ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, December 4, 2014

ပညာ နှင့် သဒ္ဓါ


ဝီမံသနာ  ပတိရူပေန အသဒ္ဓိယံ ၀ဉ္စေတိ။

ဝီမံသနာ မတိရူပေန=စုံစမ်းဆင်ခြင်ခြင်း ပညာတရားနှင့်တူသဖြင့်၊
အသဒ္ဓိယံ= သူတစ်ပါးကိုမယုံကြည်ခြင်း အသဒ္ဓိယ တရားသည်၊
ဝဉ္စေတိ=လှည့်ပတ်တတ်၏။
မသဒ္ဓါသည်ကို ပညာမှတ်တတ်သည်။
ပညာဖြင့်ဆင်ခြင်သလိုလိုနှင့် သူတစ်ပါးတို့ အား မယုံမနာ ဖြစ်တတ်သည်။

အသဒ္ဓိယ သည် မယုံခြင်းလက္ခဏာ ရှိသည်။
ဝီမံသ က(ပညာဖြင့်)စုံစမ်းဆင်ခြင်ခြင်း လက္ခဏာရှိသည်။
အသဒ္ဓိယက မကြည်လင်စေခြင်းကိစ္စရှိသည်။
ဝီမံသ က ကြည်ညိုဖွယ်ဂုဏ်ကိုရှာ၍ ယောနိသောမနသိကာရဖြင့်
ကြံစည်အောက်မေ့ခြင်း ကိစ္စရှိသည်။

အသဒ္ဓိယက အသင့်အတင့် ကြည်ညိုစရာအကြောင်းကိုမကြံစည်၊မကြည်ညိုစရာကိုသာ
ကြံစည်ခြင်း၊မထီမဲ့မြင် မလေးမစားပြုခြင်းကို ရှေးရှုသည်။

ဝီမံသ က ကြည်ညိုဖွယ်ရာများသောအရာတို့ `၌ အထူးကြည်ညိုမြတ်နိုး
ကျိုးနွံ ပျပ်ဝပ်ခြင်း၊ ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်တို့ `၌သော်လည်း မထီမဲ့မြင်
မပြုခြင်း၊ လျစ်လျူရှုခြင်းကို ရှေးရှုသည်။

အသဒ္ဓိယက သူတော်ကောင်းကို အမှီမပြုခြင်း၊ သူတော်ကောင်းတရားကို
မနာခြင်း၊ မသင့်မတင့် နှလုံးသွင်း သဒ္ဓါတရား ခေါင်းပါးခြင်းနှင့် နီးစပ်သည်။

ဝီမံသ က ဗဟုသုတ ပညာဝန္တ ပုဂ္ဂိုလ်တို့ ကိုမှီဝဲခြင်း၊ မကောင်းမှုမှ လန့် ခြင်း၊
နှလုံးနူးညံ့ခြင်း အစရှိသော သူတော်ကောင်း အဖြစ်နှင့် နီးစပ်သည်။

ထိုသို့ နှိုင်းယှဉ်ကြည့်မှ သဒ္ဓါအစစ်လား သဒ္ဓါအတုလားခွဲခြားသိနိုင်မည်။
မသိလျှင် သဒ္ဓါအတုက ပညာယောင်ဆောင်ခြင်းကိုမသိနိုင်တော့။

ဥာဏ်ပညာတွင် ပညာစစ် ပညာတု  နှစ်မျိုးရှိ၏။ ထိုတွင် ကံ ကံ၏ အကျိုးကို
သိတတ်သောဥာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကို နားလည်သောဥာဏ်၊
ဝိပဿနာဥာဏ်၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗေညုတ ဥာဏ်
တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဥာဏ်ပညာဟူသမျှသည်
ပညာအစစ်ဖြစ်သည်။
ပါးနပ်သူဟု ခေါ်ရသူတို့ သန္တာန်ဝယ် တဖက်သားကျလောက်အောင် ဟန်ပန်
လေသံဆောင်တတ်၊ ပြောတတ် ဟောတတ်သောဥာဏ်၊အခိုးအ၀ှက်ဥာဏ်
အလှည့်အစားဥာဏ်၊ပရိယာယ်မာယာဥာဏ်များသည် ပညာအစစ်
မဟုတ်ပဲ လိမ်လည်လှည့်ပတ်တတ်သော ၀ဉ္စနာ ပညာတုဖြစ်သည်။
(မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ၏ ကိုယ်ကျင့်အဘိဓမ္မာ)

ပညာအစစ်နှင့်တွဲမှ သဒ္ဓါ အစစ်အမှန်ဖြစ်လာမည်။
သဒ္ဓါကလည်းအစစ်အမှန်မဟုတ်၊ ပညာကလည်း အစစ်အမှန်မဟုတ်လျှင်
ယုံရမည့်ဟာကို မယုံကြည်ပဲ မယုံရမည့်ဟာကို တထစ်ချယုံကြည်နေလိမ့်မည်။
သိပ္ပံ နည်းမကျလျှင် လက်မခံချင်သူများ  ရတနာသုံးပါးနှင့်တကွ
သူတော်ကောင်းကြီးများအပေါ် မယုံမကြည်စူးစမ်းခြင်းအပေါ်
ဂုဏ်ယူနေတတ်ခြင်းသည် မသဒ္ဓါသည်ကို ပညာမှတ်နေကြခြင်းဖြစ်သည်။



ကျမ်းညွှန်း။   ။ ဆရာသုခ၏  စိတ်ဆိုသောစိတ်နှင့် ၀ဉ္စနာ ဒီပနီ။  ။



စစ်မှန်သော ပညာ  စစ်မှန်သောသဒ္ဓါတို့ ဖြင့် ဓမ္မကိုဆောင်ယူနိုင်ကြပါစေ။


           *****တတိယမြောက်သမီးတော်*****

0 comment: