားမထုတ် ပဲ မတရားတွေ အားထုတ်မနေကြနဲ့ 
ဖြစ်ပျက်မှတ်ပါဆိုတာ ခန္ဓာ ငါးပါး ရဲ့ ဖြစ်ပျက် ကိုမှတ် ခိုင်းနေတာ
တရားမမှတ် ပဲ ဆွမ်း အဟာရကို မှီဝဲ တာ အပြစ်ကြီးတယ် နော်
သူများလှူတာက ရည်ရွယ်ချက်နဲ့လှူတာ ကိုယ် က 
အလကားစားနေတာမဖြစ်စေနဲ့.. ငရဲကြီးတယ်တရားကို
ရအောင်အားထုတ်…လှူတဲ့သူလည်းအကျိုးရှိတယ် ..
ကိုယ်လည်း တရားရတယ်..သောတာပန်များတည်ပြီးလို့ ကတော့ 
 ဟောဒီကျောင်းကိုခြေဦးတောင်မလှည့်နဲ့တော့
 ပြန်တော့ လို့ပြောလိုက်မယ် နော်..ဒီမှာ က တရားရစေချင်လို့ 
ဟောနေပြောနေတာ သူများလှူထားတာကို မတရားစားသောက်
မနေနဲ့…``  ဆရာတော်များ က နာအောင်ပြောသည် 
တရားကို ကြိုးစားအားထုတ်စေ လိုသောကြောင့်ဖြစ်သည်။ 
တချို့ ကလည်း  ပြောချင်စရာပင်။
ပျော်ပွဲစားထွက်လာသလားထင်ရသည်။စားလိုက်သောက်လိုက်
စကားပြောလိုက်ဖြင့်ပျော်ပျော်ကြီးနေသွားကြသည်။
အဖေါ်အပေါ်င်းတွေနှင့်လာပြီး ပြန်သွားကြသည်။ဘာမှ 
ရသွားကြမည် မဟုတ်ပေ။ဤ သို့  အတတ်ပြောနိုင်ခြင်းမှာ
 မိမိတွေ့ တိုင်းသူတို့ တွေ စကားပြောနေကြသည် က များသည်။
မိမိ စခန်းဝင် သည့်ရက်တွင်း တရားစခန်းမှ
၁၀ ရက်ပြည့် ၍ ပြန် ကြသူများ ၁၅ ရက် ပြည့်၍
 ပြန်ကြသူများပြန်သွားကြသည်။ဆရာတော် ဦးထေရိန္ဒ
 ကရီမောစွာ စနောက်ပါသည်။ကဲ ဒီနေ့ တော့ ပြန်တဲ့သူတွေ
 ပြန်သွားကြပြီ ဘာရသွားလဲ တော့မသိဘူးဟူ၍  ။ 
မိမိ ကိုယ် မိမိ သာလျှင် အသိဆုံးဖြစ်ပါသည်။တ၇ား 
ရအောင်အားထုတ်လိုသောစိတ်ဖြင့် မဟုတ်ပဲ ခေတ်မှီလို၍ 
လာကြသူများလား ဟုပင်တွေးမိပါသည်။စားလိုက်သောက်လိုက်
စကားလေးများပြောလိုက်ဖြင့်နေနေကြသည်မှာ
အပျော်ခရီးထွက်လာသူများနှင့်ပင်တူနေပါတော့သည်။
မိမိ ကတော့တကိုယ်ရည် သမားပင် ။နားချိန်တွင် 
လမ်းလျှောက်ကြသည် မိမိတစ်ယောက်တည်း သာ။
သူများတွေ ကတော့ နှစ်ယောက်တွဲ သုံးယောက်တွဲ
စကားလေးများပြောရင်းပေါ့။မိမိ ကို တစ်ယောက်တည်း
သမား အမျိုးသမီးကြီးတစ်ယောက် က လာရောက်
 မိတ်ဆက်သည်။တစ်ယောက်ထဲလာသလား 
 ဘယ်မြို့ က လာသလဲ စသဖြင့် ကောင်းကောင်းမွန် မွန် ပြုံး၍
ပြန်ဖြေခဲ့ပါသည်။ထိုအမျိုးသမီး က ပြောသွားသည်။
နောက်နေ့ ကျရင်တို့ နှစ်ယောက် အတူတူ လမ်းလျှောက်ရအောင်  တဲ့ ။ 
ဟုတ်ကဲ့ ဟုယဉ်ယဉ်ကျေးကျေး ပြန်ဖြေ ခဲ့သည်။
 သို့သော်  မိမိ အိပ်သည့်အခန်းနှင့်ထိုအမျိုးသမီးအိပ်သည့် 
 အခန်း မတူ ပါ နေရာ လည်းဝေးပါသည်။
မိမိ က ထိုအမျိုးသမီး ကိုလည်းမရှာ အားပါ။
ကိုယ့်စိတ်နှင့်ကိုယ် သာ တရားမှတ်ရင်း
သွားသည် လာသည် စားသည် အိပ်သည်။
သူမ ကတော့ မည်သို့ရှိမည် မသိပါ။
မိမိ သိသည် ကတော့ သူမ သည် အလွန် ချမ်းသာသော
အသိုင်းအ၀ိုင်းဖြစ်ပါလိမ့်မည်။ထိုစဉ် က ပါရာဒို ဟုခေါ်သော
 ကားအမျိုး အစား နှစ် စီး ခန့် ဖြင့်သူမ အား ညနေတိုင်းလိုလို 
လာတွေ့ သော သူမ မိသားစု ကိုတွေ့မိသောကြောင့်ဖြစ်သည်။
မိမိ ဒီနေရာကိုလာခြင်းသည် ငွေ အတွက် မဟုတ်
ရာထူးတိုးဖို့ မဟုတ်။အပေါင်းအသင်းသူငယ်ချင်းရှာဖို့မဟုတ်ပေ။
တရားထိုင်ရသည်မှာ အလွန် ညောင်းညာပါသည်။ 
တချို့ ဆိုလျှင် ထွန်းရွှေဝါ ကဲ့သို့သော ဆေးအမျိုးအစားများ
 လူးကြသောကြောင့် အိပ်ဆောင် တဆောင်လုံး
လိုလိုပင် ဆေး နှံတွေ မွှန်နေတတ်ပါသည်။
မိမိ လည်းညောင်းပါသည်။ဆေးတော့မလိမ်းပါ။
ဆေးအနှံသည် စိတ်ကိုအနှောက်အယှက်ပေးသောကြောင့်
မကြိုက်ပါ။ဤ မျှ အပင်ပန်းခံ၍ လာခြင်းသည် တရားရဖို့
သက်သက်သာဖြစ်သည်။တခြားအေ ကြာင်းများနှင့်
မဆက်စပ် နိုင်ပါ။မိမိ၏ တန်ဖိုးရှိသောအချိန်များကို
ဘာမဟုတ်သော ငွေ ကြောင့် ဂုဏ်ကြောင့် မလဲလှယ် နိုင်ပါ။
ငွေဖြင့် တရားကိုဝယ် ၍မရ။ဂုဏ်ဖြင့် တရားကို ဆောင်ယူ၍မရပါ။
တရားကိုမိမိ နည်းဖြင့် သာကြိုးစားအားထုတ်၍ ရနိုင်ပေမည်။
တရားစခန်း ၀င်ပြီး  (၉) ရက် မြောက်သောနေ့ 
တွင်  မိမိ စခန်းမှ ထွက်လာပါသည်။ တရားစခန်းမှ 
ထွက်မည် ဆိုသည် ကို ဆရာသမားများဖြစ်သော
 ဦးစီးပဓာန နာယက ဆရာတော် ဦးသုနန္ဒ ကို၎င်း။ 
ဆရာတော်ဦထေရိန္ဒ ကို၎င်း။ ဆရာတော် ဦးဓမ္မဥာဏကို ၎င်း။
သီးခြား သွားရောက် နုတ်ဆက်ကန်တော့ပါသည်။
ထိုသို့ သွားရောက်ကန်တော့ ရင်းဖြင့် ဆရာတော်ဦးထေရိန္ဒ ကို
အရှင် ဘုရားက တပည့်တော်တို့ကို ပြန်ချင်ပြန် ဆိုလို့  
တပည့်တော် ပြန်တော့မယ်ဘုရား..ဒါပေမယ့် 
 နောက် ထပ် ဒီကျောင်းကိုတော့ ပြန်လာဖြစ်အုံးမှာပါဘုရား ဟု
လေးစားချစ်ခင်စွာ လျှောက်ထားခဲ့ပါသေးသည်။
                             မိမိ တရားစခန်းမှ ထွက်ပြီး နမ့်ဆန်မြို့ သို
 သည်ကို သွားရောက်နာယူ ခဲ့ပါသေးသည်။ တရားပေးသော
ဆရာတော်သည် ရှင်မဟာမောဂ္ဂလာန် အကြောင်းကို
 ဟောကြားရာ`၌ ရှင်မဟာ မောဂ္ဂလာန်သည်
 ငိုက်မြည်းသည့်အကြောင်း ဟောကြားသည် 
ရဟန္တာပုဂ္ဂိုလ်ကြီးတောင်မှ တရားအားထုတ်ရင်း
ငိုက်နေတယ် ဆိုရင်ဦးဇင်းတို့ ဒကာ ဒကာမ တွေ 
ငိုက်တာကို ဦးဇင်းမပြောလိုတော့ဘူး ဟု  ဆိုရာ
မိမိ လွန်စွာ ၀မ်းနည်းမိပါသည်။ တရားဟောပုဂ္ဂိုလ်တို့သည် တရားတော်များကို သေချာလေ့လာပြီး ဟောနိုင်မှ 
 တရားနာသူများ လည်း တရားစစ် တရားမှန်
ကို နားကြားရပေမည်။အမှန်တကယ် မူ
 ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်သည်
သောတာပန်တည်ပြီး ကာလ အထက်မဂ် 
သုံးပါးအတွက် ကြိုးစား အားထုတ်နေချိန်
ဖြစ်သည်။ရဟန္တာ မဖြစ်သေးချေ။သောတာပန်သည် 
ကိလေသာ နှစ်ပါးကိုသာပယ် နိုင်သတ်နိုင်သေးသည်။
ဥဒစ္စ ကဲ့သို့သောစိတ်ပျံ့ လွင့်ခြင်း ကိလေသာ နှင့်
ထိန မိဒ္ဓ ဟူသော စိတ်မခိုင်ခန့် သည့်ကိလေသာ 
တို့ ကို  မပယ် ရ မသတ်ရသေးချေ။
ထို့ ကြောင့်သာ ငိုက်မျဉ်းခြင်းဖြစ်လေသည်။
မိမိ သည် သိသော်လည်းမပြောဖြစ်ခဲ့ပါ ။
မြင်သမျှ ပြောလို့ လည်းမဖြစ်သလို တွေ့သမျှ ပြောလို့ လည်း
မဖြစ်ပါ။ မိမိ သည် ပဋိကတ် သုံးပုံ ကိုအာဂုံဆောင်ထားသူမဟုတ်ပေ။
ထို့ ကြောင့်သိသမျှ နှင့်တော့  ဆရာလုပ်၍ ပြောရန်မသင့် သဖြင့်
ဘာမှ မပြောနိုင်ခဲ့ပါ။
                        ဘာမျှ မသိခဲ့သောမိမိသည် ယခု အတန်ငယ် သိလာပြီ။
အကုန် အစင်တော့မသိသေး။ ထို့ ကြောင့် မိမိ လောက်မှ မသိသော
မိမိ ကဲ့သို့  လေ့လာနေသောသူများကို မိမိ သိသလောက်လေး 
သိပါစေတော့ဟူ၍ အတိုင်းအတာလေးတစ်ခုထိ ပေးလိုသောကြောင့်
 ဤစာများ ဤဆောင်းပါးများ ကိုရေးသားကာ 
 ဤ ဘလော့ကိုတည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း ချစ်လှစွာ
သော မိမိ ရေးသားသည်များကို စိတ် ပါဝင်စားစွာသော်၎င်း၊ 
အားနာပါးနာ သော်၎င်း။လမ်းကြုံ၍ သော်၎င်း
လာရောက်ဖတ်ရှူသူအပေါင်းအား အသိပေးလိုပါသဖြင့်
 ဤ သမိုင်းကို ရေးသားတင်ဆက်လိုက်ရပါတော့သည်။
*****တတိယမြောက်သမီးတော်*****
3 comment:
မိုးသူ(တောင်ကြီး) said...
ဒီဆောင်းပါးလေးဖတ်ရတာ
ကိုယ်ဟာ ဘာသာရေးကို အတော်အတန်
လေ့လာလိုက်စားရအုံးမယ်ဆိုတဲ့အသိလေးရသွားပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
စံပယ်ချို said...
အမှန်အတိုင်းသာဆိုရင်တော့ ဘာဘာ ဘာမှမသိပါဘူး(၀ထ္ထုနာမည်)
ခုတော့ဖြင့်သမီးတော်ကျေးဇူးတော်ကြောင့် အတော်လေးသိလာခဲ့ရတယ်
ကြည်ဖြူခင်ခင် said...
ဒီအသိတရားရစေတဲ့ ဆောင်းပါးလေးကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ.. သမီးတော်ရေ..။