ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, November 2, 2014

ကြည်ညိုခဲ့မိသော ဂါထာလေးတစ်ပုဒ်

 မိလက္ခ မုဆိုးကြီး  အနှစ်ငါးဆယ်လုံးလုံး ပါဏာတိပါတ ကံ နဲ့ အသက်မွေးပြီး
အကုသိုလ်တွေ ဆိုးလွန်းလို့  ရဟန်းတစ်ပါးခပ်ထည့်ထားတဲ့ ရေကိုတောင်မမြင်ရဘူး တဲ့ ။
ရေက အိုးထဲမှာအပြည့်ရှိပေမယ့် သူတောင်စင်တစ်ပါးခပ်ထားတဲ့ရေကို အကုသိုလ်
အားကြီးတဲ့သူက မမြင်ရဘူး။အိုးထဲကို ငုံ့ ကြည့်တာ ရေတစ်စက်မှမရှိဘူးလို့ ပဲ မြင်တာတဲ့ ။
ကြည့်စမ်း  ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲနော်။


ဒီတော့မှ ရဟန်းတော်လေးက အကုသိုလ်တယ်ကြီးတာကိုးလို့ ပြောပြီး ငရဲမီး ကို ငရဲပြည်ကနေ
တန်ခိုးတော်နဲ့ ယူပြတယ်း။ ခုမှ လောလောလတ်လတ် ခုတ်ချထားတဲ့ သစ်ကိုင်း သစ်ရွက်
အစိမ်းတွေ အပုံလိုက်ဟာ နှမ်းစေ့လောက်လေးရှိတဲ့ ငရဲမီးလေးတစ်ပွင့်ချလိုက်တာနဲ့  ပြာဖြစ်သွားတယ်။
ဘယ်လောက်ထိ ပူလဲနော်။ အဲ့ဒီလိုငရဲမီးနဲ့ လောင်ခံရတာတောင် မသေပဲ ၀ဋ်ကြွေးအတွက်
တစာစာအော်ဟစ်ရင်း ပေးဆပ်နေကြရတာ။ အကုသိုလ်ရဲ့အပြစ်ကြောင့် မုဆိုးဟာ သေရင်
ငရဲ ရောက်မှာ။ အကုသိုလ် ဘယ်လိုကုစားရမလဲ ဆိုပြီး ရဟန်းတော်လေးကို မေးလျှောက်တော့။
ရဟန်းတော်လေးက မဂ္ဂင်လမ်းစဉ်လေး နဲ့ ကုစားရင် အပါယ် လားစရာမရှိဘူးဆိုပြီး
ဆုံးမတော်မူတယ်။ ငရဲမီး ရဲ့အစွမ်းကို မျက်ဝါးထင်ထင် မြင်တွေ့ ထားတာဆိုတော့
မုဆိုးလည်းကြောက်လန့်ပြီး တရားအားထုတ်တာပေါ့။ရဟန်းတော်လေးရဲ့
တောကျောင်းလေးမှာပဲ နေပြီး နေ့မအိပ် ညမအိပ် အပြင်းအထန်ကို
အားထုတ်တာ။ ရေတောင်မချိုးဘူး။ အိပ်ငိုက်ပြီးအားမထုတ်ဖြစ်မှာစိုးလို့ ကို
ရေအိုးကိုခေါင်းမှာရွက်ပြီး တရားအားထုတ်တယ်တဲ့ ။ မတော်တဆ ငိုက်သွားရင် ရေအိုးက
ကျကွဲမှာကိုး။ ဒီတော့ သတိကြီးကြီးထားပြီး အားထုတ်လိုက်တာ (၆)ရက်ကြာတယ်တဲ့ ။
(၆)ရက်ကြာသည့်တိုင်အောင် နေ့ မအိပ် ညမအိပ် ကြိုးစားအားထုတ်ပေမယ့် တရားက မရတော့
တော်ပြီ..............ငါ့  မှာ အကုသိုလ်များလွန်းလို့  တရားမရတာပဲ ဖြစ်မယ်။
မရမယ့် အတူတူတော့ အားမထုတ်တော့ဘူး ဆိုပြီး စိတ်ကိုလျှော့ချလိုက်တယ်။
တောကျောင်းလေးကနေ မထွက်ခွါမှီမှာ ကျောင်းဝင်းအတွင်းအပြင် သန့် ရှင်းရေးလုပ်။
ပြီးတော့ သောက်ရေအိုးတွေ ရေဖြည့်မယ်လေ လို့ အတွေးနဲ့  ချောင်းစပ်မှာ
ရေအိုးလေးကို နှစ်ပြီး ရေအခပ်.......... ဟိုး ခပ်လှမ်းလှမ်း တောစပ် တနေရာက
ကိုရင်လေးတစ်ပါးရဲ့  စာအံ သံလေးက လေနဲ့အတူ လွှင့်ပြီး မုဆိုးကြီးနားထဲကို
ရောက်လာတယ်။

အာရမ္ဘထ နိက္ကမထ၊ ယုဉ္ဇထ ဗုဒ္ဓသာသနေ။
ဓုနာထ မစ္စုနော သေနံ၊ နဠာဂါရံဝ  ကုဉ္ဇရော။

ယော  ဣမသ္မိံ  ဓမ္မ၀ိနယေ၊အပ္ပမတ္တော ၀ိဟဿတိ။
သော ဇာတိ သံသာရံ။ ပဟာရ တိက္ခမိတ္တွာ။
ဒုက္ခဿန္တံ ကရိဿတိ။

(အံ၊ဋ္ဌ ၊ ၁ ၊ ၂၉)

ကုဉ္ဇရော=ဆင်ပြောင်ကြီးသည်။  နဠာဂါရံ  = ကျူထရံ အိမ်ငယ်ကို
ဓုနာထ  ဧ၀ံ  =မှူန့် မှူန့် ညက်ညက် ဖျက်ဆီးနိုင်သလို။
ဗုဒ္ဓသာသနေ =မြတ်စွာဘုရားရှင်၏ သာသနာတော်`၌။
ယောဂ ၀စရော = တရားအလုပ် အားထုတ်ကြတဲ့ ယောဂီ ပုဂ္ဂိုလ်သည်။
မစ္စုနော = သေမင်း၏  ၊ သေနံ = စစ်တပ်ကို။
ဓုနာထ = ဖျက်ဆီးကြကုန်လော။

အာရမ္မထ =သတိထားကြကုန်လော့။
နိက္ကမထ = ၀ီရိယ စိုက်ကြကုန်လော့။
ယုဉ္ဇထ = ပညာဥာဏ်ဖြင့် ခန္ဓာရဲ့ ဖြစ်ပျက်ကို ရှူကြကုန်လော့။

ယော = အကြင်သူသည် ။ ဣမသ္မိံ ဓမ္မ၀ိနယေ = တရားသဖြင့် ဆုံးမရာ
ဤမြတ်စွာဘုရားရှင်၏ သာသနာတော်`၌။
အပ္ပမတ္တော = မမေ့ မလျော့သည်ဖြစ်၍ ၊ ဟောတိ = နေ၏။
သော = ထိုမမေ့မလျော့နေသော ပုဂ္ဂိုလ်၏။
ဇာတိ သံသာရံ = ဇာတိ တည်းဟူသော သံသရာကို။
ပဟာရ =ပယ်ဖြတ်၍။ တိက္ခမိတ္တွာ =ကျော်လွန်၍။
ဒုက္ခဿန္တံ = ဒုက္ခရဲ့ အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို။
ကရိဿတိ = မျက်မှောက်ပြုပေလတ္တံ့ ။

ဒီလိုလေး  ကြားနာရပြီး ၊ နားက တရားနာလို့   ဥာဏ်က ခန္ဓာလှည့်လိုက်တာ
ရေအိုးလေး ကို ပင့်ပြီး ခေါင်းပေါ်ကိုရွက်ဖို့  တင်တဲ့အချိန် ။
ရေအိုးလေး ခေါင်းပေါ် မရောက်ခင် မှာပဲ  အနာဂါမ်တည်သွားတယ်။
ကဲ  ၀ိပဿနာ အကျိုး ဘယ်လောက်များ တန်ဖိုးရှိလိုက်သလဲ
အပါယ်သွားမယ့် ပုဂ္ဂိုလ်  အပါယ်လွတ်သွားပြီ။
အဲ့ဒါ ၀ိပဿနာပဲ။ ပဋိစ္စသမုပ္ပဒ် ပြတ်သွားတာ
သူလည်ရရင် နောက် တစ်ပတ်ပဲ လည်တော့မှာ..။

..............

လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က ပဋိစ္စသမုပ္ပဒ်သင်တန်းတရားအချိန်မှာ
နာကြားမှတ်သားခဲ့ရတဲ့ ဗုဒ္ဓ၀င်လေးတပုဒ် ဖြစ်ပါတယ်။
ဆရာတော် အရှင်ဓမ္မဥာဏ ဟောကြားတော်မူတာပါ။
နှစ်သက်ကြည်ညိုလွန်းလို့  အလွတ်ကျက်မှတ်ထားခဲ့တဲ့
ဂါထာလေးဖြစ်ပါတယ်။ နှစ်သက်ကြည်ညိုခြင်းတွေနဲ့အတူ
ပီတိ ကိုဖြစ်စေခဲ့လို့  ဖေါ်ပြမျှဝေပါတယ်ရှင်။

(ပါဠိ စာလုံးပေါင်းသတ်ပုံများအတွက် ဓမ္မ မိတ်ဆွေ တစ်ဦးမှ ကူညီ
ရှာဖွေပေးခြင်းဖြစ်ပါသည်။)

နားက တရားနာ၍ ဥာဏ်က ခန္ဓာလှည့်ရင်း
ပဋိစ္စသမုပ္ပဒ် ပိုင်းဖြတ်နိုင်သူများ ဖြစ်ကြပါစေ ။


                       *****တတိယမြောက်သမီးတော်*****

4 comment:

စံပယ်ချို said...

နားလည်တာလဲပါတယ် ဂျက်မသိတာတွေလဲပါတယ်
ဘာပဲဖြစ်ဖြစ်ဗဟုတတော့ အများကြီးရပါတယ်

တတိယမြောက် သမီးတော် said...

ကျေးဇူးပါ ဂျက်ရေ
ဖတ်မှတ်ပြီး ယုံကြည်မှူလေးရှိတတ်ခဲ့ရင် အကျိုးများမှာဖြစ်ပါတယ်

Ma Tint said...

'ယောနိသောမနသိကာရ' ဆိုသလိုပေါ့ သမီးတော်ရေ...
အသင့်အတင့် နှလုံးသွင်းခြင်း၊ အရာရာ၌ မယုတ်မလွန် သင့်တင့် မျှတမှန်ကန်စွာ နှလုံးသွင်း ဆင်ခြင်ခြင်း ဆိုတာမျိုးမှ စစ်မှန်တဲ့တရားတော်ကို သိမြင်နိုင်မှာပေါ့နော်။

တတိယမြောက် သမီးတော် said...

သိတ်ကောင်းတဲ့ ကော်မန့် ပဲ မတင့်ရေ
အပြင်းအထန်လုပ်လွန်းတော့လည်း
မရသလို ၀ီရိယ လျော့တော့လည်းမရဘူးဆိုတာ
ပြောချင်တာဖြစ်မယ်လို့ ထင်မိပါတယ်
တရားတော်မှာက အဲ့လိုတွေ ဖေါ်ပြမထားတော့
မဝေဖန်ရဲဘူး
ညီတော် အာနန္ဒာ ကတော့ ၀ီရိယ လွန်လို့ 
အထက်မဂ်တွေ တော်တော်နဲ့မရဖြစ်တာလို့ 
အတိအကျ ဆိုထားတယ်
စိတ်လျော့ပြီး အသာလေးလှဲတဲ့အချိန်မှာကျမှ
ဣရိယာပုတ် လေးပါးက လွတ်တဲ့အချိန်လေးမှာ
အထက်မဂ်သုံးပါးနဲ့ ပြည့်စုံခဲ့တယ်လို့  မှတ်သားခဲ့ရပါတယ်
ကျေးဇူးပါ မတင့်