ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, August 23, 2014

သဘောခန္ဓာမှသည်


 သဘာလေးပဲရှိတဲ့ ခန္ဓာငါးပါးကို ဥာဏ်နဲ့မြင်အောင်ကြည့်တတ်ဖို့ 

သိတ်ကိုအရေးကြီးပါတယ်။

ခန္ဓာငါးပါးဟာ အထည် ဒြပ် အစိုင်အခဲ အဖြစ် တည်ရှိနေတာ မဟုတ်ပါဘူး။

သဘောလေးတွေပဲ ရှိတာပါ။

ရူပက္ခန္ဓာ ဆိုတာ ဖေါက်ပြန်ပျက်စီးတတ်တဲ့ သဘောအစု ဖြစ်ပျက်မှူလို့ 

အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

အဲ့ဒီဖေါက်ပြန်ပျက်စီးတတ်တဲ့ သဘောအစုလေးက အထည်ကြီး ဖြစ်ပြီး

အထည်ကြီးပျက်တာ မဟုတ်ဘူး။ တချို့  မြင်တွေ့ နေရတဲ့ခန္ဓာကိုယ်ကို

ရူပက္ခန္ဓာလို့ ထင်ကြတယ် မဟုတ်ဘူး။

ရူပက္ခန္ဓာကလည်း သဘောလေးပဲ ရှိတာပါ။

ရူပက္ခန္ဓာရဲ့ သဘောလေးတွေက

ပူမှူသဘော။အေးမှူသဘော။ မာမှူ သဘော။ ပျော့မှူသဘော။

လှူပ်ရှားတွန်းထိုးရုန်းကန်တတ်တဲ့သဘော။ယိုစီးတဲ့သဘောလေးတွေပဲ ရှိတယ်။

ဒါတွေဟာ ဥာဏ်နဲ့ ပိုင်းခြားတတ်အောင် လေ့လာတတ်ဖို့ လိုပါတယ်။

နိဗ္ဗာန်လိုချင်သူမှန်သမျှ သဘောလက္ခဏာကို သိအောင်လုပ်ရပါမယ်။

စာအုပ်တွေထဲမှာ နိဗ္ဗာန်ကိုဘယ်လိုရှာရမယ်ဆိုတာ ပါတယ်။

ခန္ဓာထဲမှာ နိဗ္ဗာန်ကို မြင်ဖို့ အတွက် သဘောလေးတွေကို ကြည့်တတ်ရပါမယ်။

စာအုပ်တွေနဲ့  ဆရာသမားတွေရဲ့သင်ကြားပို့ ချမှူကို ခန္ဓာနဲ့တိုက်ပြီး

ကြည့်တတ်ဖို့ သိတ်ကိုအရေးကြီးပါတယ်။

နှာသီးဖျားက အာနာပါန  ရူမှတ်မှူကို စတဲ့အခါမှာ သဘောလေးပဲ ရှိတာကိုတွေ့ ရပါမယ်။

တွန်းတိုက်တဲ့သဘောလေး ထိတွေ့ တဲ့သဘောလေးပဲရှိတာပါ။

အဲ့ဒီ သဘောလေး ဖြစ်ပြီးပျက်တာကို ဥာဏ်နဲ့ စူးစိုက်ပြီးကြည့်ရမှာဖြစ်ပါတယ်။

ဥာဏ်ကောင်းရင်နိဗ္ဗာန်ရောက်မယ်  ကံကောင်းတာ နိဗ္ဗာန် မရောက်ဘူးလို့ ဆိုကြတာ

နာဖူး ကြားဖူးကြမယ်ထင်ပါတယ်။

ဥာဏ်ရဲ့ အား  က တကယ်ကိုလိုအပ်တာပါ  စူးစိုက်နိုင်စွမ်းလည်းရှိရမယ်။

သတိကပ်ထားနိုင်ရမယ်။ပညာ တတ်ထားဖို့ လိုအပ်ပါတယ်။

ပညာဆိုတာ လောကီ ပညာရပ်တွေကိုပြောတာမဟုတ်ပါဘူး။

ခန္ဓာမှာ ဖြစ်ပြီးပျက်တယ်ဆိုတာကို သိထားဖို့ ပြောတာပါ။စာပေကျမ်းဂန်တွေ

နှံစပ်မှ သိနိုင်ရနိုင်မှာလို့ လည်း မဆိုပါဘူး။ အခြေခံသဘောလေးကို နားလည်

သိထားမယ်ဆိုရင် အဲ့ဒီ အခြေခံကိုပဲ လေးလေးစားစားနဲ့  တကယ်သိအောင်လုပ်

ထားနိုင်ဖို့ ပဲ အဓိက လိုအပ်ပါတယ်။

 

ဝင်လေမှာလည်း ဖြစ်ပြီးတော့ ပျက်တယ်  ။ထွက်လေမှာလည်း ဖြစ်ပြီးတော့ ပျက်တယ်။

နှာသီးဖျားလေးမှာ ၀င်လေလေး စ၀င်တာကနေ သိမှတ်စိတ်နဲ့ စောင့်ကြည့်ပေးပါ။

ဝင်လေဟာ အဆုံးရှိပါတယ်။ဆက်ပြီး မရူတော့ဘူး။ ဆက်မရူနိုင်တော့ဘူး။ ဆုံးသွားတယ်။

ဝင်လေပျက်သွားတယ်။ဝင်လေရပ်သွားတယ်။မွေးပြီးတော့ သေသွားတယ်။ခုပဲဖြစ်လာတဲ့

ဝင်လေ လေးဟာ ခုပဲ ရပ်တန့် သွားပြီ။ဆက်မရူတော့ဘူး။ ဆက်မရူနိုင်တော့ဘူး။

ပျက်သွားတာ။ဝင်လေ ကုန်သွားတာ။ စောန က ဖြစ်တယ်။ဖြစ်တာလေးဆုံးသွားတာက

ပျက်တာ။ကုန်တာ။ဆက်ပြီးမရှိတော့တာ။

ပြီးတော့ဘာဖြစ်လဲ။ထွက်လေဖြစ်တယ်။ထွက်လေက ထွက်ရင်းကနေ ဆက်ပြီး မထွက်

တော့ဘူး။ရပ်သွားတယ်။ရူနေ ရှိုက်နေတာကို ဥာဏ်နဲ့ စောင့်ကြည့်နေတာပါ။

မျက်စိနဲ့  မြင်ပြီးကြည့်နေတာ မဟုတ်ဘူး။ ဥာဏ်အားနဲ့ စောင့်ကြည့်ပါ။

ရှိုက်နေတဲ့ ထွက်လေ ရပ်သွားတယ်။ကုန်သွားတယ် ။ဆက်ပြီး မရှိုက်နိုင်တော့ဘူ။

ထွက်လေပျက်တာပဲ။

အဲ့ဒီမှာ ထွက်လေပျက်ပြီးတော့ ၀င်လေထပ်ပြီးရှူတယ်။ စောန က ၀င်လေလား။

မဟုတ်ပါဘူး။ ခုက အသစ်ထပ်ပြီး ရူသွင်းတဲ့  ၀င်လေဖြစ်ပါတယ်။စောနက ရူသွင်းတဲ့

ဝင်လေက ကုန်သွားပြီ။ပြီးသွားပြီ။ ပျက်သွားပြီ ။ ခုက အသစ်တဖန်ထပ်ပြီး ရှူသွင်းတဲ့လေ။

အသစ်ရူသွင်းတဲ့လေကို မရပ်တန်းရူသွင်းနိုင်တာမရှိပါဘူး။ ရပ်သွားပါတယ်။

ဆက်ပြီးမရူနိုင်တော့ဘူး။ကုန်သွားတယ်။ဒါကိုပျက်တယ်လို့  သိမှတ်ပေးလိုက်ပါ။

ဥာဏ်က သိမှတ်နေဖို့ ပါပဲ။ပါးစပ်က ရွတ်ဆိုနေဖို့ မလိုပါဘူး။

လွယ်ပါတယ်။သို့သော်ဥာဏ်အားစိုက်နိုင်ရမယ်။ မလုပ်တတ်ရင်တော့ခက်တယ်။

လုပ်တတ်ရင်လွယ်တယ်။ သို့ သော် သတိကပ်နိုင်ရမယ်။ သတိမကပ်ပဲ ၀င်လေ ဖြစ်တယ်

ပျက်တယ်လို့ မှတ်လို့ မရပါဘူး။လွဲသွားမှာပါ။ ၀င်လေ ရူနေတာကို ရူနေမှန်းသိမှတ်နေရမယ်။

ဝင်လေလေး ဆုံးသွားချိန်မှာ ပျက်တယ် လို့  သိမှတ်နိုင်ရမယ်။ဒီလိုမှန်မှန်ကန်ကန်

မှတ်နိုင်မှ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။ အမှတ်က မှားနေရင် နိဗ္ဗာန်ကို

မျက်မှောက်ပြုဖို့ ဝေးနေပါမယ်။

 

သတိထားပြီးစောင့်ကြည့်ခြင်းအားဖြင့် ရှူမှတ်မှရပါမယ်။

သတိထားနေသူဟာ အဖြစ်သဘောကိုမြင်သိပါတယ်။ ပညာနဲ့ ဆုံးဖြတ်တတ်သူဟာ

အပျက်သဘောကိုမြင်သိပါတယ်။

အဖြစ်ကိုသိတာသည် သမထ ဖြစ်ပြီး အပျက်ကိုသိတာသည် ၀ိပဿနာ

ဖြစ်ပါတယ်။

ဝိပဿနာ ဆိုတာ ရှိရာမှ မရှိတာကိုသိခြင်းကိုခေါ်ပါတယ်။

ဘယ်လိုရှိခြင်းလဲ  ဘယ်လိုမရှိခြင်းလဲ

သဗ္ဗေ သင်္ခါရာ အနိစ္စာတိ။

 သဗ္ဗေ =အလုံးစုံကုန်သော

သင်္ခါရ=ပြုပြင်စီရင်ခြင်းခံရသည့်တရားများသည်

အနိစ္စာတိ=မမြဲခြင်းသည်သာလျှင်ဖြစ်၏။

 

သင်္ခါရ=ပြုပြင်စီရင်ခြင်းခံရသောတရားများ ဆိုတာကိုထပ်ရှင်းကြည့်ရရင်

ရူတဲ့ ရှိုက်တဲသဘောလေးမှာ  သူ အလိုလို ရူလာတာ ရှိုက်လာတာ မဟုတ်ဘူး။

ရူချင်တဲ့စိတ်လေးရှိလို့  ရူလိုက်တာ။ ရှိုက်ချင်တဲ့စိတ်လေးရှိလို့ ရှိုက်လိုက်တာ။

အကယ်၍များ ရူချင်တဲ့စိတ် မရှိတော့ရင်၊ ရှိုက်ချင်တဲ့စိတ် မရှိတော့ရင်

အဲ့ဒါ လူသေပဲ။ မသေသေးတဲ့သူတိုင်း ပုဂ္ဂိုလ်တိုင်းသတ္တ၀ါတိုင်းဟာ

စိတ်ရှိတဲ့အတွက်ကြောင့် ရူချင်တဲ့စိတ်ရှိတယ်၊ ရှိုက်ချင်တဲ့စိတ်ရှိတယ်။

ရူချင်တဲ့စိတ်ဟာ ပြုပြင်စီရင်တာပဲ။ ရှိုက်ချင်တဲ့စိတ်ဟာလည်း

ပြုပြင်စီရင်တာပဲ။ ပြုပြင်စီရင်တာမှန်သမျှ ဖြစ်ပြီးရင်ပျက်ပါတယ်။

အဲ့ဒီ သင်္ခါရ တရားတွေဟာ အနိစ္စ ပဲ ဖြစ်သွားတယ်။

အဲ့ဒီလိုအနိစ္စဖြစ်တာကိုသိမြင်မှ ၀ိပဿနာဖြစ်မယ်။

အနိစ္စပါလား  အနိစ္စပါလား  အနိစ္စပါလားလို့  သိနိုင်အောင်

ခန္ဓာကိုဥာဏ်နဲ့စောင့်ကြည့်ရမယ်။

 

ကြိုးစားပြီး နှာသီးဖျားက ၀င်လေ ထွက်လေကို စောင့်ကြည့်ကြည့်ပါ။

ဝင်လေမှာ ဖြစ်ပြီးတော့ ပျက်သွားတာ။ထွက်လေမှာလည်း ဖြစ်ပြီးတော့

ပျက်သွားတာကိုတွေ့ ပါလိမ့်မယ်။

ဝင်လေရူနေတဲ့အချိန်မှာ ၀င်လေဖြစ်နေပါလား လို သိပေးလိုက်ပါ။

ဝင်လေ လေး ဆုံးသွားတဲ့အချိန်မှာ ၀င်လေပျက်ပါလားလို့  သိပေးလိုက်ပါ။

ထွက်လေ ရှိုက်တဲ့အချိန်မှာ ထွက်လေဖြစ်နေပါလားလို့ သိပေးလိုက်ပါ။

ထွက်လေ ဆုံးသွားတဲ့အချိန်မှာ ထွက်လေပျက်ပါလားလို့ သိပေးလိုက်ပါ။း

အဲ့ဒီလိုသေသေချာချာ သိပေးနိုင်ရင် မှန်မှန်ကန်ကန် ရှူမှတ်နိုင်ရင်

ဝိပဿနာ ပညာရပြီလို့ တထစ်ချတွက်လိုက်ပါ။

နိဗ္ဗာန်ကိုမျက်မှောက်ပြုချင်ရင်တော့

ဆက်ပြီး ရှူမှတ်ပါ။ဆုံးအောင်ရှူမှတ်ပါ။

ဆုံးအောင်ရှူမှတ်ပါဆိုတာ သတိလေးကပ်ပြီး ၀ီရိယ စိုက်ထုတ်ထားရင်

အဖြစ်ကိုအဖြစ်လို့ သိပြီး အပျက်ကို အပျက်လို့  သိနိုင်တဲ့ ပညာနဲ့ 

တစိုက်မတ်မတ် ရှုမှတ်နိုင်ရင် တဖြေးဖြေးနဲ့  ခန္ဓာထဲမှာ ဖြစ်ပြီးပျက်တာတွေပဲ

အမြင်စိပ်လာပါလိမ့်မယ်။ ဥာဏ်နဲ့စောင့်ကြည့်နေတဲ့အချိန်မှာ အာရုံမှာမြင်လာသမျှကိုလည်း

သေချာစောင့်ကြည့်ပြီး ဖြစ်ပြီးတော့ပျက်တာကိုသိပေးနေရပါမယ်။

အဲ့ဒီလို ဖြစ်ပြီးတော့ပျက်တာကို စောင့်ကြည့်နိုင်ခြင်းက ၀ိပဿနာပါပဲ။

ရှိရာမှ မရှိရာကိုသိတာသည် ၀ိပဿနာ ဆိုတာ ဆရာတော်ဘုရားကြီးနှင့်

ဆရာတော်များက ဆုံးမ လမ်းညွှန်ထားတာဖြစ်ပါတယ်။

ရှိတာကိုလည်းသိရမယ် မရှိတော့တာကိုလည်း သိရမယ်။

ဥာဏ်နဲ့သေချာ အချက်ကျကျ သိမှတ်နိုင်မှ ဖြစ်ပျက်ကိုမြင်တယ်လို့ 

ယူရမှာပါ။

 

အဖြစ်  နဲ့  အပျက် ကို သေချာမြင်ပြီ ဆိုရင် ဆက်တိုက်သာ ကြိုးစားပြီး

အားထုတ်လိုက်ပါ။မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်

တော်တော်များများမှာလည်းဟောကြားထားတာရှိပါတယ်

ဖြစ်ပျက်မြင်ရင်တော့ မနက် မြင်ရင် ညနေ သောတာပန်တည်ပြီ။

ညနေ မြင်ရင်တော့ မနက်ဆိုရင် သောတာပန်တည်ပြီ။  တဲ့  ..။

ခန္ဓာနဲ့လက်တွေ့ ပြသွားတဲ့ ဆရာတော်ဘုရားကြီးရဲ့ စကားများ

ယုံမှားသံသယ ဖြစ်စရာကိုမရှိပါဘူး။ မိမိရဲ့ ၀ီရိယကို

ထိန်းညှိဖို့ ပဲ လိုအပ်ပါတယ်။သတိ အစဉ်ကပ်ပြီး  ၀ီရိယနဲ့ ထိန်းညှိထား

နိုင်ရင် ပညာ က သူ့ အလုပ်နဲ့သူဆက်ပြီးစောင့်ရှောက်တာနဲ့

ခရီးဟာ ဆုံးရမှာဖြစ်ပါတယ်။

အကယ်၍များ ခရီးမဆုံးဘူးဆိုရင် ကိုယ့်အားနည်းချက်ကို ကိုယ်တိုင်

ပြန်ရှာဖို့ တော့လိုပါမယ်။ဘယ်နေရာအားနည်းနေလဲ။

သတိလား  ၀ီရိယလား ပညာမပါတာလားဆိုတာ ဆင်ခြင်ကြည့်လိုက်ပါ။

မိုးကုတ်ဆရာတော်ဘုရားကြီးက ကြွက်လေးမျိုးနဲ့ ဥပမာပေးပြီး

လမ်းညွှန်ခဲ့ပါတယ်။တွင်းအောင်းတတ်ရင် နိဗ္ဗာန်ဆိုတာ ရောက်ပါမယ်တဲ့ ။

တွင်းအောင်းတဲ့နည်းပညာသာ  မှန်မှန်ကန်ကန် တတ်မြောက်မယ်ဆိုရင်

နိဗ္ဗာန်ဆိုတာ မရောက်ချင်ဘူးဆိုလည်းရောက်ကိုရောက်သွားမှာဖြစ်ပါတယ်။

 

 

 

စစ်မှန်သော ၀ိပဿနာဥာဏ်အမြင်ဖြင့် နိဗ္ဗာန်သို့ တက်လှမ်းရောက်ရှိနိုင်ကြပါစေ

 

 

 

          

 

                   *****တတိယမြောက်သမီးတော်*****

 

 

1 comment:

ရာဇာထွေး said...

သဗ္ဗေ သင်္ခါရာ အနိစ္စာတိ
သဗ္ဗေ = အလုံးစုံကုန်သော
သင်္ခါရ = ပြု ပြင်စီရင်ခြင်းခံရသည့်တရားများသည်
အနိစ္စာတိ = မမြဲခြင်းသည်သာလျှင်ဖြစ်၏...

ဖတ်ပြီးမှတ်သားသွားပါတယ်ခင်ဗျာ...

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး