ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
Related Posts Plugin for WordPress, Blogger...

Posted on: Friday, January 22, 2016

ပညာရှိ အတွေး


ဘုရားရှင်ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်အခါက
သောတာပန်အရိယာဖြစ်တဲ့သာမာဝတီမိဖုရားဆိုတာ
 ကြားဖူးကြပါလိမ့်မယ်။ သာမာဝတီ မိဖုရားကိုသစ္စာဥာဏ်အမြင်နဲ့
သောတာပန်တည်အောင် တရားဒါနပြုခဲ့သူကတော့ မိဖုရားရဲ့
အစေအပါးဖြစ်တဲ့ ခုဇ္ဇုတ္တရာကျွန်မ ဖြစ်ပါတယ်။


ခုဇ္ဇုတ္တရာကျွန်မဟာ နေ့စဉ် အသပြာ ၈ ကျပ်ဖိုး ပန်းတွေသွား
ဝယ်ရပါတယ်။တစ်ရက်မှာတော့ သူပန်းဝယ်နေကျ ပန်းသည်ရဲ့
အိမ်မှာ ကျင်းပနေတဲ့ ဘုရားရှင်တရားပွဲနဲ့ကြုံလို့ တရားတော်ကို
နာယူလိုက်တယ် ၊ နားက တရားနာလို့ ဥာဏ်က ခန္ဓာလှည့်လိုက်တော့
ပုထုဇဉ်ကနေ အရိယာစင်စစ် သောတာပန်ဖြစ်သွားပါတော့တယ်။
အရိယာစင်စစ်ဖြစ်သွားပြီဆိုတော့ ညစ်ညူးတဲ့ကံတွေကို
ပြုလုပ်ခြင်းမရှိတော့ဘူးပေါ့။ အပါယ်ကိုလားရောက်ရမယ့်

ကံတွေဖြစ်တဲ့ သူတစ်ပါးအသက်ကို သတ်ခြင်း။
သူတစ်ပါး ပစ္စည်းခိုးခြင်း။ လိမ်လည်ပြောဆိုခြင်း စတဲ့
အကုသိုလ် အလုပ်မျိုးတွေကို မလွန်ကျူးတော့ဘူး။

အခါတိုင်းမှာတော့ အသပြာ ၈ ကျပ်ယူပြီး ၄ ကျပ်ဖိုးပဲဝယ်တယ်။
ပြီးရင် ကျန်တဲ့ ၄ ကျပ်ကို မိဖုရားမသိအောင်ခိုးယူ သိုဝှက်ထားတယ်။
ဒီအခုတော့ အရိယာစင်စစ်ဖြစ်ခဲ့ပြီမို့ သမုစ္ဆေဒပဟာန်နဲ့
သီလစောင့်ထိန်းသူပီပီ အသပြာ ၈ ကျပ်ဖိုး တစ်ပြားမှာ

မလျော့ပဲ အပြည့်ဝယ်ခဲ့ပါတယ်။

ရွှေနန်းတော်ကြီးဆီကိုရောက်လို့ မိဖုရားအဆောင်ကိုဝင်တဲ့
အခါမှာ အရင်နေ့တွေထက် နှစ်ဆ များပြားလှတဲ့ ပန်းတွေနဲ့
အတူ လောလောလတ်လတ်သောတာပန်တည်ထားသူရဲ့
ကာယဣနြေ္ဒ စက္ခုဣနြေ္ဒနဲ့ ပြည့်စုံနေတဲ့ခုဇ္ဇုတ္တရာကျွန်မကို
မိဖုရားက သတိထားမိပြီးမေးတော်မူပါတယ်။


ဣနြေ္ဒတွေပြည့်ဝပြီး အခါတိုင်းထက်ပိုမိုများပြားလှတဲ့ ပန်းတွေ
သယ်ဆောင်လာတယ် ပြီးတော့ အခါတိုင်းရောက်ရမယ့်အချိန်ထက်
နှောင့်နှေးကြန့်ကြာပြီးမှ ပြန်ရောက်လာရတဲ့အကြောင်းရင်းကို
ဖြေပါလို့ အမိန့်တော်ရှိလိုက်တာနဲ့ခုဇ္ဇုတ္တရာကျွန်မဟာ
ပထမဆုံး မိမိ နေ့စဉ်ကျူးလွန်မိတဲ့ ခိုးမှုကြီးကို ၀န်ချ
တောင်းပန်ပါတော့တယ်။ အဲ့ဒီလိုခိုးယူခဲ့မိလို့ ပန်းတွေဟာ

 ဒီနေ့ဝယ်လာတဲ့ပန်တွေရဲ့ ထက်ဝက်သာ အမြဲတမ်း
သယ်ဆောင်လာတာဖြစ်တယ် ဆိုတဲ့ အကြောင်း ရှင်းပြပါတယ်။
အရင်နေ့တွေထက်နောက်ကျပြီးမှ ပြန်ရောက်လာရတဲ့
အကြောင်းအရင်းကတော့ဘုရားရှင်ရဲ့တရားပွဲနဲ့ ကြုံလို့
တရားနာနေတဲ့အတွက်ကြောင့်ကြန့်ကြာခြင်းဖြစ်ကြောင်း
လျှောက်တင်လိုက်ပါတယ်။ပြီးတော့ ဘုရားရှင်ရဲ့ တရားတော်ကို
နာကြားခဲ့လို့လည်း တရားထူး တရားမြတ် ကို ရခဲ့ပြီ ဖြစ်လို့

အရင်နေ့တွေလို ခိုးမှု မကျူးလွန်တော့ပဲ အသပြာ ၈ ကျပ်ဖိုး
အပြည့်ကို ၀ယ်ယူခဲ့တာဖြစ်ကြောင်း ထပ်ဆင့်ပြီးလျှောက်

တင်လိုက်ပါတယ်။

ဒီတော့ သာမာဝတီ မိဖုရားက ဘုရားရှင်က ဘယ်လိုတရားမျိုး
ဟောလိုက်သလဲဆိုပြီး တရားတောင်းပါတော့တယ်။
တရားတော်ကို ဟောပြောရမယ့်သူဟာဘုရားရှင်ရဲ့
ကိုယ်စားဖြစ်တာကြောင့် မြင့်သောမြတ်သောနေရာမှာနေရပြီး
နာယူမယ့်သူဟာ ရိုသေမြတ်နိုးစွာ နာယူရပါတယ်။

ခုဇ္ဇုတ္တရာကျွန်မဟာတရားတော်ကို ဟောကြားမျှဝေခြင်းမပြုမီ 
(၁၆)လုံးသော နံ့သာရေအိုး နဲ့ ရေချိုးပါတယ်။ သန့်ရှင်းချောမွေ့တဲ့
အ၀တ်အထည်ကိုဆင်မြန်းပါတယ်။ ပြီးမှ မြတ်သောနေရာမှာထိုင်ပြီး 
နန်းတွင်းသူ မောင်းမ(၅၀၀)တို့ကိုပါ ဖိတ်ခေါ်ပြီး ဘုရားရှင်
ဟောကြားတော်မူတဲ့ တရားတော်ကို ပြန်လည်ဟောကြားခဲ့ပါတယ်။
ခုဇ္ဇုတ္တရာကျွန်မဟာ အလွန်ဥာဏ်ရည်ထက်မြက်သူဖြစ်တာကြောင့်
ဘုရားရှင်ဟောတော်မူတဲ့တရားတော်ကို တစ်ခွန်းမကျန်ဟောပြ
ဓမ္မဒါနုပြု နိုင်ခဲ့ပါတယ်။ တရားတော် အဆုံးမှာ သာမာဝတီ
မိဖုရားနဲ့တကွ နန်းတွင်းသူ ၅၀၀ စလုံး သောတာပတ္တိဖိုလ် မှာ
တည်ကြပါတယ်။

မိဖုရားဟာ သောတာပန်တည်ပြီဆိုတာနဲ့ ကျွန်မခုဇ္ဇုတ္တရာကို
အလွန်ပဲကျေးဇူးတင်ပြီး မိခင်အရာအပ်နှင်းလို့ မြတ်နိုးကြည်ညို

တော်မူပါတယ်။အားလုံးသော နန်းတွင်းသူတွေကလည်း ခုဇ္ဇုတ္တရာ
ကျွန်မကို ရိုသေလေးစားစွာ ရှိခိုးပြီး ညစ်နွမ်းအောက်တန်းကျတဲ့
အလုပ်တွေ ကို ယနေ့မှစ မပြုလုပ်ပါနဲ့တော့လို့အရိုအသေပြုကြတယ်။
မိခင်အရာ ဆရာအရာမှာ တည်ပြီး ဘုရားရှင်ထံကိုနေ့စဉ်သွားပြီး
ဘုရားရှင်ဟောကြားတဲ့ တရားတော်ကို နာကြားပြီး သာမာဝတီ
မိဖုရားနဲ့ နန်းတွင်းသူ ၅၀၀ တို့ကို   နေ့စဉ်ပြန်လည် တရား
ဟောပြတော်မူရပါတယ်။

နောက်ဆုံးမှာတော့ ခုဇ္ဇုတ္တရာကျွန်မဟာ
အကြားအမြင်များ၍ တရားဟောပြောတတ်သည့် အတော်ဆုံး
အမြတ်ဆုံးပိဋကတ် သုံးပုံဆောင်တဲ့ ဥပါသိကာမ ဆိုတဲ့
ဧတဒဂ်ဘွဲ့ထူးကိုဘုရားရှင်ကိုယ်တော်တိုင်က ချီးမြင့်
တော်မူ ခဲ့ပါတယ်။

မိဖုရားသာမာဝတီရဲ့ မိခင်အရာ အပ်နှင်းခြင်းခံရတဲ့ ခုဇ္ဇုတ္တရာ
ကျွန်မဟာကံ ကောင်းထောက်မလို့သာ ကျွန်ဘ၀နဲ့
သာသနာတော်ကိုကြုံခွင့်ရခဲ့သူဖြစ်ပါတယ်။ ကျွန်ဘ၀ရောက်တာကို
ဘာကြောင့် ကံကောင်းတယ်လို့ပြောရသလဲဆိုရင် အကယ်၍များ
ကံမကောင်းခဲ့ရင် ခုဇ္ဇုတ္တရာဟာ အပါယ်ဘုံမှာ ငရဲသားဖြစ်နေ
မှာမို့လို့ပါပဲ။ တကယ်သာ ငရဲသားဖြစ်နေခဲ့ရင်သာသနာတော်
ထွန်းကားတဲ့အခိုက်မှာ သစ္စာတရားလည်း နာကြားခွင့်မရနိုင်
သလို သံသရာက လွတ်မြောက်အောင် တရား လည်း

အားထုတ်ခွင့်ရမှာမဟုတ်ပါဘူး။ တရားအားထုတ်ခွင့်မရရင်
အရိယာလည်းမဖြစ်နိုင်၊နိဗ္ဗာန် ချမ်းသာကိုလည်း
မပိုင်ဆိုင်နိုင်တော့ပါဘူး။ ဒါကြောင့်သာ ကျွန်မဘ၀ကို
ရခြင်းသည် ကံကောင်းထောက်မလို့ ရခဲ့ခြင်းပဲဖြစ်ပါတယ်။


ဘာကြောင့်ကျွန်မဖြစ်ခဲ့ရတာလဲ????

ခုဇ္ဇုတ္တရာ ဆိုတာ ကဿပ ဘုရားရှင် လက်ထက်တော်အခါက
သူဋ္ဌေးသမီးလေးတစ်ယောက်ဖြစ်ခဲ့တယ်။ သူဋ္ဌေးသမီးလေးဟာ
ရဟန္တာဘိက္ခုနီမ တစ်ပါးကို သူ့ရဲ့ အလှပြင်ပစ္စည်းလေး ယူပေးပါလို့
ခိုင်းစေခဲ့တယ်။ အဲ့ဒီလိုခိုင်းစေလိုက်တဲ့အခါမှာ ဘိက္ခုနီ ရဟန္တာ
ထေရီမက “ ဒီ သူဋ္ဌေးသမီးလေးဟာ အကယ်၍ သူ့ရဲ့အလှပြင်
ပစ္စည်းကို ယူမပေးရင် ငါ့ကိုရန်ငြိုးဖွဲ့ပြီး  ဆဲလိမ့်မယ် ။
ဆဲတဲ့ အတွက်ကြောင့် ငရဲမှာ ကျရောက်ရမယ်။ အကယ်၍
ယူပေးပြန်ရင် သူတစ်ပါးရဲ့အခိုင်းအစေ ကျွန်မ ဘ၀ကို
 ဖြစ်ရလိမ့်မယ်။ ငရဲသားဘ၀ဆိုတာပူလောင်ပြင်းပြ
ဆင်းရဲလွန်းလှတယ်။ အဲ့ဒီ ငရဲသားဘ၀ဆင်းရဲတွင်းမှာ
ခံစားရတာထက်စာရင်တော့ သူတစ်ပါးရဲ့အခိုင်းအစေ
ကျွန်ဘ၀ရတာက ပိုပြီးကောင်းမြတ်တယ်” လို့
တွေးတော ဆင်ခြင်ပြီး သူဋ္ဌေးသမီးကို သနားဂရုဏာစိတ်နဲ့
အလှပြင်ပစ္စည်းကိုယူပေးလိုက်ပါတယ်။

အဲ့ဒီလို မိမိထက်သီလ သမာဓိ ပညာ ပိုမြင့်တဲ့
ရဟန္တာထေရီ တစ်ပါးကို စေခိုင်းခဲ့မိတဲ့ အကုသိုလ်
ကံကြောင့် ပညာရှိသူတော်ကောင်းရဲ့ငဲ့ညှာမှု နဲ့
သုဂတိဘုံသား အခိုင်းအစေ ကျွန်မ ဘ၀ကို
ရခဲ့ခြင်းဖြစ်ပါတယ်။

ပညာရှိသူတော်ကောင်းဖြစ်တဲ့ ရဟန္တာထေရီမက
သူဋ္ဌေးသမီးအတွက် မစဉ်းစားပေးခဲ့ရင် မဆင်ခြင်ပေးခဲ့ရင်
အလှပြင်ပစ္စည်းလေးကို ယူမပေးပဲ ထားခဲ့မိရင် ရန်ငြိုးဖွဲ့
ဆဲရေးမိတဲ့အခါ အပါယ်ဘုံသားဘ၀နဲ့ဆင်းရဲပင်ပန်းရမှာဖြစ်ပြီး
သာသနာတော်နဲ့လွဲ ၊ သစ္စာတရားနဲ့လွဲ ၊ နိဗ္ဗာန်ချမ်းသာနဲ့လည်း လွဲ
နေရအုံးမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ပညာရှိသူတော်ကောင်းက
သိလို့ မြင်လို့ အဆိုးနှစ်ခုမှာ ဘယ်တစ်ခုက အကျိုးရှိနိုင်မလဲဆိုတာ
ဆင်ခြင်ပြီး ကရုဏာနဲ့စောင့်ရှောက်ပေးခဲ့လို့သာ ကျွန်မ ဘ၀နဲ့
သုဂတိဘုံမှာ လူ လာဖြစ်ပြီး သာသနာတော်နဲ့ကြုံဆုံ ၊
သစ္စာတရားတွေနာကြား နားက တရားနာပြီး ဥာဏ်က
ခန္ဓာလှည့်နိုင်ခဲ့လို့ သစ္စာသိမြင် ကျွတ်တမ်းဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပညာရှိသူတော်ကောင်းဆိုတာ အဆိုးတွေနဲ့ ကြုံခဲ့ရင် တောင်
ဘယ်အရာက အကျိုးရှိနိုင်မလဲလို့တွေးပေး ဆင်ခြင်ပေး ရွေးချယ်
ပေးတတ်ကြပါတယ်။

လောက မှာ ပညာရှိသူတော်ကောင်းဆိုတာ လက်သည်းခွံပေါ်တင်
ထားတဲ့ မြေမှုန့်ပမာဏလောက်ပဲရှိပြီး၊ ပညာမဲ့ လူမိုက်ကတော့
ကမ္ဘာမြေကြီးလောက်ရှိပါတယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တော်
မြတ်က ရဟန်းများကို မိန့်တော်မူဖူးပါတယ်။ ဒီတော့ ပညာရှိဆိုတာ
အလွန်မှ ရှားပါးလို့ ပညာရှိစကားဆိုတာလည်း နာကြားခွင့်မှတ်သား
ခွင့် ရနိုင်ဖို့ အင်မတန်မှ ခဲ့ယဉ်းလှပါတယ်။ ဘုရားရှင် ပွင့်ထွန်းတော်
မူနေပါလျှက်နဲ့ ဘုရားအစစ်အမှန်ကို ရှာမတွေ့ပဲ တိတ္ထိတွေကို
ဘုရားလို့ အထင်မှားပြီး ကိုးကွယ်ကြတဲ့သူတွေက အများကြီး
ရှိခဲ့တာပါ။ ဘုရားရှင်ထင်ရှားရှိလို့ ဘုရားနားမှာ ၀ပ်တွားခစားပြီး
တရားတော်များနာယူပါလျှက် တရားနဲ့ဝေခဲ့ကြတဲ့သူတွေလည်း
မနည်းလှပါဘူး။ အမှန်တရားကိုသိဖို့ သစ္စာတရားကို နားလည်ဖို့
ဆိုတာကလည်း လွယ်ကူလှတဲ့အရာမဟုတ်လေတော့ ပညာရှိ
ဟုတ်မဟုတ် သိဖို့ဆိုတာကလည်း ခက်ခဲနေကြမှာပါ။

ရာထူးကြီးတဲ့သူကပဲ ပညာရှိသလိုလို၊ နာမည်ကြီးတဲ့သူကပဲ
ပညာရှိသလိုလို၊အာဘောင် အာရင်းသန်သန် ပြောတတ်တဲ့သူ
ကပဲ ပညာရှိသလိုလို၊အပေါင်းအသင်းများတဲ့သူကပဲ ပညာရှိ
သလိုလို၊ စကားချိုချိုပြောတတ်သူကပဲ ပညာရှိသလိုလို၊
ထင်ယောင် ထင်မှားနဲ့ ဘယ်သူ့ကို ကိုးကွယ်ဆည်းကပ်ရမှန်း
မသိအောင် ပညာရှိ အယောင်ဆောင်သူတွေကလည်း
များပြား ရှုပ်ထွေးလွန်းလှပါတယ်။

မိမိကိုယ်ကို ပညာရှိမဟုတ်မှန်းသိပြီး ပညာရှိကို မှီဝဲဆည်းကပ်မယ်
ဆိုတဲ့ အသိတရားရှိတဲ့သူဟာ ပညာတတ်သူလို့ခေါ်ရပါမယ်။
ကိုယ့်အရည်အချင်းကိုယ်မြင်တယ် သိတယ် စနစ်တကျ အသုံးချ
တတ်တယ်။ပညာရှိကို မှီဝဲဆည်းကပ်ရမယ်ဆိုတာ နားလည်
တယ်။ ပညာရှိ အစစ်အမှန် ဟုတ်မဟုတ်ကိုလည်း စူးစမ်းပါတယ်။

ပညာရှိဆိုတာ အကောင်း အဆိုး နဲ့ အကြောင်း အကျိုးကို
ဝေဖန်ဆန်းစစ်နိုင်သူပါ။ ကောင်းတဲ့အချက်တွေကိုလည်း
မြင်သိ ဖွင့်ပြတတ်သလို ဆိုးတဲ့အချက်တွေကိုလည်း ချွင်းချန်
မထားပဲ ဖေါ်ပြတတ်ပါတယ်။ ကောင်းတဲ့အချက်ကို ဖွင့်ပြခြင်းက
မိမိ တို့ အားကိုးယုံကြည်ရမယ့် လက္ခဏာကို သိစေအပ်တာဖြစ်ပြီး
ဆိုးတဲ့အချက်ကို ဖေါ်ပြခြင်းက မိမိတို့အတွက် အန္တရာယ်ရှိနိုင်တဲ့
အချက်ကို သတိထားနိုင်ဖို့ အသိပေး ဆုံးမခြင်းဖြစ်ပါတယ်။

လောကမှာ အကောင်းမြင်စိတ်ထားပါဆိုတဲ့စကားကို သူတော်ကောင်း
စကားလိုလို ထုတ်ယူသုံးစွဲနေကြတဲ့သူတွေ အင်မတန်များပါတယ်။
လူတဖက်သားကိုလည်း ကောင်းတယ်လို့ မြောက်ပေး။ကောင်းတာလေးပဲ
မြင်ပေးပြီး မကောင်းတဲ့အားနည်းချက်မှန်သမျှ အန္တရာယ်ရှိနိုင်တာကို
သိလျှက်နဲ့ချွင်းချန်ဖုံးဖိထားခြင်းတွေဟာ တဖက်ပိတ် ကောင်းခြင်းသာ
ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပညာရှိသူတော်ကောင်းဟာ ကောင်းတာကို
ပြောဖို့ ချီးကျူးစကားဆိုဖို့ အသိပေးဖို့ ၀န်မလေးသလို ဆိုးတာကို
ဖွင့်ပြရာမှာလည်း အန္တရာယ်ကင်းဖို့ ရည်ရွယ်ချက်နဲ့ ဆိုတတ်ကြတယ်
ဆိုတာ သိမှတ်တတ်ရပါမယ်။ပညာရှိဆိုတာ အဂတိတရား လေးပါးနဲ့
လည်း လွတ်ကင်းကြသူများဖြစ်ကြပါတယ်။
ချစ်ခြင်းကြောင့်မလိုက်အပ်သည်ကိုလိုက်တဲ့ ဆန္ဒာဂတိ။
မုန်းခြင်းကြောင့်မလိုက်အပ်သည်ကိုလိုက်တဲ့ ဒေါသာဂတိ။
ကြောက်ခြင်းကြောင့် မလိုက်အပ်သည်ကိုလိုက်တဲ့ ဘယာဂတိ။
မသိခြင်းကြောင့် မလိုက်အပ်သည်ကိုလိုက်တဲ့ မောဟာဂတိ။
စတဲ့ အဂတိတရားတွေဟာ အရိယာတွေ ကင်းစင်ပြီး ရှောင်ကျဉ်ပြီး
ဖြစ်ပါတယ်။ပုထုဇဉ်လူမိုက်များကတော့ မိမိ ချစ်ခင်သူကို ဘက်လိုက်
ကာကွယ်တတ်ကြပါတယ်။ ကောင်းတဲ့ဂုဏ်ကိုသာဖေါ်ပြကြပြီး
ဆိုတဲ့အပြစ်တွေကို ဖေါ်ပြဖို့ဝန်လေးတတ် ဖုံးဖိကာကွယ်တတ်တာကြောင့်
ဘက်လိုက်ခြင်းတွေ ဖြစ်ကြပါတယ်။ အဂတိ လိုက်စားသူများဖြစ်ကြပါတယ်။

မနာလိုစိတ်နဲ့ပြောခြင်းလား မုန်းတီးစိတ်နဲ့ပြောခြင်းလားဆိုတာကို
လည်း ဝေခွဲတတ်ရပါမယ်။သတိထားဆင်ခြင်ဖို့ပြောတာကို မနာလိုလို့
မုန်းလို့ ပြောတယ်လို့ ထင်မြင်ခြင်းဟာ မိမိကိုမိမိ အန္တရာယ်ဖြစ်စေ
တတ်ပါတယ်။ အားသာချက်ကိုလည်း လက်ခံမှတ်သားအားကိုး
ရမှာဖြစ်ပြီး ၊အားနည်းချက်ကိုလည်း မှတ်သားဆင်ခြင်နိုင်ရမှာဖြစ်တယ်။

ပညာတတ်တဲ့သူက ပညာရှိသူတော်ကောင်းကို မှီဝဲဆည်းကပ်ဖို့
ကြံစည်စိတ်ကူးသလို မိမိကိုယ်တိုင်လည်း ပညာရှိသူတော်ကောင်း
ဖြစ်အောင် ကြိုးစားအားထုတ်ပါတယ်။ လူမိုက်ကတော့ ပညာရှိ
သူတော်ကောင်းကို မှီဝဲဆည်းကပ်လိုခြင်း မရှိသလို ပညာရှိသူတော်
ကောင်းဖြစ်အောင် ကြိုးစားအားထုတ်ဖို့လည်း စိတ်ကူး မရှိကြပါဘူး။
သူတော်ကောင်းကြီးများကို ဆည်းကပ်ကိုးကွယ်ကြတာမြင်ပြီး
အကိုးကွယ်ခံချင်လို့ သူတော်ကောင်း အယောင်ဆောင်
တတ်ကြပါသေးတယ်။ အကြားအမြင် ဗဟုသုတ ရှိတဲ့
ပညာတတ် တစ်ချို့ကတော့  ပညာရှိသူတော်ကောင်း အစစ်
အမှန်ကို  မှီဝဲ ဆည်းကပ်နိုင်ကြပေမယ့် အကြားအမြင် ဗဟုသုတ
အားနည်းကြတဲ့ လူ အတော်များများကတော့ အပြောကောင်းတဲ့သူ
မဲဆွယ်တဲ့သူတွေနောက်ကို ပါသွားတတ်ကြတဲ့အတွက် ကိုးကွယ်မှုမှား
ဆည်းကပ်မှု မှားပြီး မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးကြရတယ်။
အဆိုးဆုံးကတော့ သာသနာတော်ကနေသွေဖယ်ပြီး သံသရာ
အတွက်ပါ ဆုံးရှုံးကြတာပါပဲ။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က လောကကြီးမှာ လူမိုက်နဲ့
လူလိမ်မာ ဘယ်ဟာများသလဲဆိုတာကို လက်သည်းခွံပေါ်က
မြေမှုန့်နဲ့ ကမ္ဘာမြေကြီးနဲ့ နှိုင်းယှဉ်ပြီး မိန့်တော်မူခဲ့ပါတယ်။
ဘုရားရှင်တို့မည်သည် မမှန်သော စကားကို ဆိုရိုးမရှိတဲ့အတွက်
ကြောင့် ပညာရှိ လူလိမ်မာဆိုတာ  အင်မတန်ရှားပါးတယ် ဆိုတာ
 သိမှတ်ရပါမယ်။ အင်မတန် ရှားပါးတဲ့ သူတော်ကောင်းတို့ရဲ့စကား
ကိုလည်း နာယူမှတ်သားဆင်ခြင် နှလုံးသွင်းတတ်ဖို့ သိတ်ကို
အရေးကြီးပါတယ်။ တန်ဖိုးရှိတဲ့သူတော်ကောင်းစကားကို ပစ်ပယ်မိရင်
သံသရာအတွက်ပါ ဆုံးရှုံးတတ်ပါတယ်။ သူတော်ကောင်းဆိုတာ
မျက်တောင်မွှေး တစ်ဆုံးစာလောက်ကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြ
သူများ မဟုတ်ပါဘူး။ မျက်စိတစ်ဆုံးစာလောက်ကိုကြည့်ပြီး ဆင်ခြင်
ဆုံးဖြတ် အကြံပေးတတ်ကြသူများဖြစ်ပါတယ်။ တစ်ဘ၀စာအတွက်ပဲ
အကြံပေးမှာ မဟုတ်ပါဘူး။ သံသရာတစ်ခုလုံးစာအတွက် သတိပေး
ဆုံးမ လမ်းညွှန်မှာဖြစ်ပါတယ်။

ဓမ္မပဒပါဠိတော်  ပဏ္ဍိတ၀ဂ် ရာဓတ္ထေရ၀တ္ထုမှာ..  အပြစ်ဖေါ်ပြ နှိမ့်ချ
ဆုံးမလေ့ရှိသော ထိုသို့ သဘောရှိသော ပညာရှိကို မြုပ်ထားသော
ရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်
ရာ၏။ ထိုသို့ သဘောရှိသော ပညာရှိကိုဆည်းကပ်သောသူအား
မြတ်၏။ မယုတ်ညံ့ပေ။ …လို့ ဖေါ်ပြထားပါတယ်။

ထပ်ပြီး ..အဿဇိပုနဗ္ဗသုက၀တ္ထုမှာ…  ဆုံးမရာ၏ ။ ကြိုတင်ဆုံးမရာ၏။
မကောင်းသောအပြုအမူတို့မှလည်း တားမြစ်ရာ၏။ ထိုသူကို သူတော်
ကောင်းတို့ ချစ်ခင်နှစ်အပ်၏။ မသူတော်တို့ကား မချစ် မနှစ်သက်ပေ။
…လို့ ဖေါ်ပြထားပါတယ်။


ပညာရှိတို့ တွေးကြည့်တာဟာ ပြေးကြည့်တာထက်မှန်တယ်ဆိုတဲ့စကား
လုံးဝ မပြစ်ပယ်လိုက်ပါနဲ့။ ကောင်းကျိုးမြင်လို့လည်း တိုက်တွန်းသလို
ဆိုးကျိုးမြင်လို့လည်း တားမြစ်ပိတ်ပင်ကြပါတယ်။ စစ်မှန်တဲ့စေတနာ
အရင်းခံ ရှိထားကြသူတွေဖြစ်လို့ပါပဲ။ မင်းတိုင်ပင် အမတ်ကြီးတွေ
ကြံ ကို စားကြတဲ့ ရာဇ၀င်လို၊ ကြံ အရင်းပိုင်းက စ ပြီးစားတဲ့သူက
ပညာရှိအရာမြောက်ပါတယ်။ ကြံကို အဖျားပိုင်းက စ ပြီး စားတဲ့သူက
ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီဆိုတဲ့ ပညာရှိ
အသိ အမြင်နဲ့ ကွာဟသွားခဲ့ပါတယ်။

ပညာရှိတို့ သဘောကား မရောက်သေးသော ဘေးကိုမြင်သည်ရှိသော်
အဝေးကသာလျှင် ရှောင်ကြဉ်ရာ၏။ ရောက်ပြီး ရောက်ဆဲ ဘေးကို
မြင်လျှင်မူကား ကြောက်ရွံ့တတ်သော သဘောမရှိသည်ဖြစ်၏။

ဒါကြောင့် ပညာရှိတို့ရဲ့ အတွေး အမြင်ဟာ နက်နဲလွန်း
သိမ်မွေ့လွန်းပြီး မှန်ကန် တန်ဖိုးရှိတဲ့အတွက် လိုက်နာကျင့်သုံး
ဆောက်တည်တတ်ကြပြီး ရှောင်ကျဉ်ရမယ့် အပိုင်းတွေမှာလည်း
အန္တရာယ်ကင်းအောင် ရှောင်ကျဉ်တတ်ကြစေချင်ပါတယ်။

ပညာရှိတို့ရဲ့ အဆုံးအမကိုလေးမြတ်စွာ ခံယူတတ်ကြပြီး
မိမိကိုယ်တိုင်လည်း ပညာရှိသူတော်ကောင်းတစ်ယောက်
ဖြစ်လာအောင် ကျင့်ကြံအားထုတ် သစ္စာသိအောင် ကြိုးစား
ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။



ချမ်းသာကိုယ်စိတ် မြဲကြပါစေ။




*****တတိယမြောက်သမီးတော်*****

0 comment: