ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, June 12, 2013

သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား

 

ဒကာ။ ။ အာရုံငါးပါး ကာမဂုဏ်တရား ခံစားတဲ့နေရာမှာ
သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတို့ ခံစားကြတဲ့ စားသောက် မှု

 ရသာရုံ၊ ပွဲက တီးမှုတ်သီဆိုမှုတို့ကို ကြည့်ရှုခံစားခြင်း, ရူပါရုံ, သဒ္ဒါရုံ, ဇနီးခင်ပွန်း

အိပ်ခန်းစက်ရာဝင်ကာ ပေါင်းသင်းမှု စတဲ့ ၀တ္ထုကာမတွေ
ခံစားတဲ့အခါမှာနဲ့၊ ပုထုဇဉ်တို့ခံစားကြတဲ့အခါမှာ ဖြစ်ပေါ် ဖြစ်ပေါ် လာ
နေတဲ့ ရာဂစိတ်တွေဟာ အဲဒီ ၀တ္ထုကာမ သင်္ခါရတွေအပေါ်မှာ သုခ,
သုခ ဟု မှတ်ယူခံစားတာချင်း တူ,မတူ စာပေက ဘယ်လိုဆိုပါသလဲ
ဆရာတော်၊ တပည့်တော်တို့ တူတယ်, မတူဘူး ဟု ငြင်းခုံမှုရှိနေလို့
ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း....အရိယာနဲ့ ပုထုဇဉ်တို့ဟာ ကာမဂုဏ်ခံစား
ပုံခြင်းကတော့ ကာမ၀တ္ထုချင်း အတူတူပါပဲ၊ သောတာပန်, သကဒါဂါမ်
ခေါ်တဲ့ အရိယာတွေဟာလည်း ဒီ ကိုယ်ပိုင် ကာမ၀တ္ထုကို ခံစားကြတာ
ပဲ၊ ပုထုဇဉ်တွေလည်း ဒီကာမ၀တ္ထုကို ခံစားကြတာပါပဲ။ ဒါပေမဲ့ သုံးစွဲ
ခံစားတဲ့အခါမှာ အတွင်းစိတ်ဓာတ်ဖြစ်လာတာချင်းကတော့ မတူဘူး၊
တော်တော်ပဲ ကွာခြားကြတယ်၊ သောတာပန်, သကဒါဂါမ်တို့ ၀တ္ထု
ကာမကို ခံယူသုံးစွဲပုံက အပါယ်လားကြောင်းမဟုတ်တဲ့ ကာမရာဂ
ကိလေသာ ပူပန်လာတဲ့အခါမျိုးမှာ ထိုထို ကိလေသာ အပူဘေး
အေးငြိမ်းရုံလောက်အတွက်မျှ ဒိဋ္ဌိမဖက်မပါ, မယှဉ်တဲ့ စိတ်နဲ့သာ
အဲဒီတောင့်တပူပန်မှု တစုံတခုသော သင်္ခါရကို သုခသညာနဲ့ မှတ်ယူ
ခံစားကြတာဖြစ်တယ်။
သောတာပန်, သကဒါဂါမ်တို့ ကာမဂုဏ် ခံစားမှု ပြုတဲ့အခါ ဒိဋ္ဌိ
ဝိပ္ပလ္လာသ လုံးဝမပါဘူး၊ သညာဝိပ္ပလ္လာသ လောက်နဲ့သာ သုခဟု
မှတ်ထင်ခံစားကြတာ၊ သူတို့မှာ အနိစ္စနဲ့ အနတ္တလက္ခဏာဟာ အမြဲ
ထင်နေတာမို့ ရံခါ ဒုက္ခကို သုခဟူ၍လည်းကောင်း၊ အသုဘကို သုဘ
ဟူ၍လည်းကောင်း အသိ, အမှတ်, ပြောင်းပြန်ဖြစ်သွားတာကလေး
လောက်ပဲရှိတယ်၊ အဲဒါကို စိတ္တ၀ိပ္ပလ္လာသ နှစ်ပါးနဲ့ ခံစားသွားကြတာပဲ။
အရိယာပုဂ္ဂိုလ်တို့ ငါးဖြာအာရုံ ကာမဂုဏ် ခံစားတဲ့အခါမှာ ကာမ
ဝတ္ထုတစုံတခုသော သင်္ခါရတို့ကို သုခဟု မှတ်ယူသုံးဆောင် ခံစားပုံချင်း
ပုထုဇဉ်နဲ့ မတူပုံကို အင်္ဂုတ္တရ အဋ္ဌကထာဆရာက.....

ဒိဋ္ဌိဝိပ္ပယုတ္တစိတ္တေန ပန အရိယသာဝကော ပရိဠာဟာ ဘိဘူတော
ပရိဠာဟ ဂူပသမတ္တံ၊ မတ္တဟတ္ထိ ပရိတ္တာသိတော ၀ိယ စောက္ခဗြဟ္မဏော
ဂူထံ ကဉ္စိသင်္ခါရံ သုခတော ဥပဂစ္ဆတိ။
မတ္တဟတ္ထိ- အမုန်ယိုမူးယစ်နေတဲံ့ ဆင်ကြီးလိုက်ထိုးသဖြင့်ထိုဘေး
မှလွတ်မြောက်ရေးအတွက် သန့်စင်မြင့်မြတ်သော အကျင့်ရှိတဲ့ ဗြဟ္မာဏ
ဟာ စက်ဆုပ်ရွံရှာလျက်ပင် မစင်တောထဲသို့ မ၀င်မကပ် မခိုလိုဘဲ ၀င်
ရောက်ခိုလှုံလိုက်ရသလို၊ ထိုနည်းတူစွာ အရိယာသာဝကတို့ဟာလည်း
မဂ်ဖြင့်မပယ်သတ်ရသေးတဲ့ အပါယ်လားကြောင်းမဟုတ်သော ကာမရာဂ
ကိလေသာ တစုံတခု ၀င်ရောက်ပူပန်လာသောအခါ ယင်းကိလေသာအပူ
ဘေး ငြိမ်းအေးရုံမျှသာ ဒိဋ္ဌိဖြင့် မယှဉ်တဲ့စိတ်ဖြင့် ဒီသောတာပန်,သကဒါဂါမ်
ပုဂ္ဂိုလ်တို့ဟာ တစုံတရာသော သင်္ခါရကို သုခဟူသောအမှတ်ဖြင့်ခံစားကြ
တယ်-
လို့ဖွင့်ဆိုထားတယ်၊ ပုထုဇဉ်တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်
မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်ကာ စုံရေမျက်ပြဲ စွဲစွဲလန်းလမ်း အငန်းမရ ၀၀လင်လင် ဆင်
ခြင်ဉာဏ်လုံးဝမပါဘဲ မှားမှားယွင်းယွင်းနဲ့ အားရပါးရကြီးသာ ခံစားကြသော
ကြောင့် အပါယ်လားခြင်းကသာ များချေသည်တဲ့။ ဆိုလိုရင်းကတော့ ပုထုဇဉ်
တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နဲ့သာ အပါယ်လားကြောင်းဖြစ်အောင် ခံစား, စံစားတတ်ကြသည်၊ သောတာပန်, သကဒါဂါမ်တို့ခံစားပုံကတော့ အပါယ်လားကြောင်းမဟုတ်တဲ့ ဒိဋ္ဌိဂတ၀ိပ္ပ
ယုတ်စိတ်ဖြင့်သာ ပြုလုပ်မှီဝဲ ခံစားကြလေသည်တဲ့၊ အဲဒါဟာ ပုထုဇဉ်နဲ့
အရိယာတို့ ကာမဂုဏ်ခံစားပုံခြင်း မတူကွဲပြား ခြားနားချက်ပဲ၊
ကဲ...ကျေနပ်ကြပြီလား၊ နည်းယူသုံးစွဲ ခံစားတတ်ကရောပေါ့နော်။
ဒကာ။ ။ ရှင်းလင်းကြပြီဖြစ်၍ ကျေနပ်လှပါတယ်ဆရာတော်၊
အရိယာတို့နည်းယူပြီး အပါယ်မလားအောင် သုံးစွဲခံစားဖို့ သတိရှိကြပါပြီ
ဘုရား။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

  https://www.facebook.com/groups/358953880845864/permalink/471383859602865/

မှ ကူးယူဖေါ်ပြပါသည်။


                         *****တတိယမြောက်သမီးတော်*****

1 comment:

ရာဇာထွေး said...

ပို့စ်လေးဖတ်ပြီး မသိသေးတာလေးများမှတ်သားသွားပါတယ်ခင်ဗျာ...
ပါဠိ လိုတွေကိုတော်တော်များနားမလည်တာမို့ သေချာပြန်ဖတ်သွားပါတယ်..
အခုလိုမျှဝေပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ...

ခင်မင်စွာဖြင့်
ရာဇာထွေး