ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, September 22, 2015

အထူးအစီအစဉ် ဒု အကြိမ်


 တရားဓမ္မနဲ့ပတ်သက်လာရင် ကျင့်ကြံတဲ့နည်းလမ်းကို
လူတိုင်းရှာဖွေကြလိမ့်မယ် ထင်ပါတယ်။


ဘ၀ ရခြင်းတွေရဲ့ဆင်းရဲ ခန္ဓာရခြင်းရဲ့ဆင်းရဲတွေကို
သိပေမယ့် ဒီဆင်းရဲခြင်းက လွတ်မြောက်အောင်
အားထုတ်ဖို့ ကျတော့ နည်းလမ်း အမှန်မသိခြင်း
နည်းလမ်းကိုစနစ်တကျ အားမထုတ်တတ်ခြင်းတွေ
ကြောင့် ဥာဏ်စဉ်တွေ မတက်ကြတာကို တကယ်
အားထုတ်သူတိုင်း ကျင့်ကြံကြိုးစားသူတိုင်း ကြုံဖူးကြမှာပါ။

သမီးတော်ရဲ့ သစ္စာတရားရှာဖွေခြင်းကာလ သက်တမ်းမှာ
ဆရာကောင်းသမားကောင်းလည်း ရှာမတွေ့ခဲ့စဉ်က
စာအုပ်တွေ စာပေတွေထဲကရေးသားထားတာလေးတွေကို
လေ့လာပြီး ဟိုနည်းလုပ်ရင် ရနိုးနိုး ဒီနည်းလုပ်ရင်
ရနိုးနိုး နဲ့ စမ်းသပ်ခဲ့တာလည်း များလှပါတယ်။
ပထ၀ီ ကသိုဏ်း ရေကသိုဏ်း မီးကသိုဏ်း စသည်ဖြင့်
ဟုတ်လိမ့်နိုးနိုး စမ်းတ၀ါးဝါး အားထုတ်ခဲ့တာလည်း
အစသာပျိုးပြီးရှေ့မတိုးရဲ ဆိုသလို အမှားဖြစ်ပြီး
လမ်းလွဲမှာကြောက်တဲ့စိတ်နဲ့ ရပ်ပစ်ခဲ့တာကြီးပါပဲ။

ဝင်လေထွက်လေကိုမှတ်ရမယ်ဆိုပြန်တော့လည်း
ဘယ်လိုအမှတ်ကိုယူရမယ်မှန်းမသိတော့
စမ်းတ၀ါးဝါးကြိုးစားရင် စာအုပ်တစ်အုပ်က အမှားတစ်ခု
ကြောင့် တရားအားထုတ်ရင်း ငိုချင်သလို ၀မ်းနည်းသလို
ခံစားမှုတွေလည်းပေါ်ခဲ့ဖူးပါတယ်။ ဒီအတိုင်းဆက်လုပ်ရင်
ရူးသွားနိုင်တယ်လို့  ကိုယ့်ဘာသာတွေးပြီး ကျင့်စဉ် အမှားကို
ရပ်ပစ်ခဲ့ရပြန်ပါတယ်။

