ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, November 22, 2015

သိထားသင့်


သစ္စာတရားနဲ့ပတ်သက်ပြီး လေ့လာစရာက များလှပါတယ်။
အကုန်လုံးကိုလေ့လာမှ သစ္စာသိမှာ မဟုတ်ပါဘူး။
နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ လမ်းကြောင်းမှန် ကိုသိထားရင်
အလုပ်စဉ်ကိုနားလည်ရင် ပုထုဇဉ်နယ်ကနေ အရိယာနယ်ကို
တက်လှမ်းရောက်ရှိနိုင်ပါတယ်။


တရားဓမ္မတွေမှန်သမျှ နာလည်းနာသင့်တယ်။ မှတ်လည်းမှတ်သား
သင့်ပါတယ်။ သို့သော် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ဆိုရင်တော့
အလုပ်စဉ်ပါတဲ့တရားကို နာယူမှတ်သားပြီး ကျင့်ကြံနိုင်မှ 
သစ္စာလေးပါးနဲ့ပြည့်စုံပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာပါ။
များသောအားဖြင့်တော့ တရားအားထုတ်တဲ့သူတိုင်းနီးပါးဟာ
ဥာဏ်စဉ်ကိုနာကြတယ်။ ဘယ်ဥာဏ်ပြီးရင်ဘယ်ဥာဏ်လာတယ်လို့
ပြောနိုင်တာကို အရည်အချင်းလို့ သတ်မှတ်ပြီး အပြိုင်အဆိုင်
ပြောကြဆိုကြ ဆွေးနွေးတတ်ကြတယ်။ တကယ်တော့
ဥာဏ်စဉ်က အဓိက မဟုတ်ပါဘူး။ အလုပ်စဉ်က အဓိက ဖြစ်ပါတယ်။
အလုပ်စဉ်အတိုင်းမလုပ်ရင် ဥာဏ်စဉ်ဆိုတာ လာစရာကို အကြောင်း
မရှိဘူး။ အလုပ်စဉ် မမှန်ပဲနဲ့လည်း ဥာဏ်စဉ်မလာနိုင်ဘူး။
စာလေးပေလေးဖတ်ထားပြီး လူအထင်ကြီးအောင် ဥာဏ်စဉ်တွေ ရွတ်ပြ
နေကြမယ်ဆိုရင် တော့ ကိုယ့် ကိစ္စနဲ့ ကိုယ်ပေါ့လေ။

သမီးတော်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ ဥပမာ အနေ နဲ့ ပြောရရင်တော့
လမ်းဆုံမှာ ရပ်ပြီး ခရာမှုတ်နေတဲ့ ယာဉ်ထိန်းရဲလိုလူမျိုးပါ။ ဒီလမ်းကတော့
ဝိပဿနာ လမ်း။ ဒီလမ်းကတော့ သမထ လမ်း။ ဒီလမ်းကတော့ ကမ္မဿကတာ
သမာဒိဋ္ဌိ အသိအမြင်ဆိုတာကို  လမ်းကြောင်းညွှန်ပြပေးသူသက်သက်ပါ။
သီလလေး သမာဓိလေး ဒိဗ္ဗစက္ခု အဘိညာဉ်လေးတွေရပြီး တင်းတိမ်
ရောင့်ရဲနေကြမှာစိုးလို့ အရိယာနယ်ကိုတက်လှမ်းကြပါလို့ တိုက်တွန်း
နေသူသက်သက်ပဲ ဖြစ်ပါတယ်။ လောဘမဖြစ်အောင်နေဟဲ့။ ဒေါသ မဖြစ်
အောင်နေဟဲ့။ စိတ်ကောင်းနှလုံးကောင်းထားဟဲ့လို့ တခါမှ မပြောခဲ့ဖူးဘူး
လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပုထုဇဉ်ကနေ အရိယာဖြစ်ဖို့ တိုက်
တွန်းတာ လောဘ ပယ်ဖို့ ဒေါသ ပယ်ဖို့ တိုက်တွန်းတာ မဟုတ်ခဲ့လိုပါပဲ။
သောတာပန် တည်ပြီးသူကို လောဘပယ်ဖို့ ဒေါသပယ်ဖို့ တိုက်တွန်း
ရမှာဖြစ်ပေမယ့် ပုထုဇဉ်ကိုတော့လောဘပယ်ဖို့ ဒေါသပယ်ဖို့ တိုက်တွန်း
ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဘယ်တုန်းကမှ လောဘ ဒေါသပယ်ဖို့
အကြောင်းတွေကို မတိုက်တွန်းခဲ့ဘူး။ ပုထုဇဉ်ကနေ အရိယာဖြစ်သွားပြီ
ဆိုရင် အပါယ်တံခါးက ဘယ်လိုမှ ဖွင့်လို့မရတော့ဘူး။ အပြီး ပိတ်ကို ပိတ်
သွားတာပါ။ အဲ့ဒီ အပါယ်တံခါးပိတ်ဖို့အတွက်ကိုပဲ အရေးကြီးလွန်းလို့
နာမ်နဲ့ရုပ်ကိုသိအောင်လုပ်စေချင်တာ။ တိုက်တွန်းခဲ့တာပါ။

ကောင်းတဲ့စိတ်ထားပြီး ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်
ဆိုတာ ကမ္မဿကတာ သမာဒိဋ္ဌိဖြစ်ပါတယ်။ သမာဒိဋ္ဌိ(၅)မျိုးမှာ
သူက ပထမဆုံး သိထားယုံကြည်ထားရမယ့် သမာဒိဋ္ဌိဖြစ်ပါတယ်။
သမာဆိုတာ မှန်ကန်သော ဒိဋ္ဌိက အယူအဆ ။ မှန်ကန်သော
အယူအဆကို ယူထားရင် နိယတ မိစ္ဆာဒိဋ္ဌိ က လွတ်ပြီး
သုဂတိဘုံကို လားရောက်နိုင်မယ်။ကံ ကံ၏ အကျိုးကိုယုံကြည်ခြင်း
ဆိုတဲ့ ကမ္မဿကတာ သမာဒိဋ္ဌိ ရှိထားသူဟာပူပင်မှုကို ဖြေဖြောက်နိုင်စွမ်းရှိလို့
ချမ်းသာပါတယ်။ ဒါကြောင့်မို့ ကံ ကံ၏ အကျိုးကိုယုံကြည်ခြင်းသည်လည်း
မင်္ဂလာ တစ်ပါးပဲ။ ချမ်းသာကိုရွက်ဆောင်နိုင်လို့ မင်္ဂလာရှိတာဖြစ်တယ်။
မိမိပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကြောင့် ဒီအကျိုးကို ရတာပဲလို့ ခံယူတတ်တဲ့
အတွက်ကြောင့် ပြင်းစွာပူလောင်ခြင်းဆိုတဲ့ ဥပါယာသ မီး ကိုငြိမ်းနိုင်တယ်။
ကောင်းပြီ..ဒါက ကမ္မဿကတာ သမာဒိဋ္ဌိ အကြောင်းလေးပြောတာပါ။
ဒီလောက်သိပြီး ဒီလိုစိတ်ထားနိုင်တော့ ချမ်းသာတယ်။ ဒါပေမယ့်
နိဗ္ဗာန် မရောက်ဘူး။ နိဗ္ဗာန်ကိုဖြေးဖြေးချင်းသွားမယ်ဆိုရင်တော့ သွားပေါ့။
သဒ္ဓါတရားဆိုတာကလည်း ဆုံးရှုံးတဲ့အရာတော့မဟုတ်ပါဘူး။
သို့သော် နိဗ္ဗာန်နဲ့ဝေးသောအကြောင်းပဲဖြစ်တယ်။ နိဗ္ဗာန်ကို
အထောက်အပံ့တော့ပေးတယ်။ ဝေးသောအကြောင်းနဲ့ ထောက်ပံ့တယ်။
ဒီလိုလေးတော့သိထားစေချင်ပါတယ်။နိဗ္ဗာန်ကိုရောက်ဖို့အတွက်
ကောင်းတဲ့စိတ်ထား ကောင်းတာလေးလုပ် ဒီလိုလေးနေပြီး
နိဗ္ဗာန်ရောက်မယ်လို့ အထင်ရှိနေရင်တော့ မှားပါတယ်လို့ပဲ
ပြောပါရစေ။ နိဗ္ဗာန်ဆိုတာ ကောင်းတာလုပ် ကောင်းတာပြော ကောင်းတဲ့စိတ်
ထားတတ်ရုံနဲ့ ရောက်ကိုမရောက်ပါဘူး။ ပညာပါမှ ရောက်နိုင် ရနိုင်မယ့်
အရာပါ။ ပညာစခန်းကို မရောက်သေးသရွေ့ ပညာ ကို မသင်ယူသေးသရွေ့
နိဗ္ဗာန် မရနိုင်ပါဘူး။ ကောင်းတာလေးလုပ် ကောင်းတဲ့စိတ်ထားပြီး
ကောင်းတာပြောနေရုံနဲ့ နိဗ္ဗာန်နဲ့နီးတဲ့ပုဂ္ဂိုလ်လို့ လူတော်တော်များများက
သတ်မှတ်ကြတယ်။ ပြတ်ပြတ်သားသားပြောရရင် ဘယ်အရိယာမှ
ဒီလိုမပြောဘူး။ သီလ၀ိသုဒ္ဓိ။ ဒိဋ္ဌိဝိသုဒ္ဓိ လို့ပြောနေကြတဲ့ သီလစင်ကြယ်တဲ့သူ
ဒိဋ္ဌိ စင်ကြယ်တဲ့သူတွေတောင်မှ နိဗ္ဗာန်နဲ့ ဝေးပါသေးတယ်။ အဲ့ဒီလိုလူတွေသာ
နိဗ္ဗာန်ရမယ်ဆိုရင် ပုထုဇဉ်တော်တော်များများ နိဗ္ဗာန်ရောက်ကုန်ပါလိမ့်မယ်။
ဒီအကြောင်းအရာကို ဘယ်မှာရှာတွေ့မလဲဆိုတော့ ရထ၀ိနီတသုတ်မှာ
လေ့လာကြည့်စေချင်ပါတယ်။ မတင်းတိမ်ကောင်းသော တရားတွေဖြစ်ပါတယ်။

တရားဆိုရင် ဘယ်တရားပဲ နာယူ နာယူ ကုသိုလ်တော့ဖြစ်ပါတယ်။
တရားနာတဲ့ကုသိုလ်ပေါ့။ နိဗ္ဗာန်ရဖို့ဆိုတာကတော့ အလုပ်စဉ်လေးပါဖို့
လိုပါတယ်။ အလုပ်စဉ်မပါရင် ဘယ်သူမှ အရိယာ မဖြစ်နိုင်ပါဘူး။
ရှင်သာရိပုတ္တရာက အကြောင်းတစ်လှည့်အကျိုးတစ်လှည့်ဖြစ်တယ်ဆိုတဲ့
တရားကို ရှင်အဿဇိ ဆီက နာကြားရပြီး နားက တရားနာ ဥာဏ်ကခန္ဓာလှည့်
လိုက်တာ သောတာပန်တည်တယ်။ အကြောင်းအကျိုးကို ဥာဏ်နဲ့
ရှုချလိုက်တာ ခန္ဓာဟာ အဖြစ်နဲ့အပျက်ပဲရှိတယ်ဆိုတာ သိသွားတယ်။
နာမ်ဖြစ်ပျက် ရုပ်ဖြစ်ပျက် မြဲတာမရှိဘူး။ ဒါက အလုပ်စဉ်ပဲ။
ဒီလို အလုပ်စဉ်လေး နာကြားရပြီ လက်တွေ့ကျင့်သုံးလိုက်မှ
 နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တာ။ စာပေကျမ်းဂန်မှာ ပညတ်တွေအကြောင်း
ပရမတ်တွေ အကြောင်းကို လေ့လာမှတ်သားရတယ်။ စာပေဆိုတာ
သင်ကြားထားတာ။လက်တွေ့ကျင့်သုံးမှ အကျိုးကိုခံစားရတာပါ။
အင်ဂျင်နီယာ ကျောင်းသားတွေ စာအရင်သင်ရတယ်။နောက်မှ လက်တွေ့
လုပ်ဆောင်ကြည့်ရတယ်။ လက်တွေ့တကယ်လုပ်ဆောင်မှ သူ့အကျိုးကို
မျက်စိနဲ့မြင်ပြီး တကယ်ဖြစ်တည်မှန်းသိနိုင်တာ။ လက်တွေ့ မလုပ်ဆောင်
သေးသမျှ အကောင်အထည်မဖေါ်နိုင်သေးသမျှတော့ သူ့အကျိုးကို
မျက်ဝါးထင်ထင်မမြင်ရဘူး။ တကယ်ဟုတ်တယ်မဟုတ်ဘူးဆိုတာ အတိအကျ
မသိဘူး။ စာထဲမှာတော့ ဒီလိုပါတယ်ဆိုတာပဲ ပြောနိုင်တယ်။ ဒီလိုလုပ်ရင်
ဒီလိုဖြစ်တယ်ကွလို့ အတိအကျ မပြောနိုင်ဘူး။ မပြောရဲဘူး။
မှတ်သားထားတဲ့အချက်ကို မှတ်မိတာလေးပြောတာလောက်ပဲ ရှိတယ်။
လက်တွေ့ကျင့်လို လက်တွေ့ရထားတဲ့သူကတော့ ဒီလိုလုပ်ရင်
ဒီလိုဖြစ်တယ်ကွလို့ ရဲရဲတင်းတင်းပြောရဲတယ်။ သူက လက်တွေ့
သိထားပြီး ရထားပြီးသားဖြစ်နေတာကိုး။

ဒီတော့ အလုပ်စဉ်ပါရဲ့လား ဆိုတာ သိတ်အရေးကြီးပါတယ်။
နိဗ္ဗာန်ကိုအလိုရှိတယ်ဆိုရင်ပေါ့။ 

အဲ့ဒီတော့ အချုပ်ပြောရရင်
နိဗ္ဗာန်မျက်မှောက်ပြုချင်တဲ့သူတွေကို
လောဘ မဖြစ်အောင်နေဖို့။ ဒေါသ မဖြစ်အောင်နေဖို့။ မပြောဘူး။
အဓိက ပြောချင်တာက
နာမ်နဲ့ရုပ်ပဲ ရှိတာကိုသိဖို့ပြောချင်တယ်။
နာမ်နဲ့ရုပ်တို့ ချုပ်ပျောက်တာကိုသိဖို့ပြောချင်တယ်။
နာမ် နဲ့ရုပ်တို့ မမြဲတာကို သိဖို့ပြောချင်တယ်။
မမြဲတဲ့သဘောလေး။ပြောင်းလဲတဲ့သဘောလေး။
ချုပ်တဲ့သဘောလေး။ကုန်တဲ့သဘောလေး။
ပျက်တဲ့သဘောလေး။ အကြောင်းတစ်လှည့်အကျိုးတစ်လှည့်ပါလား။
ဒီလိုလေးတွေသိထားပေးဖို့
ဒီလိုသိတော့ နိဗ္ဗာန်နဲ့နီးသောအကြောင်းဖြစ်တယ်ဆိုတာ သိထားဖို့ပါပဲ။




*****တတိယမြောက်သမီးတော်*****

2 comment:

စံပယ်ချို said...

ရောက်နေတယ်နော်

3rdthameetaw said...

ကျေးဇူးပါ ဂျက်ရေ