ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, September 2, 2012

ငါ မရှိ ရှာ၍ လည်းတွေ့မည်မဟုတ်ပေ


                                 ပြီးခဲ့သော ကဗျာတွင် မိမိ သည်  မိမိ ကိုမိမိ ပြန်ရှာကြည့်ခဲ့သည်။
ပျော်ရွှင်စွာနေထိုင်တတ်သော အကျင့်မျိုးဖြင့်  အမြဲတမ်းလိုလို  စနောက်ပျော်ရွှင်နေထိုင်ခဲ့သူ
ဖြစ်သောကြောင့် ယခုလိုချစ်သူ ၏ စွန့်ပစ်ခြင်းကိုခံရသောအခါ  မပျော်နိုင် မရွှင် နိုင်ဖြစ်ပြီး
စိတ်သောက ခံစားနေရခြင်းကြောင့်  ယခင် က ပျော်ပျော်ရွှင်ရွှင်နေတတ်ခဲ့သော
မိမိ ကို မိမိ ပြန်ရှာဖွေခြင်း သဘောဖြင့် ရေသားခဲ့ခြင်းဖြစ်သည်။
အမှန်မှာ  မိမိ သည် မရှိသော တရားသာဖြစ်သည်။ ပညတ် သဘောအရ သာရှိပြီး
ပရမတ်သဘောအရ မရှိသောသူဖြစ်သည်။ မရှိသောသူကိုရှာဖွေခြင်းသည် ရူးသွပ်ခြင်းသာဖြစ်သည်။
ဤသည်ကို မိမိ မသိသည် မဟုတ်ပါ။သိသည်သာဖြစ်သည်။ သို့ သော်....


            ရူးသွပ် မိုက်မဲခြင်းကိုခုံမင်စွာ မိမိ ရူးသွပ်၏။ကိလေသာ`၌ ပျော်မွေ့ ခြင်းသာဖြစ်၏။
အနှီ ကိလေသာ သည် ဆွဲဆောင်မှူအလွန်ကောင်း၏။ ထို့ ကြောင့်မိမိ သည်နှစ်သက်စွာ
ပျော်ပါးလို၏။ ထိုပျော်ပါးလိုသောစိတ်ကြောင့် အတားအဆီးမရှိပျော်ပါး၏။ သစ္စာတရားကိုတော့
မိမိ အလွန်နှစ်သက်သည် မှာမှန်၏။ အဘယ်ကြောင့်ဆိုသော်  သစ္စာတရားတွင် တန်ခိုးရှိသောကြောင့်
ဖြစ်၏။
 
                 ၎င်းသစ္စာတရားကို တည့်မှန်စွာသုံးစွဲတတ်ပါက အလွန် အဖိုးထိုက်တန်သော
ပြည်တန်ပတ္တမြား ကဲ့သို့  တန်ဖိုးရှိ၏။၎င်း တန်ဖိုး ကိုနှိုင်းယှဉ်ဖေါ်ပြလိုသေးသည်။
လူတို့သည် ပြည်တန်ပတ္တမြားနှင့်အသက် ဘယ်ဟာကိုရွေးမည်နည်း ဆိုသော်  အသက်ကိုသာ
ရွေးချယ်ကြပေလိမ့်မည်။အသက်ကို မည်သည့်အတွက်တန်ဖိုးထားသနည်း ဟူမူကား
ဘ၀ တစ်ခု ရရန်ခဲယဉ်းသောကြောင့်ဟု ဆိုကြ၏။ ထိုဆိုသည့်အတိုင်း ရရန်ခဲယဉ်းသော ဘ၀ ကို
မည်မျှတန်ဖိုးထားသနည်း ။ပြန်လည်လေ့လာကြည့်သောအခါ ဆိုရလောက်အောင်လည်း
တန်ဖိုးထားကြသည်ကိုမတွေ့ပြန်ပါ။သေရမည်ဆိုသောအခါမှသာ တန်ဖိုးအလွန်ထားကြသည်မှာ
တော်တော်များများတွေ့ နေရသည်။သေခြင်းတရားက လွတ်အောင် တကယ်ကြိုးစားကြ၏လော။

           မသေချင်ဟုဆိုသော်လည်း မသေအောင်တော့ တကယ် အားမထုတ်ကြပေ။
အားထုတ်နေကြသည်မှာ ယခု ဘ၀မသေအောင်သာဖြစ်ကြသည်။မသေသောဘ၀ရှိလို့ လား ဟု
မေးချင်ပါသည်။ ဘ၀ ရတိုင်းခန္ဓာရတိုင်းသေကြသည်သာဖြစ်သည်။ ထိုသေသောဘ၀ သည်
မသေခင်ကဘာရှိလို့ မသေချင်ကြသလဲ ဟုမေးလျှင် ပိုင်ဆိုင်မှူကိုမည်သို့ ဖြေကြမည်နည်း။
မအေးချမ်းသော ပူပင်သောကများသာရှိကြလေသည်။ ထိုပူပင်သောကတို့ကိုတွယ်မက်၍
ဘ၀တွင်နေပျော်ကြလေသည်။ အေးချမ်း၍နေပျော်နေကြခြင်းမျိုးလဲ မဟုတ်။
မည်မျှရူးသွပ်မိုက်မဲကြသနည်း။

                                 မိမိ သည် ရူးသွပ်မိုက်မဲခြင်းကိုနှစ်ခြိုက်စွာ တပ်မက်ခဲ့ခြင်းသာ
ဖြစ်သည်။ ထိုရူးသွပ်မိုက်မဲခြင်းကို ဆက်လက်ရူးသွပ်မိုက်မဲလိုခြင်းသာ ဖြစ်ခဲ့သည်။
မရှိသောအရာတစ်ခုသည် မရှိသောအရာတစ်ခု ကို လိုချင်ခြင်းဖြစ်နေသည်။

   အချစ်သည်  ခံစားမှူတွင်တည်မှီ၏။ထိုခံစားမှူသည် မမြဲသောသဘောကိုဆောင်၏။
ထိုမမြဲသောသဘောဆောင်သော ခံစားမှူသည် ဝေဒနာမည်၏။ ထိုဝေဒနာ အပေါ်`၌
တပ်နှစ်သက်ခြင်းကြောင့်  လိုချင်ရချင်စိတ်တို့ ထကြွလာ၏။ကိလေသာ၏ သဘောပင်ဖြစ်သည်။
ကိလေသာသည် ကိန်းသည့်သဘော ၊  ထ သည့်သဘော၊ လွန်ကြူးသည့်သဘောတို့ 
ဆောင်ယူမြဲဖြစ်လေရာ နိုင်အောင်ထိန်းချုပ်ရန်အလွန်ခက်ခဲ၏။မထိန်းချုပ်နိုင်လျှင် လွန်ကြူးသည့်
သဘောတို့ဖြစ်ပေတော့သည်။

   မိမိ တို့၏စိတ်သဏ္ဍာန်ကို မည်သို့ဖမ်းဆုပ်ကိုင်နိုင်ပါမည်နည်း။သတိ အသိဖြင့်ထိန်းချုပ်ရန်သာ
ရှိသည်။ ဖမ်းဆုပ်နိုင်ရန်တော့ မဖြစ်နိုင်ချေ။စိတ်သည်  ကုဋေပေါင်းကိုးထောင်ရှိသည်ဟု
မြတ်စွာဘုရားရှင်ကိုယ်တိုင်ဟောကြားထားပေသည်။မိမိ စိတ်ကိုပင် မိမိ ဖမ်းဆုပ်ကိုင်နိုင်စွမ်း
မရှိပါ။သူတစ်ပါး၏ စိတ်ကိုဖမ်းကိုင်နိုင်ရန်မှာ ပို၍ မဖြစ်နိုင်သောအကြောင်းတရားတစ်ခုသာ
ဖြစ်သည်.။ထို အကြောင်းတရားရှိသည်မှန်သော်လည်း သတိတရားဖြင်ဆောက်တည်၍
တည်မြဲခြင်းသဘောကိုဆောင်ယူကြရ၏။

            မိမိ သည်  မိမိကို မိမိရှာဖွေခဲ့၏။သဘောတရားအရသာဖြစ်နိုင်၏။ ဖမ်းကိုင်ဆုပ်ပြရန်မရှိချေ။
မိမိ ပျောက်ဆုံးနေခြင်းသည်လည်း သဘောတရားအရပြောခြင်းသာဖြစ်၏။ လက်ဆုပ်လက်ကိုင်
မပြနိုင်ချေ။မိမိသည် သူတစ်ပါးကိုချစ်၏။မြတ်နိုး၏။သဘောတရားမျှသာဖြစ်၏။လက်ဆုပ်လက်ကိုင်ကား
လုံးဝ မပြနိုင်ချေ။မည်သည့်အတွက်ကြောင့်လက်ဆုပ်လက်ကိုင်မပြနိုင်ခြင်းကိုထပ်မံတင်ပြရပါမူ။
ထိုအချစ်ဖြစ်ပေါ်တည်မှီသော မိမိသည်မရှိသောအရာသာဖြစ်၏။ မရှိသောအရာတွင် မရှိသော
အရာတစ်ခု ထပ်မံဖြစ်ပေါ်ခြင်းသဘောသာဖြစ်၏။မရှိသည်ကိုမည်သူမျှ လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။
မိမိသည် ပညတ်သဘောဖြင့်သာရပ်တည်ခြင်းဖြစ်၏။ ပရမတ်သဘောဖြင့်ရပ်တည်ခြင်းမဟုတ်ပေ။
အမည်ခံသက်သက်သာဖြစ်သောကြောင့် လက်ဆုပ်လက်ကိုင်ပြစရာမရှိပါ။ အမှန်တကယ်ရှိသော
အရာမှာ ခန္ဓာ ငါးပါးသာဖြစ်ပါသည်။ခန္ဓာငါးပါးသည် သဘောတရားအစုမျှသာဖြစ်၏။
အထည်ဒြပ် မရှိပေ။ရုပ်ခန္ဓာ တစ်ပါးသည်သာမာန်အသိဖြင့်ဆိုမူ ကိုယ်ခန္ဓာကို ပြဆိုသည် ဟု
ယူဆကြ၏။မဟုတ်ပါ။

    ရုပ်၏သဘောမှာ ပူခြင်းအေးခြင်း။မာခြင်းပျော့ခြင်း။လှုပ်ရှားရုန်းကန်ခြင်း။ယိုစီးခြင်းသဘောကိုသာ
ဆောင်ယူသည်။ အထည်ဒြပ် အနေဖြင့်ဖေါ်ပြရန်မရှိပေ။ထိုကဲ့သို့ သဘောတရားမျှသာဖြစ်သော
ဤခန္ဓာမှ ဖြစ်တည်သည့် သဘောတရားအစုတို့သည် တည်မြဲရန်မဖြစ်နိုင်ချေ။မတည်မြဲသော
သဘောတရားအစုတို့မှ မှီတည်သောကြောင့်ဖြစ်သည်။

             ထို့ကြောင့် မတည်မြဲသောခန္ဓာကိုယ်မှ မရှိသောအရာများကိုရှာဖွေရန် မဖြစ်နိုင်သောကြောင့်
မိမိကိုမိမိ ရှာဖွေခြင်းသည် ရူးသွပ်မိုက်မဲခြင်းကို ဆောင်ယူခြင်းသာဖြစ်ပါတော့သည်။

 ငါဆိုသည်မှာ  ယခင်ကလည်းမရှိချေ။ယခုလည်းမရှိချေ။ ထို့ကြောင့် မည်သည့်နေရာတွင် မည်သို့ မျှ
ရှာဖွေ၍ တွေ့နိုင်မည်မဟုတ်ပေ။ ပျော်ရွင်သောမိမိ ကိုရှာတွေ့ပါက လည်း ယခင်ကမိမိ မဟုတ်တော့
ယခုမိမိသာဖြစ်ပါလိမ့်မည် ။ယခင် ကမိမိသည် အတိတ်တွင်ကျန်နေရစ်မည်သာ။ ပညတ်သဘောအရ
ဆိုရခြင်းဖြစ်သည်။ပျော်ရွှင်သော ခံစားမှူသည် ယခင် ကပျော်ရွင်ခြင်းမဟုတ်ပေ။ ယခု ပျော်ရွှင်ခြင်းသာ
ဖြစ်ပါသည်။ပစ္စုပ္ပန် တွင် စိတ်ကိုမြင်သိခြင်းသည်သာ အမှန်ဖြစ်ပေမည်။

            မိမိသည်  ကိလေသာ၏ သဘောတရားဖြင့်ရှာဖွေခဲ့ခြင်းမျှသာဖြစ်ပါတော့သည်။
အစစ်အမှန်မှာမူကား  မရှိသော ငါသာဖြစ်သည်။ခန္ဓာတို့ ၏  ဖြစ်ပျက်ပြောင်းလဲခြင်းပေါ်တွင်
မေ့ မျောကာကိလေသာတို့ဖြင့်သာယာ နေခြင်းသက်သက်မျှသာဖြစ်ပါတော့သည်။

               

                        *****တတိယမြောက်သမီးတော်*****


6 comment:

ချစ်စံအိမ် said...

သိပြီးမလုပ်နိုင်တာခက်တယ်မမရေ..
လမင်းလည်းနေတိုင်းပူလောင်နေရပါတယ်..
ပိုစ့်လေးဖတ်ပြီးဆင်ခြင်နိုင်ကောင်းပါရဲ့ မမရေ..

မိုးသူ(တောင်ကြီး) said...

ပုထုဇဉ်ဆိုတော့ စိတ်အလိုကိုလိုက်မိမှာပါပဲ

သတိထားနိုင်ဖို့ တော်တော်လေးကိုကြိုးစားယူရအုံးမယ် ဗျာ

အိပ်မက်ကောင်းကင် said...

တန်ဖိုး ရှိလှတဲ့ စာသားလေးတွေကို လာရောက်မှတ်သားသွားပါတယ်ဗျာ .

Phyu Lwin said...

ဆင်ခြင်စရာ မှတ်သားစရာလေးတွေပါ ..

ဧဒင်အချစ်ပုံပြင် said...

မှတ်သွားခဲ့ပါတယ်နော်..နောက်လည်းတင်ပေးပါအုံးနော်...ကျေးဇူးဗျာ...

ကိုတူး said...

~~ ငါမရှိ ရှာလို့လဲ မရ ~~