ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, July 24, 2012

မုန်းမာန်ဖွဲ့ ကာ ညှိုး ရက်သူကြောင့်


ဟောဒီမြို့  တမြို့ လုံးမှာတော့ ကျမ က အလှဆုံး ရှင့်..
ပြီးတော့ကျမ မိဘတွေကလည်းချမ်းသာတဲ့သူတွေလေ..။
အစစ အရာရာ ကျမ လိုချင်တာဘာမဆိုရတယ်…။
မျက်နှာတချက်မညှိုးစေရဘူး..။အဲ့တော့ ကျမ  က ဘာမဆို
လိုတရ ဖြစ်နေတာပေါ့..။ ဟော….ခုလည်းကြည့်…
ရာဇ၀တ်သင့်လာတဲ့ သတ္တုက ဆိုတဲ့လူကိုမြင်မြင်ချင်းချစ်မိသွားတာ

အမေ့ ကိုပူဆာလိုက်တယ်လေ..ဟိဟိ..ဘယ်ရမလဲ
ချက်ချင်းအမေ နဲ့အဖေ ကတိုင်ပင်ဆွေးနွေးလို့ 
သမီး ရဲ့ အလိုကိုဖြည့်ဆည်းကြတာပေါ့..
မောင်တော်သတ္တုက လည်း ရာဇ၀တ်သင့်လို့ သေဘေးက
လွတ်မြောက်လာတာဆိုတော့  ကျမ ကိုချစ်မှ ချစ် ပဲ..။
အဟင်း ဟင်း..လောကမှာ ငွေရှိတော့လည်း ဘာမဆိုလုပ်နိုင်တာပဲနော်..။
ချစ်သူကိုတောင် ၀ယ်လို့ ရတယ် ရှင့်..။ကျမလိုချင်တဲ့အချစ်တွေ
တပွေ့ တပိုက်နဲ့  စည်းစိမ်ခံစားပြီးနေလာတာ….။
ကျမ နဲ့တွေ့ မှ အသိတရားတွေရလာတဲ့ သူ က ကျေးဇူးရှင်ကို
ကျေးဇူးဆပ်ဖို့ တဲ့ သူ့ အသက်ကိုကယ်ရင် ပူဇော်ပသ ပါမယ်လို့ ပြောထား
တဲ့  စောရပါပတ တောင်စောင့်နတ်မင်းကို သွားပြီးပူဇော်မယ်တဲ့ …
သွားတာတောင်မှ နှစ်ယောက်ထဲ အတူသွားချင်တာတဲ့လေ..။
ဟိဟိ..ချစ်သူနဲ့အတူသွားရတော့ ပျော်တာပေါ့ ရှင့်…။
ကျမ က ၀တ်ကောင်းစားလှတွေဝတ်ထားတော့..သူ့ ရဲ့ ကျေးဇူးရှင်ကို
ပြအုံးမလို့ နဲ့တူတယ်…အို ..တောင်စောင့်နတ်မင်းကလည်း
ကျမ ကို ချီးမြင့်မြောက်စားမှာပါ..။ မောင်တော့် ကိုတောင်
စောင့်ရှောက်သေးတာပဲလေ..။
``ဘဒ္ဒါ..အပေါ်ရုံ တဲ့ အ၀တ်ကို ချွတ်ပြီး ၀တ်လာတဲ့ အဆင်တန်ဆာ
အားလုံးကို အဲ့ဒီတဘက်နဲ့ထုပ်လိုက်``
အို..မောင်တော် ဘယ်လိုများဖြစ်ပါလိမ့်..။လေသံကလည်းမာလိုက်တာ..။
ချစ်ခဲ့တဲ့ တလျှောက်လုံး တခါမှ လေသံမာမာတောင်မပြောခဲ့တဲ့သူက
ခု ဘယ်လိုများဖြစ်လို့ ပါလိမ့်..။ကျမ  ကြောင်ပြီးငေးမိတာပေါ့ရှင်..။]
``ဟဲ့ ..အမိုက်မ  ငါ က နတ်ပူဇော်ဖို့ လာတာမဟုတ်ဘူး…
နင်ဝတ်ထားတဲ့ပစ္စည်းတွေကိုလုယူဖို့ ဒီတောင်ထိပ်ကိုလာတာ..။``
အို…မောင်တော်ရယ်…ရက်စက်လိုက်တာ…
ကျမ ရင်တွင်းက ချစ်ချင်းတွေကိုမောင်တော် မမြင်တော့ဘူးလား..။
ကောင်းပြီလေ..။မောင်တော်ဖြစ်စေချင်သလိုဖြစ်ရမှာပေါ့…။
ဒါပေမယ့် မိန်းမသားတို့အစွမ်း ကို မောင်တော်မြင်ရပါစေ့ မယ်…။
ကျမ ရဲ့ ချစ်ချင်းကိုမှဥပက္ခောပြုရက်တဲ့မောင်တော်….။
အချစ်ကြီးရင် အမုန်းလည်းကြီးတတ်တယ် ဆိုတာ မောင်တော်
မသိလေရော့သလား ကွယ်..။
``အို မောင်တော်ရယ်..နှမတော် က မောင်တော် ကိုအရမ်းပဲချစ်မြတ်နိုး
တဲ့ သူပါ  ဒါကိုမောင်တော်လည်းသိပါတယ်လေ..ဒီတော့  နောက်ဆုံး
အနေ နဲ့  အခွင့်အရေးလေးတစ်ခုတော့  ပေးပါ။  မောင်တော် ရယ် နော်..``
မိန်းမ မာယာ ဆိုတာ သုံးသင့်တဲ့နေရာမှာသုံးရတော့မှာပေါ့…။အမှန် ကိုပဲ
ပြောပြီးနေခဲ့တာဆိုတော့  မောင်တော် က ကျမ ပြောတာယုံ တယ်..။
``ကောင်းပြီ..မင်းဖြစ်ချင်တာဘာလဲ..ပြော``
``မောင်တော့် ကို  နောက်ဆုံးအနေ နဲ့ အရှေ့ က နေ တလှည့် 
အနောက် ကနေတလှည့် ပွေ့ ဖက်ပြီး ရှိခိုးချင်လို့ ပါ..``
ကျေကျေနပ်နပ် သူ က ခွင့်ပြုတော့  ကျမ လည်း ရှေ့ ကနေ တလှည့်
ပွေ့ ဖက်ပြီး ရှိခိုး တယ် ။ပြီးတော့ နောက်ကနေ တလှည့် ရှိ ခိုးမယ် ဆိုပြီး
ယုယသလိုလို နဲ့ တောင်ကြားထဲ ကို တအားတွန်းချလိုက်တာ
ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားပါရောလား….။
အဲ့ဒီလို ကျမ ရဲ့ အရှင်သခင် လင်တော်မောင် ကို ကျမ တွန်းချလိုက်တော့
တောင်စောင့်နတ်မင်းက ချီးကျူးတယ်..။ကျမ ရဲ့ ပညာဥာဏ်ကိုလေ..။
ကဲ………ကျမ  မှာ ဘာပစ္စည်းဥစ္စာမှ မကျန်တော့ဘူး..။
အိမ်ကိုလည်း မပြန်ချင်တော့ဘူး..။တောင်ပေါ် ကနေ တွေ့တဲ့လမ်း
အတိုင်း ဆင်းပြီးလျှောက်လာလိုက်တယ်..။တက္ကတွန်းဆရာကြီး
တွေ နဲ့တွေ့ တော့ ရဟန်းဝတ်လိုက်တယ်..။ရဟန်းမှာ အမြတ်စားရဟန်းဖြစ်ဖို့
ကျမ ရဲ့ဆံပင်တွေကို ထန်းစေ့မှူတ် နဲ့ နုတ်လိုက်ကြတာ  နာလိုက်တာ မပြောပါနဲ့ တော့..။ဆရာသမားတွေဆီမှာလည်ူးပညာတွေ အကုန်သင်လိုက်တယ်..။
ဒါပေမယ့်  သင်ရတဲ့ ပညာ က မြင့်မြတ်ထူးခြားတဲ့ တရားထူး မရှိဘူး..။
ဒီလောက်နဲ့တော့ မရနိုင်သေးဘူး..။ဒီထက်သာလွန်တဲ့ပညာရပ်ဆိုတာ
ရှိကိုရှိရမယ်..။  ကျမ လည်း သဲပုံမှာ သပြေခက် ကို စိုက်ထူပြီး အနား
မှာရှိတဲ့ ရွာသူရွာသားတွေကိုမှာခဲ့လိုက်တယ်…။ကျမ နဲ့ ပြိုင်ပြီး ပြောနိုင်တဲ့သူ
ဖြစ်မယ်ဆိုရင် ဒီသပြေခက်ကို နှင်းနှိပ် ဖျက်ပစ်ပါလို့…. မှာခဲ့တယ်..။
ခုနှစ်ရက်စေ့လို့မှ ဖျက်တဲ့သူမရောက်လာတော့  ကျမ လည်း တခြားနေရာကို
သွားရပြန်တယ်..။နောက်တနေရာရောက်တော့   ရှင်သာရိပုတ္တရာဆိုတဲ့
ရဟန်း က သပြေခက်ကိုဖျက်သွားတယ်…။ဖျက်တာမှ မှူန့် မှူန့် ညက်ညက်
ဖြစ်အောင်ဖျက်တာနော်..။ဒီတော့
           ကျမ  နဲ့ ၀ါဒ ပြိုင်မယ်ပေါ့..။ကျမ မေးခွန်းတွေ တလစပ် မေးတယ်..။
ကျမ မေးသမျှ ရဟန်းကြီး က အကုန်ဖြေနိုင်တယ်ရှင့်..။ ဒီတခါ ရဟန်းကြီးဘက်
ကမေးတဲ့အလှည့်ပဲ..။
ရဟန်းကြီးက မေးခွန်းတခုကိုမေးတယ်..။
``တက္ကတွန်းမလေး..ပရိညာ သုံးပါးဖြင့် ပိုင်းခြား၍သိရမည့် တရား တမျိုး
ဟူသည် အဘယ်တရားနည်း..``
``တပည့်တော် မသိပါဘုရား..``
``သင်သည်..ငါတို့သာသနာဝယ် သာမဏေငယ်လေးများလေ့လာရသည့်
ဤမျှကို မှ မသိလျှင် အခြားအဘယ်တရားကို သင်သိနိုင်လိမ့်မည် နည်း..```
  ကျမ အတွက်တော့ အင်မတန်မှ တန်ဖိုးရှိတဲ့  ပုဂ္ဂိုလ်ကိုတွေ့လိုက်ရတာပဲ..
ရဟန်းကြီးရဲ့ခြေတော်ရင်းမှာဝပ်စင်းပြီး..
``အရှင်ဘုရားတို့်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ``လို့  လျှောက်ထားလိုက်
တာပေါ့… ဒီတော့ ရဟန်းကြီးက မြတ်စွာဘုရား ရှင်  ကိုသာ ဆည်းကပ်ကိုးကွယ်
ပါလို့  မိန့်တော်မူတယ်..။ကျမ ဟာ ရဟန်းကြီးနောက်ကနေ လိုက်သွားပြီး
မြတ်စွာဘုရားရှင်ကိုဖူးတွေ့ရတယ်..။စိတ်ထဲမှာအေးချမ်းလိုက်တာလေ..။
မြတ်စွာဘုရားက ကျမ ကို တွေ့တာနဲ့ တရားဂါထာတပုဒ်ကိုဟောတော်မူ
လိုက်တယ်….။
            တရားဂါထာလေးဆုံးတာနဲ့ ကျမ ဟာ =ပဋိသမ္ဘိဒါ ဥာဏ်
လေးပါးနှင့်တကွ အရဟတ္တဖိုလ်ကိုရရှိခဲ့ပါတယ်…..
ဪ………ကျမ ဆိုတာ မိဘ အိမ်မှာခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နဲ့
နေနေရတာ  မုန်းမာန်ဖွဲ့လို ညှိုးတဲ့သူကြောင့်  ဒီလမ်း နဲ့ ဒီစခန်းကို ရောက်ပြီး
ဒီတရားကိုရ ခဲ့တာပါလား….. ကိလေသာတွေ ကုန်းခမ်းလို့  နိဗ္ဗာန်ကို
စံဝင်ဖို့ပဲကျန်တော့တယ်…ဒါတွေ ဟာ ကံကြမ္မာ က စီရင် တာလား
နောက်ဆုံးဘ၀ မှာ ကျမ အချစ်ကံခေ ခဲ့လေသမျှ အနှစ်ကျန် ရပြီမို
မေတ္တာ အနန္တ နဲ့  သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြပါစေလို့  …..

(ကျမ်းကိုး။   ။မဟာဗုဒ္ဓ၀င်  ဆဋ္ဌမတွဲ ဒုတိယပိုင်း ကုဏ္ဍလကေသာထေရီ)
(မိမိစိတ်ကူးဖြင့် ပုံဖေါ် ခံစားရေးဖွဲ့ ပါသည်)

*****တတိယမြောက်သမီးတော်*****

12 comment:

အလွမ်းမြို့ said...

သမီးတော်လေးရေ

လာရောက်အားပေးသွားတယ်။
စိတ်ကူးတတ်ပါ့တော်။
ခက်ခက်ခဲခဲ ရေးစရာတွေ။



ခင်တဲ့
အလွမ်း

ချစ်စံအိမ် said...

ပြန်လည်းဆန်းသစ်ခြင်းပေါ့နော်....

မြတ်ပန်းနွယ် (Myat Pan Nwe) said...

စဖတ်တုန်းက ထင်ထားတာက တစ်မျိုး။ ဖတ်ရင်းဖတ်ရင်းနဲ့ တော်တော်ကို စွဲဆော်မှု ရှိတာပဲနော်.. မြတ်လေ ဖတ်လို့ ပြီးသွားမှ စိတ်ဝင်တစား ဖတ်နေခဲ့မိမှန်း သိရတယ်။

ခင်တဲ့
ဲမြတ်

Ma Bay Dar said...

ပုံပြင်လိုလိုဘာလိုလိုနဲ့.ဖတ်၇င်းနဲ့လူကိုဆွဲဆောင်သွားတဲ့မုန်းမာန်ဖွဲ့ကာ ညှိုး၇က်သူကြောင့်....အ၇မ်းကောင်းပါတယ်...

စံပယ်ချို said...

စာရေးကောင်းတဲ့သမီးတော်လေးပါပဲကွယ်

ဆူးသစ် said...

ဆရာချစ်ဦးညိုလိုလိုင်းမျိုးကပြောသာပြောတာ၊ တကယ်ရေးရင်မလွယ်ပါဘူး။ အဲဒီလိုလိုင်းမျိုးကိုရေးမယ်ဆို စာဖတ်အားကောင်းမှရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပိုပြီးလည်း ဖွဲ့နွဲ့တတ်ရပါမယ်။ သမီးတော်လည်း ကြိုးစားထားတာတွေ့ရပါတယ်။ အနာဂတ်မှာ ဆရာချစ်လို စာရေးဆရာကောင်းတစ်ယောက်ပေါ်ထွက်လာနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါရစေ။

အိပ်မက်ကောင်းကင် said...

ဆွဲဆောင်မှုအပြည့် ရှိတဲ့ ပိုစ်လေးတစ်ခုပါပဲ
လာရောက်အားပေးသွားတယ်နော်

မောင်မောင် said...

တော်တော်လေးကိုဗဟုသုတရစေတဲ.ပိုစ်လေးပါအစ်မရေ။

3rdthameetaw said...

အနာဂတ်မရောက်ခင်သေတော့မှာ ကိုဆူးသစ်ရေ ခိခိ...
ကျေးဇူးတင်ပါတယ်ရှင် အားပေးအားမြောက်မှူများအတွက်ပါ...

ကြည်ဖြူခင်ခင် said...

အရမ်းကို ဖတ်လို့ကောင်းတဲ့ ပိုစ့်လေးပါပဲ သမီးတော်ရေ.. တကယ်ချီးကျူးမိတယ်..

မိုးညချမ်း said...

“ကုဏ္ဍလကေသာထေရီ” ... အကြောင်းလေးကို မမရဲ့ဖွဲ့နွဲ့ရေးသားချက်လေးနဲ့ပေါင်းစပ်လိုက်တော့ ဖတ်လို့အရမ်းကောင်းတယ် မမ ... အားကျလိုက်တာ ... :)

Angelhlaing(May everybody be happy and healthy! said...

ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ စာရေးဟန်လေးမို့ ...နှစ်သက်စွာ ဖတ်သွားပါတယ်... သမီးတော်ရေ...