ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, August 28, 2012

အရွယ်သုံးပါးစလုံး ကာမဂုဏ်၌ မနေကောင်း



ရှေးလွန်လေပြီးသောအခါ မှုးမတ်တစ်ဦး၏သား (ဘုရားလောင်း) နှင့် ပညာရှိတစ်ဦး၏သား ငယ်သူငယ်ချင်းနှစ်ယောက် ရှိကြလေ၏။ အရွယ်ရောက်ကြသောအခါ မိဘများမှ တက္ကသိုလ်ပြည် ဒိသာပါမောက္ခထံ စေလွှတ်၍ အတတ်ပညာများ ဆည်းပူးစေ၏။ မူး
မတ်၏သားသည် ယောက်ျားတို့ တတ်အပ်သော အတတ်ပညာ (၁၈) ရပ်တို့ကို ကောင်းစွာ အထူးကြိုးစားတတ်မြောက်ပြီး ပညာရှိ သူတော်ကောင်း၏သားမှာ အတတ်ပညာများ တတ်မြောက်သော်လည်း တိုင်းရေပြည်ရာ၌ စိတ်ဝင်စားမှုနည်းကာ သူတော်ကောင်းစိတ်ထားမျိုးဖြင့်သာ အေးချမ်းစွာ နေလိုသောဆန္ဒရှိ၏။

သူငယ်ချင်းနှစ်ယောက် ပညာများတတ်မြောက် ပြည့်စုံကြသောအခါ ဒိသာပါမောက္ခ ဆရာကြီးအား နှုတ်ဆက်၍ မိမိတို့ရပ်ထံ ပြန်ခွင့်တောင်းကြ၏။ ဒိသာပါမောက္ခဆရာကြီးမှ လိုအပ်သော ဆုံးမစကားများ ပြောကြားပြီး သူငယ်တို့၏ ရုပ်အင်္ဂါ၊ အမူအရာ၊ အကျင့်စရိုက်များကို ကြည့်၍ နောင်ရေးကို နိမိတ်ဖတ် ဟောကိန်းထုတ်လိုက်၏။ အမတ်ကြီးသား သူငယ်အား တိုင်းပြည်တစ်ခုတွင် မကြာမီ ဘုရင်ဖြစ်လိမ့်မည်။ ပညာရှိသူတော်ကောင်း၏ သားကမူ ပညာအရာတွင် ထူးချွန်သော ပညာရှိ သူတော်ကောင်းကြီး ဖြစ်လိမ့်မည်ဟု ပြောကြားကာ သူငယ်ချင်းနှစ်ယောက်အား ပြန်ခွင့်ပြုလိုက်၏။

လမ်းတွင် တစ်ခုသော တောအုပ်ကိုကျော်၍ တောစပ်နားတွင် ကျောက်ဖျာကြီးတစ်ခုအနီးရောက်သော် ခရီးပန်းလာသောကြောင့် ပါလာဥောအစားအစာများ စားသောက်ပြီးခေတ္တခဏ အနားယူကြလေသည်။ များမကြာသောကာလ၌အဝေးမှ ဖုန်တထောင်းထောင်းထကာ မြင်းကသော ရထားဖြင့် စစ်သည်တော်များ လာနေကြသည်ကို မြင်သောအခါ ပညာရှိသားသည် စိတ်တွင်ချက်ခြင်းဖြစ်ပေါ်လာသည်မှာ သူ့သူငယ်ချင်းအား ဘုရင်ဖြစ်လိမ့်မည်ဟု ဆရာသမားမှ နိမိတ်ဖတ်ခဲ့သည့်အတိုင်း ယခု မြင်းကသော ရထားသည် သူငယ်ချင်းအား ဘုရင်တင်မြှောက်ရန် ရောက်လာခြင်းဖြစ်ပေလိမ့်မည်ဟု အမှန်ကို သိမြင်လိုက်သည်။ အကယ်၍ သူငယ်ချင်းသည် ဘုရင်ဖြစ်ခဲ့သော် ငါ့အား စစ်သူကြီးဖြစ်စေ၊ အမတ်ကြီးဖြစ်စေ ခန့်ပေလိမ့်မည်။ ထိုအခါ ငါသည် လောကီအာရုံ ကာမဂုဏ်တို့ဖြင့် နစ်မွန်း၍ ဒုက္ခဆင်းရဲကို ကျရောက်လတ္တံ့ဟု ပညာရှိတို့ တွေးခေါ်ရှုမြင်တတ်သည့် အတိုင်းတွေးခေါ်၍ အသာထကာတောတွင်းသို့ မသိမသာ သွား၍ရှောင်နေလိုက်၏။

မြင်းကသော ဖုတ်သွင်းရထားသည် မှုးမတ်ဗိုလ်ပါများနှင့်တကွ ကျောက်ဖျာရှေ့ရောက်သောအခါ ရပ်လိုက်ကြသည်။ ပါလာသော မှုးမတ်များက ၎င်းတို့တိုင်းပြည်တွင် ဘုရင်လစ်လပ်နေသဖြင့် ဘုရင်မင်းမြတ်အဖြစ်ခံယူ၍ တိုင်းပြည်ကို အုပ်ချုပ်ပေးပါရန် ၀ိုင်းဝန်းကာလျှောက်ထားကြလေသည်။ လူငယ်သည် နဂိုကပင် ဆရာသမား နိမိတ်ဖတ်ခဲ့သည့်အအတိုင်း ဘုရင်မင်းဖြစ်ရန် စိတ်ကူးနေသူဖြစ်သဖြင့် ဘုရင်ဖြစ်လိုသော ဘ၀တဏှာဇောကြောင့် ကိုယ်နှင့်အတူ ပါလာသော သူငယ်ချင်းကိုပင် သတိမရနိုင်တော့ဘဲ ဖုတ်သွင်းရထားပေါ်သို့ တက်လိုက်သွားလေသည်။ တိုင်းပြည်သို့ရောက်သောအခါ ကျန်ရစ်သော ဘုရင့်သမီးတော်ကို မိဖုရားမြှောက်၍ တိုင်းပြည်အုပ်ချုပ်ကာ မင်းစည်းစိမ်ဖြင့် ကာမဂုဏ်အာရုံတို့ကို ခံစား၍နေလေတော့သည်။

ပညာရှိသူတော်ကောင်း၏သားမှာ ၎င်း၏သူငယ်ချင်း မင်းဖြစ်၍ထွက်သွားသည်ကို ကျောက်ဖျာထက်မှကြည့်လျက် “ဩော်- ငါ့သူငယ်ချင်းတစ်ယောက်မင်းဖြစ်၍ ဒုက္ခရောက်တော့မှာပါလား” ဟု တွေးတော၍နေစဉ် အနီးနား သစ်ပင်ထက်မှ သစ်ရွက်များသည် လေလှုပ်ရှားမှုကြောင့် သူ့ကိုယ်ပေါ်သို့ တဖွဲဖွဲကျလာနေကြ၏။ ဘ၀ ဘ၀မှ ပါရမီကုသိုလ် အသိတရားတို့ကြောင့် သစ်ရွက်များ ကြွေကျသည်ကိုချက်ခြင်းသံဝေဂရပြီး ဩော်- သစ်ရွက်များသည်လည်း အချိန်ကျ၍ ရင့်ဝါပြီး မြေသို့ကြွေကျပါလား ဟု ရှုမြင်ကာ မိမိခန္ဓာကိုယ်ကိုလည်း ရှုမြင်လိုက်ရာ သစ်ရွက်များ ကြွေသည့်အလား ခန္ဓာကိုယ်တစ်ခုလုံးအစဉ်မမြဲ မတည်မြဲဘဲ ဖြစ်ပျက်နေသည့်သဘာဝကိုမြင်၏။

ခန္ဓာကိုယ်တစ်ခုလုံး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများကို ထင်ရှားစွာမြင်ရပြီး ဖြစ်ပျက်ခြင်း၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးရာ၌ နိဗ္ဗာန်ကိုမြင်ရ၏။ ထိုသို့ကျောက်ဖျာပေါ်မှနေ၍ သစ်ရွက်များကိုရှုမှတ်မှုဖြင့် ဆရာမလိုဘဲ မိမိကိုယ်တိုင် ပါရမီအသိဉာဏ်တို့ကြောင့် နိဗ္ဗာန်ကိုမြင်တွေ့ကာ ဒုက္ခချုပ်ငြိမ်းရာကို ရောက်တော်မူသော ပစ္စေကဗုဒ္ဓ ဖြစ်တော်မူလေ၏။ ထိုအခါ ဈာန်သမာပတ်ဖြင့် သူတော်စင် ပစ္စေကဗုဒ္ဓများ စံပါယ်ရာ ဖြစ်တော်မူသော ဂန္ဓမာဒနတောင်သို့ ကြွချီတော်မူပြီး တစ်ပါတ်တစ်ခါ မြောက်ကျွန်းသို့ ဆွမ်းခံကြွ၍ သူတော်စင်တို့ ပျော်မွေ့ရာ၌ အေးချမ်းစွာ စံပါယ်တော်မူလေသည်။

ဤသို့ဖြင့် သူငယ်ချင်းနှစ်ယောက်တို့သည် တက္ကသိုယ်ပြည်မှ ပညာသင်ကြား၍ပြန်လာပြီး လမ်း၌တစ်ယောက်မှာ ဘုရင်ဖြစ်ပြီး လောကီမင်းစည်းစိမ်ကို ခံစားခိုက် တစ်ဦးကမူ ဘ၀ပါရမီရင့်ကျက်မှု အသိဉာဏ် ကုသိုလ်တရားတို့ဖြင့် လောကီအာရုံမှ စွန့်ခွာကာ အေးမြသော လောကုတ္တရာ မဂ်ဖိုလ်ချမ်းသာနှင့် နေလာကြသည်မှာ အနှစ်လေးဆယ်ခန့်ကြာလာ၏။

ထိုအခါ ပစ္စေကဗုဒ္ဓက စဉ်းစာမိသည်မှာ ငါ့သူငယ်ချင်းတစ်ယောက် ယခုဆိုလျှင် မင်းစည်းစိမ်ဖြင့် ချောက်ကျနေသည်မှာ အနှစ်လေးဆယ် ပင် ရှိတော့မည်။ ယခုထက်ဆက်ပြီး ဒီချောက်ထဲတွင် ဆက်ကျနေပါက ဤကာမဂုဏ်အာရုံတို့ဖြင့်သာ ကွယ်လွန်လျှင် အလွန်နက်သော အပါယ်ချောက်ငရဲထဲသို့ ကျပေတော့မည် ဟု နောင်ရေးကိုတွေးမြင်ပေးပြီး သွားရောက်တရားလမ်းညွှန်မှ တော်မည်ဟု အောက်မေ့လိုက်သည်။ ထိုအချိန်၌ပင် ဘုရင်မင်းကလည်း ဩော်… ငါ့သူငယ်ချင်းတစ်ယောက် တက္ကသိုလ်ပြည်မှ ပြန်လာကြတာ လမ်း၌ဘယ်တွင် ကျန်ရစ်ခဲ့ပါလိမ့် ဟု ယခုမှ သတိရ စဉ်းစားမိတော့၏။ သူငယ်ချင်းအား တွေ့ချင်လိုက်တာ ဟု တွေးတောကြံစည်မိလေ၏။

ထိုသို့ စိတ်ကူးမိကြသည်နှင့်အညီ ပစ္စေကဗုဒ္ဓသည် တစ်နေ့သော် ဘုရင်မင်းထံသို့ကြွလာပြီး ၀မ်းသာအားရဖြင့် စကားစမြည်ပြောဆိုပြီးနောက် ဘုရင်မင်းအား တရားစကားပြောဆိုလေသည်။ ဘုရင်းမင်းက သူသည် တိုင်းရေးပြည်ရေးကိစ္စတို့တွင် နေ့ညမအား ဆောင်ရွက်နေပါသဖြင့် တရားအလုပ်လုပ်ရန် အချိန်လုံးဝ မပေးနိုင်ကြောင်း ပြောလေသောအခါ ပစ္စေကဗုဒ္ဓက (ဆင်သေကျီးမှိုက် ဥပမာ)ပုံပြင်တစ်ခု နှိုင်း၍ သူငယ်ချင်းဘုရင်အား ကျွတ်တန်းဝင်စေ၏။

အခါတစ်ပါး၌ ဂင်္ဂါမြစ်ထဲသို့ ဆင်သေကြီးတစ်ကောင် မျောပါလာလေရာ ကျီးကန်းတစ်ကောင်သည် ယင်းဆင်သေပေါ်၌ နား၍ ငါတော့ဒီတစ်သက် စားစရာလုံလောက်ပြီ။ ဆင်သားစားလိုက်၊ ဆင်သွေးသောက်လိုက်နှင့် တစ်သက်ပူစရာ မလိုတော့ဟု အောက်မေ့လေ၏။ ဆင်သေကောင်သည် တဖြည်းဖြည်းနှင့် ပင်လယ်ဝနားသို့ ရောက်လာပြီဖြစ်ရာ ကျီးကန်းသည် ကမ်းသို့ပျံမည် ဆိုပါက ပျံချိန်ရ၏။ သို့သော် တစ်သက်စား၍ မကုန်ဟု အောက်မေ့ကာ ဆင်သေပေါ်၌သာ စား၍ကျေနပ်နေလေ၏။ ဆင်သေသည် ပင်လယ်ဝမှ ပင်လယ်နက်အလယ်သို့ ရောက်သောအခါ ပင်လယ်ငါးကြီးတို့ ၀ိုင်းဝန်းစားသောက်ကြသဖြင့် ဆင်သေကောင်ကြီးမှာ တဖြည်းဖြည်း ကုန်သွားလေ၏။ ထိုအခါမျသာလျှင် ကျီးသည် ဆောက်တည်ရာမရဖြစ်ကာ နေစရာလည်းမရှိ၊ တောင်ဘက်သို့ ပျံသော် ကမ်းမတွေ့၊ မြောက်ဘက်သို့ပျံသော်လည်း ကမ်းမမြင်နှင့် ပျံပါများလာသဖြင့် တောင်ပံတို့သည် မီးဟုန်းဟုန်း တောက်လောင်ကာ ပင်လယ်ထဲသို့ကျ၍ ငါးလိပ် မကန်းစာများဖြစ်သွားရတော့၏။

ပစ္စေကဗုဒ္ဓမှ ဤပုံပြင်အား မင်းကြီးကိုပြောပြ၍ ဆင်သေကောင်ကဲ့သို့သော လောကစည်းစိမ် တိုင်းရေးပြည်ရေး ကိစ္စအ၀၀တို့တွင် အရွယ်သုံးပါးစလုံး နစ်မြှုပ်၍နေမည်ဆိုပါက တစ်ချိန် သေပေါက်သေ၀သို့ ရောက်သည့်အခါ မည်သည့် စည်းစိမ်ဥစ္စာ၊ မှုးကြီးမတ်ရာ၊ ဇနီး သားသမီးတို့က လာကယ်နိုင်မည်နည်း။ ဆင်သေကောင်ကို တစ်သက်စားမကုန်ဟု မက်၍ လောဘဖြစ်နေသော ကျီးမိုက်သည် ငါး၊ လိပ် မကန်းတို့ အစာဖြစ်ရသကဲ့သို့ အသင်မင်းကြီးသည်လည်း တိုင်းရေးပြည်ရေး၊ စည်းစိမ်ဥစ္စာ၊ ကာမဂုဏ် လောကကြီးကို ခင်တွယ်နှစ်သက် မက်မောနေပါက အပါယ်ဆင်းရဲ ငရဲသားတို့၏အစာ ဖြစ်ရပါလိမ့်မည် ဟု ပြောဆိုသတိပေးလေသော် မင်းကြီးသည် သတိ သံဝေဂရပြီး မင်းစည်းစိမ်ချမ်းသာနှင့်တကွ တိုင်းရေးပြည်ရေးတို့ကို သားတော်အား လွှဲအပ်ကာ တောထွက်ရသေ့ ရဟန်းပြု၍ မြတ်တရားရရန် ကြိုးစားအားထုတ်လေရာ ဒုက္ခဆင်းရဲ အပါယ်ငရဲမှ ကျွတ်လွတ်ရလေတော့သည်။
(ဖေ့ဘုတ် မှ ကူးယူ ဖေါ်ပြပါသည်)
*****တတိယမြောက်သမီးတော်*****

0 comment: