ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, November 3, 2015

လက်ဆောင်


သေမင်းဆိုတဲ့စစ်တပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးခြင်းကို
ပုဂ္ဂိုလ်တိုင်း သတ္တ၀ါတိုင်းဟာ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။


ဘ၀ တစ်ခုကိုရလာကြတဲ့သူတိုင်း သေမင်းရဲ့အစာဖြစ်ကြရ
တာ ရှောင်လွှဲလို့မရတဲ့ ကိစ္စ တစ်ခုပါ။မဖြစ်မနေ တွေ့ရကြုံရ
ရင်ဆိုင်ရမယ့် ကိစ္စကို မေ့ထားပြီး စွန့်လွှတ်ရမယ့်ကိစ္စ
ကွေကွင်းရမယ့်အရာတွေကို ရယူပိုင်ဆိုင်ဖို့ မက်မက်မောမော
ကြိုးစားတတ်ကြပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် သေခြင်းတရားကိုဆင်ခြင်ခိုင်းတဲ့
မြတ်စွာဘုရားရဲ့ ဘာသာတရားကို မလေ့လာဖြစ်ခဲ့ရင်
မြတ်စွာဘုရားအဆုံးအမတွေကိုသာ မခံယူ မကျင့်သုံးခဲ့ရင်
မြတ်စွာဘုရားရဲ့အဆုံးအမတွေကို မနာကြားမမှတ်သားခဲ့ရရင်
သေခြင်းတရားဆိုတာ အရေးကြီးတဲ့ကိစ္စတစ်ခုလို့
သတိထားဆင်ခြင်ခဲ့မိမှာလည်းမဟုတ်သလို ကိုယ်နဲ့မဆိုင်တဲ့
ကိစ္စကြီးတစ်ခုအဖြစ်ပဲ ဘာသိ ဘာသာနေခဲ့မိပါလိမ့်မယ်။
တကယ့်တကယ် သေခြင်းတရားကို ရင်ဆိုင်ရတော့မယ်ဆိုကာမှ
ကြောက်လန့်တကြား အဖေကယ်ပါ အမေ ကယ်ပါ ဘုရားကယ်ပါလို့
အော်ဟစ်ငိုကြွေး လူးလွန့်ရုန်းကန် ပင်ပန်းဆင်းရဲရမယ့်အဖြစ်ပါ။

သေခြင်းတရားရဲ့ ဒုက္ခ အိုခြင်းတရားရဲ့ ဒုက္ခ နာခြင်းတရားရဲ့ ဒုက္ခ
ခန္ဓာရခြင်းရဲ့ ဒုက္ခတွေကို ဥာဏ်ဖြင့် ပိုင်းခြားထင်ထင် သိမြင်အောင်
ဆုံးမ လမ်းညွှန်နိုင်တာဆိုလို့ ကမ္ဘာမှာ ဘာသာကြီးလေးခုထဲက
မြတ်စွာဘုရားရဲ့ ဗုဒ္ဓဘာသာ တစ်ခုတည်းသာ ရှိပါတယ်။
ရိုင်းစိုင်းတဲ့သူတွေကို ယဉ်ကျေးအောင်ဆုံးမတဲ့ အဆုံးအမတွေ
ရူးနေတဲ့သူကို သတိလေးတစ်လုံးကပ်ပြီး လူကောင်းဖြစ်စေတဲ့
အဆုံးအမတွေ၊ပဋိသန္ဓေနေရခြင်းဆင်းရဲကို သိမြင်အောင်
 အသိပေးတဲ့အဆုံးအမတွေ၊ အချိန်တိုင်းစက္ကန့်တိုင်း တေဇောဓါတ်တို့
လောင်မြိုက်ပြီး အိုရခြင်းဆင်းရဲ၊နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲ
တွေကို သိမြင်အောင် အနုစိပ်ပြီး ဟောကြားတော်မူခဲ့တဲ့အဆုံးအမတွေ
ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ သစ္စာတရားတွေမှာသာ
ရှာတွေ့နိုင်ပါတယ်။
အရင်ပို့စ်တစ်ခုမှာပြောခဲ့ဖူးတယ် အန်တီကို သမီးတော်ဖြင့် သိတ်ပြီး
သဘောကျမိပါတယ်။ သေခြင်းတရားအတွက်ကို သူပြင်ဆင်နေတယ်။
ဘယ်မှာသေရမယ်။ ဘယ်လိုသေရမယ်။ ဘယ်အချိန်သေရမယ်။ ဆိုတာ
ဘာတစ်ခုမှ မသိတဲ့အတွက် မသေခင် ရသင့် ရအပ်တဲ့ ဒါနကုသိုလ်
သီလကုသိုလ် ဘာဝနာကုသိုလ်လေးတွေကို ကိုယ်စွမ်းရှိသလောက်
ကြိုးစားနေလိုက်တာများ လေးစားချစ်ခင်စရာ ကောင်းလွန်းလှပါတယ်။
မနက်ဆိုရင် ဆေးရုံကိုသွားပြီး လူနာတွေကိုအဟာရ ကျွေးတဲ့ အလုပ်
ပရဟိတ အဖွဲ့လေးက စုပေါင်းပြီး လုပ်ကြပါတယ်။ ဒီအလုပ်ကိုလုပ်
နေကြတာ နှစ်နဲ့ချီခဲ့ပါပြီ။ အန်တီက ဘဏ္ဍာရေးမှုးပါ။ မနက်ခင်းတိုင်း
ဆေးရုံသွားပြီး ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူဆောင်ရွက်လေ့
ရှိပါတယ်။ လားရှိုးမြို့က မိုးကုတ်ဝိပဿနာရိပ်သာမှာလည်း
အမှုဆောင်တစ်ယောက်ပါ။ တရားစခန်းဖွင့်တဲ့ရက်တွေတိုင်းမှာ
ညနေ ရုံးဆင်းတာနဲ့ တရားစခန်းကိုသွားပြီး ဝေယျာဝစ္စလုပ်ပါတယ်။
အခါအားလျှော်စွာလည်း စခန်းဝင်ယောဂီအဖြစ်နဲ့ ဘာဝနာ
အလုပ်ကိုလုပ်ပါတယ်။အိမ်မှာတစ်ယောက်တည်းနေတဲ့သူမို့
နောက်ဆံ တင်းစရာလည်း ဘာမှ မရှိပါဘူး။မွေးထားတဲ့ခွေးလေးတွေ
ကြောင်လေးတွေအတွက်လုံလောက်တဲ့အစာရေစာ စီစဉ်ထားခဲ့ပြီး
 စိတ်အေးလက်အေးပရဟိတတွေလုပ် ၊ တရားဓမ္မတွေ လေ့လာ၊
 စိတ်သွားတိုင်းကိုယ်ပါလိုရာဆန္ဒတွေပြည့်နေတဲ့သူလို့ ဆိုရမှာပါ။

