ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Friday, September 18, 2015
အထူး အစီအစဉ် (၂) ထိုင် နည်းစနစ် မှန်ကန်ပါစေ
တရားအားထုတ်မည့်သူသည် နေရာဒေသ ကိုရွေးချယ်နိုင်ပါက ပို၍ ကောင်းပါသည်။
၁။ ။ပတ်ဝန်းကျင်တိတ်ဆိတ်ခြင်း။
၂။ ။မက် ခြင် ယင် ကင်းခြင်း။
၃။ ။ရာသီဥတု မျှတခြင်း။
၎။ ။အဟာရ တင်းတိမ်အောင် မှီဝဲခြင်း။
၅။ ။ကိုယ် ကျန်းမာ ခြင်း။
စသည့် အချက်များသည် မဂ် ဖိုလ် ရကြောင်း ကို ကောင်းစွာ အထောက်အပံ့ ဖြစ်စေပါသည်။
နားက တရားနာ၍ ဥာဏ်က ခန္ဓာ လှည့် ဆိုသည့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ လမ်းစဉ်ဖြင့်
တရားတော်များဖွင့်ထားပြီး အားထုတ်ခြင်းသည်လည်း အထောက်အပံကောင်းတစ်ခု ဖြစ်ပါသည်။
ဘုရားရှိခိုးခြင်း သီလ ဆောက်တည်ခြင်းတို့ကို မိမိတတ်နိုင်သလောက်ဆောင်ရွက်ပါ။
တရားရှူမှတ်ရန် အဆင်သင့်ဖြစ်ပါက
၁။ ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား  ခန္ဓာငါးပါး (ရုပ်နာမ်နှစ်ပါး)အား လှူဒါန်းပါ။
၂။ ။အနန္တော အနန္တ ငါးပါးအား ရှိခိုးပါ။
၃။ ။ရှေးရှေး ဘ၀ ယခု ဘ၀ ပြုခဲ့သော ဒါန သီလ တို့ ကို အာရုံပြု၍  မိမိတို့အလိုရှိအပ်သော မဂ် ဖိုလ်
နိဗ္ဗာန် ကို ရခြင်းရောက်ခြင်းအတွက် လျှင်မြန်စွာ ကျေးဇူးပြုပါစေဟု ဆုတောင်းပါ။
၎။ ။ကိုယ်စောင့်နတ်မှ စ ၍ သက်ရှိသက်မဲ့ သတ္တ၀ါ အနန္တ တို့ ကို မေတ္တာ ပို့ ပါ။
၅။ ။ကမ္မဌါန်းတောင်းပါ။(မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးတရားကို ပေးသနား
တော်မူပါအရှင်ဘုရား ဟု ခပ်တိုတိုရွတ်ဆို၍ တောင်းလျှင်လည်းရပါသည်။(သို့ တည်း မဟုတ်)
တရားစခန်းများတွင် ရွတ်သကဲ့သို့ =ကမ္မဌါနံ မေဘန္တေ ဒေထ သံသာရ ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာယ
ဘန္တေ-အရှင်ဘုရား။မေ အမှာကံ-တပည့်တော်တို့ အား။သံသရ ၀ဋ္ဋ ဒုက္ခတော-သံသရာ ၀ဋ်ဆင်းရဲမှ။
မောစနတ္ထာယ- ကျွတ်လွတ်ထွက်မြောက်ပါရစေခြင်းအကျိုးငှာ။ကမ္မဌါနံ-မဂ်ဥာဏ် ဖိုလ်ပေါက် နိဗ္ဗာန်
ရောက်ကြောင်း အကောင်းဆုံး ဖြစ်သော ကမ္မဌန်း တရားကို။ ဒေထ ကရုဏာရှေ့ထား ပေးသနားတော်မူ
ပါ အရှင်ဘုရား။--ဟု ရွတ်ဆိုပါ)
ပြီးလျှင်
