ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Wednesday, October 29, 2014
ဥဒါန်း ဂါထာတော်
ဟယ်……………..
တဏှာလက်သမား
သင်ကား
ငါ၏ ခန္ဓာအိမ်ကို ဆောက်နိုင်သေးရဲ့လား……….
အလင်္ကာကျော်စွာ ဘွဲ့ ရ ရွှေမန်းဦးတင်မောင်ရဲ့မှတ်သားဖွယ်ရာ အသံပိုင်း
တင်ဆက်မှူလေးပဲ ဖြစ်ပါတယ်။ သမီးတော်တို့ 
ငယ်ငယ်က ကက်ဆက်ခွေလေးတွေဖွင့်ပြီူးနားထောင်ခဲ့ဖူးတာပါ။ဇာတ်သမား
လာရင်မှတ်သားစရာပါတယ်  ဇာတ်သမားပြန်ရင်မှတ်သားစရာကျန်တယ်လို့ 
လူကြီးတွေပြောကြတဲ့အတိုင်း ဇာတ်သဘင်က ကြားရတဲ့စကားလေးတစ်ခွန်းက
မှတ်သားဖွယ်ရာတန်ဖိုးလည်းရှိလှပါတယ်။ မှတ်မှတ်ရရ ပါဠိလေးကို
သံနေသံထားလေးနဲ့ရွတ်ဆိုပြီး အနက် ကိုမာန်ပါပါ ရွတ်ဆိုခဲ့တယ်လို့ 
မြင်မိပါတယ်။
အလင်္ကာကျော်စွာရွှေမန်းတင်မောင်ဆိုတာ ဇာတ်သဘင်လောကမှာ
စကားအရာလိမ်မာပြီး အလင်္ကာမြောက်အောင် စကားကိုဆိုတတ်သူပါ။
နားထောင်လို့ လည်းကောင်းသလို စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတွေနဲ့
တန်ဆာဆင်ပြီး ပရိတ်သတ်ကို ဆွဲဆောင်ခဲ့တဲ့ အနုပညာရှင်ကြီးပဲဖြစ်ပါတယ်။
ဝါတွင်းလိုအခါမျိုးတွေမှာ ဘုရားလောင်း ဖွားတော်မူခန်း ။လေးတော်တင်ခန်း။
တောထွက်ခန်း စသည်ဖြင့် လပြည့်နေ့ ညတွေမှာ ရေဒီယိုကနေ အသံလွှင့်
တင်ဆက်ခြင်းက ဗဟုသုတလည်းရ ဗုဒ္ဓ၀င်အနေ နဲ့ လည်း မှတ်သားခွင့်
ရခဲ့ပါတယ်။
အထက်က ဖေါ်ပြခဲ့တာလေးက ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်
တော်မူတဲ့အချိန်မှာ ကျူးရင့်ခဲ့တာလေးကို နာပျော်ဖွယ်ဖြစ်အောင် ရွတ်ဆို
သွားတာဖြစ်ပါတယ်။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သဗ္ဗညုတ ဥာဏ်တော်နှင့်တကွ
ဘုရားဘုန်းဂုဏ် အလုံးစုံကိုပြည့်စုံစွာရရှိတော်မူပြီးတာနဲ့ …..
“..ငါသည် ကြီးစွာသောသံသရာ ၀ဋ်ဒုက္ခမှ လွတ်မြောက်ရလေပြီတကား။
ငါသည် အလွန်မြတ်လှစွာသော သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား
ဘုရားအဖြစ်ကို ရအပ်လေပြီတကား။ ကြီးစွာသောအောင်ပွဲသဘင်ကို
ဆင်ယင်ကျင်းပ အပ်ခဲ့လေပြီတကား။ ငါသည် လူနတ်ဗြဟ္မာ သတ္တ၀ါ
အပေါင်းကို တရားဟော၍ ဘ၀ သုံးပါးတည်းဟူသော အနှောင်အဖွဲ့မှ
လွတ်စေခြင်းငှာလည်း စွမ်းနိုင်သူဖြစ်၏။…”  အဲ့ဒီလိုဆင်ခြင်တော်မူပြီးတော့
မြတ်စွာဘုရားရှင်ရဲ့သန္တာန်တော်မှာ လွန်စွာ နှစ်သက်အားရ ၀မ်းမြောက်
ခြင်း ပီတိတရားထပ်တလဲလဲ ဖြစ်ပေါ်လာပြီး ပီတိအဟုန်ဖြင့်အလုံးစုံသော
သဗ္ဗညုတမြတ်စွာဘုရားရှင်တို့  ဘုရားဖြင်ပြီးလျှင် ကျူးရင့်တော်မူကြမြဲ
ဓမ္မတာဖြစ်သည့်  ဥဒါန်း နှစ်ဂါထာ ကို  ကျူးရင့်တော်မူပါတယ်။
၁။ ။အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
     ဂဟကာရက ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
၂။ ။ဂဟကာရက ဒိဋ္ဌောသိ၊ပုန ဂေဟံ နကာဟသိ။
    သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ဂဟကူဋံ ၀ိသင်္ခတ။
(၁)ပုနပ္ပုနံ= ဘ၀သံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ပဲ။
ဇာတိ= ယောနိလေးထွေ လှည့်ပတ်ဖွေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်။
ဒုက္ခာ=သန္ဓေ ဇာတိ ခန္ဓာရှိလျှင် ဗျာဓိ ဇရာ မရဏာတို့  မကွာနောက်ဆက်
ဝင်နှိပ်စက်သဖြင့် သက်သက်ချမ်းသာမဟုတ်ပါပဲ လွန်စွာညှိုးနွမ်း ပင်ပန်း
ဆင်းရဲလှဘိ၏။(တသ္မာ=ထို့ ကြောင့်) အဟံ=ဘုရားအလျာ သူမြတ်
ငါသည်။ဂဟကာရံ=ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ်
တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းအရင်း သမုဒယ သစ္စာ
ဖြစ်သော တဏှာ ယောက်ျား လက်သမားကို။ ဂဝေသန္တော=လက်သည်
စင်စစ် ဘယ်သူဖြစ်ဟု စိစစ် ထောက်လှမ်း စူးစမ်း ရှာဖွေလျှက်(၀ါ) စူးစမ်း
ရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်။ အနိဗ္ဗိသံ--အနိဗ္ဗိသန္တော=
တဏှာယောက်ျား လက်သမားကို ပိုင်းခြား ထင်ထင်  လင်းလင်းမြင်သည့်
သဗ္ဗညုတာ ဥာဏ်မဟာကို သမ္ဘာနုကွေး ငါမရသေးသည်ဖြစ်၍(၀ါ) ငါမရသေး
သောကြောင့် အနေကဇာတိသံသာရံ=ဘ၀များစွာ သံသရာ ကာလပတ်လုံး။
သန္ဓာဝိဿံ=ခန္ဓာ ငါးချက် ဒုက္ခစက်ကို ကြောက်လျှက်ပင်လျှင် ငါမခင်ပဲ
သံသရာဝဋ် ချားရဟတ်`၌မရပ်မနား တဖားဖားလျှင်ပြေးသွားကျင်လည်
ခဲ့ရလေပြီ။
(၂)ဂဟကာရက=ဒုက္ခ ယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်
လုပ်သည့် အယုတ်တမာ အကြောင်းအရင်း သမုဒယ သစ္စာဖြစ်သော တဏှာ
ယောက်ျား  ဟယ်  လက်သမား။ဣဒါနိ= ဘုရားဖြစ်လာ ယခုခါ`၌။
တွံ= သင်တဏှာ ယောက်ျား လက်သမားကို။ ဒိဋ္ဌော=သဗ္ဗညုတ ဥာဏ်ကို
ရသဖြင့် ဒိဋ္ဌ ထင်ထင် ငါမြင်အပ်သည်။ အသိ = ဖြစ်ပေ၏။ တွံ= သင်တဏှာ
ယောက်ျား လက်သမားသည်။ဂေဟံ= ဒုက္ခ ယှက်လိမ် ခန္ဓာ ကိုယ်အတ္တဘောတည်း
ဟူသောအိမ်ကို ။ပုန န ကာဟသိ= နင့်ခြေ နင့် လက်  နင့် အသက်ကို လေးမဂ်
လျှံရှိန် ဥာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန်
နင်ဖြစ်ပြီ မှန်သောကြောင့် တဖန် ထပ်လျှောက် နင်ဆောက်နိုင်တော့မည် မဟုတ်ချေ။
တေ= သင်တဏှာယောက်ျား လက်သမား၏။သဗ္ဗာ=တခုမကြွင်း ခပင်းဥဿုံ
အလုံးစုံကုန်သော။ ဖာသုကာ= အခိုင်အမာတည်ဆောက် ခန္ဓာအိမ်တည်းဟူ
သော ဘုံကွန်းပြောက်၏ ထုပ်လျှောက်ဒိုင်းမြှား ကိလေသာ တရားတို့ ကို။
ဘဂ္ဂါ=၀ါသနာ အငွေ့ အသက်နှင့်တကွ အနုသယသတ္တိ ကျန် မရှိအောင်
စိစိကြေညက် ငါချိုးဖျက်အပ်ကုန်ပြီ။ ဂဟကူဋံ= သစ္စာလေးအင် နိဗ္ဗာန်လွင်ကို
မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့်  တားဟန့်ပိတ်ကာ
အ၀ိဇ္ဇာတည်းဟူသောအိမ်၏ အထွက်ကို။ ၀ိသင်္ခတံ= မုန့်မုန့် ကြေမွ
ငါဖျက်ချအပ်လေပြီ။ စိတ္တံ= ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေး
ဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်။ ၀ိသင်္ခါရံ= သင်္ခါရ စက်ကွင်း
ဒုက္ခ ခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့ ။ ဂတံ= အာရုံမျက်မှောက်
 သန္တိ ဓါတ်သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက်သက်ဝင်မိလေပြီ။
အဟံ=သုံးလောကထွတ်ထား ငါဘုရားသည်။တဏှာနံခယံ= တဏှာ
တစ်ရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခမ်းရာ အာသ၀က္ခယ စတုတ္ထမဂ်ဖိုလ်သို့ ။
ဂတော=စက္က၀ါရိုက်ခြောင်း တိုက်တသောင်းမှနတ်ပေါင်း ဗြဟ္မာ ကောင်းတင်း
ငြာလျှက် ကြည်သာဝမ်းမြောက် ငါဆိုက်ရောက်ခဲ့လေပြီ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာနှစ်သက်အားရ၀မ်းမြောက်ခြင်းပီတိသည်
ဖြစ်ခဲ့ပါတယ်။ ဘုရားအဖြစ်ကိုရပြီး သတ္တ၀ါတို့ အား ကယ်တင်နိုင်ရန်
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်များဖြည့်ကျင့်ခဲ့ရတာပါ။
သဗ္ဗေညုတ ဥာဏ်ရှင် ဘုရားအဖြစ်ကိုရတော်မူသောဘုရားများမှာ
ပညာဓိက ဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီ ကိုဖြည့်ကျင့်
တော်မူကြရတယ်။ ၀ီရိယဓိကဖြင့် ရှစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်အောင်
ပါရမီတော်ကိုဖြည့်ကျင့်ကြရတယ်။ သဒ္ဒါဓိကဖြင့် တစ်ဆယ့်ခြောက်သင်္ချေနှင့်
ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်ကိုဖြည့်ကျင့်ကြရတယ်။
ယခုလက်ရှိသာသနာတော်က ဂေါတမ မြတ်စွာဘုရားရှင်၏
သာသနာတွင်းအချိန်ခါကာလဖြစ်တယ်။ဂေါတမ မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီး က ပညာဓိကဖြင့် ပါရမီတော်ဖြည့်ကျင့်ခဲ့တဲ့
အတွက်ကြောင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလ တိုင်အောင်
ပါရမီတော်ကိုဖြည့်ကျင့်တော်မူခဲ့ပါတယ်။ပါရမီတော်တွေဖြည့်ကျင့်လို့ 
သစ္စာသိမြင်ဘုရားဖြစ်တော်မူပြီးတာနဲ့ သတ္တ၀ါတွေကို သစ္စာ
သိစေချင်ခဲ့တယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ရင်ထဲမှာကိန်းခဲ့တဲ့မေတ္တာ
အမျိုးအစားအတိုင်း သစ္စာသိမြင်ကြတဲ့ အရိယာသူတော်ကောင်း
တွေဟာ တခြားသူများကို သစ္စာသိစေချင်တဲ့ မေတ္တာ စေတနာ
တွေ ရင်ထဲမှာကိန်းခဲ့ကြတယ်။ ၀ိပဿနာ အလုပ်အားထုတ်လို့ 
သစ္စာသိပြီဆိုသည်နှင့် မှန်လိုက်တဲ့တရားတွေပါလား။ ငါဆိုတာ မရှိ။
ရုပ်နဲ့ နာမ် ပဲ ရှိတယ်ဆိုတာ တကယ်ပါလား ဟု ပိုင်းခြားထင်ထင်
ဥာဏ်အမြင်ဖြင့် ပီတိဖြစ်ကြပြီး တခြားသူတွေပါ ဒီလိုတရားတွေ
သိကြရင်သိတ်ကောင်းမှာပဲဆိုတဲ့ စေတနာစိတ်ဟာ အရိယာဖြစ်
ကြသူ ပုဂ္ဂိုလ်တိုင်းရဲ့  ရင်ထဲတွင်ဖြစ်ပေါ်လာကြပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်က အနေကဇာတိ သံသာရံ  အစချီသော
ဂါထာတော်နှင့် တဏှာလက်သမား   ခန္ဓာအိမ်ဆောက်ခွင့်
မရတော့သည့်အဖြစ် အတွက် ပီတိဖြစ်ကာ ကျူးရင့်သလို
အရိယာပုဂ္ဂိုလ်တိုင်းရဲ့  ရင်ထဲမှာလည်း သံသရာကိုဖြတ်တောက်နိုင်
ခဲ့ပြီဆိုတဲ့အသိနဲ့ကျေနပ်အားရ ပီတိဖြစ်ကြရတယ်။
ငါဟာ သစ္စာသိမြင် အရိယာသူတော်စင်ဖြစ်ပါပေါ့လားလို့ 
မိမိကိုယ်ကို နှစ်ထောင်းအားရ ကျေနပ်ကြတယ်။
ထိုကျေနပ်မှူမျိုးကို ဘုရားရှင်၏ သာသနာတော်နှင့်တွေ့ မှသာ
ခံစားခွင့်ရမှာဖြစ်ပါတယ်။ ယခုကဲ့သို့  သာသနာတော်နှင့်ကြုံခိုက်
သစ္စာတရားများလည်း နာယူမှတ်သားခွင့်ရနေသောအချိန်မျိုးမှာ
မိမိ၏ ခန္ဓာကျန်းမာသန်စွမ်းနေပါလျှက်နှင့် အရိယာဖြစ်အောင်မှ
အားမထုတ်နိုင်လျှင် လူဖြစ်ကျိုးနပ်လိမ့်မည်မဟုတ်။ဝိပဿနာ
တရားမှ အားမထုတ်ဖြစ်ခဲ့လျှင် လူဖြစ်ကျိုးနပ်လိမ့်မည် မဟုတ်။
သစ္စာတရားတော်မှ နာကြားခွင့်မရလျှင် လူဖြစ်ကျိုးနပ်လိမ့်မည်
မဟုတ်။ ရုပ်နှင့် နာမ်သာရှိသည်၏ အဖြစ်ကို ကြားမှ မကြားဖူးလျှင်
လူဖြစ်ကျိုးနပ်လိမ့်မည်မဟုတ်။
ကျန်းမာသန်စွမ်း ဥာဏ်ရည်ထက်မြက်နေသည့်အချိန်ကာလမှာ
သစ္စာတရားများကိုနာလည်း နာကြပါ။ နာသည့်အတိုင်းလည်း
သိအောင် နားလည်အောင်ကြိုးစားကြပါ။ နားလည်သည့်အတိုင်းလည်း
သစ္စာအမှန်သိအောင်အားထုတ်ကြပါ။ ရုပ်နှင့် နာမ်သာ ရှိသည်
မှာ အမှန်ပင်ဖြစ်ကြောင်းကိုလည်း ဥာဏ်ဖြင့်ပိုင်းခြားထင်ထင်
သိမြင်နိုင်ကြသူများ ဖြစ်ကြစေချင်ပါတယ်။
သစ္စာသိမြင်ကြသော ဆရာတော်တိုင်း၏စေတနာနှင့် လမ်းညွှန်မှူများ
ဖြစ်ပါတယ်။
သစ္စာသိမြင်၊ ကျွတ်တမ်းဝင်၊ လူမှန်စင်စစ်  တန်ဖိုးရှိ၏။
*****တတိယမြောက်သမီးတော်*****
3 comment:
စံပယ်ချို said...
သမီးတော်ရေ--------ရောက်ခဲ့တယ်နော်
Aunty Tint said...
ဥဒါန်းဂါထာတော်လေး လေ့လာဖတ်ရှု မှတ်သားသွားတယ် သမီးတော်...
3rdthameetaw said...
ဂျက်နဲ့ မတင့်ရေ
ကျေးဇူးပါရှင်