ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, June 27, 2015

အဖေ့ကိုပြောဖြစ်ခဲ့သော စကားများ။


 လွန်ခဲ့တဲ့ တစ်ပတ်လောက်က အလုပ်နားရင်း အေးအေးလူလူ
အိမ်မှာ ရှိနေချိန် အဖေက ဘာစိတ်ကူးမိတယ် မသိ။
“..မိစီရေ… အဖေ့ကို တရားဟောပါအုံး..”  တဲ့ 

ရုတ်တရက်  အဖေက တောင်းဆိုလာတဲ့အချိန်မှာ ဘယ်လိုတရားမျိုးကို
အဖေကို ပြောရမလဲလို့  စဉ်းစားလို့ မရခဲ့ဘူး။
အဖေက အသက် (၈၀)  မှတ်ဥာဏ်တွေ ပျက်စီးနေပါပြီ။
မှတ်မိတာ ရှိသလို မမှတ်မိတာတွေက အများကြီးပါ။
မှတ်ဥာဏ်တွေပျက်စီးနေပြီဖြစ်တဲ့အဖေ့ကို အကျိုးရှိအောင်
ဘယ်လိုတရားမျိုး ပြောပြရမလဲလို့  သမီးတော်စဉ်းစားခဲ့ရပါတယ်။
ကိလေသာ အမြစ်ဖြတ်ပယ်သတ်နိုင်တဲ့ဥာဏ်စွမ်းအားနည်းနေပြီဖြစ်လို့ 
ခန္ဓာဥာဏ်ရောက်တရားကိုတော့ အဖေ့ကို ပြောပြလို့  ထူးနိုင်တော့မှာ
မဟုတ်တဲ့အတွက် နောက်ဘ၀ အပါယ်လွတ်ဖို့ အရေးတော့  စဉ်းစား
ကြည့်ရပါတယ်။ သုဂတိ လားရောက်နိုင်ဖို့ လောက်တော့ ကြိုးစားကြည့်ရ
မယ်လို့ စဉ်းစားမိပါတယ်။
“..အဖေက ဘယ်လိုတရားမျိုးနာချင်လို့ လဲ..”လို့  မေးတော့
ပဋိစ္စသမုပ္ပါဒ် အနုလောမ ပါဠိကို ရွတ်ပြပါတယ်
ရွတ်ပြပြီးတော့ အဖေရွတ်တာ မှန်ရဲ့လား သမီး လို့ မေးပါတယ်။
နောက်ဆုံးတစ်ကြောင်းက ဒုက္ခက္ခန္ဓဿ  ဆိုတဲ့စကားလုံးလေး တစ်လုံး
ကျန်သွားတာကလွဲရင် အဖေ က အားလုံးကိုရွတ်နိုင်တာဖြစ်လို့ 
အဖေ စိတ်ကျေနပ်မှုဖြစ်အောင် မှန်တယ် အဖေလို့ ပြောလိုက်ပါတယ်။
အဖေ့မှာ တရားတွေမေ့ စာတွေမေ့ နေလေတော့  အဖေ ရွတ်တာ
အမှားပါတယ်လို့ ပြောလိုက်ရင် ပိုပြီးအားငယ်သွားမှာ စိုးလို့ ပါ။
တကယ်လည်း စကားလုံးတစ်လုံးပဲ ကျန်တာမို့ လို့  အစကနေ အဆုံးထိလည်း
အားလုံး မှန်မှန်ကန်ကန် ရွတ်သွားတာမို့ လို့  ၀မ်းလည်းသာမိပါတယ်။

သို့ သော် အဖေ့ကို ပိုပြီးအားရှိအောင် သူ့ စိတ်ထဲမှာ တရားနှလုံးသွင်းနိုင်တယ်လို့ 
ယုံကြည်မြတ်နိုးပြီး ကျေနပ်နိုင်အောင် ပြောဖို့ တော့  သမီးတော် ကြံစည်မိပါတယ်။

ဒီနေ့  မနက်မှာတော့ အဖေ့ကိုကြည့်ရတာ ခါတိုင်းပိုပြီး
စိတ်လက်ကြည်သာရှိပုံရတာနဲ့ 
“…အဖေ  တရားအကြောင်း မစဉ်းစားတော့ဘူးလား..” လို့ မေးမိပါတယ်။
အဖေက.. “…ဘာအကြောင်းစဉ်းစားရမှာလဲ..” လို့ မေးတော့
“..ပဋိစ္စသမုပ္ပါဒ်ကို မရွတ်တော့ဘူးလား..” လို့ ပြန်မေးတဲ့အခါ
“..အဖေ  မမှတ်မိတော့ဘူး သမီးရယ်..” တဲ့ 
အဲ့ဒီတော့  သမီးတော်က ပဋိစ္စသမုပ္ပါဒ် အစလေးဖြစ်တဲ့
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရ   လို့ ရွတ်ဆိုတော့  အဖေက လိုက်ရွတ်တယ်။
“အ၀ိဇ္ဇာဆိုတာ  ဘာကိုပြောတာလဲ အဖေ…”  လို့  မေးတော့
“..အ၀ိဇ္ဇာဆိုတာ  မသိတာကို ပြောတာ..”
“…ဟုတ်ပြီ အဖေ  အ၀ိဇ္ဇာ ဆိုတာ မသိတာကိုပြောတာ..ဘာကို မသိတာလဲ ..”လို့ 
မေးတော့  အဖေက  မသိဘူးတဲ့ ။
“…အ၀ိဇ္ဇာ ဆိုတာ သစ္စာလေးပါး မသိတာကို အ၀ိဇ္ဇာလို့ ခေါ်တာ အဖေ…အဖေသိပြီးသားကို
မေ့ သွားတာလား..” လို့ မေးတော့  “အေး ဟုတ်တယ်  အဖေ မေ့ နေတာ”… တဲ့ ။
“..ဒါဆို  ခုမှတ်မိပြီလား  သစ္စာလေးပါးကို အဖေ ဆိုကြည့်ပါအုံး…” လို့  ဆိုတော့
သစ္စာလေးပါးကို အစဉ်အတိုင်းမဟုတ်ပဲ ကပေါက်တိ ကပေါက်ချာလေး  လေးပါးစလုံး
ပြည့်အောင်တော့ ရွတ်ပြပါတယ်။
“…ရပြီ အဖေ…အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရ။ အ၀ိဇ္ဇာဆိုတဲ့ သစ္စာလေးပါး မသိခြင်းကြောင့်
သင်္ခါရ သုံးမျိုးကို လုပ်ကြတယ်တဲ့ ။ အဲ့ဒီ သင်္ခါရ သုံးမျိုးကို အဖေ မှတ်မိလား..” ဆိုတော့
“..အဖေ မသိဘူး..” တဲ့ .။
“..အဖေ သိပါတယ်  မေ့ နေလို့ ဖြစ်မှာပါ   ပုညာဘိ သင်္ခါရ ရယ်  အပုညာဘိ သင်္ခါရ ရယ်
အာနဉ္စာဘိ သင်္ခါရ ရယ် သုံးမျိုးလေ..”
“ မသိဘူး..နင့်ဘာနင် သိရင် နင်ဘာနင်နေပါ့လား ငါ့ကို ဘာလို့ လာမေးနေတာလဲ..”တဲ့ 
“…အဖေ့ကို တရားတွေ မှတ်မိအောင် ပြန်နွှေးပေးတာလေ  အဖေ တရားသိဖို့ လိုတယ်မလား
အဖေ့ အတွက်  သမီးက ပြောပေးနေတာ…”လို့ ဆိုတော့မှ
“..အေး  အဖေ  မမှတ်မိတော့ဘူး..” တဲ့ 
မမှတ်တော့ဘူးဆိုတော့ တခြားအကြောင်းအရာတစ်ခုကိုပဲ ပြောဖို့  ကြိုးစားရပါတယ်။
“…သင်္ခါရကြောင့်  ၀ိဥာဏ် နာမ်ရုပ်တွေ ဖြစ်တယ် ဆိုတာ အဖေ သိတယ်နော်
ဝိဥာဏ်ဆိုတာ အသိစိတ်ကို ခေါ်တာ  နာမ်ရုပ်ဆိုတာကိုလည်း အဖေ မှတ်ထားနော်
ငါ ဆိုတာ မရှိဘူး ။ ငါ့ ခန္ဓာ ဆိုတာ မရှိဘူး  နာမ်နဲ့ ရုပ်ပဲ ရှိတယ်   အဖေ  ပဉ္စဂ္ဂ လင်မယား
အကြောင်းကို ကြားဖူးလား…”
“..မကြားဖူးဘူး သမီး…”
“..အဖေ  မကြားဖူးရင် သမီးပြောပြမယ်နော်….ကဿပ ဘုရားရှင်
လက်ထက်က ပဉ္စဂ္ဂ လင်မယားဟာ လင်မယားတွေဖြစ်ခဲ့တယ်
ကဿပ ဘုရားရှင်က သက်တမ်းရှည်တဲ့ ကာလ မှာ ဘုရားဖြစ်တာ ဆိုတော့
လေးလ မှ တစ်ကြိမ်ပဲ တရားဟောတယ်။ ဘုရားရှင်ရဲ့ လေးလ တစ်ကြိမ်တရားပွဲကို
သူတို့ လင်မယားက မသွားနိုင်ဘူးတဲ့။ တရားနာပြီးပြန်လာတဲ့ သူတွေက လမ်းသွားရင်း
ဘုရားက တရားဟောတာ ငါ ငါ့ခန္ဓာ ဆိုတာ မရှိဘူး ယောက်ျားမိန်းမ မရှိဘူး။
နာမ်နဲ့ရုပ်ပဲ ရှိတာတဲ့  လို့  ပြောကြတာကို မိန်းမ ဖြစ်သူက ကြားပြီး ယောက်ျားကို
ပြောပြတော့  ယောက်ျားဖြစ်သူက  ဘုရားက ဟောတာပဲကွာ ဟုတ်မှာပေါ့လို့ 
ဒီလိုလေးယုံကြည်လိုက်တာ။ အဲ့ဒီ ယုံကြည်တဲ့ စိတ်ကလေးတစ်ခုက အကျိုးပေးလိုက်တာ
ကဿပ ဘုရားရှင်နဲ့ ဂေါတမ ဘုရားရှင်  ဘုရားနှစ်ဆူ အကြား  လူ့ ပြည်နတ်ပြည်
စုံချည် ဆန်ချည် ကျင်လည်ရတယ်တဲ့ ။ သဒ္ဓါရဲ့ အထောက်အပံ့  နဲ့  အပါယ် မလားဘူးတဲ့ ။
ခု ဂေါတမ မြတ်စွာဘုရားပွင့်တော်မူတဲ့အခါမှာတော့ ဘုရားရှင်ကိုယ်တော်တိုင်
ပဉ္စဂ္ဂ လင်မယား အိမ်ကိုကြွသွားတယ်။ အဲ့ဒီ အချိန်မှာ ပဉ္စဂ္ဂ လင်မယားဟာ
ထမင်းစားနေတယ်။ယောက်ျားဖြစ်သူက  အိမ် အ၀င်ပေါက်ကို ကျောပေးပြီး ထိုင်နေတယ်။
မိန်းမ ဖြစ်သူက အိမ်အ၀င်ပေါက်ဘက် မျက်နှာမူပြီးထိုင်နေတယ်။
ဘုရားရှင် အိမ်ရှေ့ မှာ ရပ်တော်မူတာကို မိန်းမ ဖြစ်သူက မြင်တော့  သူ့ ယောက်ျား
စားလက်စ ထမင်းကို လှုလိုက်ရင် ပြန်ချက်နေရမှာစိုးတာနဲ့  ယောက်ျားမသိအောင်
ဘုရားရှင်ကိုမောင်းထုတ်တယ်။ ဘုရားရှင်က ပြန်ကြွတော်မမူပဲ ရပ်မြဲရပ်နေတော့
မိန်းမ ဖြစ်သူက အသံထွက်ပြီး ရယ်(ရီ)တယ်။ အဲ့လိုရယ်တော့ ယောက်ျားက နောက်လှည့်ကြည့်
ရာမှာ မြတ်စွာဘုရားကိုမြင်ပြီး မေးလျှောက်တယ်။ အရှင်ဘုရား   အရှင်ဘုရားတို့ က စားကြွင်းကို
အလှုခံကောင်းပါရဲ့လားလို့ မေးလျှောက်တော့…မြတ်စွာဘုရားက  ပုဏ္ဏားကြီး ငါဘုရားနှင့်တကွ
ငါဘုရား၏ သားတော် ရဟန်းများသည်  စားဦးကိုလည်း အလှုခံကောင်းတယ်။ စားလယ်ကိုလည်း
အလှုခံကောင်းတယ်။ စားကြွင်းကိုလည်း အလှုခံကောင်းတယ်။  လို့  ဒီလိုလည်းပြောလိုက်ရော
ပုဏ္ဏားကြီးက သူ စားလက်စ ထမင်းကို ဘုရားရှင်ကိုလောင်းလှုလိုက်တယ်။
ဘုရားရှင်က ဆွမ်းဘုန်းပေးတော်မူပြီးတော့ တရားဟောလိုက်တာ  လင်မယားနှစ်ယောက်စလုံး
အနာဂါမ်တည်သွားတယ်တဲ့ ။   အဲ့တော့ အဖေ လည်း  ငါဆိုတာ မရှိဘူး ငါ့ ခန္ဓာ ဆိုတာ မရှိဘူး
နာမ်နဲ့ ရုပ် ပဲ ရှိတယ် လို့   ဒီလိုလေး ဆင်ခြင်ပြီးနေပါ။
သတိရရင် ရသလို  အ၀ိဇ္ဖာဆိုတာ မသိတာကိုခေါ်တယ်
ဘာကိုမသိတာလဲ ဆိုတော့  သစ္စာ လေးပါးကိုမသိတာ   အဲ့ဒီ သစ္စာလေးပါးက ဘာလဲ
ဆိုတော့ ဒုက္ခသစ္စာ။  သမုဒယ သစ္စာ။ နိရောဓသစ္စာ။  မဂ္ဂ သစ္စာ။  လို့ ဒီလိုလေး တွေးပြီး စဉ်းစားပြီး
မှတ်ပြီးနေပါ  ဒါဆိုရင် အဖေ အပါယ် ရောက်စရာ အကြောင်းမရှိတော့ဘူး။ တခြား အကြောင်းပြော
ရင်လည်းအဖေ မမှတ်မိတော့ဘူးမလား။…”
“..အေး ဟုတ်တယ်  သမီးရယ်  အဖေက မမှတ်မိတော့ဘူး…ငါ့သမီးက  ခုလိုပြောပြလို့ 
အဖေ ကျေးဇူးတင်ပါတယ်  သမီးရယ်။ အဖေ ဘာမှ စဉ်းစားလို့ မရတော့ဘူး။
သမီးပြောပြတာကိုပဲ အဖေ မှတ်ထားပါ့မယ်။…ငါ ဆိုတာ မရှိဘူး။ ငါ့ ခန္ဓာ ဆိုတာ မရှိဘူး။
နာမ်နဲ့ရုပ်ပဲ ရှိတယ်။  အဖေ အဲ့လိုမှတ်ပါ့မယ်  ငါ့သမီးကို ကျေးဇူးတင်ပါတယ်။”

အဖေက ကျေးဇူးတင်စကားအထပ်ထပ်ပြောရှာပါတယ်။
တကယ်တော့  သမီးတော်တို့ ဘာသာရေးနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်ခဲ့တာ
အဖေ့ကြောင့်ပါ။ ဟိုးငယ်ငယ်ကတည်းက  ၀ိသာခါ အကြောင်း  အနာထပိဏ်
အကြောင်း စသည်ဖြင့်  အရိယာပုဂ္ဂိုလ်များအကြောင်းကို အခါအားလျှော်စွာ
ပြောပြခဲ့တဲ့သူက အဖေဖြစ်ပါတယ်။ ဘယ်နှကြိမ်ပဲ ပြောပြော မငြီးငွေ့ စတမ်းလည်း
နားထောင်ဖြစ်ခဲ့ပါတယ်။ အလွန်ပဲ နှစ်သက်ကြည်ညိုခဲ့ရတဲ့အကြောင်းလေးတွေပါ။
ခုတော့  အဖေ့ ကို ပြန်ပြီးကျေးဇူးဆပ်နေရပါပြီ။ တမလွန်ဟာ  အဖေ့ အတွက်
အပါယ်လေးဘုံ မဖြစ်ဖို့ အရေး  အချိန်ရရင် ရသလို  အဲ့ဒီလို ဗုဒ္ဓ၀င်လေးတွေပြောပြ
ရပါအုံးမယ်။

ဒီနေရာမှာ  တရားချစ်ခင် သူတော်စင်များကို ထပ်ဖြည့်ပြီး ရေးသားဖေါ်ပြချင်ပါတယ်။
ပဉ္စဂ္ဂ လင်မယားမှာ လင်ယောက်ျားဖြစ်သူက ငါးခုသော အဦးတို့ ကို လှုတတ်သူဖြစ်ပါတယ်။
ရိတ်သိမ်းပြီးစ လယ်ဦးကိုလှုတယ်။
တလင်းနယ်တဲ့အခါ တလင်းဦးကိုလှုတယ်။
နောက် တလင်းဘဏ္ဍာဦးကို လှုတယ်။
ထမင်းအိုးမှာချက်တဲ့အခါ ထမင်းအိုးဦးကိုလှုတယ်။
ခွက်မှာ ထမင်းခူးတဲ့အခါ ခွက်ဦးကိုလှုတယ်။ တဲ့ 
ဒါကြောင့် သူ့ကို ပဉ္စဂ္ဂ ဒါယကာလို့ ခေါ်ပါတယ်တဲ့ ။
အဲ့ဒီလို လှုဒါန်းခြင်းလုပ်လွန်းတဲ့အတွက် ဘုရားရှင် ကြွလာတော့
မယားဖြစ်သူက  သူ့ ယောက်ျားဟာ  အလှု ခံလာရင် မလှုပဲနေမှာ မဟုတ်မှန်း
သိလို့   လှုလိုက်ရင် သူပြန်ပြီးချက်ရမှာစိုးလို့  ဘုရားရှင်ကို မောင်းထုတ်တာပဲ
ဖြစ်ပါတယ်။

ဘုရားရှင် ကိုယ်တော်မြတ်က စားဦး စားလယ် စားကြွင်းကို အလှုခံရာမှာ
တချို့  အဋ္ဌကထာ ဆရားများက သူတောင်းစားလိုပဲ  အလှုခံကောင်းတယ်လို့ 
ဖွင့်ဆိုကြပြီး တချို့ ဆရာများကတော့  ပြိတ္တာ လိုပဲ  လို့  အဓိပ္ပါယ်ဖွင့်ဆိုတာ
တွေ့ ရပါတယ်။ စားဦး စားလယ် စားကြွင်းတွေကို အလှုခံရာမှာ  နိမ့်ချပြီး နှိုင်းယှဉ်
မိန့် တော်မူခဲ့တာပါ။မာန်မာန မရှိတဲ့ နိဝါတ သဘောထားဟာ ကြည်ညိုဖွယ်ရာ
ကောင်းလွန်းလှပါတယ်။  မာန ကြီးသူနဲ့  မိမိ ကိုယ်ကို နှိမ့်ချတတ်သူဟာ
ဘယ်သူက ပိုပြီးလေးစားစရာ ကြည်ညိုစရာကောင်းတယ်ဆိုတာလေးလည်း
မိမိကိုယ်ကို ဆင်ခြင်ဖွယ်ရာ ရစေပါတယ်။ ဘုရားရှင်က ငါဘုရားကို အဦးအမွန်သာ
လှုကောင်းတယ်လို့ များ မိန့် တော်မူခဲ့ရင် ပဉ္စဂ္ဂ လင်မယားလည်း ဆွမ်းလောင်း
ဖြစ်တော့မှာမဟုတ်သလို ကြည်ညိုခြင်းတွေလည်း အားနည်းသွားနိုင်ပါတယ်။
ခုတော့ ဘုရားရှင်က သူတောင်းစားလို  ပြိတ္တာလို ပဲ  စားဦးသော်၎င်း။
စားလယ် သော်၎င်း။ စားကြွင်းသော်၎င်း  အလှုခံကောင်းတယ်လို့ ဆိုတော့
ကြည်ညိုလွန်းတဲ့စိတ်နဲ့ ပဲ ဆွမ်းကိုလောင်းလှုလိုက်ပြီး ဘုရားရှင်ကို ကြည်ညိုခြင်းဆိုတဲ့
စိတ်ကလေး ကြည်လင်နေတဲ့အချိန်မှာ ဘုရားရှင်က တရားတော်ကို ဟောကြားလိုက်တော့
နားက တရားနာရင်း ဥာဏ်က ခန္ဓာ လှည့်လိုက်တာ တရားတော်အဆုံးမှာပဲ
လင်မယားနှစ်ယောက်လုံး  အနာဂါမ် တည်သွားကြပါတယ်။
…………………..