နောက်တော့ တရားခွေတစ်ခုကနေ နာကြားရတာက
ဝင်လေမှာလည်း ဖြစ်ပျက် ရှိတယ် ထွက်လေမှာလည်း
ဖြစ်ပျက်ရှိတယ်လို့ ဆရာတော်တစ်ပါးဟောတာကို
နာကြားရတဲ့အချိန်မှာ ဖြစ်တယ် ပျက်တယ် ဆိုတာကို
ကြိုးစားပြီး ရှုမှတ်ကြည့်ပြန်ပါတယ်။ အဲ့ဒီ အချိန်က
ကက်ဆက် တိတ်ခွေဖွင့်ပြီးနာရတာဖြစ်လို့  ဘယ်ဆရာတော်
ဆိုတာလည်း သဲသဲကွဲကွဲတော့ မမှတ်မိပါဘူး။
သို့သော်လည်း ၀င်လေ ထွက်လေရဲ့အဖြစ် အပျက်ကို
ခပ်ပါးပါးလေး ရှုမှတ်သိရှိခဲ့တာတော့ အမှန်ပါ။
သိပင်သိငြားသော်လည်း ဆရာသမား အစောင့်
အရှောက်မပါပဲ ကိုယ့်ဘာသာ အားထုတ်ဖို့ ရာမှာ
အမှားဖြစ်မှာကြောက်တာနဲ့  ထိထိမိမိ အားမထုတ်ဖြစ်
ခဲ့ပြန်ပါဘူး။ ဒီလိုနဲ့ပဲ စစ်မှန်တဲ့နိဗ္ဗာန်သွားတဲ့နည်းလမ်းကို
ရှာဖွေရင်း ဓမ္မရံသီ ဆရာတော် အရှင်သုနန္ဒဆီမှာ ယောဂီ
အဖြစ် စခန်းဝင်ရင်း တပည့်အရင်းအချာတစ်ယောက် ဖြစ်
ခွင့်ရခဲ့ပါတယ်။ ဆရာဘုန်းဘုရားရဲ့ နည်းပေးလမ်းပြ နဲ့
ဦးဇင်းနှစ်ပါးရဲ့ သင်ကြားပို့ ချမှုတွေကိုခံယူရင်း နိဗ္ဗာန်သွား
လမ်းပြမြေပုံ အစစ်အမှန်ကို သင်ယူတတ်မြောက်ခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း သမီးတော်လိုလူတွေအတွက်
အသုံးဝင်မယ်လို့ ထင်ရတဲ့နည်းလမ်းလေးတွေကိုမျှဝေရင်း
အွန်လိုင်းမှာ စာတစ်ချို့ကို ရေးသားမျှဝေဖြစ်ခဲ့ပါတယ်။
အလုပ်ပေးတရားတွေတင်ထားခဲ့ဖူးပေမယ့် တနှစ်ကျော်
နှစ်နှစ်နီးပါးလည်းကြာခဲ့ပြီဖြစ်တာရယ် စာအပုဒ်ရေ
နှစ်ရာပြည့်အနေနဲ့ တကြိမ်လောက်ထပ်ပြီးကျေးဇူးပြုချင်တာ
ရယ်ကြောင့် ဒုတိယ အကြိမ် အထူးအစီအစဉ် အနေ နဲ့ 
ဝိပဿနာရှုမှတ်ခြင်းကို သမီးတော် နိုင်သလောက်လေး
ကျေးဇူးပြု ဖို့ရည်ရွယ်မိပါတယ်။

သံသရာမှာ ဆွေမျိုးမတော်ဖူးသူ မရှိဘူးလို့  နာကြားမှတ်သား
ခဲ့ရတာမို့  ဘ၀ အဆက်ဆက်က အမိ အဘ အဖိုးအဖွား
ညီအကို မောင်နှမ ဆွေမျိုးသားချင်းများကို သစ္စာတရားနဲ့
ကျေးဇူးပြုခွင့်ရခြင်းအတွက်လည်း မိမိကိုမိမိ ၀မ်းသာဂုဏ်ယူ
ကျေနပ်မိပါတယ်။

အားလုံးပဲ သစ္စာသိမြင်ကျွတ်တမ်းဝင်ကြစေဖို့ 
ယုံကြည်
ကျန်းမာ
စိတ်ဖြောင့်စွာဖြင့်
လွန်စွာ အားထုတ်
နာမ်နဲ့ ရုပ်ကို
ဖြစ်ချုပ် ဥာဏ်မြင်
ဤ ငါးအင်
မှန်ပင် မဂ်ရကြောင်း ………လို့ 
ဆိုထားတဲ့အတွက်  ယုံယုံကြည်ကြည်နဲ့
ကျန်းမာစွာရှိကြသူများဟာ စိတ်အပူအပင်ကင်းစွာ
တစိုက်မတ်မတ် ကြိုးစားအားထုတ်
ရှုမှတ်နိုင်ကြမယ် ဆိုရင်ဖြင့်
နာမ် နဲ့ ရုပ်တို့ ရဲ့
ဖြစ်ခြင်း ချုပ်ခြင်း ကို
ဥာဏ်နဲ့မြင်ပြီး
လောကုတ္တရာမဂ်ကို ဧကန်ရမယ်လို့ မှတ်ယူကြပါ။

သံသရာကျေးဇူးကို သစ္စာတရားနဲ့ ကျေးဇူးဆပ်ပါမည်။

           



                 *****တတိယမြောက်သမီးတော်*****

4 comment:

Anonymous said...

သံသရာကျေးဇူးကိုသစ္စာတရားနဲ့ကျေးဇူးဆပ်ပါမည် ဆိုတာနားမလည်လို့ကျေးဇူးပြု ပြီးရှင်းပြပါအမရေ လေးစားစွာဖြင့် မောင်ငယ်

3rdthameetaw said...

အဲ့ဒီ စကားကို တစ်ခါမှ မကြားဖူးခဲ့တာလား

Anonymous said...

Sorry ပါအမရေ ။ လေးစားစွာဖြင့် မောင်ငယ်

3rdthameetaw said...

:)