ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, August 31, 2014

အရိယာ နယ်သို့ တက်လှမ်းတာ ၀ိပဿနာပါ

ပဋိစ္စသမုပ္ပဒ် နားလည်မှ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်မယ်လို့ ပြောလိုက်တော့
ယောဂီတို့ က မေးစရာရှိလာပြီ။
ယောဂီတို့  တရားအားထုတ်တာ နိဗ္ဗာန် လိုချင်လို့  ဆိုတော့ နိဗ္ဗာန် က ဒီမှာမှတ်ဥာဏ်အားဖြင့်
ပြားသော နိဗ္ဗာန် လေးမျိုးရှိတယ်။ အဲ့ဒီနိဗ္ဗာန် လေးမျိုးက ဘာလဲဆိုရင် ပထမ၊ဒုတိယ၊တတိယ၊
စတုတ္ထ  ဥာဏ်ပြားလို့ ဖြစ်တယ်။

ဆိုလိုတာက...
၁။သောတာပတ္တိ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် အာရုံပြုသော နိဗ္ဗာန်။
၂။သကဒါဂါမိ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် အာရုံပြုသောနိဗ္ဗာန်။
၃။အနာဂါမိ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် အာရုံပြုသောနိဗ္ဗာန်။
၎။အရဟတ္တ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် အာရုံပြုသောနိဗ္ဗာန်။

နိဗ္ဗာန် လေးမျိုးနော်။
မဂ်အားဖြင့် သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊  အရဟတ္တမဂ်။
 အဲ့ဒီမှာ  သောတာပတ္တိမဂ်ဖြင့် မျက်မှောက်ပြုအပ်သောနိဗ္ဗာန်ကို ပထမ နိဗ္ဗာန် တဲ့ ။
ဒါဖြင့် ပထမ နိဗ္ဗာန် မှ မျက်မှောက်မပြုနိုင်ပဲနဲ့   ဒုတိယ  တတိယ  စတုတ္ထ မဂ်ဥာဏ်တွေ ရပါ့မလား။
သောတာပန်ကိုမှ မသိရင် သကဒါဂါမ်၊ အနာဂါမ် ၊ ရဟန္တာ တွေကိုသိပါ့မလား။  မသိဘူး။

ကောင်းပြီ ဒါဖြင့်  ၀ိပဿနာလုပ်တယ် ၀ိပဿနာ ရှူတယ်ဆိုတာ ဘာလုပ်တာလဲ။ လာပြီနော်။
ဝိပဿနာ အလုပ်ဆိုတာ ဘာလုပ်တာလဲ မေးရင်  ပုထုဇဉ် နယ်မှ အရိယာနယ်သို့ 
တက်လှမ်းတဲ့အလုပ်လို့ မှတ်ပါ။

ဘာဖြစ်လို့  ပုထုဇဉ်နယ်ကနေ  အရိယာနယ်ကိုတက်လှမ်းတဲ့ အလုပ်ကို လုပ်နေရတာတုန်းဆိုရင်
ပုထုဇဉ်နယ်က ဂတိ မမြဲလို့ ။ အရိယာတို့ ရဲ့ သေခြင်းက ဂတိ မြဲလို့ ။ ဒီအချက်ကိုသေချာမှတ်ထားပါ။

ဒါဖြင့်ရင် ပုထုဇဉ်နယ်ကနေ အရိယာနယ်ကိုတက်လှမ်းတဲ့အလုပ် ၀ိပဿနာ အလုပ်ကို လုပ်တယ်
ဆိုတော့ ဒါန နဲ့ရော အရိယာမဖြစ်နိုင်ဘူးလား။သီလ နဲ့ရော အရိယာ မဖြစ်နိုင်ဘူးလား။ သမထ နဲ့ရော
အရိယာမဖြစ်နိုင်ဘူးလား။ မေးသင့်တယ်။

ဒါန သက်သက်နဲ့ အရိယာဖြစ် သောတာပန် တည်မယ်ဆိုရင် မလ္လိကာ  ငရဲ ကျစရာမရှိ။ သီလ တစ်မျိုးတည်းနဲ့ အရိယာဖြစ်မယ်ဆိုရင်  မဟာတိဿ တို့  နဂါး ဖြစ်စရာ အကြောင်းမရှိ။
သမထ သန့်သန့်လေးနဲ့ အရိယာဖြစ်နိင်မယ်ဆိုရင် ဒေ၀ဒတ် တို့ ဘုရားကိုစော်ကား၍  မြေမျိုစရာ
အကြောင်း မရှိ။  ဟုတ်ပြီနော်။

ဒါန သီလ သမထ နဲ့အရိယာဖြစ်နိုင်တယ်ဆိုရင်  ၀ိပဿနာ  မဟာသတိပဋ္ဌာန် တရားတော်ကြီး
 ခန္ဓ၀ဂ္ဂသံယုတ်။ သစ္စသံယုတ် စသည်ဖြင့်  ဒီတရားတော်ကြီးတွေကို ဘုရားရှင် ကိုယ်တော်မြတ်ကြီး
သီးသန့် ချင်းဟောနေစရာ အကြောင်းမရှိပါ။  ဒါန သီလ သမထ လောက်နဲ့ မလုံလောက်လို့ 
ဝိပဿနာ တရားတော်ကြီး ဟောရတယ်လို့  မှတ်ပါ၊

ဒါကိုအထောက်အပံ့ ယူသောအားဖြင့် ပဋ္ဌာန်းပါဠိတော် ကမ္မ ပစ္စည်းမှာ ပြန်ကြည့်ပါ။

ကုသလာ ကုသလံ ကမ္မံ ၀ိပါကာနံ ခန္ဓာနံ  ကဋတ္တာစ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော။

မြန်မာလိုပြောရင် ကုသလာ ကုသလံ ကမ္မံ= ကုသိုလ် အကုသိုလ် ကံသည်။ဝိပါကာနံ ခန္ဓာနံ=ခန္ဓာပဲ
အကျိုးပေးမယ်။ နိဗ္ဗာန် အကျိုးမပေးဘူး တဲ့ ။ ရှင်းနေတာပဲ။
ပါဠိ က တိုက်ရိုက်ပြထားတယ်။ဝိပါကာနံ ခန္ဓာနံ   လို့ ပဲ ပြထားတယ်။ ၀ိပါကာနံ  နိဗ္ဗာနံ လို့   မပါဘူး။
ဒါန သီလ သမထ ဟာ နိဗ္ဗာန် ရောက်ကြောင်းအထောက်အပံ ကောင်းတွေဖြစ်တယ်။
နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့ ဝေးသော အကြောင်း။

ဟောဒီ ၀ိပဿနာ တရားသည် နိဗ္ဗာန်ရောက်ကြောင်းတရား`၌ နီးသောအကြောင်း။ သူ့ ကိုပယ်တာ
လည်းမဟုတ်ဘူးနော်။ ဒါန လည်းလုပ်ပါ။ သီလ လည်း ဆောက်တည်ပါ။ သမထ လည်းပွားပါ။
အဲ့ဒီ ဒါန သီလ သမထ က ကျေးဇူးပြုလိုက်လို့ လည်း ဒီကနေ့  ယောဂီတို့  ဘုန်းကြီးတို့ 
လူ့ ခန္ဓာ ရနေတာ။

လူ့ ခန္ဓာ ရလို့ လည်း ဒီကနေ့  သစ္စာတရားနဲ့ လာတွေ့ တာ။  အဲ့ဒါ ကုသိုလ် က အကျိုးပြုတာ။
ဒါန သီလ သမထ လောက်နဲ့ အရိယာမဖြစ်နိုင်သေးတဲ့အတွက် မြတ်စွာဘုရားက ခန္ဓာပေါ်
ဥာဏ်ရောက်အောင် သင်ခဲ့တာ။ ခန္ဓာပေါ် ဥာဏ်ရောက်အောင်လုပ်တာကို ၀ိပဿနာ အကျင့်လို့ 
ခေါ်ပါတယ်။

အရိယာလေးမျိုးမှာ အရင်ဆုံးဖြစ်မယ့် အရိယာက သောတာပန် အရိယာ။
ဒါဖြင့် သောတာပတ္တိမဂ်ဖြင့် ပယ်သတ်သည့် ကိလေသာသည်  ဒိဋ္ဌိ  နဲ့  ၀ိစိကိစ္ဆာ။
မိုးကုတ် ဆရာတော်ဘုရားကြီးက" ခင်ဗျားတို့  ရန်သူသတ်တာ ရမ်းမသတ်နဲ့  ဗျ။ မရဘူး တဲ့ ။"
သောတာပန် မှ မတည်ပဲ နဲ့  သကဒါဂါမ်။အနာဂါမ်။ ရဟန္တာ ဖြစ်ချင်လို့ မရဘူး။
ခင်ဗျားတို့ အရာမဟုတ်ဘူး တဲ့ ။  ဒါကြောင့် ဗာဟီယ သုတ္တန်မှာ ရှင်ဗာဟီယက ဘုရားကို
လျှောက်တယ်။ " အရှင်ဘုရား တပည့်တော် တို့  ဒီဘ၀ ဒီခန္ဓာနဲ့  သောတာပန်တည်ချင်ရင်
ဘယ်လိုကျင့်ရမလဲ ""  ဆိုတော့ ဘုရားက " သောတာပန် တည်ချင်ရင်ချစ်သားရယ်

တသ္မာတိဟ  တွံ ဗာဟိယ  အာဒိမေ၀  ကုသလေသု ဓမ္မေသု ကုသလာနံ ဓမ္မာနံ သီလံ သုဝိသုဒ္ဓံ
ဒိဋ္ဌိက ဥဇုကာ။

မြန်မာလိုပြောရင်တော့ ဘယ်ကုသိုလ် ကောင်းမှူကိုပဲ လုပ်လုပ် မင်းသီလ စင်ကြယ်အောင် အရင်လုပ်။
ပြီးရင်ဒိဋ္ဌိ ကိုအရင်ခွာလိုက် တဲ့ ။  ယောဂီတို့ နားလည်အောင် ပြောရရင် ဒိဋ္ဌိ ကို အသိဥာဏ်နဲ့အရင်ခွာ
လို့ ပြောတာ။ ဒိဋ္ဌိက ဥဇ္ဇုကာ၊မင်း အယူဖြောင့်ပြီးမှ လုပ်လို့ ပြောတာ။

ဒါကြောင့်မို့  ဒါကိုကောက်ပြီးတော့ ဆရာတော်ဘုရားကြီးကပြောတာ" ကုသိုလ်လုပ်မှူကိုနောက်ထား
ဒိဋ္ဌိဖြုတ်မှူကို ရှေ့ ထား " လို့ ပြောတာဗျ။ ဗန္ဓ နာဂါရသုတ် ထဲမှာလည်း ပြန်ကြည့်။ဒိဋ္ဌိတန်းလန်းနဲ့
အားထုတ်နေလို့ ကတော့ ဘယ်တော့မှ တရားမရဘူးကွ  တဲ့ ။

ဒါကြောင့် အရေးကြီးဆုံးက ယောဂီတို့  သောတာပန် တည်ချင်ရင် ဒိဋ္ဌိကို အရင်ဖြုတ်ပါ။
ဒိဋ္ဌိ ဖြုတ်ချင်ရင်လည်း ဘာနားလည်ရမလဲ ဆိုတော့ ပဋိစ္စသမုပ္ပဒ် ကိုနားလည်ရမယ်။
ပဋိစ္စသမုပ္ပဒ်နားလည်ပြီး ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာ ကိုအသိဥာဏ်နဲ့  ခွာပြီးဖြုတ်စမ်း။ပြီးရင် အပွားဥာဏ်နဲ့ 
ကြိုးစားပြီးအားထုတ်။ အသိဥာဏ်နဲ့  ဖြုတ်ထားပြီး အပွားဥာဏ်နဲ့  ကြိုးစားအားထုတ်လိုက်ရင်
မဂ်ဥာဏ်ဖိုလ်ဥာဏ်ဆိုတဲ့ အရာကို ဆိုက်ရောက်ရရှိမှာ ဧကန် မလွဲပါပဲ။

အဲ့ဒါဟာ ရန်သူကို အကွက်ချပြီး သတ်တယ်လို့ မှတ်ပါ။


                                        အရှင် သုနန္ဒ
                           ဓမ္မရံသီ ဆရာတော်ဘုရားကြီး






ပဋိစ္စသမုပ္ပဒ်ကိုဆင်ခြင်နိုင်ပြီး ပုထုဇဉ်နယ်မှ အရိယာနယ်သို့  လျှင်မြန်လွယ်ကူစွာ
အရောက်လှမ်းနိုင်ကြပါစေ


                                   *****တတိယမြောက်သမီးတော်*****

2 comment:

ရာဇာထွေး said...

ပို့စ်လေးကိုဖတ်ပြီးမှတ်သားသွားပါတယ်ခင်ဗျာ...

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

3rdthameetaw said...

ကျေးဇူးပါ ကိုရာဇာထွေး...:)