ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, November 20, 2014

နှမျောစရာကောင်းသော ဘဝ



 တရားအားထုတ်တယ်ဆိုတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါရဲ့လား…..


သူများတွေတရားအားထုတ်တယ်ဆိုတာနဲ့  လိုက်ပြီးတရားအားထုတ်သူတွေ
အများကြီးရှိပါတယ်။သူများနိဗ္ဗာန်ဆိုလို့ လိုက်ပြီး ဗာန်နေကြတဲ့သူတွေလည်း
အများကြီးရှိပါတယ်။သူများပြောသလိုမပြောနိုင်ရင် သူများလုပ်သလိုမလုပ်နိုင်
ရင် လူရာမ၀င်မှာစိုးလို့  လုပ်နေ ပြောနေကြတဲ့သူတွေ ဒု နဲ့ ဒေး ဆိုသလို
များလွန်းလှပါတယ်။ ဘယ်အရာမှာမဆို အပြောလွယ်သလောက် အလုပ်ခက်
တာကို လက်တွေ့ လုပ်ဖူးတဲ့သူတိုင်း လေ့လာဖူးတဲ့သူတိုင်းသိကြမှာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကအကြောင်းလေးတစ်ခုကို အမှတ်ရမိလို့   ပါ။
 သမီးတော်နေတဲ့ရွာမှာ သင်္ကြန်တွင်းနှစ်စဉ်  တရားစခန်းဖွင့်ပြီး အမျိုးသားများ
အမျိုးသမီးများပါ စခန်းဝင်ယောဂီ များအနေ နဲ့  တရားအားထုတ်ကြသူတွေလည်း
မနည်းလှပါဘူး။ ရွာက ရှမ်းရွာဖြစ်တာကြောင့် ကျောင်းထိုင်ဆရာတော်ကလည်း
ရှမ်းလူမျိုးဖြစ်တာကြောင့် တရားဟောရင် ရှမ်းလို ဟောပါတယ်။ သမီးတော်တို့ 
ရွာက ရှမ်းအမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျတဲ့ ဗမာလူမျိုးအကိုကြီး
တစ်ယောက်ကလည်း သင်္ကြန်တွင်း မှာ ဒုလ္လဘ ၀တ်ပါတယ်။ဒုလ္လဘ ၀တ်တာကို
တွေ့ တော့ သမီးတော်က သူ့ ရဲ့အမျိုးသမီးဖြစ်တဲ့အမကြီး နဲ့  စကားပြောမိတယ်။
အကိုကြီးက ရှမ်းစကားလည်းမတတ်တော့ တရားဟောရင်နားလည်မှာလည်း
မဟုတ်ဘူး။ မိုးကုတ်မှာ သွားဝတ်ရင် တရားလည်းကောင်းကောင်းနာရမယ်။
တရားအားထုတ်ရတာလည်းပိုကောင်းတယ်လို့  ပြောမိတော့  အမကြီးက
နေပါစေ တဲ့   တရားဟော နားမလည်လည်း သူ့ ဘာသာ တရားထိုင်ရရင်
ပြီးတာပဲ   တဲ့ ။ တရားထိုင်တယ်ဆိုတာ ဘာအတွက်ထိုင်တာလဲလို့ တော့
မမေးဖြစ်တော့ပါဘူး။အားလုံးက တရားထိုင်ရင်နိဗ္ဗာန်ရမယ်လို့  ဒီလိုပဲ ထင်မြင်
ပြီး ယူဆပြီး ထိုင်နေကြတာပါ။ နိဗ္ဗာန်ဆိုတဲ့စကားလုံးလေးကိုကြားဖူးကြတာကိုပဲ
ကျေးဇူးတင်ရမလိုဖြစ်နေတဲ့အနေအထားတစ်ခုလို့ တောင်ပြောချင်မိပါတယ်။

တကယ်တော့နိဗ္ဗာန် ဆိုတာ အလွယ်တကူရောက်နိုင်တဲ့ နေရာတစ်ခု
မဟုတ်ပါဘူး။နည်းစနစ် မှန်ကန်စွာ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်နိုင် သိမှတ်နိုင်မှ
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်။

သစ်ငုတ်တိုလို ငုတ်တုတ်ထိုင်တိုင်းတရားရတယ်လို့ အသိပညာမဲ့စွာ
အားထုတ်နေကြသူတွေကို နှမျောလွန်းလှပါတယ်။အချိန်ကုန်ခံ လုပ်ပါလျှက်နဲ့ 
ကိုယ် ရည်မှန်းတာ ကိုယ်ယုံကြည်ရာကိုမရောက်နိုင်ရင် လောကီနယ်ပယ်မှာ
ပဲ ဖြစ်ဖြစ် နှမျောစရာလို့ မြင်တတ်ကြမှာပါ။ခုလည်း နိဗ္ဗာန်ရောက်ဖို့ လို့ 
ရည်ရွယ်မျှော်မှန်းပါလျှက်နဲ့  နိဗ္ဗာန်နဲ့အဝေးကြီးဝေးနေကြတာဟာ
သာမာန်ထက်ပိုပြီး နှမျောစရာကောင်းလွန်းလှပါတယ်။

နိဗ္ဗာန် ကိုမျက်မှောက်ပြုဖို့ ဆိုရင် တရားအားထုတ်သူဟာ သစ္စဥာဏ်ကို
လည်းသိရမယ်။ ကိစ္စဥာဏ်ကိုလည်းသိရပါမယ်။သစ္စဥာဏ် ကိစ္စဥာဏ်ကို
မသိရင် နိဗ္ဗာန်ဆိုတာ အဝေးကြီးပါပဲ။ သီလဆောက်တည်ခြင်း အကျိုး နဲ့ 
ပညတ်အာရုံကိုမှီပြီး အားထုတ်ခဲ့တယ်ဆိုရင်သမထနဲ့ သီလ ရဲ့အကျိုးကိုမလွဲမသွေ
ခံစားရမှာဖြစ်ပေမယ့်  ဒါဟာ ကံတရားတွေသာဖြစ်ပါတယ်။ကံတရားဟာ
သံသရာလည်ခြင်းအကြောင်း သာလျှင်ဖြစ်ပြီး။သံသရာပြတ်ခြင်း။နိဗ္ဗာန်ကို
မျက်မှောက်ပြုလိုခြင်း ဆန္ဒရှိသူဟာ ဥာဏ်တရားကို အားကိုးပြုရမှာဖြစ်ပါတယ်။

များသောအားဖြင့် တရားစကားပြောတယ်ဆိုပြီး ပူရင်ပူတယ်လို့ သိ ။ အေးရင်
အေးတယ်လို့ သိ။နာရင် နာတယ်လို့ သိ။ကျင်ရင်ကျင်တယ်လို့ သိ။ စသဖြင့်
အရပ်ထဲမှာ ကလေးက အစ လွယ်လွယ်ပြောနေတဲ့စကားတွေဟာ အားလုံးရဲ့
နားမှာယဉ်ပါးနေကြပါလိမ့်မယ်။ နာတယ် ကျင်တယ် ပူတယ် အေးတယ်
ယားတယ် အောင့်တယ် စသဖြင့် အသိဟာ တိရိစ္ဆာန်တွေတောင်သိကြတာပါ။
ဒီအသိမျိုးသိရုံနဲ့  အရိယာဖြစ်နိုင်ရဲ့လားဆိုတာ စဉ်းစားဥာဏ်နဲ့ ဆင်ခြင် တတ်ဖို့ 
သိတ်အရေးကြီးပါတယ်။ သူများပြောသံကြားလေးနဲ့  လိုက်လုပ်နေလို့ မရနိုင်
မှန်းကို ကောင်းကောင်းဆင်ခြင်ရပါမယ်။ ဆရာကောင်းကိုမှီဝဲခြင်းဖြင့်သာလျှင်
စစ်မှန်တဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါလိမ့်မယ်။

တရားအားထုတ်တယ်လို့ ပြောပြီး ပညတ် မသိ ပရမတ် မသိ။ရုပ်မသိ နာမ် မသိ။
အနိစ္စလည်း နားမလည် ဒုက္ခ ဆိုတာလည်း သဲသဲကွဲကွဲ သဘောမပေါက်ရင်
နိဗ္ဗာန် ကိုဘယ်လိုမှ မရောက်နိုင် မရနိုင်ပါဘူး။

ဒါကြောင့်မို့ ထိုင်တိုင်းတရားမဖြစ်ပဲ အချိန်တွေအချည်းနှီး ဖြစ်စေနေကြတဲ့
ယောဂီများကို တွေ့ ရင် နှမျောစရာကောင်းလှတယ်လို့ မြင်မိပါတယ်။
ဘာမှ မသိ ဘာမှမလုပ်တဲ့သူနဲ့  ဘာမှကိုမခြားနားသလိုပါပဲ။
ဒုက္ခသစ္စာ သံသရာမှာပဲ လည်နေရအုံးမှာပါ။လုပ်သာလုပ်ပြီးမရတာလောက်
နစ်နာတာ မရှိပါဘူး။ကိုယ်လုပ်တဲ့အလုပ်ကိုအောင်မြင်အောင် ပြီးမြောက်
အောင်လုပ်နိုင်ဖို့  နည်းစနစ်မှန်ကန်ပြီး စစ်မှန်တဲ့ သစ္စာတရားတော်များ
နာကြားမှတ်သားပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်ဖို့  ဆရာကောင်းကိုမှီဝဲရန်
အထူးလိုအပ်ပါတယ်။

ဆရာကောင်းကိုမှီဝဲထားတဲ့သူများဟာ တရားအားထုတ်ဖို့အတွက်
အထူးတလည် အချိန်ပေးစရာတောင်မလိုပဲ သွားရင်းလာရင်း စားရင်း
သောက်ရင်း နေရင်းထိုင်ရင်းနဲ့  တရားထူးတရားမြတ်ကို ရနိုင်ကြပါတယ်။
ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည်ဟာ လူဦးရေ  (၇)ကုဋေ ရှိပြီး
(၅)ကုဋေ က အရိယာတွေလို့ ဆိုပါတယ်။ အဲ့ဒီ အရိယာဦးရေဟာ
ဆန်ဖွပ်ရင်း မောင်းထောင်းရင် ရေခပ်ရင်း ထမင်းချက်ရင်းကနေ
ကိုယ့်ပြုတဲ့အပြုအမူလေးတွေကို မှန်ကန်တဲ့နည်းစနစ် ဥာဏ် ပညာ နဲ့ 
သိမှတ်ဆုံးဖြတ်ပြီး သစ္စာလေးပါသိမြင်ခဲ့ကြတာလို့  မှတ်သားခဲ့ရပါတယ်။

ခန္ဓာမှာ နာတာ ကျင်တာ ပူတာ အေးတာ အောင့်တာ ယားတာ အစရှိသဖြင့်
ဖြစ်ပေါ်လာတဲ့အခါ ဒုက္ခသစ္စာပါလားလို့ သိမှတ်ရပါမယ်။ ဘာကြောင့် ဒုက္ခသစ္စာလို့ 
မှတ်ယူရမလဲဆိုတော့။ နဂိုက မနာ မကျင် မပူမအေး မယား မအောင့်ရာကနေ
နာလာ ကျင်တာ ပူလာအေးလာ ယားလာအောင့်လာခြင်းဟာ ဖေါက်ပြန်ခြင်းပါပဲ။
နဂို အနေ အထားကနေ ဖေါက်ပြန်တာ ပြောင်းလဲတာဟာ ဒုက္ခသစ္စာရဲ့ သဘော
သာလျှင်ဖြစ်ပါတယ်။ခန္ဓာငါးပါးတို့ ရဲ့ ဖေါက်ပြန်ပြောင်းလဲခြင်းသဘောကိုသိခြင်း
သည်သာလျှင် ဒုက္ခသစ္စာဖြစ်ပါတယ်။ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ သိပေးခြင်းဟာ
သစ္စဥာဏ်ကိုရခြင်းဖြစ်ပါတယ်။

ခန္ဓာတို့ ဖောက်ပြန်ခြင်းဟာ ချမ်းသာကိုဆောင်ယူခြင်းမရှိပါဘူး။နှိပ်စက်တဲ့သဘော
သာလျှင်ရှိတဲ့အတွက် ဆင်းရဲတယ်လို့  ဘုရားရှင်ကိုယ်တော်မြတ်က သေသေချာချာ
ဟောတော်မူထားတာပါ။ဖောက်ပြန်ခြင်းသဘောတွေနဲ့ ဆင်းရဲရတဲ့အတွက်ကြောင့်
ခန္ဓာမှာ ဖေါက်ပြန်လာတိုင်း နှိပ်စက်ပြန်ပြီးလို့  သိမှတ်ပေးရမှာဖြစ်ပါတယ်။
နာတယ် ကျင်တယ် ပူတယ် အောင့်တယ် အေးတယ် ယားတယ် စသဖြင့်သိခြင်းဟာ
လူသာမာန်တွေသိတဲ့အသိဖြစ်ပါတယ်။ ဥာဏ်ပညာရဲ့အရာမှာတော့
နှိပ်စက်ပြန်ပြီလို့  ပိုင်ပိုင်နိုင်နိုင်သိမှတ်ရမှာပါ။ သူတော်ကောင်းတို့ က ခန္ဓာရဲ့
သဘောကို ထိုးထွင်းပြီး သိတဲ့အသိမျိုးဖြစ်ပါတယ်။ ဥာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်
သိမြင်နိုင်ရပါမယ်။ အဲ့သလို နှိပ်စက်ပြန်ပြီလို့ သိခြင်းဟာခန္ဓာရဲ့ ကိစ္စကို
သိခြင်းဖြစ်လို့  ကိစ္စဥာဏ် ကိုရတာဖြစ်ပါတယ်။ သစ္စဥာဏ် ကိစ္စဥာဏ်တို့ နဲ့ 
ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီး သိမှတ်သူ ယောဂီဟာ ဓမ္မ က သူ့ အလိုလို ဆောင်ယူ
ပြီး ကတဥာဏ်ကိုမျက်မှောက်ပြုရမှာဖြစ်ပါတယ်။

ဒုက္ခသစ္စာဆိုတာ သိရမယ့် တရားပါ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ 
သိခြင်းဟာ မှန်ကန်သော မဂ္ဂင် လမ်းစဉ်ဖြစ်ပါတယ်။ဒုက္ခသစ္စာလို့ 
သိခြင်းကြောင့် မကျေနပ်တဲ့စိတ် သက်သာချင်တဲ့စိတ်စသဖြင့် သမုဒယ
သစ္စာတို့ ချုပ်ငြိမ်းပါတယ်။သမုဒယတို့ ရဲ့ချုပ်ငြိမ်းခြင်းဟာ နိရောဓသစ္စာ
မည်ပါတယ်။ ခဏ နိရောဓမှသည် ထာဝရ နိရောဓ ကို ဆိုက်ရောက်မှာဖြစ်ပါတယ်။


ဝိပဿနာကျင့်စဉ် အမှန်မြင်၍  နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။



*****  တတိယမြောက်သမီးတော် *****

0 comment: