ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, January 1, 2016

စတင်အားထုတ်သူ၏ လုပ်ငန်းစဉ်



မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်မှာ
သီတင်းသုံးတော်မူခိုက်ဖြစ်၏။ အရှင် ဗာဟိယ ကိုယ်တော်က
“တပည့်တော် တရားရနိုင်လောက်အောင် တရားကလေးတစ်ပုဒ်
အကျဉ်းချုပ် ဟောပေးတော်မူပါဘုရား” ဟူ၍ တောင်းပန်သည်။
ထိုအခါတွင် မြတ်စွာဘုရားက ရှေးဦးအစ ယခုမှ စတင်အားထုတ်သူ
အတွက် အစီအစဉ်နှင့်တကွ ဟောပြတော်မူ၏။


“တသ္မာတိဟ တွံ ဗာဟိယ  အာဒိမေဝ
ဝိသောဓေဟိ ကုသလေသု ဓမ္မေသု၊
ကောစာဒိ ကုသလာနံ ဓမ္မာနံ၊
သီလဉ္စ သုဝိသုဒ္ဓံ ဒိဋ္ဌိစ ဥဇုကာ”

“ဗာဟိယ…ထိုသို့ တရားရလိုလျှင် သင်သည် ကုသိုလ်တရားတို့၌
ဦးစွာအစ ဖြူလွှစင်ကြယ်အောင် သုတ်သင်ပါဦး။ကုသိုလ်တရားတို့၏
ဦးစွာအစဆိုသည်ကား အဘယ်နည်း…”
၁။ သီလစင်ကြယ်ရခြင်းနှင့်
၂။အယူဖြောင့်မှန်ခြင်းတို့ဖြစ်၏။

“ယတော စခေါ တေ ဗာဟိယ သီလဉ္စ သုဝိသုဒ္ဓံ
ဘ၀ိဿတိ ဒိဋ္ဌိစ ဥဇုကာ၊
တတော တွံ ဗဟိယ သီလံ နိဿာယ သီလေ ပတိဋ္ဌာယ
စတ္တာရော သတိပဋ္ဌါနေ ဘာဝေယျာသိ”

ဗာဟိယ…သီလက အလွန်စင်ကြယ်၍၊အယူကလည်း
ဖြောင့်မှန်ပြီဆိုလျှင်၊သီလကို အမှီပြု၍ သီလကိုလုံခြုံစေလျှက်
သတိပဋ္ဌာန် လေးပါး တစ်ပါးပါးကို ပွားများအားထုတ်ရာ၏။
ဤသို့ပွားများပါလျှင် ကုသိုလ်တရားတို့၌ တိုးတက်ဖို့သာ
ရှိတော့၏။ ဆုတ်ယုတ်ဖို့ မရှိတော့။

အရှင် ဥတ္တိယ ရဟန်းသည်၎င်း၊ အညတရ ရဟန်းတစ်ပါးသည်၎င်း၊
ဤသဘောမျိုး သွား၍ တောင်းပန် လျှောက်ထားရာတွင်လည်း
ဤလမ်းစဉ်အတိုင်းပင် ဘုရားရှင်က ဟောပြတော်မူ၏။
သို့ဖြစ်၍ နံပါတ်(၁) အင်္ဂါအတွက် သီလ စင်ကြယ်ရမည်။
နံပါတ်(၂)အင်္ဂါအတွက် (ဒိဋ္ဌိစ ဥဇုကာ) အယူဖြောင့်မှန်ရမယ်ဆိုတာ
ဒိဋ္ဌိစင်ကြယ်ရမှာကို ဆိုလိုသည်။



(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)




*****တတိယမြောက်သမီးတော်*****

0 comment: