ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, June 14, 2014

ပညာအမွေပေးခဲ့လေ

သူဋ္ဌေးသားနဲ့ သူဋ္ဌေးသမီး အိမ်ထောင်ရက်သားချပေးလိုက်ပြီဆိုတော့ ဟိုဘက်ကလည်း ကုဋေရှစ်ဆယ်
ဒီဘက်ကလည်း ကုဋေ ရှစ်ဆယ် စုစုပေါင်း ကုဋေ တစ်ရာ့ ခြောက်ဆယ်။သူတို့အသက်က နှစ်ဆယ်
ကျော်လေး။ပညာ ဗဟုသုတ မရှိပဲနဲ့ ဒီကုဋေတစ်ရာ့ခြောက်ဆယ်ကို ထိန်းသိမ်းဖို့ဆိုတာ လွယ်ပါ့မလား။
ဒီငွေတွေဆိုတာ သူတို့ရဲ့ ကံ ဥာဏ် ၀ီရိယ နဲ့  ရှာဖွေပြီးရလာတာမဟုတ်ဘူး။မိဘ အမွေနော်။

ပညာဗဟုသုတ မရှိတဲ့ သူဋ္ဌေးသားဟာ မိဘတွေရှိစဉ်ကတော့ မိဘ အုပ်ထိန်းမှူအောက်မှာ အစစအရာရာ
အဆင်ပြေနေပါတယ်။မိဘအုပ်ထိန်းမှူမရှိတော့တဲ့နောက်မှာ သူကိုယ်တိုင် အိမ်ဦးစီးဖြစ်လာပြီဆိုတော့
အိမ်ကိုအခြေအနေ မပျက် ဆက်ပြီးထိန်းသိမ်းနိုင်ပါ့မလား။ ပညာ ဗဟုသုတ ကမှ ထိန်းသိမ်းနိုင်စွမ်း
အရည်အချင်းကိုမွေးဖွားပေးနိုင်တာပါ။.

မဟာဓန သူဋ္ဌေးသားက သူဋ္ဌေးဘွဲ့ကိုခံပြီး အိမ်ထောင်ဦးစီးဖြစ်လာတယ်။ဘာပညာမှ မတတ်ပေမယ့်
မိဘ အရှိန်အ၀ါ အမွေခံပြီး ထီးဖြူကြီးနဲ့ စလွယ်ကြီး တကားကားနဲ့ မြောက်ကြွားကြွားလုပ်နေတယ်။
အရက်သမားတစ်စုက သူဋ္ဌေးသားကိုမြင်တော့  ဒီကောင်မိဘ ရှာတဲ့ ပိုက်ဆံတွေနဲ့  သူဋ္ဌေးသားလုပ်နေ
တာ ဘာပညာမှ တတ်တာ မဟုတ်ဘူး။တစ်ချက်လှိမ့်လိုက်ရင် ငွေတွေ အများကြီးထွက်လာမှာ။
ဒီကောင့်ကိုမြောက်ပင့်ပြီးစားကြစို့ လို့ တိုင်ပင်ကြပြီး သူဋ္ဌေးသားကိုအရက်သောက်သင်တော့တာပဲ။

အရက်သောက်ရင် ကျန်းမာရေးကောင်းတယ် အသက်ရှည်တယ်လို့ဆွယ်တရားဟောတော့ သူဋ္ဌေးသား
က စိတ်ပါလာပြီး တစ်ခွက်တစ်ဖလား စမ်းကြည့်ရာက အပေါင်းအသင်းတွေနဲ့ သောက်စားပျော်ပါးတတ်
လာတယ်။နောက်ဆုံးတော့ ခွက်လက်စွဲပြီး တအိမ်ဝင်တအိမ်ထွက် တောင်းရမ်းစားသောက်ရတဲ့ဘ၀ကို
ရောက်ကြရရှာတယ်။ တကယ်လို့ မိဘတွေက ပညာသင်ပေးခဲ့ရင် ဥစ္စာပစ္စည်းမရှိတော့လည်း ပညာနဲ့
လုပ်ကိုင်စားလို့ရသေးတာပေါ့။ခုတော့ပညာလည်း မတတ်။ ဗဟုသုတ မရှိနဲ့ ဒုက္ခ ရောက်ရပြီ။

ကုဋေ တရာ့ခြောက်ဆယ် ကြွယ်ဝချမ်းသာတဲ့ သူဋ္ဌေးကြီးဘ၀ကနေ တောင်းစားရတဲ့ဘ၀ရောက်နေတဲ့ 
အသက် ၇၀ ။၈၀ အဘိုးကြီးအဘွားကြီး နှစ်ယောက် အရပ်တကာလှည့်ပြီးထမင်းကျန် ဟင်းကျန် တောင်း
ရင်းနဲ့  ဘုရားကျောင်းတော်ကိုရောက်သွားတယ်။ ကျောင်းထဲမှာ ဘုရားမြတ်စွာက တရားဒေသနာတွေ
ဟောကြားလို့  တရားနာ ပရိတ်သတ်တွေစည်ကားနေတယ်။

အဘိုးကြီးအဘွားကြီးတွေက တရားပွဲမှာ စားပွဲသောက်ပွဲတွေ မမြင်ရတော့  ဒီနေရာမှာ ဘာမှတောင်းလို့ 
ရမှာမဟုတ်ပါဘူးဆိုပြီး ပြည်လှည့်ထွက်သွားကြသတဲ့ ။ တရားပွဲနဲ့ကြုံတုံး တရားနာလိုက်အုံးမယ်လို့ 
 မတွေးကြဘူးနော်။ငယ်ငယ်ကတည်းက လေ့ကျင့်ထားတာမဟုတ်တော့ တရားနာရကောင်းမှန်းမသိ
ကြဘူးပေါ့။

သူတို့ ထွက်သွားတာကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တရားပလ္လင်ပေါ်ကနေ လှမ်းမြင်ပြီးတော့
ပြုံးတော်မူတယ်။ အနားမှာထိုင်နေတဲ့ အရှင်အာနန္ဒာက မြတ်စွာဘုရား ဘာအကြောင်းထူးရှိလို့ ပြုံးတော်
မူတာပါလဲ လို့ မေးလျှောက်တော်မူတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က  အာနန္ဒာ မဟာဓန သူဋ္ဌေး
လင်မယားဟာ ပညာမတတ်ခဲ့ကြဘူး ။ပညာဗဟုသုတ သာရှိရင် မိဘ အမွေအနှစ်တွေကို အရင်းတည်
ပြီးတော့ သည်ထက်သည် ချမ်းသာကြွယ်ဝအောင် ရှာနိုင်ကြမယ်။ ငယ်ငယ်တုန်းကသာရှာရင် ဒီတိုင်းပြည်
မှာ အချမ်းသာဆုံးအထက်တန်းစား သူဋ္ဌေးကြီးဖြစ်နိုင်တယ်။ ခုတော့ ဒီအခွင့်အရေးဆုံးရှုံးခဲ့ပြီ။ လောကုတ္တ
ရာ  ဗဟုသုတ ရှိခဲ့ရင်လည်း အနာဂါမ် သကဒါဂါမ် အရိယာ တွေဖြစ်နိုင်တယ်။ ခုတော့ တရားနာရကောင်း
မှန်းမသိ တရားစာပေ ဖတ်ရကောင်းမှန်းမသိ။ ဗာဟုဿစ္စဉ္စ  သိပ္ပဉ္စ မင်္ဂလာချို့ တဲ့ခဲ့တဲ့ အတွက် အခွင့်
အရေး ဆုံးရှုံးခဲ့ရတယ်။

အသက် ၂၅ ကနေ ၅၀  ဒုတိယ အရွယ်မှာ ကြိုးစားရှာဖွေခဲ့ရင်  ဒုတိယ အလတ်တန်းစားသူဋ္ဌေး။
လောကုတ္တရာဘက်ကို လိုက်စားရင်လည်း သကဒါဂါမ်။သောတာပန် ဖြစ်နိုင်တာပဲ။ ဒါပေမယ့်
မင်္ဂလာ ချို့ ယွင်းတော့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပြန်ရော။

အသက် ၅၀ ကနေ ၇၅  တတိယအရွယ်မှာ သတိသံဝေဂရပြီး ခြစ်ခြုပ်ကြိုးစားခဲ့ရင် တတိယတန်းစား
သူဋ္ဌေး။ တရားအားထုတ်ရင်လည်း သောတာပန်နဲ့  သရဏဂုံတည်ပြီး စူဠသောတာပန် ဖြစ်နိုင်သေးတယ်။
အခုတော့ ဘာမှ မဖြစ်ရတော့ဘူး။ လောကီလည်းဆုံးရှုံးသွားတယ် လောကုတ္တရာလည်း ဆုံးရှုံးသွားတယ်။
လို့  မိန့် တော်မူလိုက်ပါတယ်။

သူတို့မှာ အရိယာဖြစ်နိုင်လောက်တဲ့ပါရမီ မျိုးစေ့တော့ရှိမှာပါပဲ။ အဲ့ဒီ ပါရမီ မျိုးစေ့တွေ ဆုံးရှုံးပြီး အဟောသိ
ကံ ဖြစ်သွားတာ ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ  မင်္ဂလာ ချို့ တဲ့ခဲ့လို့ ပေါ့။  ဗဟုသုတ မင်္ဂလာ  " တတ်ကောင်းတတ်
ရာ ဟူသမျှကို ကြားမြင်သုတ ရှိပါစေ "  လောကီ ဗဟုသုတ မင်္ဂလာ လောကုတ္တရာ ဗဟုသုတ မင်္ဂလာတွေ
မရှိခဲ့ကြဘူး။ ဒီတော့ရသင့် ရထိုက်တဲ့  အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြတာ သနားစရာ ကောင်းလိုက်တာ။

လောကီ အတတ်ပညာ နဲ့လောကုတ္တရာ အတတ်ပညာ နှစ်မျိုးရှိတဲ့အထဲမှာ လောကီ အတတ်ပညာကို
တော့ အထိုက်အလျှောက် ဆည်းပူးခဲ့ကြမှာပါ။ အရေးကြီးတာက လောကုတ္တရာ အတတ် ပညာကို
ဆည်းပူးဖို့ ဖြစ်ပါတယ်။

လောကုတ္တရာ အတတ်ပညာဆိုတာ  ခန္ဓာပေါ် ဥာဏ်ရောက်တဲ့ အတတ်ပညာ ပါ။ခန္ဓာပေါ် ဥာဏ်ရောက်
တဲ့ ပညာကြီးကို ဘုရားရှင် ပေးတော်မူခဲ့ပါတယ်။ ခန္ဓာဆိုတာက  အားလုံးမှာ ရှိနေကြတာပဲ။
ခန္ဓာ ငါးပါး လူတိုင်းမှာရှိတယ်။ ခန္ဓာ ငါးပါးကို အကျဉ်းချုပ်လိုက်တော့ ရုပ်နဲ့ နာမ် ရတယ်။

အဲ့ဒီ ခန္ဓာ ငါးပါး ရုပ်နာမ် နှစ်ပါးကို အလိုလိုရလာတာလား။ အကြောင်းကြောင့် ရလာတာလားဆိုတော့
 အကြောင်းကြောင့် ရလာတာပါ။အတိတ်က အကြောင်းတရားတွေ လုပ်ခဲ့ကြတယ်။ ဘာတွေလဲ ဆိုရင်
အ၀ိဇ္ဇာ။သင်္ခါရ။တဏှာ ။ဥပါဒါန်။ဘ၀ တဲ့ ။

ခန္ဓာ ငါးပါးရနေတာ အကျိုးတရား။လောကဓံတွေကြုံနေရတာဟာလည်း အကျိုးတရား။ ပူမှူ အေးမှူ
တောင့်တင်းမှူ ဖောက်ပြန်မှူ စတဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်လာသမျှဟာလည်း အကျိုးတရား။

အကြောင်းနဲ့အကျိုးကိုပိုင်းခြားသိပြီး ဥာဏ်ရှင်းရမယ်။ အဲ့ဒီဥာဏ်ဝမ်းထဲမှာကိန်းပြီး ဖြစ်ပျက်မြင်ရင် အပါယ်
မကျတော့ဘူး။ ခန္ဓာကြီးက ဖြစ်ပြီးပျက်တဲ့အတွက်  ဒုက္ခသစ္စာ။သိတဲ့ဥာဏ်က မဂ္ဂ သစ္စာ။ သေသွားတဲ့
ဒိဋ္ဌိ ၀ီစိကိစ္ဆာက သမုဒယ သစ္စာ။ သမုဒယ တို့ရဲ့ငြိမ်းရာ ချုပ်ရာက နိရောဓ သစ္စာ ဖြစ်ပါတယ်။

ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင် မြင်တဲ့ဥာဏ်ပညာ ဗဟုသုတ ရှိရင် စူဠသောတာပန်ဖြစ်ပါတယ်။ သစ္စာလေးပါး
ကိုသိတဲ့သစ္စဥာဏ်ဆိုရင် ဒီဘ၀မှာ သောတာပန် တည်နိုင်ပါတယ်။ သောတပန် တည်နိုင်တဲ့ ပါရမီ မျိုးစေ့
လည်းရှိ ဗဟုသုတ မင်္ဂလာတွေလည်း ပြည့်တဲ့သူတွေ ဖြစ်ရအောင်နေ့ တိုင်း ခန္ဓာပေါ်ဥာဏ်ရောက်အောင်
 အာစိဏ္ဏကံ * ကြိုးစားပွားများအားထုတ်ကြပါ ။ လောကီ လောကုတ် မင်္ဂလာ နှစ်ပါးလုံးတိုးတက်ပြီးတော့
ဒီဘ၀မှာပဲ သောတာပန်တည်လိမ့်မယ်လို့ ဆုံးဖြတ်ချက်ချနိုင်ကြပါပြီ။

ခက်ဆစ်။  ။
  *အာစိဏ္ဏကံ= အကြိမ်ကြိမ် အထပ်ထပ်ပွားများခြင်း။

(ဓမ္မရံသီဆရာတော်၏  လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ  စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)


                           *****တတိယမြောက်သမီးတော်*****

1 comment:

စံပယ်ချို said...

စုစုပေါင်း ကုဋေ တစ်ရာ့ ခြောက်ဆယ် မေ့နေပြီဖြစ်တဲ့ အကြောင်းအရာလေး သတိရမိလို့ ကျေးဇူးပါသမီးတော်