တခါတခါ အန်တီနဲ့စကားပြောတိုင်း အန်တီက သေခြင်းတရားအတွက်
ပြင်ဆင်နေကြောင်းပြောတိုင်း မှန်ကန်ကြောင်း ထောက်ခံကြောင်း
သမီးတော်သိသမျှလေးတွေကို ထပ်ဆင့် ဆွေးနွေးရင်း တိုက်တွန်း
ခဲ့ပါတယ်။ တချို့တွေကတော့ ပြောကြပါလိမ့်မယ်။ ကျန်းမာနေတာ
အစစအရာရာပြည့်စုံနေတာ မသေနိုင်သေးပါဘူး ဆိုတဲ့ စကားမျိုးနဲ့
အားပေးကြပါလိမ့်မယ်။ ဒါဟာ နွေးထွေးမှုပေးဖို့ ကြိုးစားကြတာမို့
အပြစ်မပြောလိုပါဘူး။ ဒါပေမယ့် သမီးတော်ကတော့ မဖြစ်မနေ
ရင်ဆိုင်ရမယ့် သေမင်း ရဲ့စစ်တပ်ကို တကယ်လည်းရင်ဆိုင်ရမှာပဲမို့
သေမင်းနဲ့ စစ်ခင်းတဲ့အခါ ရင်ဆိုင်တဲ့နည်းလမ်းတွေ တိုက်ခိုက်တဲ့
နည်းလမ်းတွေ မိမိ ကိုင်ဆောင်ရမယ့် လက်နက်အမျိုးအစားတွေ
လက်နက် ကိုင်ဆောင်ပုံ ကိုင်ဆောင်နည်းတွေ သိသလောက်
တတ်သလောက်တော့ မျှဝေဆွေးနွေး ရှင်းပြပေးခဲ့ပါတယ်။
ခန္ဓာရပြီးတဲ့ သတ္တ၀ါတိုင်းကတော့ သေမင်းရဲ့ စစ်တပ်ကို
မကျော်လွှားနိုင်ကြပါဘူး။ ရဟန္တာ ဖြစ်အောင် ဘာဝနာ အားထုတ်
နိုင်ခဲ့လျှင်လည်း နောက်ဆုံးအကြိမ်အဖြစ်တော့ သေခြင်းတရားကို
ရင်ဆိုင်ပြီး သွားကြရပါတယ်။
ဒါကြောင့် သေခြင်းတရားနဲ့ မဖြစ်မနေ ရင်ဆိုင်ဖြတ်ကျော်ရာမှာ
မိမိရဲ့ ရန်သူကို တိုက်ခိုက်အနိုင်ယူနိုင်တဲ့နည်းလမ်းဆိုတာ
ဝိပဿနာ ဘာဝနာ သာလျှင်ဖြစ်ပါတယ်။ အန်တီကို အေးအေး
နေဖို့ စိတ်ပူစရာမရှိကြောင်းမသေနိုင်သေးကြောင်းတွေ
ဘယ်တုံးကမှ အားမပေးခဲ့ပဲ။ သေခြင်းတရားဟာ တကယ်
ရင်ဆိုင်ရမှာဖြစ်ပြီး သေခြင်းတရားကို အေးအေးလူလူရင်ဆိုင်
နိုင်ဖို့အတွက်အမြဲတမ်း တိုက်တွန်းတဲ့စကားတွေကိုသာ
ပြောခဲ့ခြင်းဖြစ်ပါတယ်။မရဏဆိုတဲ့သေမင်းကို ရင်ဆိုင်ရာမှာ
အပြုံးမပျက် ကျော်လွှားနိုင်ပါစေကြောင်း ပညာတွေ မျှဝေပေး
ခြင်း ၀ိပဿနာအလုပ်ကို အားပေးတိုက်တွန်းခြင်းဟာ
သမီးတော် အလေးအမြတ်ထားပြီး ပေးနိုင်တဲ့
လက်ဆောင်ကောင်းတစ်ခု ပဲ ဖြစ်ပါတယ်။



٭٭٭٭٭တတိယမြောက်သမီးတော်٭٭٭٭٭

0 comment: