ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, April 3, 2014

ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ

အကြောင်းကောင်းမှ အကျိုးကောင်းပါတယ်။အကြောင်းဆိုးရင် အကျိုးလည်း ဆိုးတတ်တာ သဘာဝ ပဲ။
 အကြောင်းမင်္ဂလာကောင်းလို့  အကျိုးမင်္ဂလာကောင်းဖြစ်ထွန်းလာပုံကို ဘုရားလက်ထက်တော်က
အရှင်ရာဓဆိုတဲ့ မထေရ်  အကြောင်းကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်။


ရာဓ မထေရ်က သာဝတ္ထိပြည်မှာအလွန်ကြွယ်ဝချမ်းသာတဲ့မျိုးရိုးကနေ ဆင်းသက်လာတာတဲ့ ။
မြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနာကြားရပြီးတော့ သာသနာတော်ကိုကြည်ညိုလို့  သာသနာ့
ဘောင်မှာ ရဟန်းအဖြစ်ကိုခံယူလာခဲ့တာပါ။ သင်္ဃန်းဝတ်တဲ့နေ့ကစပြီးအရှင်သာရိပုတ္တရာ မထေရ်
ကြီးက ရာဓမထေရ်ကိုသွားလေရာ ခေါ်သွားပြီး ပြောဆိုဆုံးမစရာရှိတာ ပြောဆိုတယ်။ ရာဓမထေရ်
ကလည်း ဆရာဖြစ်တဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဆုံးမတာမှန်သမျှ မြေ၀ယ်မကျနားထောင်
ပြီးမှတ်သားလိုက်နာတယ်တဲ့ ။

အထူးသဖြင့်နေ့လည်နေ့ခင်းဆွမ်းဘုန်းပြီးချိန်မှာ အရှင်မြတ်ကြီးကဂိဇ္ဈကုဋ်တောင်ပေါ်ကိုကြွပြီး
နေ့သန့်စင်တဲ့အခါ အရှင်ရာဓကိုအမြဲခေါ်သွားလေ့ရှိသတဲ့ ။ နေ့သန့်စင်ပြီးတဲ့အချိန်မှာ အရှင်ရာဓကို
ပြောဆိုဆုံးမလေ့ ရှိသတဲ့ ။

နေ့သန့်စင်တယ်ဆိုတာ နိဗ္ဗာန်ကိုအာရုံပြုတာကိုခေါ်ပါတယ်။နိဗ္ဗာန်ကိုအာရုံပြုပြီးတော့ နိရောဓ သမာပတ်
ဝင်စားတော်မူနေတာကို နေ့သန့်စင်တယ်လို့  သာသနာတော်ဝေါဟာရနဲ့ပြောရပါတယ်။ အရှင်သာရိပုတ္တ
ရာ မျက်မှောက်ပြုတဲ့နိဗ္ဗာန်ဟာ သဥပါဒိသေသနိဗ္ဗာန် ဖြစ်ပါတယ်။

နားလည်အောင်ပြောရရင် ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး ရှိရာမှာ ရုပ်ကလည်း ဖြစ်ပြီးပျက်။ခန္ဓာကလည်း
ဖြစ်ပြီးပျက် ခန္ဓာဥာဏ်ရောက်အလုပ်လုပ်တဲ့အခါ ခန္ဓာကိုယ်ထဲက ဖေါက်ပြန်ပျက်စီးမှူတွေပြနေတယ်။
ဖြစ်ပျက်ကလေး မြင်နေရင်းကနေ ဖြတ်ခနဲ့ဆို ဖြစ်ပျက် မရှိတဲ့နေရာကို အာရုံပြုလိုက်တာ။ ဖြစ်ပျက်တို့ ရဲ့
ဆုံးရာသည်နိဗ္ဗာန်  ဖြစ်ပျက်တို့ ဆုံးရာကို အာရုံပြုတဲ့ဇောက  ဖိုလ်ဇော ဖြစ်ပါတယ်။

အဲ့ဒီဖိုလ်ဇောနဲ့ ဖြစ်ပျက်တို့ ဆုံးရာ နိဗ္ဗာန်ကို အာရုံပြုနေတာကို နိရောဓသမာပတ် ၀င်စားတယ်လို့ ခေါ်ပါ
တယ်။နိရောဓ ဆိုတာ စိတ်စေတသိက်တွေ ခဏချုပ်တာ။ဖလ-က ဖိုလ်ဇော။သမာပတ်က-အာရုံပြု
နေတာတဲ့ ။

အရှင်သာရိပုတ္တရာက နိဗ္ဗာန်ကိုအာရုံပြုပြီး နိရောဓသမာပတ် ၀င်စားလိုက်တယ်။ ဘယ်အချိန်မှာ
သမာပတ်ကနေ ထမယ်လို့  အဓိဋ္ဌာန်ပြုလိုက်တယ်။ဖြစ်ပျက်တွေချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို အာရုံပြုရာကနေ
ဖြစ်ပျက်တွေပြန်မြင်လာတာကို နိရောဓ သမာပတ်က ထတယ်လို့  ခေါ်ပါတယ်။

 နိရောဓသမာပတ်က ထလာပြီးတော့ အရှင်ရာဓကို ဆုံးမ စကားပြောတယ်။ဝိနည်းသုတ္တန် ပိဋကတွေ
ထဲက အဆုံးအမတွေကိုပြောပေးတာပါ။ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးဟာ အလိုလိုရလာတာမဟုတ်ဘူး။
အကြောင်းတရားကြောင့်ရလာတယ်။ အကြောင်းတရားကဘာလဲဆိုတော့ အ၀ိဇ္ဇာနဲ့သင်္ခါရ။ အတိတ်
တုန်းက ခန္ဓာငါးပါး ရုပ်နာမ် ဒုက္ခသစ္စာတရားတွေကိုရခဲ့တယ်။ဘယ်ဘ၀ ဘယ်ခန္ဓာကိုယ်ရရ ဒုက္ခသစ္စာ
အမှန်ပါလားလို့  မသိခဲ့ကြဘူးနော်။ အဲ့ဒီလိုမသိတာက အ၀ိဇ္ဇာ။မသိပဲ ဟိုဘ၀ ဒီဘ၀ ရကြောင်း
လုပ်ခဲ့တာက သင်္ခါရပေါ့။

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-သစ္စာမသိပဲ လုပ်တဲ့ကုသိုလ်မှန်သမျှ ဆင်းရဲကြောင်းဖြစ်တဲ့အတွက် ကုသိုလ်
ကောင်းမှူလုပ်ရင် သစ္စာသိပြီးလုပ်ရမယ်လို့  မထေရ်မြတ်ကြီးက ဆုံးမတယ်။ အရှင်ရာဓကလည်း
သောဝစဿတာမင်္ဂလာနဲ့အညီ နားထောင်တယ်။

ခန္ဓာဥာဏ်ရောက် ၀ိပဿနာတွေအားထုတ်တယ်ဆိုတာ နိဗ္ဗာန်လိုချင်လို့ အားထုတ်တာဖြစ်တယ်။
နိဗ္ဗာန်လိုချင်ရင်အရှူခံတရားကိုသိရမယ်။ အရှူခံတရားကဘာလဲဆိုတော့ ခန္ဓာငါးပါးပဲ။ ခန္ဓာငါးပါးက
အ၀ိဇ္ဇာသင်္ခါရ ဆိုတဲ့အကြောင်းတရားကြောင့်ရလာတာပဲ။ အ၀ိဇ္ဇာသင်္ခါရသည် အကြောင်းတရား
သမုဒယ သစ္စာပါ။သမုဒယ သစ္စာဆိုတာ ဆင်းရဲကြောင်း အမှန်ပါ။

ဒါကြောင့်နောင်ခန္ဓာရအောင်လုပ်နေတာဟာ ဒုက္ခရောက်အောင်လုပ်နေတာမို့  လူမိုက်လမ်းစဉ်ကွဲ့ ။
နောင်ခန္ဓာ မရအောင်လုပ်တာကမှ သုခ ရရှိစေတဲ့လူလိမ်မာလမ်းစဉ်ကွဲ့ ။။လူမိုက်လမ်းစဉ်ကိုရှောင်
ပြီး လူလိမ်မာ လမ်းစဉ်ကိုလိုက်ရမယ်လို့  ဆုံးမတော်မူတာကို အရှင်ရာဓက ရိုသေစွာနားထောင်တယ်တဲ့ ။

ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ   လို့  ဘုရားက မိန့်တော်မူထားပါတယ်။
ကျကျနန ပြောဆိုဆုံးမ သွန်သင်ပေမယ့် နာယူရကောင်းမှန်းမသိ။ နားစွန်နားဖျားနဲ့  ဂျစ်တစ်တစ် လုပ်တဲ့
သူက ရှိသေးတယ်။ အဲ့ဒီလိုလူမျိုးကိုဆုံးမရ မလွယ်သူ။သောဝစဿတာ မင်္ဂလာနဲ့ မညီညွတ်သူလို့ 
ခေါ်ပါတယ်။ ဆုံးမရခက်တဲ့သူဟာ နိဗ္ဗာန်နဲ့ဝေးတော့တာပါပဲ။

ဝိပဿနာ ရှူတဲ့နေရာမှာ အရှူခံတရားဟာ ခန္ဓာ ငါးပါးပဲ။ခန္ဓာငါးပါးဟာလည်းအလိုလိုရလာတာမဟုတ်ပဲ
အကြောင်းအကျိုးဖြစ်တယ်။ခန္ဓာကြီးဟာ ဘယ်ခံစားမှူလေးပေါ်လာပေါ်လာ ဖြစ်ပေါ်လာသမျှ အလိုလို
ပေါ်လာတာမဟုတ်ဘူး။ အကြောင်းအကျိုးပါပဲ။ အကြောင်းအကျိုးပေါ်မှာဥာဏ်ရှင်းရင် ၀ိစိကိစ္ဆာ
သေပါတယ်။

ပေါ်လာတဲ့ ဓမ္မမှန်သမျှဟာဖောက်ပြန်တာပဲဖြစ်ပါတယ်။ဖောက်ပြန်တာကိုဖောက်ပြန်တယ်လို့ သိထား
ရင် ငါနာတယ် ငါကျင်တယ်  ငါအောင့်တယ် လို့  မလာတော့တဲ့အတွက် ဒိဋ္ဌိပြုတ်ပါတယ်။ အကြောင်း
အကျိုးပေါ်ဥာဏ်ရှင်းရင် ၀ိစိကိစ္ဆာသေတယ်။ခန္ဓာပေါ်ဥာဏ်ရောက်တော့ ဒိဋ္ဌိပြုတ်တယ်။ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ
ပြုတ်ရင် သောတာပန်တည်ပြီး ပထမ နိဗ္ဗာန်ရပါတော့တယ်။

ပထမ နိဗ္ဗာန်ရတယ်ဆိုတာ   ဧတံမင်္ဂလမုတ္တမံ-မြတ်သောမင်္ဂလာကြီးဖြစ်ပါတယ်။ အဲ့ဒီမင်္ဂလာကြီးကို
ရရှိချင်တယ်ဆိုရင် သောဝစဿတာ မင်္ဂလာနဲ့ပြည့်စုံပြီး ဆုံးမလွယ်သူဖြစ်ဖို့ လိုပါတယ်။ အရှင်ရာဓ
မထေရ်ကတော့ အရှင်သာရိပုတ္တရာမထေရ်ကြီးရဲ့ ဆုံးမစကားနားထောင်ဖြစ်ပျက်မြင်မုန်းဆုံးပြီးတော့
သောတာပန်တည်သွားပါပြီ။

ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ်သည် အရှူခံ။အရှူဥာဏ်။ ပညတ် ပရမတ်။ သမထ ၀ိပဿနာ။
အဖြစ်နဲ့အပျက် ကို ဂဃနဏ သိထားဖို့ လိုပါတယ်။ မသိခြင်းအ၀ိဇ္ဇာ မသိပဲလုပ်နေတဲ့ သင်္ခါရတွေ
ရှိနေရင်တော့သမုဒယ သစ္စာလမ်းပေါ်လျှောက်နေတာပါပဲ။ ၀ိပဿနာ ရှုခြင်းကသာ မဂ္ဂင်လမ်းပေါ်
လျှောက်တာဖြစ်ပါတယ်။ မဂ္ဂင်လမ်းပေါ်လျှောက်မှ နိဗ္ဗာန်ရောက်နိုင်ပါတယ်။


 (ဓမ္မရံသီဆရာတော်၏  လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ  စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)


                      *****တတိယမြောက်သမီးတော်*****

2 comment:

စံပယ်ချို said...

ရောက်နေတယ် သမီးတော်ရေ----------------နေကောင်းတယ်နော်...............

3rdthameetaw said...

ကောင်းတယ်ဂျက်ရေ မကောင်းတာက လိုင်း...
ဖွင့်မရ ပြုမရ တင်မရ သူလုပ်ချင်တာလုပ်နေတာ