ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, December 26, 2015

အသံရှည်ဆွဲပြီး တရားမဟောရ


ထိုခေတ်ထိုအခါက တရားဟောပြီးဆိုလျှင် အသံကလေးတွေ
လွင်လွင်ဖြင့် ဟောနေကျထုံးစံဖြစ်၏။ အသံကောင်းမှလည်း
ဓမ္မကထိက ဖြစ်နိုင်သည်။ ဂါထာကလေးရွတ် အနက်ဆံ
ကောင်းကောင်းနှင့် အသံကိုအနိမ့်အမြင့်ဆွဲ ၀တ္ထုကြောင်းကို
လွမ်းလောက်အောင် အသားပေး ဟောနေကျ၊ ထိုခေတ်ကြီး
မှာ ဆရာတော်က ရိုးရိုးပင် ဟောပြနေတော်မူ၏။
 


ထို့ကြောင့်တစ်ခါသော်  အရင်းအချာဖြစ်တဲ့ ဒကာကြီး
ဦးလယ်က လျှောက်ဖူးသည်-
“ဘယ့်နှယ် တစ်ခါတစ်ရံ  အသံကလေး ဘာလေးနဲ့ လုပ်အုံး
မှပေါ့-ကိုယ်တော်”
ထိုအခါ ဆရာတော်က ချက်ချင်းပင် လက်ကာ၍ ပိတ်ပင်တားမြစ်
တော်မူပါသတတ်၊ ထို့ပြင်လည်း ဤသို့ မိန့်ပါသတတ်။
“မဟာ မဖြစ်ဘူး ဒကာကြီး၊ မလုပ်နဲ့ မလုပ်နဲ့  အသံတွေလုပ်ပြီး
ဟောနေရင် ပရိသတ်က အသံဘက်ကို လိုက်- လိုက်ကုန်တယ်။
ဟောတဲ့ကိုယ်တော်ကလဲ ဒီလိုပဲ အသံမလွဲအောင် ဆိုပြီး အသံကို
အာရုံပြုပြုနေရတယ်။ ဒီတော့ တရားတွေလည်း ပေါ့ပျက်ပျက် ဖြစ်
ကုန်ရော၊ သစ္စာတရားတွေ ဆိုတာ တည်တည်ငြိမ်ငြိမ်နဲ့
လေးလေးပင်ပင် ရှိရမှာ။ မြတ်စွာဘုရားကလည်း “ အသံတွေလုပ်ပြီး
ရှည်ရှည်ဆွဲ၍ တရား မဟောရဘူးလို့” တားမြစ်ထားတာပဲ။


ဟုတ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားရှင်ကိုယ်တော်မြတ်ကြီး
အထူး ပညတ်တော်မူထားချက်ရှိပါသည်။
“န ဘိက္ခဝေ အာယတကေန ဂီတဿရေန ဓမ္မော ဂါယိတဗ္ဗော၊
ယော ဂါယေယျ၊ အာပတ္တိ ဒုက္ကဋဿ” တဲ့။
အဓိပ္ပါယ်ကတော့-
“သဘင်သည်များလို ရှည်လျားတဲ့ ဂီတသံ နဲ့ တရားမဟောရ၊
ဟောလျှင် ဒုက္ကဋ် အာပတ်သင့်စေ”  တဲ့။

ထို့ပြင် အသံရှည်ဆွဲပြီး ဟောတဲ့ အတွက် ရနိုင်တဲ့ အပြစ်(၅)ချက်
ကိုလည်း ဆက်လက်၍ မိန့်ဆိုတော်မူလျက်ရှိပါသေးသည်။


ပဉ္စိမေ ဘိက္ခဝေ အာဒီန၀ါ အာယတကေန ဂီတဿရေ ဓမ္မံ ဂါယန္တဿ၊
အတ္တနာပိ တသ္မိံသရေ သာရဇ္ဇတိ၊ပရေပိ တသ္မိံ သရေ သာရဇ္ဇတိ၊
ဂဟပတိကာပိ ဥဇ္ဈာယန္တိ၊ သရကုတ္တိမ္ပိ နိကာမယမာနဿ သမာဓိဿ
ဘင်္ဂေါ ဟောတိ၊ ပစ္ဆိမာ ဇနတာ ဒိဋ္ဌါနုဂတိံ အာပဇ္ဇတိ”
အဓိပ္ပါယ်ကတော့-
၁။ကိုယ့်အသံကိုယ်ပြန်၍ နှစ်သက်စွဲမက်နေမိတတ်ခြင်း။
၂။သူတစ်ပါးတို့က ကိုယ့်အသံပေါ် လာ၍ နှစ်သက် စွဲမက်နေတတ်ကြခြင်း။
၃။လူတွေရဲ့ ကဲ့ရဲ့မှုကို ခံရတတ်ခြင်း။
၎။အသံလုပ်နေရတဲ့အတွက် ကိုယ့်သမာဓိ ပျက်ပြားရခြင်း။
၅။နောင်လာနောက်သားတွေက ကိုယ်လုပ်သမျှကို အတုလိုက်နေတတ်ခြင်း။

ဤသို့ အပြစ်(၅)မျိုးရှိသည်ဟု ဟောတော်မူထားသည်။


(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)




*****တတိယမြောက်သမီးတော်*****

0 comment: