ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, October 5, 2014

ညစ်ကျယ်ကျယ် သမီးတော်

သမီးတော်နေတာက ရှမ်းပြည်နယ်မြောက်ပိုင်းထဲက မြို့ တစ်မြို့ ဖြစ်တာကြောင့် တက္ကသိုလ်ကို
လားရှိုးမှာ တက်ရပါတယ်။အဲ့ဒီတုံးက လားရှိုးက တက္ကသိုလ်မဖြစ်သေးပါဘူး။ ရိုးရိုးကောလိပ်
ကျောင်း အဆင့်ပဲ ရှိပါသေးတယ်။ 

 ပထမ နှစ် တက်တဲ့အချိန်ကပေါ့။ဇွန်လ ဆိုတော့ မိုးက သဲသဲမဲမဲ ပါပဲ။ တစ်ရက်မှာ တစ်ခန်းထဲ
အတူနေတဲ့ နမ္မတူ သူလေး  မိုးနဲ့ ကျောင်းကို အတူသွားပါတယ်။လားရှိုးဆိုတာ မြေနီတဲ့မြို့ ပါ။
မိုးတွေရွာပြီးစီးကပ်နေတဲ့မြေကြီးကိုလျှောက်နင်းပြီးတိုင်း ကိုယ့်ခြေထောက်ကိုကိုယ် သတိထားပြီး
မ ရပါတယ်။မြေစီးစီး က ဖနပ်ကို ဆွဲထားတဲ့အတွက်ကြောင့်ပါ။ မိုးရွာရတဲ့အထဲမှာ ထမိန်ကို
အပွင့်မပါပဲ ဗြောင်လေးတွေပဲ ၀တ်သွားကြတော့ တော်တော်ကို သတိထားပြီး လျှောက်ရပါတယ်။
ကျောင်းကို မရောက်ခင်လေးမှာပဲ

"..ဟယ်...ကြည့်စမ်း ..နင်ကကျတော့ ရွှံလည်းမစင်ဘူးနော် လျှောက်တတ်လိုက်တာ
ငါ့ မှာတော့ အပွင့်ရိုက်ဖြစ်နေပြီ ကြည့်ပါအုံး.."
".. လူတစ်ယောက်ရဲ့အရည်အချင်းဆိုတာ  အဲ့ဒါပဲလေ..."
"..အမလေး...ပြောမိတာ မှားပါတယ်..."

မိုးက သမီးတော်ရဲ့ ရွှံမစင်အောင်လမ်းလျှောက်နိုင်တာလေးကို အားကျသလို အထင်ကြီးသလို
လေးပြောတာပါ။ ဒါကို သမီးတော်က ဘာရယ်လို့ မဟုတ်ပဲ  လွှတ်ခနဲ ညစ်ကျယ်ကျယ် ပြန်ပြော
လိုက်မိတာ။မိုးခမျာလည်း အထင်ကြီးသလို အားကျသလို စိတ်ကလေးကနေ အမြင်ကပ်တဲ့
ဒေါသ စိတ်ကလေးဝင်ပြီး ဒိုင်းခနဲ့နေအောင် မျက်စောင်းထိုးတော့တာပေါ့။ ကြီးမားစွာ မုန်းတီးတဲ့
ဒေါသ မျိုးမဟုတ်ပေမယ့်လည်း  အမြင်ကပ်တဲ့စိတ်ကလေးဟာလည်း ဒေါသ ကိလေသာ
ခပ်ပါးပါးလေး လို့ ဆိုရမှာပါ။

တကယ်တော့ ကိလေသာဟာ  တစ်ယောက်နဲ့တစ်ယောက် ကိန်းတာချင်းမတူကြပါဘူး။
တစ်ယောက်က အဖြူရောင်ကိုနှစ်သက်စွာနဲ့ အဖြူရောင်ကိလေသာကိန်းပြီး
နောက်တစ်ယောက်က အပြာရောင်ကိုနှစ်သက်စွာနဲ့  အပြာရောင်ကိလေသာ ကိန်းပါတယ်။
ကိလေသာ အထူအပါးချင်းလည်း မတူကြပါဘူး။

ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်က ချေချွတ်ရမယ့်သတ္တ၀ါတွေကိုတွေ့တဲ့အခါမှာ
ဗုဒ္ဓစက္ခု နှစ်ကွင်းနဲ့ အရင်ကြည့်တော်မူပါတယ်။ဗုဒ္ဓစက္ခု နှစ်ကွင်းဆိုတာ ဣနြေ္ဒရင့်မရင့်ကို
သိသော ဣနြေ္ဒိယပရောပရိယတ္တိဥာဏ်နဲ့ ကိလေသာ အထူအပါးကို သိသော အာသယာ
နုသယ ဥာဏ်တော် နှစ်ပါးနဲ့ကြည့်ပြီး ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ် သတ္တ၀ါရဲ့ ကိလေသာနဲ့
ကိုက်ညီမယ့် တရားတော်ကိုဟောတော်မူပါတယ်။ ဒေါသ စရိုက်အားကြီးတဲ့သူ။လောဘစရိုက်
အားကြီးတဲ့သူ။မောဟစရိုက်အားကြီးတဲ့သူ။ မာန အားကြီးတဲ့သူတွေကို သင့်လျှော်တဲ့
တရားရေအေးတိုက်ကျွေးပြီး ကိလေသာ အနာကို ဆေးကုတော်မူတာပါ။

ခု သမီးတော် လည်း မိုးကို ချစ်ခင်စွာနဲ့ လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ အဲ့ဒါပဲလို့
ပြောလိုက်တာမှာ သာမာန်အားဖြင့်တော့ သမီးတော်က စကားကိုအကျောကြီးနဲ့ပြောတယ်
လို့ ဒီလိုမြင်စရာရှိပါလိမ့်မယ်။ တကယ်တော့ သမီးတော်ဟာ  မာန အားကြီးတဲ့ သူ
တစ်ယောက်မို့ ပါ။ ကိုယ့်ကိုကိုယ် ဘ၀င်မြင့်တတ်တဲ့စိတ်ကလေးရှိနေလို့  လွှတ်ခနဲ့
ထွက်သွားတာဖြစ်ပါတယ်။ တခါတခါ အလကားနေရင်း ဘာမဟုတ်တဲ့ ကိစ္စတွေမှာလဲ
ကျေနပ်အားရစွာ မာန်တက်နေတတ်တာပါ။ကိုယ်ကိုကိုယ် ငါကွဆိုပြီး အဟုတ်ထင်တတ်တဲ့
စိတ်ကလေးက မာန ပါပဲ။

ဒါကြောင့် လူတစ်ယောက်နဲ့ တစ်ယောက်ဟာ မတူကြတာပဲဖြစ်ပါတယ်။ ဒေါသ အားကြီးတဲ့သူ
ဟာ ထစ်ခနဲရှိ ဒေါသ ထွက်တယ်။ လောဘ အားကြီးတဲ့သူဟာ ဘာမဟုတ်တာလေးက အစ
လိုချင်ရချင်တယ်။ မောဟ အားကြီးတဲ့သူဟာ အသေးအဖွဲလေးကအစ ခေါင်နေအောင် တွေးပြီး
တွေဝေတယ်။မာနအားကြီးတဲ့သူကတော့ အလကားနေရင်းကို ဘ၀င်မြင့်နေပြန်ရော။
ကဲ ဒီတော့ သူနဲ့ကိုယ်နဲ့မတူတဲ့အချက်လေးတွေကြောင့် ကြည့်မရ မုန်းနေကြတာထက်စာရင်
အော်သူက သူ့ကိလေသာနဲ့သူမို့  တို့ နဲ့စရိုက်ချင်းမတူတာပါလေလို့  တွေးပြီး ကိုယ့်ကိလေသာ
ကိုလည်း ကိုယ်ပြန်မြင်အောင် သတိထားတတ်မယ်ဆိုရင် ကိလေသားလေက ပါးသွားမှာပါ။
ကိလေသာပါးခြင်းက နိဗ္ဗာန်ရဲ့ အထောက်အပံ ကောင်းလေးဖြစ်တဲ့အတွက် တွေးတတ်အောင်
တွေးကြည့်စေချင်ပါတယ်။ ဒါန သီလထက် ပိုပြီး အကျိုးရှိတဲ့နိဗ္ဗာန် ရဲ့အထောက်အပံ့လေးဖြစ်ပါတယ်။

ကိလေသာကို ကိလေသာမှန်းသိပေးနေခြင်းက ကိလေသာကိုပါးစေပြီး ကိလေသာကို
ကိလေသာမှန်းမသိတဲ့စိတ်က ကိလေသာကိုမွေးမြူထားသလိုဖြစ်စေပါတယ်။

ဒါနမှူ သီလမှူတွေဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ့ကောင်းတွေပါ။ ဒါပေမယ့် ပညာအရာမပါဘူး
ဖြစ်နေပါတယ်။ပညာမပါတဲ့ အတွက် နိဗ္ဗာန်နဲ့ဝေးသောအကြောင်းသာလျှင်ဖြစ်နေအုံးမှာပါ။
ကိလေသာကိုမြင်အောင်ကြည့်တတ်ခြင်းက နိဗ္ဗာန်နဲ့နီးသောအကြောင်းဖြစ်ပါတယ်။

ကိုယ့်ကိလေသာကိုကိုယ်မြင်အောင်ကြည့်တဲ့နည်းစနစ်နဲ့ နိဗ္ဗာန်ရဲ့အားကြီးတဲ့ အထောက်အပံ့ကို
ယူလိုက်ကြရအောင်ပါ။



                       *****တတိယမြောက်သမီးတော်*****


 မမတင့်  BPP Challenge အတွက်ပါ


6 comment:

စံပယ်ချို said...

လားရှိုးကုငယ်ငယ်ကရောက်ဖူးတယ် ကြက်ဥကဇော်စားခဲ့ဖူးတယ်အရမ်းကြိုက်တယ်
သမီးတော်ဆီလာရင်အသိတခုမကဘူး အများကြီးခဲ့ပါတယ်------ဟုတ်တယ်သမီးတော်ရေဒေါသကြီးတဲ့လူက အရှုံးရင်ဆိုင်ရတတ်တယ်

3rdthameetaw said...

ကျေးဇူးပါ ဂျက်ရေ
လားရှိုး မြေနီနီ ကတော့ တကယ်ပါ
လူက ရောက်တာနဲ့မြေနီဟပ်ပြီး အသားတွေ ဖွေးသွားသလိုပဲ
ခြေထောက်ကတော့ တော်တော်ကိုညစ်ပတ်တယ်

Aunty Tint said...

ညစ်ကျယ်ကျယ် သမီးတော်ရဲ့ ရွှံ့မစင်တဲ့ဇာတ်လမ်းကနေ ထိန်းသိမ်းရခက်တဲ့ ဒေါသ လောဘ မောဟ တရားသဘောလေးကို အမှတ်သညာလေးနဲ့ ဖတ်သွားပြီနော်...
စကားမစပ် တစ်ထောင့်တစ်ည ပုံပြင်လောက် ဖတ်ရမယ်ထင်နေတာ... :P

သူကြီးမင်း (တုံးဖလား) said...

မြေနီလမ်းလေးပေါ်ကနေ ကိလေသာတွေ မီးမောင်းထိုးပြပြီး ကိလေသာ ပါးသထက်ပါးအောင် ပြုလိုက်နိုင်ကြစေဖို့ သမီးတော်ရဲ့ မောင်းခတ်သံက မနက်ခင်းစောစောမှာ ဆည်းလည်းခတ်သံအလား။

ဓမ္မကထိက လုပ်ပါလား သမီးတော်။ ရွှံ့  မစင်တာလေးနဲ့လဲ တရားတစ်ပုဒ် ဖြစ်နေလို့။း)

3rdthameetaw said...

မတင့်
တစ်ထောင့်တစ်ည ပုံပြင်က တစ်ရက်ကို နည်းနည်းစီ
တစ်ပိုင်းစီပဲ ပြောတာပါ မတင့်ရဲ့
သမီးတော်လည်း နည်းနည်းစီ
တစ်ပိုင်းစီ ကနေ
တစ်ထောင့်တစ်ည ဖြစ်အောင် ပြောမှာပေါ့
တပုဒ်ထဲ အရှည်ကြီး ရေးတဲ့
ဇာတ်လမ်းရှည်ကြီးဘယ်ဟုတ်ပါ့မလဲ

3rdthameetaw said...

သူကြီးမင်း
သမီးတော် က ယောက်ျားလေးသာဆိုရင်
ရဟန်းဝတ်ပြီး သာသနာပြုမယ်ရှင်
မိန်းမသားဆိုတော့ သီလရှင်ဝတ်ပြီးတော့လည်း
တရားဟောဖို့ အခွင့်သာမှာမဟုတ်ဘူး
အဲ့ဒါကြောင့် မ၀တ်ဖြစ်တာ
ဆရာဘုန်းဘုရားက ဓမ္မကထိက သင်တန်းပေးဖို့ 
အစီအစဉ်ရှိထားတာ တကယ်ပဲ သင်တန်းပေးရင်
သမီးတော်တက်လို့ ရရင် သွားတက်အုံးမလို့ 
ကြံစည်နေတယ်ရှင်
အကြံ အကြီးကြီးပေါ့ ... :)