ငါသည် မုချ သေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။(ဟူ၍ သုံးခေါက် ရွတ်ဆိုပါ)
အကယ်၍ ဤကဲ့သို့ ရွတ်ဆိုရန် ကြောက်လန့်နေပါက တရားကိုဆက်လက်၍ အားထုတ်ခြင်း မှ
ရပ်တန့် လိုက်ပါ။သေခြင်းတရား ရှိသည်ကိုလက်မခံနိုင်သေးလျှင် သေခြင်းတရားကိုလွန်ဆန်ရန်
ဆန္ဒ မရှိလျှင် သေခြင်းတရား`၌သာ ကျဆုံးနေအုံးမည်ဖြစ်သည်။ရဲရဲဝံ၀ံ ရွတ်ဆိုနိုင်လျှင်
မကြောက်မရွံ ရွတ်ဆိုနိုင်လျှင် တရားအားထုတ်ခြင်းကိုဆက်လက်ဆောင်ရွက်နိုင်သည်။
ငါသည် မုချ သေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။ ဟု သုံးခေါက် ရွတ်ဆိုပြီးလျှင်
အသေမဦးမှီ ဥာဏ်ဦးအောင် တရားတော်ကို ကြိုးစားအားထုတ်ပါမည် အရှင်ဘုရား။  ဟု
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် မိမိရှေ့ တွင် အမှန်တကယ်ရှိသကဲ့သို့ ရိုသေစွာ လျှောက်ထားလိုက်ပါ။
တရားရှူမှတ်ရာတွင် ဣရိယာပုတ် (၄)ပါးဖြင့်နှစ်သက်သလို ရှူမှတ်နိုင်ပါသည်။
၁။ ။လျောင်းခြင်းဣရိယာပုတ် ။လူတိုင်းကြိုက်မည်ထင်ပါသည်။သို့ သော် သမာဓိနည်းနည်းရသည်နှင့်
အိပ်ပျော်သွားလိမ့်မည်။တရားထူးရဖို့ မလွယ်ပါ။
၂။ ။ရပ်ခြင်းဣရိယာပုတ် ။ နှစ်သက်ပါက ထိုနည်းဖြင့် ရှူမှတ်နိုင်ပါသည်။
၃။ ။သွားခြင်း ဣရိယာပုတ်။ ရှူမှတ်မှူတွင်သမာဓိ ဖြစ်ရန် ခဲယဉ်းပါသည်။
၎။ ။ထိုင်ခြင်း ဣရိယာပုတ် ။သမာဓိ ရရန် လွယ်ကူပြီး အသင့်လျှော်ဆုံးတရားရှူမှတ်ခြင်းအဖြစ်
ဆရာသမားများကိုယ်တိုင် ကျင့်သုံးသောနည်းစနစ်ဖြစ်ပါသည်
မိမိခန္ဓာ ကိုယ်ကို သက်တောင့်သက်သာ ရှိအောင်ထိုင်ပါ။
အမျိုးသား အမျိုးသမီး တိုင်းအတွက်  အသင့်လျှော်ဆုံး ထိုင်နည်းမှာ
တင်ပျဉ်ခွေထိုင်ခြင်းဖြစ်သည်။ခြေနှစ်ချောင်း ကိုထပ်မနေပါစေနှင့်။ဘယ်ခြေကို ကွေးပြီးနောက်
ညာခြေကို အပြင်ဘက်မှ ကွေး၍ ထားပါ။ညာဘက် ခြေမျက်စိကို ဖိမထားမိစေရန် အနည်းငယ်
စောင်းထားလိုက်ပါ။
မိမိခန္ဓာ ကိုယ်ကို မတ်မတ်ထားပါ နှာသီးဖျားနှင့် ချက်တိုင်သည် တတန်းတည်း ဖြစ်နေပါစေ။
ခပ်ဖြောင့်ဖြောင့် ထားရပါမည်။ဘယ်ဖက် လက်ဝါးပေါ်တွင် ညာလက်ဝါး တင်၍ လက်မ ထိပ်လေးနှစ်ခု
ကို ထိထားပေးပါ။လက်ဝါးကိုဖြန့်ကားထားရန်မလိုပါ။အသာအယာတင်ထားလျှင်ရပါပြီ။လက်ချောင်းလေးများ
ကိုဆန့် ထားပြီးလက်မထိပ်နှစ်ခု ထိဆက်နေခြင်းက တရားရှူမှတ်သူကိုမြင်ရသူ ကြည်ညိုစေပါသည်။
မိမိခန္ဓာ ကို ဘယ်ဘက် စောင်းခြင်း ညာဘက်စောင်းခြင်းများ မဖြစ်စေရ။ဦးခေါင်း စောင်းနေခြင်း မဖြစ်စေရ။
ထိုင်းနည်းစနစ် မှန်ကန်မှသာတရားရှူမှတ်ရာတွင် ဥာဏ်စဉ်တက်လာမည်ဖြစ်ပြီး ခန္ဓာ၏ သဘောကို
သိသာထင်ရှားစွာ မြင် သိ နိုင်မည်ဖြစ်ပါသည်။
သင်သည် ကံကောင်းသူတစ်ယောက်ဖြစ်သည်ကိုယုံမှားသံသယ ဖြစ်စရာမလိုပေ။
ဤကဲ့သို့သစ္စာတရားကို လေ့လာခွင့်ရနေခြင်းသည် ပင် အလွန်ဘုန်းကံကြီးမားသူတစ်ယောက်ဖြစ်နေပြီ။
ထို့ ကြောင့် သင်၏ ကံတရားကိုယုံကြည်ခြင်းဖြစ်သည်။ သို့သော်
သင်သည် ဥာဏ်ကောင်းသူတစ်ယောက် မဟုတ်ပါက ခန္ဓာတို့ ၏ဖြစ်မှူပျက်မှူကို ထိုးထွင်းသိနိုင်ရန်
ခဲယဉ်းပေလိမ့်မည်။
ဝိပဿ နာ ဥာဏ်ပညာသည် လှို့ ဝှက်၏ နက်နဲ၏ ထို့ ကြောင့် ဂမ္ဘီရ ဆန်၏။ သို့ သော်
မလုပ်တတ်သူအတွက်သာ ခက်ခဲ၍ လုပ်တတ်သူအတွက်မူ အလွန်လွယ်ပါ၏။
မိုးကုတ်ဆရာတော်ဘုရားကြီးကဲ့သို့ ဓါတ်တော်ကျသွားသော ရဟန္တာ အရှင်မြတ်က သေချာ ဆုံးမသွား
ခဲ့ပါသည်။ပကတိ သာဝက အဖြစ် နိဗ္ဗာန် တံခါးကိုဖွင့်နိုင်ပါသည်။ဥာဏ်ကောင်းသူအတွက်(၇)ရက်
ဥာဏ် အသင့် အတင့် ရှိသူအတွက်(၇)လ ဥာဏ်ထိုင်းသူအတွက် (၇)နှစ် ကြိုးကြိုးစားစားအားထုတ်ပါက
ရကိုရမည် ဟု အတိအကျ မိန့် တော်မူခဲ့ပါသည်။ တရားစဉ်ကိုသေချာနာကြားပါ။လုပ်ငန်းစဉ်ကို မပေါ့မဆ
လေးလေးစားစားလိုက်နာဆောင်ရွက်ပါ။သစ္စာ ကိုအမှန်တကယ်သိလိုလျှင် သမာဒေ၀ နတ်မြတ်
နတ်ကောင်း နတ်အပေါင်းတို့ ကလည်း သင့်ကို ကောင်းစွာ စောင့်ရှောက်မည်မှာ ဧကန်မလွဲ ဟု
သမီးတော် ရဲရဲဝံ၀ံ အာမခံပါသည်။
(ယုံကြည်ကျန်းမာ။စိတ်ဖြောင့်စွာဖြင့်။လွန်စွာအားထုတ်။ နာမ်နှင့်ရုပ်ကို။ ဖြစ်ချုပ်ဥာဏ်မြင်။
ဤငါးအင် ။မှန်ပင် မဂ်ရကြောင်း)
မဂ်ဥာဏ် ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန် ကိုလျှင်မြန်လွယ်ကူစွာ ရနိုင်ရောက်နိုင်သော ကိုယ် ဖြစ်ကြပါစေ
٭٭٭٭٭တတိယမြောက်သမီးတော်٭٭٭٭٭
2 comment:
pyaemoe kywal said...
ကျေးဇူးတင် လိုက်တာဗျာ။
mun said...
ဝမ်းမြောက်ဝမ်းသာသိမှတ်နာယူပါသည်သမီးတော် ....