ဒါန သီလ တို့ ဖြင့် မိမိ ကိုယ်ကို စင်ကြယ်စေလျှက်
ဘုရား တရားသံဃာတည်း ဟူသော ရတနာမြတ်သုံးပါးတို့ အပေါ်တွင်
ယုံကြည်သဒ္ဓါပြည့်စုံကြသည်ဖြစ်၍ အပါယ်တံခါးပိတ်ကာ
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြခြင်းသည် ဖြစ်ကြပါစေ။


                      *****တတိယမြောက်သမီးတော်*****

8 comment:

Anonymous said...

မိဘကိုတရားနဲ့ ကျေးဇူးဆပ်ခြင်းဟာအမြင့်မြတ်ဆုံးကျေးဇူးဆပ်ခြင်းမို့ သာဓု သာဓု သာဓု ပါ အမရေ ။
သင်္ခါရနဲ့  အသင်္ခါရကို ပိုင်းခြားသိပေမယ့်  သင်္ခါရသုံးမျိုးကိုခွဲခြားမသိသေးတာကြောင့် ကျေးဇူးပြုပြီး
ရှင်းပြပေးပါအမရေ

ရိုသေစွာဖြင့် 
မောင်ငယ်

3rdthameetaw said...

သင်္ခါရဆိုတာ ပြုလုပ်ခြင်းပါပဲ မောင်ငယ်
ကမ္မဘ၀ နဲ့ အတူတူပဲလေ ပဋိစ္စသမုပ္ပဒ်ကိုတော့ လေ့လာဖူးတယ် မဟုတ်လား
၁.အကွက်က သင်္ခါရ နဲ့  ၃. အကွက်က ကမ္မဘ၀ က အတူတူပါပဲ
ပြုလုပ်အားထုတ်တာကိုပြောတာ
သင်္ခါရ . ၃ . မျိုးမှာ ပုညာဘိဆိုတာ ကုသိုလ်
အပုညာဘိ ဆိုတာ အကုသိုလ်
အာနဉ္စာဘိ ဆိုတာ သမထ ကုသိုလ် လောကီ ဈာန် အဘိညာဉ်ကို ပြောတာပါ။
အကုသိုလ် လုပ်တော့ အပါယ်ခန္ဓာတွေရကြတယ်
ကုသိုလ်လုပ်ကြတော့ သုဂတိ ခန္ဓာတွေရကြတယ်။
အာနဥ္ဏာဘိ လို့ ဆိုတဲ့ သမထ ကုသိုလ်လုပ်တော့ ဗြဟ္မာခန္ဓာရကြတယ်။
ဒီခန္ဓာရခြင်းအကြောင်းကို ပြုလုပ်တာ မှန်သမျှ သင်္ခါရ တရားတွေကြီးပါပဲ။
နိဗ္ဗာန်မျက်မှောက်ပြုတဲ့ လောကုတ္တရာကုသိုလ် ကသံသရာပြတ်ကြောင်းတရား
ခန္ဓာချုပ်ကြောင်းတရားဖြစ်ပါတယ်။

Anonymous said...

အနာဂါန် အရိယာအထိ ကုသိုလ်ကောင်းမှု့ တွေလုပ်ကြရအုံးမယ်လို့ 
သဲအင်းဂူဆရာတော်ဘုရားကြီးဟောကြားခဲ့ တာအမှတ်ရမိတယ် အမရေ ၊
မသိသေးတဲ့ တရားတွေကိုအလွယ်သိခွင့် ရလို့ ကျေးဇူးအထူးပါ ၊

ချစ်ခင်ခြင်းများစွာဖြင့် 
မောင်ငယ်

3rdthameetaw said...

ကုသိုလ်ကောင်းမှု ကတော့ ရဟန္တာတွေလည်း လုပ်ကြသေးတယ် မောင်ငယ်
ရဟန္တာကျတော့ ကုသိုလ်ဇော နဲ့  ပြုတာ မဟုတ်တော့ပဲ ကြိယာစိတ်နဲ့ ပြုတယ်လို့ 
အဘိဓမ္မာမှာ ဆိုပါတယ် ဘာသာတရားကို စိတ်ဝင်စားရင် အဘိဓမ္မာကို
လေ့လာဖြစ်အောင်လေ့လာပါလား အင်မတန် လေ့လာသင့်တဲ့ တရားဖြစ်တယ်

Anonymous said...

မနက်ကပဲအဘိဓမ္မာသင်တန်းတက်ဖို့ စိတ်ကူးမိတယ်အမရေ၊
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ကမ္ဘာကျော်ပဋိစ္စသမုပ္ပဒ်စက်ဝန်းကိုလည်းဆင်ခြင်ခဲ့ ဖူးပါတယ်၊
သဲအင်းဂူဆရာတော်ဘုရားကြီးကလဲရဟန္တာတွေကုသိုလ်ကောင်းမှု့ မလုပ်ဖူးလို့ မဟောခဲ့ ပဲ
ကုသိုလ်ဇောနဲ့ မပြု ဖူးလို့ ဟောခဲ့ ပါတယ်အမရေ ။
အဘိဓမ္မာကိုစိတ်ဝင်စားလို့  နာမည်ကြီးအဘိဓမ္မာဆရာမတစ်ဦးရဲ့ တရားခွေကိုလေ့ လာတဲ့ အခါ
သူက ဘုရားမရှိတော့ တဲ့ အချိန်မှာ တရားကအမြတ်ဆုံးဆိုတာနဲ့ ဆက်မလေ့ လာဖြစ်တော့ ပါ၊
အခုတော့ ဖားအောက်ဆရာတော်ဘုရားရဲ့ ငါးအုပ်တွဲတရားစာအုပ်ကိုလေ့ လာဖတ်ရှု့ နေပါတယ်၊
အမကလဲတိုက်တွန်းတယ်ဆိုတော့  အခါသင့် တဲ့ အခါအဘိဓမ္မာသင်တန်းတက်ပါ့ မယ်။

ရိုသေစွာဖြင့် 
မောင်ငယ်

3rdthameetaw said...

သာဓုပါကွယ် သာဓု သာဓုပါ
တရား ဓမ္မနဲ့ ရင်းနှီးကျွမ်းဝင်နေတော့ အသိပညာမြင့်မားပြီး
အနေ ငြိမ်းတာပေါ့
တန်ဖိုးရှိတဲ့ ဘ၀ပါပဲ မောင်ငယ်ရေ

စံပယ်ချို said...

ငါ့ ခန္ဓာ ဆိုတာ မရှိဘူး။
နာမ်နဲ့ရုပ်ပဲ ရှိတယ်။ အဲတာလေးတော့ သိလိုက်တယ်သမီးတော်ရေ...

3rdthameetaw said...

ကောင်းတာပေါ့ ဂျက်ရေ