ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Thursday, October 23, 2014
အတွေးထဲ သို့ ရောက်နေသော သေခြင်းတရားများ
ယခုတလော အတွေးထဲသို့ သေခြင်းတရားများ အကြောင်းက နေ့စဉ်လိုလို ရောက်နေတတ်သည်။
တမင် တွေးယူတာမျိုးမဟုတ်ပါပဲ  ဘာကြောင့် မှန်းမသိအောင် အတွေးက ရောက်ရောက်
သွားသည်။
သမီးတော် သိသော ခင်မင်သော ရင်းနှီးသော သူများ ၏ သေခြင်း ။ သတင်းများစွာထဲမှ
ဖတ်ရ၍ သိရသော သေခြင်းအကြောင်းတရားများက  အကြိမ်ကြိမ် တွေးမိနေသောအကြောင်းများ
ဖြစ်နေသည်။
ထို အကြောင်းများစွာသည် မကြာသေးခင်က အိန္ဒိယ နိုင်ငံ ကျားလှောင်အိမ်အတွင်း ကျားဆွဲ ခံ
ရသော လူငယ်၏ သေခြင်းတရား။ သမီးတော်နှင့်ရင်းနှီးခင်မင်ခဲ့သော အခွန်ဦးစီးမှူး တစ်ဦး၏
သေခြင်းတရား ။ လုပ်ငန်းတာဝန်နှင့်ဆက်စပ်၍ သိခဲ့ရသော ရေနံမန်နေဂျာတစ်ဦး၏ သေခြင်း။
ရွာထဲမှ အနှိပ်သည်အဒေါ်ကြီး၏ သေခြင်း။ ကျန်းကျန်းမာမာဖြင့် ရောဂါဝေဒနာများ ခံစားရခြင်း
မရှိပဲ ရုတ်တရက်သေဆုံးခဲ့ကြသူများ။
ထိုထိုသော သူများ ၏ သေခြင်း အကြောင်းက ခေါင်းထဲကို ရောက်ရောက်နေသည်။
ဘ၀ ဘ၀တွေ များစွာတွင် မည်ကဲ့သို့ သေခြင်းဖြင့် သေခဲ့ဖူးပြီလဲ။ ယခုဘ၀တွင်
မည်သို့ သောသေခြင်းဖြင့် သေရဦးမလဲ ။
ကျားဆွဲခံရသော လူငယ်လေးမှာ ကျားက လူသားစားဖို့ ရည်ရွယ်ချက်ရှိပုံမရဟု သုံးသပ်
ထားချက်အရ  အစားခံရခြင်းမဟုတ်ပဲ ကာကွယ်ပေးဖို့ အတွက် ဂုတ်ကိုကိုက်ဆွဲခေါ်ခံရပြီး
သေဆုံးရသည့်အဖြစ်။တခါတလေမှာ တစ်စုံတစ်ယောက်က မိမိကို ကာကွယ်ပေးဖို့ လုပ်ရင်း
မိမိကိုသတ်သလိုဖြစ်တတ်သည်မှာလဲ ကံကြမ္မာ ကြောင့်ရှောင်လွှဲလို့ မရသည့် ကိစ္စဖြစ်လိမ့်မည်။
အခွန်ဦးစီးမှူးသည် နိုင်ငံတော်အတွက် အခွန်ငွေကောက်ခံရင်း ကိုယ်ကျိုးရှာကာ
မိမိအတွက်ပါ ရအောင်ယူသည်။ နိုင်ငံအတွက်ဟု အကြောင်းပြသည်။ လိမ်လည်ခြင်း
ဖြစ်သည်။ သူ၏မိသားစုကတော့ ချမ်းချမ်းသာသာနေကြရသည်။တိုက်နှင့်ကားနှင့်
ပြည့်စုံပေလိမ့်မည်။ သို့ သော် အခွန်ဦးစီးမှူးသည် ပင်စင် မသွားခင်ပင် နှလုံးရောဂါ
ကျောက်ကပ်ရောဂါ သွေးတိုးရောဂါတို့ ခံစားရကာ  အစားအသောက် ရှောင်ရသည်။
အသက်(၆၀) မပြည့်ခင် ရောဂါနှိပ်စက်၍ သေသွားရှာသည်။ မတော်မတရား လိမ်လည်၍
ချမ်းသာပြည့်စုံစွာ ကျန်ရစ်ခဲ့လိမ့်မည် ထင်ပါသည်။ အကယ်၍များ မတော်မတရားနည်းဖြင့်
လိမ်လည်၍ အခွန်ငွေကောက်ခံရယူခြင်းများ မရှိပါက ထိုထိုသောရောဂါများ ဖြစ်ချင်မှ ဖြစ်မည်ဟု
ထင်မိပါသည်။ အတိတ်က ကံ ၏ အထောက်အပံ့ ကြောင့် အရာရှိတစ်ယောက်ဖြစ်ခဲ့ပြီး
မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန်ဖြင့် ကုသိုလ်ကောင်းမှူများ ပြုလုပ်ခဲ့မည်ဆိုလျှင်
ကျန်းကျန်းမာမာဖြင့် အသက်ရှည်လိမ့်မည်ဟု မိမိ ယူဆမိသည်။ ပြုခဲ့မိသော လိမ်လည်
ကောက်ခံခဲ့သည့်ငွေကြေးသည် အဆိပ်သင့်ခဲ့သည်ဖြစ်မည်။ မကျန်းမမာဖြစ်၍ အစားပင်
ကောင်းကောင်းမစားရရှာ။ ရောဂါနှင့်မတည့်သော အစာများရှောင်နေရသဖြင့် ငတ်ပြတ်၍
သေဆုံးသွားသည့်အဖြစ်မျိုးပင်။ ကြောက်ဖွယ်ကောင်းသော သေခြင်းတရားများဖြစ်သည်။
ရေနံမန်နေဂျာသည် ဆီ တစ်ဂါလံတွင် ၆ ပုလင်းရရမည်ဖြစ်သော်လည်း ၅ ပုလင်းသာထုတ်ယူခွင့်
ပေးခဲ့သည်။ ယခင်က ကားများ မော်တော်ဆိုင်ကယ်များသည် မြန်မာ့ရေနံထွက်ပစ္စည်းဆိုင်မှ
ရေနံများကို ဈေးနှုန်းချိုသာစွာဝယ်ယူရသဖြင့် သတ်မှတ်ရက်များတွင် အချိန်မှီသွားထုတ်ကြရသည်။
ပုဂ္ဂလိက ယာဉ်များ အတွက် တစ်ဂါလံလျှင် ၅ ပုလင်း ထုတ်ပေးပြီး  အစိုးရဌါနများအတွက်မူ
တစ်ဂါလံ လျှင် ၅ ပုလင်း ခွဲ ထုတ်ယူခွင့်ပေးသည်။ ထိုရေနံ မန်နေဂျာ အသက် ၅၀ အရွယ်တွင်
သွားဖုံးကင်ဆာဖြစ်သည်။ သွားဖုံးတွေကို လှီးထုတ်ပစ်လိုက်ရသည်။ ဓါတ်ရောင်ခြည်နည်းဖြင့်
ကုသခဲ့ရသည်ဟု ဆိုသည်။ အစာ မစားနိုင်။ အရေသာ သောက်ရသည်။ အဖတ်ဝါး၍ မရ။
မတော်မတရားနည်းဖြင့် ရှာထားဖွေထားသော်လည်း အစားပင် မစားနိုင်သော ဘ၀။
သူ့ မိသားစုနှင့် သားသမီးများကတော့ ပြည့်ပြည့်စုံစုံရှိနေကြပါလိမ့်မည်။သူ၏ မိသားစုများက
တခြားမြို့ ကြီးတွင်ဖြစ်၍ မမြင်မတွေ့ သော်လည်း သတင်းတော့ကြားမိသည်။ တိုက်နှင့် ကားနှင့်
ငွေကြေးပြည့်စုံကြသည်။ အကယ်၍များ မမှန်မကန်နည်းကို အသုံးမပြုခဲ့ပါလျှင် သက်တမ်းစေ့
နေထိုင်ရပြီး ကျန်းကျန်းမာမာရှိနေအုံးမည်လား။ မိမိ ၏ အတွေးတစ်ခုဖြစ်ပါသည်။
အတိတ်က ကံ ကြွေးကြောင့်ခံစားရခြင်းလား လက်ရှိဘ၀ ပြုမိသော အကုသိုလ်ကြောင့်လား
ဆိုသည်ကိုတော့ ဘုရားမှသာသိနိုင်ပေလိမ့်မည်။
ရွာထဲမှ အဒေါ်ကြီး တစ်ဦးသည် အနှိပ်သည်ဘ၀ ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သူဖြစ်သည်။
နောက်ပြီး အိမ်ထောင်ရှိသော အမျိုးသားတစ်ဦးနှင့် ပတ်သက်ခဲ့ကာ သားတစ်ဦးကိုမွေးဖွား
ထားသူဖြစ်သည်။ မယားကြီးသေဆုံး၍ တရားဝင်မယားအဖြစ်ဖြင့် အိမ်ပေါ်တက်နေသောအခါ
ယခင် မယားကြီးမှ အိပ်မက်ဆိုးများပေးတတ်ကြောင်း။ နင့် ကိုသေအောင်သတ်မည်ဟု
ကြိမ်းဝါးကြောင်း ထိုမယားကြီးသည် မြွေဖြစ်၍ အိမ်ပေါ်ထိတက်ကြောင်းများပင် ကြားနေပြန်သည်။
ယခု ထို အဒေါ်ကြီးမကျန်းမမာဖြစ်နေသည်။ ဗိုက်တစ်ခုလုံးဖေါင်းကားပြီး ခြေထောက်များစု၍
မရဖြစ်နေသည်။ခြေထောက်နှစ်ချောင်းမှာလည်း မီးသွေးများကဲ့သို့ မဲနက်နေသည်။
ဝေဒနာခံစားနေရသည်မှာကြာလှပြီ။ မသေသေး။ အဒေါ်ကြီး၏ ညီမ ဖြစ်သူက ကျန်းမာရေးကောင်း
နေသူဖြစ်သဖြင့် အဒေါ်ကြီးကို လူနာမေး လာတွေ့ သည်။ စကားစမည်ပြောပြီး အိမ်ပြန်
ရေမိုးချိုးပြီးသည်နှင့် ညီမ ဖြစ်သူ ဆုံးပါးသည်။ ဘာရောဂါမှ မဖြစ်လိုက်။ အေးအေးဆေးဆေး
ရေမိုးချိုးပြီးသည်နှင့် ဆုံးသွားသည်။ ရောဂါဖြစ်နေသော အဒေါ်ကြီးကတော့ ခုထိ ဝေဒနာ
ခံစားနေရဆဲ။ သေခြင်းတရားတို့ သည် လေ့လာလေ ကြောက်စရာကောင်းလေ။
ဝေဒနာခံစားနေရပြီ မသေနိုင်သေးသောသူများစွာရှိသလို ဘာရောဂါ ဝေဒနာမှ မခံစားရပဲ
ငြိမ်းငြိမ်းချမ်းချမ်းသေသွားသူများလည်း မနည်းလှပါ။
ထိုထိုသောသေခြင်းတရားတို့ ကိုအောင့်မေ့တတ်ပြီး အကုသိုလ်နှင့်မစပ် မယှဉ်ပဲ
နေနိုင်သွားကြလျှင် ကောင်းလေစွ။ အတိတ်ကိုမမြင်တွေ့ ရသောကြောင့် အတိတ်ကံ ကိုတော့
ရှောင်လွှဲနိုင်မည်မဟုတ်ပေ။ ယခုပစ္စုပ္ပန် တွင် အကောင်းဆုံး အကုသိုလ်ကင်းအောင်
နေထိုင်သင့်လှပါသည်။ဒါနထက်သီလ က ပိုမြတ်သည်မှာ ထင်ရှားလှသည်။
သီလကိုစောင့်ထိန်းခဲ့ပါမူ ငတ်ပြတ်၍ သေရခြင်းမှ ကင်းလိမ့်မည်။ သီလကိုမစောင့်ထိန်း
ခဲ့သောကြောင့် ခဏတာ ချမ်းသာခြင်းကိုရသော်လည်း ပြန်လည်ပေးဆပ်ရခြင်း မတန်တဆပင်။
သီလ စောင့်ထိန်းသူများသည် လတ်တလောအနေအထားအရ မချမ်းသာသော်လည်း
ရောဂါနှိပ်စက်ခြင်း ဘေးဆိုးများ ငတ်ပြတ်ခြင်းဘေးဆိုးများကိုကောင်းစွာစောင့်ရှောက်နိုင်၏။
သီလ၏ စင်ကြယ်ခြင်းသည် နိဗ္ဗာန်တိုင်အောင်ပင် အကျိုးကျေးဇူးကြီးမားလှသည်။
ထိုထက်ပို၍  အလုံးစုံသော ကံ ကို ဖြတ်တောက်သင့်ပါသည်။ ဘ၀များစွာကျင်လည်ပြီး
သေခြင်းမျိုးစုံနှင့်သေခဲ့မည်ကိုလည်းကောင်း လူ့ ဘ၀ နတ်ဘ၀ ကောင်းမြတ်လှသည်ကို
အောင့်မေ့နိုင်သော်လည်း ကောင်းသောဘ၀များကိုစွန့် လွှတ်ခဲ့ရသည်ကိုလည်းကောင်း
ယုတ်ညံသောတိရိစ္ဆာန်ဘ၀များတွင်လည်း ကျင်လည်ခဲ့ရမည်မှာဧကန်ပင်ဖြစ်သည်ကို
လည်းကောင်း ဆင်ခြင်သုံးသပ်သင့်လှပါသည်။
သေခြင်းတရားတို့ သည်  ကြောက်ဖွယ်ကောင်းလှသည်။ ကောင်းသောသူများလည်း
သေသည်။ ဆိုးသောသူများလည်းသေသည်။ ကောင်းကောင်းနေသော်လည်း ဆိုးဆိုး
သေရတတ်သည်။ ဆိုးဆိုးနေသောသူများ ဆိုဖွယ်မရှိပြီ။ အတိတ်ကံ၏ အထောက်အပံဖြင့်
သေမည်လား။ ပစ္စုပ္ပန်ကံ ၏ အထောက်အပံ ဖြင့် သေမည်လား။ မည်သူမှ မသိနိုင်။
တွေးမိလေကြောက်စရာကောင်းခြင်းများသာ အဖြေထွက်နေသည်။
ထိုထိုကြောက်စရာကောင်းသောသေခြင်းတရားကို ဘ၀များစွာတွေးခဲ့ဖူးပါ၏လော။
သေခြင်းတရားမှ ထွက်မြောက်ဖို့ ကြိုးစားခဲ့ဖူးပါ၏လော။ သေခြင်းတရားတို့ ၏
လွတ်ရာငြိမ်းရာ နိဗ္ဗာန်သည် အမှန်ပင်ရှိသည်ကိုတော့ ယုံမှားခြင်းကင်းစွာ
ယုံကြည်တတ်ခဲ့ပါသည်။
မြတ်စွာဘုရားရှင်၏ ဥာဏ်တော်အား ဦးခိုက်ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။
မြတ်စွာဘုရား ဟောကြားတော်မူတော် တရားတော်အား ဦးခိုက် ရှိခိုးပါ၏ အရှင်ဘုရား။
မြတ်စွာဘုရားရှင်၏ တပည့်သာဝကတို့ အားဦးခိုက်ရှိခိုးပါ၏ အရှင်ဘုရား။
ဆရာသခင်ကျေးဇူးရှင်ဖြစ်တော်မူသော ဓမ္မရံသီ ဆရာတော်အား ဦးခိုက်ရှိခိုးပါ၏ အရှင်ဘုရား။
သင်ဆရာမြင်ဆရာ ကြားဆရာများအားလုံးအားလည်းဦးခိုက်ရှိခိုးပါ၏ ဘုရား။
အ၀ိဇ္ဇာ အမှောင်ကိုခွင်းသော သစ္စာအလင်းရောင်တို့ သည် နှလုံးသား`၌
ကိန်းဝပ်ကာ (၉)ပါးသော လောကုတ္တရာတရားနှင့်ယခုဘ၀`၌ပင် ပြီးပြည့်စုံရပါလို၏။
တဏှာ၏ အလိုနောက် လိုက်ပါ၍ ချမ်းသာအတုကို မှီဝဲလိုခြင်းဆန္ဒကို ဆုံးမပါမည်။
                                  *****တတိယမြောက်သမီးတော်*****
2 comment:
Aunty Tint said...
သံဝေဂရစရာလေးတွေ မျှဝေရေးသားပေးတဲ့အတွက် ဆင်ခြင်တုံတရားလေးကပ်မိပါရဲ့ သမီးတော်ရေ...
မမေ့မလျော့ နေ့စဉ်သတိတရ ရွတ်ဖတ် ကျင့်ကြံအားထုတ်နေတာကတော့...
'ငါသည်မုချသေရမည့် အချိန်ပိုင်းသာလိုတော့သည် အသေမဦးခင် ဥာဏ်ဦးအောင်အားထုတ်ပါတော့မည်' ရွတ်ဖတ်မိတိုင်း ကမဌာန်းတရားတောင်းမိတယ်။
3rdthameetaw said...
ကြောက်စရာကောင်းတဲ့ သေခြင်းတရားကို
လူတိုင်း ဆင်ခြင်သတိရနိုင်ပြီး အကုသိုလ် ကင်းကင်း
နေနိုင်ကြရင် သိတ်ကောင်းမှာပဲနော် မတင့်.........