ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, May 1, 2015

အရိယာတို့ ရှောင်ကြဉ်သည့် မကောင်းမှု(၁၄)ပါး


သူကြွယ်သား- အရိယာ သာဝက သည် ညစ်ညူးသော ကံလေးပါးကို ပယ်အပ်ကုန်၏။
လေးပါးသောအကြောင်းတို့ ဖြင့် မကောင်းမှုကို မပြု၊စည်းစိမ် ပျက်စီးကြောင်း ခြောက်ပါး
တို့ ကို မမှီဝဲ။ ထို အရိယာသာဝကသည် ဤသို့  တစ်ဆယ့်လေးပါးသော မကောင်းမှု မှ
ကင်းသည်ဖြစ်၍ အရပ်ခြောက်ပါးတို့ ကိုလုံခြုံစေလျှက် ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော
လောကကို အောင်မြင်နိုင်ခြင်းငှာ ကျင့်၏။။  ထိုအရိယာသာဝက ၏ ဤ ပစ္စုပ္ပန် လောက
သည်လည်းကောင်း၊ တမလွန် လောကသည်လည်းကောင်း နှစ်သက်အပ်၏။. ထိုအရိယာ
သာဝကသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌  ကောင်းသော လားရာဖြစ်သော
နတ်ပြည်လောကသို့ ရောက်၏။

ညစ်ညူးသော ကံလေးပါး.။..။
ထို အရိယာ သာဝကသည် အဘယ်ညစ်ညူးသော ကံလေးပါးတို့ ကို
ပယ်အပ်သနည်း ဟူမူကား။
(၁)သူ့ အသက်သတ်ခြင်းသည် ညစ်ညူးသောကံမည်၏။
(၂)မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူးသော ကံမည်၏။
(၃)ကာမ ဂုဏ်တို့ ၌ မှားယွင်းစွာ ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏။
(၄)မဟုတ်မမှန်ပြောခြင်းသည် ညစ်ညူးသောကံမည်၏။
ထို အရိယာသာဝက သည်ဤ ညစ်ညူးသော ကံလေးပါးတို့ ကို ပယ်အပ်ကုန်၏။
(မပြုလုပ်ပဲ ရှောင်ကြဉ်အပ်ကုန်၏။)

အကြောင်းလေးပါး..။..။
အဘယ်လေးပါးသော အကြောင်းတို့ ဖြင့် မကောင်းမှုကို မပြုသနည်း ဟူမူကား×
(၁)ဆန္ဒာဂတိ (ချစ်သဖြင့် မလိုက်အပ်သည်)သို့  လိုက်၍ မကောင်းမှုကိုပြု၏။
(၂)ဒေါသာဂတိ (မုန်းသဖြင့် မလိုက်အပ်သည်)သို့ လိုက်၍ မကောင်းမှုကိုပြု၏။
(၃)ဘယာ ဂတိ (ကြောက်သဖြင့် မလိုက်အပ်သည်)သို့  လိုက်၍ မကောင်းမှုကိုပြု၏။
(၄)မောဟာဂတိ (မသိသဖြင့် မလိုက်အပ်သည်)သို့  လိုက်၍ မကောင်းမှုကိုပြု၏။
သူကြွယ်သား- စင်စစ်သော်ကား အရိယာ သာဝကသည် ဆန္ဒာဂတိ၊ ဒေါသာ ဂတိ၊
မောဟာဂတိ၊ ဘယာ ဂတိ ၊သို့ မလိုက်မှားသောကြောင့် ဤလေးပါးသော
အကြောင်းတို့ ဖြင့် မကောင်းမှုကို မပြုဟု ငါဘုရားမိန့် တော်မှု၏။

သူကြွယ်သား- ချစ်ခြင်းကြောင့် လည်းကောင်း ၊ မုန်းခြင်းကြောင့်လည်းကောင်း၊
ကြောက်ခြင်းကြောင့် လည်းကောင်း၊ မသိခြင်းကြောင့် လည်းကောင်း တရားကိုလွန်ကျူး
ကျင့်သောသူ၏ အခြံအရံ အကျော်အစောသည် လဆုတ်ပက္ခ လကဲ့သို့  
တစ်နေ့ တစ်ခြား ဆုတ်ယုတ်၏။
သူကြွယ်သား-ချစ်ခြင်းကြောင့် လည်းကောင်း၊ မုန်းခြင်းကြောင့် လည်းကောင်း၊
ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း  တရားကိုလွန်ကျူး၍
မကျင့်သောသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခ လကဲ့သို့
တစ်နေ့ တစ်ခြား ပြည့်စုံ၏။

စည်းစိမ်ပျက်ကြောင့် ခြောက်ပါး။..။
အရိယာသာဝကသည် အဘယ်ခြောက်ပါးသော စည်းစိမ်ပျက်ကြောင်းတို့ ကို
မမှီဝဲသနည်း ဟူမူကား-
(၁)မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်းသည်
စည်းစိမ်ပျက်ကြောင်းတည်း။
(၂)အချိန်အခါမဲ့(ညအခါ) ခရီးသွားလာလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
(၃)ပွဲလမ်းသဘင်ကြည့်ရှုလေ့ရှိခြင်းသည်စည်းစိမ်ပျက်ကြောင်းတည်း။
(၄)မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
(၅)မကောင်းသောအဆွေခင်ပွန်းတို့ နှင့် ပေါင်းသင့်းလေ့ရှိခြင်းသည်
စည်းစိမ်ပျက်ကြောင်းတည်း။
(၆) ပျင်းရိလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။

အရပ်ခြောက်ပါးကို လုံခြုံစေခြင်း ။..။
သူကြွယ်သား- အရိယာ သာဝကသည် အရပ်ခြောက်ပါးတို့ ကို
အဘယ်သို့ လျှင် လုံခြုံစေသနည်း ဟူမူကား-
(၁)အမိအဘ တို့ ကို အရှေ့ အရပ် ဟု သိအပ်ကုန်၏။
(၂)ဆရာသမားတို့ ကို တောင်အရပ်ဟုသိအပ်ကုန်၏။
(၃)သားမယားတို့ ကို အနောက်အရပ်ဟု သိအပ်ကုန်၏။
(၄)ချစ်သောအဆွေခင်ပွန်းတို့ ကို မြောက်အရပ်ဟု သိအပ်ကုန်၏။
(၅)အစေအပါး အလုပ်သမားတို့ ကို အောက်အရပ်ဟု သိအပ်ကုန်၏။
(၆)သမဏ ဗြဟ္မာဏ(ရဟန်း ပုဏ္ဏား) တို့ ကိုအထက်အရပ်ဟု သိအပ်ကုန်၏။

။ သင်္ဂဟ တရားလေးပါး။..။
ကျင့်ဝတ်တရားတို့ ၌ --
ပေးကမ်းစွန့် ကြဲခြင်း၊ ချစ်ဖွယ်သော စကားကိုဆိုခြင်း၊အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း၊
ကိစ္စအားလျော်စွာ မိမိနှင့်ထပ်တူညီမျှ ဆက်ဆံခြင်း။
ဟူသော ကျင့်ဝတ်တရားတို့ သည်ရှိကုန်၏။ထိုထိုပုဂ္ဂိုလ် ၌ထိုက်သည့်အားလျော်စွာ
ထိုသင်္ဂဟ တရားတို့ သည် ဤလောက၌ သွားနေရသော ရထား၏ နားစောင့်ကဲ့သို့ ဖြစ်ကုန်၏။

။  သင်္ဂဟ တရားမဲ့က အကျိုးမရ။
-လောက၌ ထိုသင်္ဂဟ တရားတို့ သည် အကယ်၍ မရှိကုန်အံ့။
အမိသည် သားပြုအပ်သောမြတ်နိုးခြင်းကိုသော်လည်းကောင်း။
ပူဇော်ခြင်းကိုသော်လည်းကောင်း မရရာ။ အဘ သည် သားပြုအပ်သော
မြတ်နိုးခြင်းကိုသော်လည်းကောင်း၊ ပူဇော်ခြင်းကိုသော်လည်းကောင်း မရနိုင်ရာ။

-ထိုသင်္ဂဟ တရားတို့ ကို ပြုအပ်၏ ဟု ပညာရှိတို့  မှတ်ယူကုန်သောကြောင့်
ကြီးမြတ်သည့်အဖြစ်သို့ ရောက်ကုန်၏။ ချီးမွမ်းလည်း ချီးမွမ်း ထိုက်ကုန်၏။

ဤသို့ မြတ်စွာဘုရားဟောကြားတော်မူသောအခါ သူကြွယ်သား
သိင်္ဂါလ သည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်ထား၏။

အရှင်ဘုရား-အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏။တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏။ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍
အသက်ထက်ဆုံး ဘုရားတရား သံဃာကို ကိုးကွယ်ဆည်းကပ်သော
ဥပါသကာ ဟု မှတ်တော်မူပါ--  ဟူ၍လျှောက်ထားလေသတည်း။  ။

(သိင်္ဂါလသုတ် မြန်မာပြန် မှ)

………………
အရိယာတို့ ကျင့်ကြံသကဲ့သို့  ပုထုဇဉ်တို့ သည်လည်း လေးစားစွာ ကျင့်ကြံ
စောင့်ထိန်းကြကုန်လျှက် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံ၍ မြင့်မြတ်သောသူ
ပူဇော် ရှိခိုးခံထိုက်သောသူများ ဖြစ်နိုင်ကြပါစေ ။


              *****တတိယမြောက်သမီးတော်*****

0 comment: