ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, July 7, 2013

သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား


ဒကာ။ ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်တယ်ဆိုတာ ဘယ်ဒိဋ္ဌိကို ပယ်တာလဲ ဆရာတော်။သောတာပန်တွေဟာ လင်ယူ သားမွေး ရောင်းဝယ်ရေးကိစ္စတွေ လုပ်နေသေးတယ်၊ သား မြေး လင် သေတော့လည်း ငိုကြွေးသေးတယ် ဆိုတော့ကာ ဒိဋ္ဌိစွဲ မကုန်သေးလို့သာ ဖြစ်ရမှာပေါ့၊ ရှင်းပြပါဦးဆရာတော်၊ လွယ်လွယ်နဲ့ သိနိုင်အောင်ပေါ့ ဘုရား။

ဆရာ။ ။ အင်း….ဒကာကြီးတို့ မေးခွန်းက လွယ်လွယ်နဲ့ မပြီးနိုင်တဲ့
အဖြေမျိုးပဲ၊ ဉာဏ်နားရှိသူများမှ နားလည်မှာဖြစ်တယ်၊ ဉာဏ်နားနဲ့ စိတ်
ဝင်စားပြီးတော့ မှတ်သားပါ။
 

သောတာပန်မှာ နိစ္စစွဲနဲ့ အတ္တစွဲ ဒိဋ္ဌိတွေ မရှိဘူးဆိုပေမဲ့ တထစ်ချ ဧကန္တ
မမှတ်ရဘူး၊ လုံးဝမရှိတဲ့ နိစ္စနဲ့ အတ္တစွဲ ဒိဋ္ဌိကတော့ ဝိပ္ပလ္လာသတရား သုံး
ပါးထဲက….သောတာပန် ပုဂ္ဂိုလ်၌ နိစ္စ - ခိုင်မြဲတဲ့ အတ္တကောင် ငါကောင်
ရှိတယ်လို့ ယူစွဲထားတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသကိုတော့ အကြွင်းမရှိဘဲ သောတာ
ပတ္တိမဂ်က ပယ်သတ်လိုက်တယ်၊ လုံးဝ မရှိတော့ဘူးပေါ့။
အဲဒီ……သောတာပတ္တိမဂ် ပယ်သတ်ပုံထူးတာက ခန္ဓာငါးပါးအပေါ်၌ စွဲ
ယူတဲ့ သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို ခန္ဓာတပါးစီသာ ပယ်သတ်နိုင်တာ၊
ရူပက္ခန္ဓာတပါး အပေါ်၌ ထင်ရှားအောင်ပြရရင်…
၁။ ရူပက္ခန္ဓာသည် ငါ။
၂။ ငါသည် ရူပက္ခန္ဓာ။
၃။ ရူပက္ခန္ဓာ၌ ငါရှိသည်။
၎။ ငါ၌ ရူပက္ခန္ဓာ ရှိသည်။
ဆိုတဲ့ (ရူပံ အတ္တတော သမနုပဿတိ) စသည်ဖြင့် ရုပ်အပေါ်၌ အတ္တ
ကောင်ရှိတယ် ခိုင်မြဲတယ် ဟူသော ဒိဋ္ဌိမျိုးလုံးဝ မရှိတဲ့ သက္ကာယဒိဋ္ဌိ
စွဲကို ပယ်သတ်တယ်လို့ မှတ်ယူရမည်တဲ့။
ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတို့ အပေါ်မှာ
လည်း အဲသည်လိုဘဲ တပါးစီ တပါးစီ သက္ကာယဒိဋ္ဌိတွေကို ပယ်သတ်
သွားတယ်လို့ မှတ်ယူရမည်တဲ့။
 

သောတာပန်ဟာ အဲဒီအတိုင်း ခန္ဓာငါးပါးအပေါ်မှာ သက္ကာယဒိဋ္ဌိအစွဲ
နှစ်ဆယ်ကိုသာ ပယ်ဖြတ်သုတ်သင် ရှင်းလင်းနိုင်သေးတာလို့ မှတ်ယူ
ရမည်တဲ့။အိမ်ထောင်သားမွေးရောင်းဝယ်ရေးနဲ့ ငိုကြွေးမှု စသည်တွေ ရှိနေသေး
တာကတော့ သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသတို့က ၀င်ဝင် စွက်နေ
လို့ဟု မှတ်ရမည်တဲ့။ခန္ဓာတပါးစီ အပေါ်မှာ သူကောင် ငါကောင် အတ္တစွဲ ငါစွဲ ကင်းနေသော်
လည်း ခန္ဓာငါးပါးလုံးကို ပေါင်းရုံးစွဲမှီပြီး ခေါ်ဆိုသမုတ်နေတဲ့ တကိုယ်
လုံး တကောင်လုံးကိုပင် ယောက်ျား မိန်းမ ငါ့လင် ငါ့သား ငါ့ဥစ္စာ ငါ့
ဟာ ဟု သိမှု စိတ္တဝိပ္ပလ္လာသနဲ့ မှတ်မှု သညာဝိပ္ပလ္လာသတို့က ရှိနေ
သေးသောကြောင့် လင်ယူ သားမွေးတွေ လုပ်နေကြသေးတယ်လို့
သာ မှတ်ယူရမည်။
ဒါပေမဲ့ ပုထုဇဉ်တုန်းကလိုတော့ အစွဲအမြဲ သဲသဲမဲမဲ စုံရေ မျက်ပြဲကြီး
မဟုတ်တော့ဘူး၊ အမှတ်မဲ့နေတဲ့အခါမှာသာ စိတ္တဝိပ္ပလ္လာသနဲ့ သညာ
ဝိပ္ပလ္လာသ နှစ်ပါးက ၀င်နေတာ၊ ၀င်နိုင်တာပါတဲ့။
ယောနိသော မနသိကာရနဲ့ ဆင်ခြင်စဉ်းစားမိတဲ့အခါမျိုးနဲ့ ၀ိပဿနာ
တရားပွားများ ရှုမှတ်နေတဲ့ အခါမျိုးကျတော့ ဒီ သညာအမှတ်မှားတို့
စိတ္တအသိမှားတို့ဟာ လုံးဝ ၀င်မလာတော့ဘူးတဲ့။
 

ကဲ….ဒကာကြီးတို့ စဉ်းစားကြည့်စမ်း၊ သောတာပန်မှာ ရှုမှတ်ဆင်ခြင်
မှု မရှိဘဲနဲ့ မြင် ကြား စသည့် အာရုံတို့ ပေါ်တိုင်း အနိစ္စဓမ္မတွေဘဲလို့
အမြဲထင်မှတ်သိရှိနေရင် ရဟန္တာနဲ့ ဘာထူးသေးသလဲ၊ အာသဝ
တရားလေးပါး ကုန်ခန်းရာ ရောက်သွားမှာပေါ့၊ ကဲ…ရှင်းရဲ့လား။
 

ဒကာ။ ။ ဝိပ္ပလ္လာသ တရား သုံးပါးတို့တွင် သောတာပန်ပုဂ္ဂိုလ်က
သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသ နှစ်ပါးကျန်ရှိနေသေးတယ်ဆိုတာ
သိရလို့ ရှင်းလင်းသွားပါပြီ ဆရာတော်၊ သောတာပန် ပယ်တဲ့ ဒိဋ္ဌိနဲ့
ဝိစိကိစ္ဆာ ဆိုရာမှာ သောတာပတ္တိမဂ်က ဒိဋ္ဌိဝိပ္ပလ္လာသ ဖြစ်တဲ့ သက္ကာ
ယဒိဋ္ဌိနှစ်ဆယ်ကိုသာ လုံးဝ ပယ်ဖြတ်လိုက်တယ် ဆိုတာလည်း ခုမှပဲ
ရှင်းတော့တယ် ဆရာတော်၊ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဘုရား။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ



(https://www.facebook.com/groups/358953880845864/) မှ ကူးယူဖေါ်ပြပါသည်။

*****တတိယမြောက်သမီးတော်*****

3 comment:

ကြည်ဖြူခင်ခင် said...

ကျေးဇူးပါ သမီးတော်.. ခုလို ဖတ်ရတဲ့အတွက်.. အသိတစ်ခု ထပ်ရသွားချိန်မှာ.. အင်မတန်ကျေးဇူးတင်ပါတယ်။

ရာဇာထွေး said...

ပို့စ်လေးဖတ်ပြီးမှတ်သားသွားပါတယ် ခင်ဗျာ....
ဘာသာရေးအသိဥာဏ်တွေဖွင့်ပေးနေလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ...


ခင်မင်စွာဖြင့်
ရာဇာထွေး

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဒီလိုမျိုး ပို့စ်ကလေးတွေအတွက် သမီးတော်ကို မြတ် ကျေးဇူးတင်ပါတယ်နော်။

ချစ်ခင်စွာနဲ့
မြတ်