ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Thursday, March 27, 2014
အမြတ်ဆုံးဒါန ကိုကောင်းစွာ ခံယူခြင်း
ရှိရှိသမျှ ပုဂ္ဂိုလ်သတ္တ၀ါတွေအကုန်လုံးမှာ အမှန်စင်စစ် ရှိနေတာက ခန္ဓာငါးပါး ချုပ်ပြီးပြောတော့
ရုပ်နာမ် နှစ်ပါးသာဖြစ်တယ်။ ခန္ဓာငါးပါးရှိနေတဲ့အတွက် ဘ၀ များစွာသံသရာမှာ မအိုချင်ပဲလည်း
အိုခဲ့ကြရတယ်။ မနာချင်ပဲလည်း နာခဲ့ကြရတယ်။မသေချင်ပဲလည်းသေခဲ့ကြရတယ်။ ခန္ဓာရယ်လို့ 
ရလာပြီဆိုရင် ဘယ်ဘ၀ ဘယ်ခန္ဓာ ကိုယ်ကိုပဲရရ အိုနာသေဘေးကြီးတွေနဲ့တွေ့ ကြရမှာပဲ။
အဲ့ဒီလိုအိုနာသေဘေးကြီးတွေနဲ့  တွေ့ ကြရမှာပါလားလို့  အတိတ်က မသိခဲ့ကြဘူး။ မသိတာက
အ၀ိဇ္ဇာ။ဘုံဘ၀တွေရကြောင်းပြုလုပ်ခဲ့ကြတယ်။ပြုလုပ်တာက သင်္ခါရ။ဟိုဘ၀ ဒီဘ၀ ရချင်တော့
ဆုတောင်းခဲ့ကြတယ်။။လိုချင်တာက တဏှာ။မရမနေ စွဲလန်းခဲ့ကြတာက ဥပါဒါန်။ရအောင်လုပ်
တာက ကမ္မဘ၀။ဖြစ်ပါတယ်။
အတိတ်က ပြုခဲ့တဲ့ အ၀ိဇ္ဇာ။သင်္ခါရ။တဏှာ။ဥပါဒါန်။ကမ္မဘ၀ ဆိုတဲ့ အကြောင်းတရားငါးပါးကြောင့်
ဝိညာဏ်  နာမ်ရုပ်  သဠာယတန ဖဿ  ဝေဒနာ  တစ်နည်းအားဖြင့် ခန္ဓာငါးပါးဖြစ်လာရပါတယ်။
အတိတ်အကြောင်းငါးပါးကြောင့် ပစ္စုပ္ပန် အကျိုးတရား ငါးပါးဖြစ်လာရတာပါ။ရှင်းရှင်းပြောရင် အခုဘဝ
ခန္ဓာရနေတာဟာ အကြောင်းဓမ္မကြောင့်အကျိုးဓမ္မ ဖြစ်လာခြင်းသာပါပဲ။
အရှင်သာရိပုတ္တရာရဲ့ မိခင်ကြီးနဲ့  ဗြဟ္မာဏ ဘာသာဝင်အားလုံးဟာ အတိတ်အကြောင်းကြောင့်ဖြစ်
လာရတဲ့ခန္ဓာငါးပါးကို ဗြဟ္မာကြီးက ဖန်ဆင်းတယ်လို့ ယူဆလိုက်တဲ့အတွက် အတိတ်အကြောင်း
ငါးပါးကိုပယ်ရာရောက်ပါတယ်။ အတိတ်အကြောင်းကိုပယ်လိုက်တော့ အကိရိယ ဒိဋ္ဌိတွေဖြစ်
နေကြပါတယ်။ အကြောင်းတရားရှိလို့ ဖြစ်လာတဲ့အကျိုးတရားကို ဗြဟ္မာကြီးကဖန်ဆင်းတယ်လို့ 
ယူလိုက်တော့ အတိတ်အကြောင်းကိုပယ်တဲ့ အကိရိယ ဒိဋ္ဌိတွေပဲပေါ့။
တစ်နှစ်တစ်ခါ နက္ခတ်ပွဲသဘင်ကြီး အကြီးအကျယ်ကျင်းပတော့ ဗြဟ္မာဏ ဘာသာဝင်တွေအားလုံး
ဥပတိဿနဲ့  အရှင်မဟာမောဂ္ဂလာန် အလောင်း ကောလိတ သူငယ်ချင်း တို့ လည်း လူငယ်ဘာဝ
လိုက်ပါလာရင်း ပွဲကြည့်တော့ မင်းသားမင်းသမီးပွဲကတာ အရိုးစုကြီးတွေပါလားလို့  ဓမ္မ သံဝေဂရ
ကြတယ်။
သူငယ်ချင်းရေ  တစ်ခဏတာ ဖြစ်ရတဲ့ လူ့ ဘ၀မှာ အနှစ်မရှိတဲ့  အကာအလုပ်တွေနဲ့ အချိန်ကုန်
နေကြတယ်။ တို့ နှစ်ယောက်တရားထူး တရားမြတ်တွေရှာကြပါစို့   လို့ တိုင်ပင်ပြီး လောကီစည်းစိမ်
တွေစွန့် ခွာပြီးတရားရှာထွက်လာကြတယ်။ ပထမ တော့သဉ္စည်း ဆရာကြီးဆီ ရောက်သွားကြသေးတယ်။
တုံးခုန် ဇယ်ခတ် အလုပ်တွေဟာ တရားအလုပ်မဟုတ်ဘူး။တရားကလည်းအစစ်အမှန်မဟုတ်ဘူးလို့ 
သိလာတော့ပြန်ခဲ့ကြတယ်ပေါ့။တရားစစ်တရားမှန် မြန်မြန်တွေ့ အောင်လို့ သူငယ်ချင်းနှစ်ယောက်
ခွဲပြီး တလမ်းစီထွက်ခဲ့ကြတယ်။
အရှင်သာရိပုတ္တရာလောင်းလျာ ဥပတိဿက ဆွမ်းခံကြွလာတဲ့ အရှင်အဿဇိ ကိုတွေ့ တော့ 
"ဒီအရှင်ဟာ ဣနြေ္ဒသိက္ခာရှိတယ်။ တရားထူးတရားမြတ်ရနေလောက်တယ်" လို့ အကဲခတ်ပြီး
"အရှင်က ဘယ်သူ့ ရဲ့တပည့်ပါလဲ" လို့ မေးလိုက်တယ်။
အရှင်အဿဇိက "မာန်ငါးပါးကိုအောင်မြင်တဲ့  ဇိနဗုဒ္ဓရဲ့ တပည့်ပါ"
  "ဪ-  အရှင်တို့ ရဲ့ဆရာက ဘယ်အယူရှိပါသလဲ"မေးတော့
"ကျွန်ုပ်က သင်္ဃန်းဝတ်က သုံးလပဲရှိပါသေးတယ်။ဘုရားရှင်ရဲ့အနန္တ တန်ခိုးတော် ဥာဏ်တော်
ကံတော်ကို ဘယ်လိုလုပ်သိနိုင်မှာတဲ့လဲ"
  " ဟုတ်ပါတယ်  ဟုတ်ပ်ါတယ်  ဒါပေမယ့် အရှင်တို့ ဆရာ ဟောလေ့ဟောထ ရှိတဲ့ တရားလေးတော့
မပြောနိုင်ဘူးလား"  ဆိုတော့မှ  ရှင်အဿဇိက
" ကျွန်ုပ် နာကြားသမျှလေးတော့ ဟောနိုင်ပါတယ်" လို့ ဖြေတယ်။
အရှင်အဿဇိ ဟောလိုက်တာက "ကျွန်ုပ်တို့ ဆရာမြတ်စွာဘုရားက  အကြောင်းကြောင့်အကျိုးဖြစ်
တယ်လို့ ယူဆပါတယ်"
ဥပတိဿ ကလည်း "ဒီလောက်ဆိုတော်ပါပြီဘုရား" လို့ လျှောက်ထားပြီး ခန္ဓာပေါ်ဥာဏ်လှည့်လိုက်တဲ့
အခါမှာ ခန္ဓာက ဒုက္ခသစ္စာ။ သိတဲ့ဥာဏ်က မဂ္ဂသစ္စာ။ သေသွားတဲ့ ဒိဋ္ဌိ ၀ီစိကိစ္ဆာက သမုဒယ သစ္စာ။
သမုဒယ တို့ ရဲ့ချုပ်ရာငြိမ်းရာ သိမ်းရာက နိရောဓ သစ္စာ လို့  သစ္စာလေးချက်ဆိုက်ပြီးတော့
သောတာပန် တည်သွားပါပြီ။
ဥပတိဿ ဟာ ဘုရားနဲ့မတွေ့ ရသေးခင်မှာပဲ ဘုရားဟော သစ္စာတရားကို နာကြားရပြီးတော့
သောတာပန် တည်သွားပါတယ်။ သစ္စာတရားဆိုတာ အကြောင်းအကျိုး ပဋိစ္စသမုပ္ပဒ်တရားပါပဲ။
အကြောင်းအကျိုးလက်ခံတဲ့ဝါဒဟာ ဘုရားရဲ့ ၀ါဒဖြစ်လို့ ဗုဒ္ဓဘာသာဝင်ဆိုတာလဲ အကြောင်းအကျိုး
လက်ခံယုံကြည်တဲ့ဝါဒ ပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင် စစ်စစ်ဆိုရင် အကြောင်းအကျိုး ပဋိစ္စသမုပ္ပဒ် တရား
ကို သိရှိနားလည်အောင်နာကြားထားသင့်ပါတယ်။
ဆွမ်းခံကြွနေတဲ့ အရှင်အဿဇိ ကနေ"ကာလေန ဓမ္မဿဝနံ   -  ကောင်းကျိုးဆင့်ပွား မြတ်တရား
နာကြားမပြတ်ပေ။" မင်္ဂလာတရားတော်နဲ့ အညီ သစ္စာတရားနာကြားလိုက်ရတဲ့အခါမှာ အရှင်သာရိပုတ္တရာ
လောင်းလျာဥပတိဿဟာ သောတာပန်တည်ခြင်းဆိုတဲ့  ဧတံမင်္ဂလ မုတ္တမံ လောကုတ္တရာမင်္ဂလာမြတ်
ကြီးကိုပါ ရရှိသွားပါတော့တယ်။
အရှင် အဿဇိ က ပေးလှူလိုက်တဲ့ အမြတ်ဆုံးတရားအလှူကို ရှင်သာရိပုတ္တရာလောင်းလျာ
ဥပတိဿက ကောင်းစွာခံယူကျင့်သုံးလိုက်ခြင်းကြောင့်  နိဗ္ဗာန်ချမ်းသာကို ရရှိသွားခြင်းဖြစ်ပါတယ်။
ဥာဏ်ကြီးရှင်ဖြစ်လို့  တစ်ကြောင်းတစ်ဝါကျနဲ့  သောတာပန်တည်ခြင်းဖြစ်ပါတယ်။ ပဉ္စ၀ဂ္ဂီငါးဦးဆိုရင်
 အကျယ်ဝေဖန်ဟောပြမှ သောတာပန်တည်နိုင်ကြတာပါ။
သူတို့ လိုမြန်မြန်ဆန်ဆန် သောတာပန် မတည်နိုင်ပေမယ့်လည်း မျှော်လင့်စရာအခွင့်အရေးတွေရှိပါတယ်
နေယျပုဂ္ဂိုလ်များဟာ သစ္စာတရားကိုအကြိမ်ကြိမ် နာကြားပြီးတော့ ခန္ဓာဥာဏ်ရောက် အကြိမ်ကြိမ်
အားထုတ်ဖြစ်ပျက်မြင်မုန်းဆုံးအောင် ကြိုးစားရင် ဒီဘ၀မှာပဲ သောတာပန်တည်နိုင်ပါတယ်။
(ဓမ္မရံသီဆရာတော်၏  လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ  စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)
အမြတ်ဆုံးဒါန အလှူကို ကောင်းစွာခံယူကျင့်သုံးနိုင်ကြပါစေ
          *****တတိယမြောက်သမီးတော်*****
0 comment: