ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, October 10, 2015

အစစ်အမှန်၏ သဘောကို နားလည်ခဲ့သူ


သမီးတော်ရဲ့ အထက်အရာရှိတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့
ပင်စင်ယူသွားပြီးဖြစ်တဲ့ အန်တီတစ်ယောက်နဲ့ ပြောဖြစ်ခဲ့တဲ့
စကားလေးတွေပါ။
 

သမီးတော် တို့ ဌါနရဲ့ လုပ်ငန်းခွင်အတွက် လက်တွေ့ အလုပ်သင်ကို
လားရှိုးမှာဆင်းခဲ့ရပါတယ်။ အလုပ်သင်ဆင်းခဲ့တဲ့ (၆)လတာ ကာလမှာ
အများကြီးလည်း သင်ပေးခဲ့ဖူးပြီး သင်တန်းကာလပြီးဆုံးလို့ လုပ်ငန်းခွင်
ကိုဝင်ဖို့ လားရှိုးကနေ ထွက်ခွာရတော့ အန်တီက တရုတ်ဖြစ် ထမင်းပေါင်း
အိုးလေး တစ်လုံးကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။
သမီးတော်တစ်ယောက်တည်းကိုမဟုတ်ပါဘူး။ သမီးတော်နဲ့အတူ
အလုပ်သင်ဆင်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်းပေးခဲ့ပါတယ်။
ရန်ကုန်မှာ တစ်နှစ်တာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာ မိဘ များနဲ့ နီးရာ
ရှမ်းမြောက်ထဲကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရဖို့ ကြိုးစား
ခဲ့ရပြန်ပါတယ်။ ရှမ်းမြောက်ကို ၀င်ခွင့်ရပြီး ဆိုကတည်းက အလုပ်ကိစ္စနဲ့
သော်၎င်း။ အစည်းအဝေးသော်၎င်း။ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ခရီးထွက်၍၎င်း.။
လားရှိုးကိုရောက်တဲ့အခါတိုင်း အန်တီကြီးရဲ့ ၀န်ထမ်းနေအိမ်အခန်းလေးမှာ
အေးချမ်းလုံခြုံစွာ တည်းခိုနေထိုင်ခဲ့ရပါတယ်။ အပျိုကြီးလည်းဖြစ်တဲ့အတွက်
တခြားအားနာစရာမရှိ ကိုယ့်မိဘလို အမကြီးတစ်ယောက်လို
ရင်းနှီးချစ်ခင်စွာ လွတ်လပ်စွာ တည်းခိုခဲ့စမြဲပါ။
အန်တီကြီး အရွယ်ကောင်းစဉ်ကတော့ တူတွေ တူမတွေကို
စောင့်ရှောက်မှုတွေပေးခဲ့တာမျိုးတာဝန်ယူခဲ့တာမျိုးတွေ
များစွာ ဆောင်ရွက်ခဲ့ပါတယ်။ ဆွေမျိုးတွေထဲက အဆင်မပြေကြတဲ့
သူတွေကို တတ်နိုင်သလောက် ရတဲ့ဝင်ငွေကနေ ထောက်ပံမှုတွေ
ပြုလုပ်ခဲ့ပါတယ်။ ခုတော့လည်း အရွယ်တွေရောက် အိမ်ထောင်တွေကျ
ကိုယ့် ကိစ္စနဲ့ကိုယ်မို့ အန်တီကြီးဆီကို ဘယ်သူမှ ရောက်မလာနိုင်ကြတော့
ပါဘူး။

အန်တီကြီးဟာ အပျိုကြီးလည်းဖြစ် တစ်ကိုယ်တည်းလည်းနေသူဖြစ်လေတော့
သူ့မှာ အဖေါ်မရှိတာနဲ့ပဲ သူတာဝန်ထမ်းဆောင်နေရတဲ့ မြို့ဆီ
သမီးတော်ကို ပြောင်းေ၇ွှ့လာဖို့ ပြောခဲ့ဖူးပါတယ်။ သမီးတော်ကလည်း
မိဘများရှိတဲ့အရပ်မှာနေသူဆိုတော့ မိဘများကို ဦးစားပေးရမှာမို့
အားနာစွာနဲ့ပဲ ငြင်းဆန်ခဲ့ရပါတယ်။
ဘာသာရေးနဲ့ပတ်သက်ပြီး အသိအမြင်မှန်အောင် အန်တီကြီးကို
သတိပေးခြင်းတိုက်တွန်းခြင်းတွေလုပ်တတ်လို့လည်း တရားစခန်းကို
အတူသွားဖို့ပါ ညှိနှိုင်းခဲ့ဖူးပါတယ်။ အကြောင်းမတိုက်ဆိုင်လို့
ခုချိန်ထိတော့အတူ မသွားဖူးခဲ့သေးပေမယ့် အန်တီကိုယ်တိုင်
လားရှိုးမှာရှိတဲ့ မိုးကုတ်ဝိပဿနာ ရိပ်သာမှာ စခန်းဝင်ရင်းကနေ
အမှုဆောင်တစ်ယောက်ဖြစ်နေခဲ့တဲ့အထိ ဘာသာရေးပိုင်းမှာ
နိုင်ရာတာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

ပိုပြီး ၀မ်းသာစရာကောင်းတာကတော့ စခန်းဝင်ရာကနေရခဲ့တဲ့
အသိတရားလေးတွေကြောင့်ပါပဲ။ တစ်ယောက်ထဲနေပြီး
ပရဟိတ အလုပ်လေးတွေအတွက်အချိန်ပေးရင် ကိုယ်ပိုင် အလုပ်
လေးကိုလုပ်ရင်းနဲ့ နေတဲ့ အန်တီကြီးဆီကို  ကြာကြာတစ်ခါ ဆိုသလို
သမီးတော်က ဖုန်းဆက်လေ့ရှိပါတယ်။ အန်တီကြီးကတော့ အကြောင်းရှိမှ
လှမ်းဆက်တာမျိုးပါ။ သမီးတော် ဖုန်းလှမ်းဆက်လိုက်တိုင်း လူနေမှုကိစ္စလေးတွေ
လုပ်ငန်းခွင်က ကိစ္စလေးတွေအကြောင်းပြောဖြစ်ပေမယ့် ဘာသာရေး
အကြောင်းကို ပိုပြီးပြောဖြစ်နေကျဖြစ်ပါတယ်။

ဒီတစ်ခါတော့ ခါတိုင်းနဲ့မတူတဲ့ စကားတွေကို အန်တီကြီးက ပြောလာလို့
ဝမ်းလည်းဝမ်းသာရသလို စိတ်ချလက်ချလည်းဖြစ်မိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်ရလာတဲ့သူတွေဟာ
သေခြင်းတရားကိုရင်ဆိုင်ရမယ်ဆိုတာ တွေးမိရင် ပိုပြီးထိတ်လန့်
တတ်ကြတယ်လို့ သိထားလို့ပါ။ ပြီးတော့ သေသွားတဲ့သူတွေဟာ
ဝိညာဉ်တွေဖြစ်ပြီး မိမိကိုယ်မိမိ သေမှန်းလည်းမသိတော့
ဟိုသွားဒီသွား  သွားရင်း သိတဲ့သူတွေ့ရင်လိုက်ခေါ် ၊ ကိုယ်ကခေါ်ပေမယ့်
တဖက်လူက မကြား။ စသည်ဖြင့် ဘယ်သူက ပြောမှန်းမသိတဲ့
အကြောင်းအရာတစ်ချို့ကို  ကြားဖူးထားကြလေတော့
ကိုယ့်ကိုကိုယ်သေပြီးလားလို့ ထင်ပြီး များသောအားဖြင့်
အသက်ကြီးတဲ့ လူကြီးတွေဟာ အိမ်မှာရှိတဲ့ သားသမီးတွေ
မြေးမြစ်တွေကိုတွေ့တိုင်း အလကားနေရင်းခေါ်လေ့ရှိပါတယ်။
အဲ့ဒီလို ခေါ်ပြီး ဘာမှ ပြောတာမရှိကြပါဘူး။ ပြောစရာရှိလို့ခေါ်တာလည်း
မဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ ငါသေသွားပြီလားဆိုတဲ့ အတွေး
ရှိနေတဲ့အတွက်ကြောင့် တဖက်လူကိုတွေ့ရင် နာမည်တပ်ခေါ်တယ်။
ပြန်ထူးတဲ့အသံလေးကြားရမှ ငါမသေသေးဘူးလို့ ဒီလိုလေးတွေးပြီး
စိတ်ချမ်းသာကြပါတယ။် အဓိကကတော့ မိမိရဲ့ခေါ်သံကိုတဖက်လူ
ကြားသည် မကြားသည် သိချင်ကြလို့ခေါ်ကြတာပါ။ ခေါ်ပြီး ဘာမှ
မပြောတဲ့အခါမှာ သားသမီး မြေးမြစ်ဆိုသူတွေက ခေါ်ပြီး ဘာမှလည်း
မပြောဘူးဆိုပြီး  စိတ်မရှည်ဖြစ်တတ်ကြပါတယ။်  ဒီလိုစိတ်အခြေအနေကို
လေ့လာမိလို့ သမီးတော်ကလည်းပြောနိုင်တာပါ။

အန်တီကြီးဟာ သမီးတော်ဖုန်းခေါ်တိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်တတ်ပေမယ့်
ကိုယ့်ကိုကိုယ်ထိန်းထားနိုင်သူမို့ ၀မ်းနည်းခြင်း အားငယ်ခြင်း လေသံမျိုးနဲ့
ဘယ်တော့မှ စကားပြောလေ့ မရှိခဲ့ပါဘူး။ဖုန်းခေါ်တဲ့အတွက်ကို ကျေးဇူး
တင်နေတတ်ပြီး အားရင်လည်းဖုန်းခေါ်ပါ ဆိုတဲ့ တောင်းဆိုမှုမျိုးကိုတော့
အမြဲပြောလေ့ရှိပါတယ။် သမီးတော်က ကြာကြာမှ တစ်ခါသာခေါ်ပါတယ်။
တစ်ခါခေါ်ပြီးရင်လည်း  အနည်းဆုံး တစ်နာရီလောက်ကြာအောင်
စကားပြောလေ့ရှိပါတယ်။ တစ်ခါတစ်လေမှာတော့ ပြောတာတွေများပြီး
နှစ်နာရီလောက်ကြာသွားတာမျိုးလည်းရှိတတ်ပါတယ်။
ဖုန်းပြောတဲ့အခါတိုင်းလည်း အန်တီက ပတ်ဝန်းကျင်မှာ
တွေ့ရကြုံရတာတွေ စိတ်ရှုပ်ထွေးစရာတွေ ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့
ကြုံတွေ့ရတဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ချစ်ခင် ယုံကြည်စွာ
အမြဲရင်ဖွင့်လေ့ရှိပါတယ။် သံဝေဂ ယူစရာအပိုင်းတွေကိုတွေ့တိုင်း
ကြောက်စရာကြီးပါလားလို့ အမြဲတွေးပြီး ဆင်ခြင်လေ့ရှိသူပါ။

အန်တီဆီကို ခဏခဏ ဖုန်းဆက်လို့ရပေမယ့် သမီးတော်က
ဘယ်အရာကိုမှ အကျင့်မလုပ်ပါဘူး။ လူ့စိတ်ဆိုတာ အစွဲအလန်း
ဖြစ်တတ်တဲ့သဘောမို့လို့ မဆက်ဖြစ်တဲ့အခါ အမျိုးမျိုးတွေးနေမှာ
မလိုလားတာ တစ်ကြောင်း အားကိုးရာအဖြစ်မြင်ပြီး တွယ်တာနေမှာ
စိုးတာ တစ်ကြောင်းကြောင့် ဘယ်တော့မှ ပုံမှန်ဆက်လေ့မရှိပါဘူး။
မိမိကိုယ်ကို အားကိုးယုံကြည်ခြင်းနဲ့ ရင်ဆိုင် ဆုံးဖြတ်တတ်ခြင်းကို
ပိုပြီး အလိုရှိတတ်သူမို့ ဘယ်သူကိုမှလည်း အားကိုးလာအောင်
အားပေးတဲ့စကားမျိုးလည်းပြောလေ့မရှိခဲ့ပါဘူး။ သမီးတော်က
တွေ့တဲ့သူတိုင်းကို အမှန်တရားကိုသာ လက်ခံတတ်တဲ့သူ
မြင်တတ် သိတတ်တဲ့သူသာ ဖြစ်စေချင်ခဲ့ပါတယ်။ ဘယ်အရာမဆို
 မိမိ စွမ်းနိုင်သမျှ ရင်ဆိုင် ဖြေရှင်းရမှာဖြစ်ပြီး မိမိ ကြိုးစားသလောက်
ဖြစ်မလာခြင်းဟာ မိမိရဲ့ကံကြမ္မာနဲ့သာဆိုင်တယ်လို့ တွေးတတ်စေ
ချင်ခဲ့ပါတယ။် ကံတစ်ခုတည်းကိုသာ အားကိုး ပုံချထားတာမျိုးကို
လည်း လက်မခံနိုင်သလို ၀ဋ်ကြွေးဆိုတာရှိရင် ရှင်မဟာမောဂ္ဂလာန်လို
တန်ခိုးအရာ ဘယ်လောက်ကြီးကြီး ပေးဆပ်ရမယ်ဆိုတာကိုပါ
လက်ခံစေချင်တဲ့သူပါ။

ကံ ၊ ကံ၏ အကျိုးကို အကြွင်းမဲ့ယုံကြည်စေချင်သလို ဥာဏ်ရဲ့
ရှုမြင်သုံးသပ်မှုတွေကိုလည်း အမှန်အတိုင်းသိမြင်စေချင်မိသူပဲ
ဖြစ်ပါတယ်။အမြဲတမ်းပြောဖြစ်တဲ့စကားတွေဟာ အန်တီ စိတ်အစဉ်ကို
ခန္ဓာဟာ ဒုက္ခဆင်းရဲပါလားလို့ သိမြင်စေတဲ့ အကြောင်းလေးတွေ
ပြောလေ့ရှိပါတယ်.။ခန္ဓာဟာ ဒုက္ခသစ္စာလို့ မြင်တဲ့အမြင်မှာ
ဒုက္ခ ဒုက္ခ လို့ခေါ်တဲ့ ကာယိက ဒုက္ခ။ စားမှု သောက်မှု နေမှု
ထိုင်မှုသွားမှု လာမှုတွေနဲ့ ၀ိပရိဏာမ ဒုက္ခ လို့ခေါ်တဲ့ ပိုင်ဆိုင်မှု
တစ်စုံတစ်ရာကို စွန့်လွှတ်လိုက်ရခြင်းတွေ စသဖြင့် အမြဲတမ်းပြောလေ့
ရှိပါတယ်။ မြတ်စွာဘုရားရှင်ဟောကြားတဲ့ တရားတော်ထဲက
ကထာနဲ့ပြောရရင်တော့ ကာမာနံ အာဒီန၀ ကထာနဲ့
နိက္ခမ္မေအာနိသံသ ကထာ နှစ်ခုကို အန်တီဟာ နေ့စဉ်လိုလို
တွေးသိနေတဲ့သဘောရှိပါတယ်။သွားမှု လာမှု နေမှု ထိုင်မှုကနေ
နေ့စဉ်လိုလို ခန္ဓာက ဟောတဲ့ တရား ပတ်ဝန်းကျင်က ဟောတဲ့
တရားတွေနဲ့ အတော်လေးကို သံဝေဂ ရနေတာတွေ့ရပါတယ်။

ဒီတစ်ခါတော့ အန်တီက အခါတိုင်းနဲ့မတူတဲ့ စကားတွေကို
ပြောလာပါတယ်။ ထမင်းဟင်းချက်ရင်းနဲ့ ဘာတွေးမိလည်းဆိုတော့
မနေ့ကလည်း ငါထမင်းဟင်းချက်တယ် ဒီနေ့လည်းငါထမင်းဟင်း
ချက်တယ်။မနေ့က ချက်တာ သပ်သပ် ဒီနေ့ချက်တာ သပ်သပ်
ဆိုတာကိုတွေးမိလာတယ်။  လို့ ဆိုပါတယ်။ အစားထိုးခြင်း
ပြောင်းလဲခြင်းသဘောကို အန်တီ တွေးသိလာတဲ့သဘောပါ
အစားထိုးခြင်းပြောင်းလဲခြင်းကိုတွေးသိလာခြင်းဟာ
မဂ္ဂ ကထာပိုင်းဖြစ်ပါတယ်။ အကြောင်း အကျိုးကိုဆင်ခြင်ခြင်း
အပိုင်းဖြစ်လာပါတယ်။ အန်တီက မနေ့နဲ့ ဒီနေ့ ထမင်းဟင်းချက်ခြင်း
တွေကို တစ်ခုစီလို့တွေးမိကြောင်းပြောလိုက်တဲ့အချိန်မှာ
သမီးတော် အလွန်ပဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
ဆရာသမားတွေက ဘယ်လောက်ပြောပြော မိမိကိုယ်၌က
မိမိ လုပ်နေရတဲ့အလုပ်ပေါ်မှာ ဆင်ခြင်တတ်ဖို့ အရေးကြီးတာပါ။

တကယ်တော့ အရာအားလုံးဟာ အစားထိုးခြင်းပြောင်းလဲခြင်းတွေ
ကြီးပါပဲလို့ အန်တီကို တလက်စတည်းပြောရင်း  ၀င်လေ ထွက်လေ
မှာလည်း အသစ်အသစ်တွေပဲ အစားထိုးသွားတာ ဒီဟာကြီးပဲ
မဟုတ်ဘူးဆိုတာကို သိအောင် စကားထည့်လိုက်ပါတယ်။
ဝင်လေ တစ်ရှုမှာ ဖြစ်ပြီးပျက်တာနဲ့ ထွက်လေ တစ်ရှိုက်က
ချက်ခြင်း အစားထိုးလာတယ်။ ထွက်လေ တစ်ရှိုက် အစားထိုး
တဲ့ခဏမှာပဲ ဆုံးသွားပြီး အသစ်သော ၀င်လေလေးက ထပ်ဖြစ်ပြန်
တယ်။ အသစ်သော ၀င်လေ ရှုလို့ ဆုံးသွား ပျက်သွားတာနဲ့
ထွက်လေ က အစားထိုးပြန်တယ်။ ဒီ ၀င်လေ ထွက်လေမှာကို
ခုဖြစ်ပြီးပျက်တယ် တစ်ခြားတစ်ခု အစားထိုးတယ်။
အစားထိုးတာ ဖြစ်ပြီးပျက်တယ်။ နောက်တစ်ခု ထပ်ဖြစ်တယ်။
အဲ့ဒီလိုပဲ လာနေတာ အကုန်လုံးက အသစ်တွေဖြစ်ဖြစ်ပြီး
ပျက်နေတာပါလို့ ပြောခဲ့ပါတယ်။

အမြဲတမ်းစကားတွေပြောနေခဲ့တာ နှစ်နဲ့ချီခဲ့ပေမယ့်
ဒီတစ်ခါပြောရတာကဖြင့် အခါတိုင်းနဲ့မတူတဲ့ အသိဥာဏ်
မြင့်မားလာခြင်းဖြစ်လို့အလွန်ပဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
ဒီအသိဟာ အင်မတန်မှ တန်ဖိုးရှိလွန်းတဲ့အသိပါ။
ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ဟာ အကြောင်းတစ်လှည့်
အကျိုးတစ်လှည့်ဖြစ်တယ်ဆိုတဲ့ စကားကို အရှင်အဿဇိ ဆီက
နာကြားရတဲ့ခဏမှာ သောတာပန် တည်ခဲ့တာပါ။ အကြောင်းတစ်လှည့်
အကျိုးတစ်လှည့်ဆိုတာကို သိနားလည်ဖို့က သိတ်ကို အရေးကြီး
တဲ့  တရားပဲဖြစ်ပါတယ်..။ ဒီအသိကိုရခြင်းဟာ ခိုင်တယ်မြဲတယ်လို့
ယူဆတဲ့ သဿတ ဒိဋ္ဌိကို ပယ်သတ်ပါတယ်။အကြောင်းတစ်လှည့်
အကျိုးတစ်လှည့်ဆိုတာကို သိတဲ့အတွက် သေလျှင်ပြတ်တယ်လို့
ယူဆတဲ့ ဥစ္ဆေဒ ဒိဋ္ဌိကိုလည်း ပယ်သတ်ပါတယ်။ဒီလိုသိတဲ့အသိဟာ
ခိုင်တယ် မြဲတယ် ။ အကြောင်းအကျိုးမရှိဘူး။ သေလျှင်ပြတ်တယ်
ဆိုတာ မဟုတ်ဘူးမှန်းသိသွားချိန်မှာ ငါ  ငါ့ခန္ဓာလို့ မြင်တဲ့ သက္ကာယဒိဋ္ဌိ
ဆိုတဲ့ အယူ အမြင်လည်းစင်ကြယ်စေပါတယ်။  နှာသီးဖျားက
ဝင်လေ ထွက်လေ မှာ ငါ ငါ့ခန္ဓာ လို့ ယူလို့ မရတာကို သိပြီး
အကြောင်းတစ်လှည့်အကျိုးတစ်လှည့်ပါလားလို့ သိမြင်
သွားစေတဲ့အတွက် ဆရာကူလို့ သိတဲ့ဥာဏ်ကနေ
မိမိကိုယ်တိုင် မြင်သိတွေ့တဲ့ ဥာဏ်ဖြစ်တဲ့အတွက် အလွန်ပဲ
အကျိုးများလှပါတယ်။

အန်တီဟာ တစ်ယောက်ထဲနေရခြင်းကနေ အေးချမ်းစွာပဲ
အစစ်အမှန်ရဲ့ သဘောတရားတွေကို သိမြင်နားလည်ခဲ့ရပါပြီ။
အစစ်အမှန်သဘောကို ပိုင်ပိုင်နိုင်နိုင် ဥာဏ်ဖြင့်ထိုးထွင်းသိလို့
မဂ္ဂသစ္စာကနေ နိရောဓ သစ္စာကိုအရောက်လှမ်းနိုင်ဖို့တော့
ကာယကံရှင်ရဲ့ ကြိုးစားမှု အားထုတ်မှုနဲ့သာ သက်ဆိုင်ပါတယ်။
သစ္စာလေးပါးပြည့်စုံလို့ အရိယာသူတော်ကောင်းတစ်ယောက်
မဖြစ်နိုင်သေးပေမယ့်  အကြောင်းတစ်လှည့် အကျိုးတစ်လှည့်
အစားထိုးမှု အသစ်ဖြစ်မှုတွေကိုနားလည်ထားခြင်းကိုက
ချမ်းသာခြင်းကို ဆောင်ယူပေးစွမ်းနိုင်နေပြီဖြစ်ပါတယ်။
ဒီလိုမြင်သိခြင်းဟာ အစစ်အမှန်ရဲ့ သဘောသွားကို
မြင်သိနားလည်ခြင်း ကိုယ်ပိုင်ဥာဏ်တစ်ခုဖြစ်ပါတယ်။
ဝိပဿနာ မဂ်ဥာဏ်မှသည် လောကုတ္တရာ မဂ်ဥာဏ်တိုင်အောင်
အရောက်လှမ်းဖို့ကိုတော့ စနစ်ကျစွာရှုမှတ်ခြင်းဖြင့် နိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင်များတို့လည်း
အကြောင်းတစ်လှည့် အကျိုးတစ်လှည့်ကို၎င်း။
အစားထိုးမှု အသစ် ဖြစ်တည်မှု ပြောင်းလဲမှု
သဘောလေးတွေကို သိနားလည်ရာမှ
မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သူများ ဖြစ်ကြပါစေ ။

                 *****တတိယမြောက်သမီးတော်*****

2 comment:

စံပယ်ချို said...

သမီးတော်ရေးတာလေးဖတ်ပြီး အန်တီကိုလဲ အပြင်မှာတွေ့ဖူးချင်မိတယ်

3rdthameetaw said...

ကျေးဇူးပါ ဂျက်ရေ အန်တီ ဓါတ်ပုံလေး သမီးတော် ယူမထားမိဘူး
မဟုတ်ရင် တင်လိုက်ပါတယ်