ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, January 11, 2014

လေးဘုံအပါယ်ရွာက လွတ်ကြစေချင်

သင်္ဃန်းကိုစွဲပြီး သန်းဖြစ်သွားသည့် ကိုယ်တော်တစ်ပါး အကြောင်းကိုတရားချစ်ခင်သူတော်စင်များကြားဖူးပြီး
ဖြစ်ကြမည်ထင်ပါသည်။ရဟန်းဘ၀ ဖြင့် သီလ လုံခြုံခဲ့သော်လည်း ပညာ ဥာဏ်ဖြင့် ကိလေသာကိုပယ်ဖြတ်
နိုင်ခြင်းမရှိခဲ့သောကြောင့် သန်းဖြစ်ရခြင်းဖြစ်သည်။


အကယ်၍ မဂ်ဥာဏ်ဖြင့် ကိလေသာကိုပယ်ဖြတ်ခဲ့သည်ရှိသော် အပါယ်ရောက်ရန်ပင် အကြောင်းမရှိချေ။
သောတာပန် အရိယာတို့ ပယ်သတ်သောကိလေသာသည်လောဘ ဒေါသ ကိုမပယ်သတ်နိုင်သေး။
 လောဘ ဒေါသဖြစ်သော်လည်း သက္ကာယဒိဌိဖြင့် မယှဉ်သောကြောင့်အပယ်သို့ မရောက်နိုင်တော့ချေ။

ပစ္စည်းတစ်ခုခုကို အပြိုင်အဆိုင် ယှဉ်၍ ရယူရသည်ရှိသော် သောတာပန်သည် ပုထုဇဉ်နှင့်ယှဉ်၍ လောဘ
ဇောတိုက်ကာ အနိုင်ရအောင်ကြိုးပမ်းလိမ့်မည်။

ထိုသို့ ကြိုးပမ်းသည့်အခါ သောတာပန်သည် အနိုင်ရသည်ရှိသော်  ဪ ငါ့နှယ် လောဘ တကြီးနဲ့ သွားပြီး
ပြိုင်လိုက်ရတာ မောသွားတာပဲ ရှုံးသွားတဲ့သူအတွက်တော့ စိတ်မကောင်းဘူး။ဟူ၍ တွေးလိမ့်မည်။
ပုထုဇဉ်ကမူ အမလေး တော်သေးတယ် ငါ အနိုင်ရလိုက်လို့ ကံကောင်းလို့  ငါ အနိုင်ရတာ ငါ ကြိုးစားလို့ 
ငါ အနိုင်ရတာ  ဟုတွေးပေလိမ့်မည်။

သောတာပန်သည် လောဘ စိတ်ကို လောဘ စိတ်ဟု မြင်သိ၏။ပုထုဇဉ်သည် လောဘစိတ်ဖြစ်သည်ကို
မသိ။ငါ့ အား နှင့် ငါ့ ကံ ဟူ၍ ဒိဌိနှင့်ယှဉ်၍ ဖြစ်၏။

ပုထုဇဉ်က ငါစွဲနှင့် ပျော်၏ အရိယာက လောဘ စိတ် ဆိုသည်ကိုဆင်ခြင်လျှင်သိ၏။ပျော်နေသည့်အချိန်`၌
လည်း  ဒိဌိ နှင့်မယှဉ်တော့ပေ။ပျော်ချင်စိတ်ကြောင့်ပျော်ခြင်းဖြစ်သည်။

ထို့ ကြောင့် ဒိဌိ နှင့် ၀ီစိကိစ္ဆာ ကို ပယ်သတ်ပြီး ပျော်ပျော်ကြီးနေကြပါ ဟု မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်
နှင့် ရဟန္တာ အစ ရှိသော အရိယာတို့  ဆိုကြခြင်းဖြစ်သည်။တရား၏ အရသာသည် စာဖြင့် ဖွဲ့ပြ၍ မပြည့်စုံ။
ကိုယ်တိုင်မြင်သိမှသာ သိနိုင်ပေမည်။

သီလ မျှနှင့် မလုံလောက်ပါ။သမထ ကြောင့်ရသော သမာဓိ စွမ်းအားနှင့်လည်း မလုံလောက်ပါ။
ခန္ဓာအရှိကို ဥာဏ်အသိဖြင့်  အနည်းဆုံး မြင်သိထားမှ စုတိစိတ် မကျခင် အမြင်မှန် အယူမှန်ဖြင့်ဘ၀ကူးနိုင်
ပေလိမ့်မည်။မလေ့လာ မလေ့ကျင့်ထားပါက ဝေဒနာ နှိပ်စက်သည့်အခါ အယူအမြင် မှန်ကန်နိုင်ခြင်းဖြစ်
မည် မဟုတ်။တရားမှတ်  တရားမှတ် ဆိုတိုင်း မှတ်တတ်မည် မဟုတ်။စနစ်တကျလေ့လာသင်ယူ၍ လေ့ကျင့်
ထားရမည့် တရားများ ဖြစ်သည်။သောတာပန် တည်ပြီးလျှင်တော့ ဘာတရားမှ အားမထုတ်လည်းရပြီ.။
ပျော်ပါးမော်ကြွားပြီးနေပါတော့။ဘုန်းကြီးကျောင်းမသွားလည်းရပြီ။ ဒါန နှင့်ပတ်သက်၍လည်း မလှူမတန်း
ပဲ နေလို့ ရပြီ။ သီလဆောက်တည်ခြင်းကိုလည်း အထူးပြုလုပ်နေစရာ မလိုတော့။ဒိဌိနှင့်ယှဉ်၍ အကုသိုလ်
အမှူုကို မပြု မဆောင်တော့ချေ။

သောတာပန်သည် လောဘနှင့်လည်း ပြိုင်ဆိုင်မည်။ဒေါသနှင့်လည်း ရန်လိုမည်။ သို့ သော် ဒိဌိနှင့်မယှဉ်
သော လောဘ ဒေါသ သာလျှင်ဖြစ်သည်။ဒိဌိ နှင့်ယှဉ်သော စိတ်ဖြင့် အကုသိုလ်ကိုမပြု မဆောင်တော့ချေ.။

တရားတော်များနာကြားပြီး သေချာလေ့ကျင့်သင့်သည်။ ဖြစ် ပျက် လေးတစ်ချက်လောက်မြင်ပြီးလျှင်
ဖြစ်ပျက် ဆုံးသည်အထိ အားထုတ်ရန် ရှေ့ ဆက်မည်သာဖြစ်သည်။မြင်သိအောင်သာ ကြိုးစားကြည့်ပါ။
မမြင် မသိသေးသည့်အတွက်ကြောင့် ပေါ့ဆနေခြင်းလည်းဖြစ်သည်။

ဝိပဿနာ နှင့် သမထ ကို ကွဲကွဲ ပြားပြား ဖြစ်အောင် လေ့လာအားထုတ်စေချင်ပါသည်။
သမထ သည် ခဏတာ စိတ်ကိုအေးချမ်းစေသော်လည်း သစ္စာသိသောဥာဏ်မဖြစ်သဖြင့်  ဒိဌိနှင့်ယှဉ်သော
လောဘ ဒိဌိနှင့်ယှဉ်သော ဒေါသကို ဖြစ်စေ၏။  မြေလျိုး မိုးပျံ တန်ခိုးဈာန်ကိုရသော ဒေ၀ဒတ်ကဲ့ သို့ 
မြတ်ဘုရားအရာကို မတော်မတရားတောင်းဆိုလိမ့်မည်။ကိုယ့်ကိုကိုယ် မြင့်မြတ်သည်ဟုမြင်ပြီး
ဘုရားသတ်သော ကံ အမိအဖ ကိုသတ်ရန် အားပေးသောကံ ကို ပြု၏။ ထို့ ကြောင့် ဆရာ တင် မမှားရန်
အထူးပင် အရေးကြီးလှပါသည်။ အဇာတသတ် မင်းသည် တန်ခိုးဈာန်ကိုပြသော ဒေ၀ဒတ်ကို အထင်ကြီးပြီး
ဆရာတင်မှားမိသောကြောင့် နိဗ္ဗာန်နှင့်လွဲခဲ့ရသည်။ ဒေ၀ဒတ်ဆိုသည်မှာ မြတ်စွာဘုရားသက်တော်ထင်ရှား
ရှိစဉ်ကာလ ဖြစ်သော်လည်း သစ္စာ တရားကို သိအောင် ကြိုးစားအားထုတ်ခြင်းမရှိခဲ့သောကြောင့်
ဒိဌိ ဦးဆောင်သော လောဘ ဖြင့် မြတ်ဘုရားကို သေကြောင်းကြံစည်ခဲ့သူဖြစ်သည်။

ထို အကြောင်း ခြင်းရာများကိုထောက်ခြင့်ကာ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိသည့် အချိန်ကပင်
တရားအရှာမှားသူများရှိနေလျှင် ယခုလိုကာလ မြတ်ဘုရားမရှိချိန်`၌ မည်သည့် ကိုယ်တော်က သစ္စာ သိမှန်း
မသိ ဆရာအတင်မှားနိုင်ပေသည်။သို့ ပါသောကြောင့် မိမိ သိသမျှလေးကို သိကြပါစေခြင်း အကျိုးငှါ အသိ
မျှဝေနေခြင်းဖြစ်ပါသည်။

သမထ သည် စိတ်ငြိမ်းချမ်းမှူကို အားထုတ်နေစဉ်တွင်ပေးနိုင်သည်။ သို့ သော် ကိလေသာ ကိုဖြတ်တောက်
နိုင်ခြင်းမရှိပေ။ထို့ ကြောင့် ဒိဌိ ဦးဆောင်သော လောဘ ဒေါသ တို့ သည် လာမည်ဖြစ်သည်။ ထိုရောအခါ
ကြမ်းတမ်းသော အကုသိုလ် အမှူကိုပြုဆောင်တော့သည်။

ဝိပဿနာ သည် ကိလေသာကိုဖြတ်တောက်သော ပညာရပ်ဖြစ်သည်။ ကိလေသာကို မဖြတ်တောက်နိုင်
သေးလျှင်လည်း ဝေဒနာကို သည်းခံနိုင်သည်။ထို့ကြောင့် အပါယ်လားရောက်ရခြင်းကို တားမြစ်နိုင်၏။
အဓိက ကြောက်စရာအကောင်းဆုံးသည် ဒိဌိဖြစ်သည်။ ဒိဌိ ကိုပယ်သတ်ထားနိုင်လျှင် အကုသိုလ် အကြမ်း
စားများကို မကြူးလွန်တော့ချေ။ ဒိဌိနှင့်မယှဉ်သော လောဘ ဒေါသ သည် အပါယ်ကိုရောက်အောင် တွန်းပို့
နိုင်ခြင်းမရှိတော့ချေ။ထို့ ကြောင့် ဒိဌိ ကိုပယ်သတ်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်။



ခန္ဓာရခြင်း`၌ အကျိုးရှိသောသူတစ်ယောက်ဖြစ်စေရန် သစ္စာ တရားတော်များ နာကြားမှတ်သားနိုင်ကြပါစေ။
နာသည့်အတိုင်းလည်းသိနိုင်ကြပါစေ။သိ သည့်အတိုင်းလည်း ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်
နိုင်ကြပါစေ။

လေးဘုံအပါယ်ရွာမှ လွတ်ငြိမ်းချမ်းသာ၍ နိဗ္ဗာန် ကိုမျက်မှောက်ပြုနိုင်သောသူများဖြစ်ကြပါစေ။



                                       *****တတိမြောက်သမီးတော်*****

1 comment:

စံပယ်ချို said...

သမီးတော်တင်သမျှ အသိလေးတွေရလို့ ကျေးဇူးပါ