ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, January 27, 2016

ဒုက္ခ အမျိုးအစား သုံးပါး


 ဤနေရာ၌နေတ္တိ ပါဠိတော်မှာလာသော ဒုက္ခ အမျိုးအစားတို့ကို
ခွဲခြား၍ သိထားသင့်သည်။ သို့မှသာ ၀ိပဿနာရှုရာတွင် မည်သည့်
ဒုက္ခကို ရှုရမည် - ဟု ပီပီပြင်ပြင် သိမြင်လာနိုင်ပေသည်။


တိေဿာ ဒုက္ခတာ-ဒုက္ခဒုက္ခတာ။
သင်္ခါရ ဒုက္ခတာ၊ ၀ိပရိဏာမ ဒုက္ခတာ။
(နေတ္တိပါဠိတော်-၁၂)
အဓိပ္ပါယ်မှာ ဒုက္ခသည် သုံးမျိုးသုံးစားရှိ၏။ ယင်းတို့ကား-
၁။ဒုက္ခဒုက္ခ
၂။သင်္ခါရ ဒုက္ခ
၃။ဝိပရိဏာမဒုက္ခ တို့ဖြစ်ကြသည်။

(၁)ဒုက္ခဒုက္ခ ဆိုတာ နဂိုရ်ကပင် ဒုက္ခသစ္စာကြီးဖြစ်နေတဲ့ ရုပ်နာမ်
ခန္ဓာပေါ်မှာ နောက်ထပ် အပိုတိုးလာတဲ့ ဒုက္ခများဖြစ်ကြ၏။
ဥပမာ-ခေါင်းကိုက် ဗိုက်နာ ခါးအောင့် ဇက်ထိုး ထုံကျင်
စသည်တို့ဖြစ်ကြ၏။နဂိုရ်ဒုက္ခသစ္စာခန္ဓာကြီးပေါ်တွင် အပိုဒုက္ခတွေ
ထပ်မံတိုးလာသောကြောင့် ဒုက္ခဒုက္ခ ဟုခေါ်သည်။
(၂)သင်္ခါရ ဒုက္ခ ဆိုသည်ကား ရုပ်နာမ် နှစ်ပါး ခန္ဓာငါးပါး တို့၏
စက္ကန့်မလပ် မိနစ်မလပ် တရစပ် ဖြစ်ပျက်ပြောင်းလွဲနေတဲ့ ဒုက္ခ
များကိုခေါ်ဆိုသည်။
(၃)၀ိပရိဏာမ ဒုက္ခ ဆိုတာ ဖောက်ပြန်ပြောင်းလဲလာသော ဒုက္ခများ
ဖြစ်ကြ၏။ ဥပမာ-အိုမင်းယိုယွင်းလာခြင်း၊ ဆံဖြူ ၊ သွားကျိုး၊ ခါးကိုင်း
နားထိုင်း၊ မျက်စိမှိုင်း၊ အသားအရေ တွန့်လိပ်ခြင်း။ နောက်ဆုံးသေကျေ
ပျက်စီးခြင်းများအထိ ဖောက်ပြန်သော ဒုက္ခများကို ၀ိပရိဏာမ ဒုက္ခများ  ဟု
ခေါ်ဆိုကြသည်။

ဤသို့ သုံးမျိုး သုံးစားရှိရာတွင် ၀ိပဿနာရှုသော ပုဂ္ဂိုလ်သည်
သင်္ခါရဒုက္ခ တစ်မျိုးကိုသာ ရှုရ၏။ ကျန်  ၂- မျိုးကို မရှုရ။ မရှုကောင်း။

ယောဂီတို့ တရားထိုင်သည့်အခါ တွေ့ကြရသည့် ထုံကျင် ကိုက်ခဲ
ညောင်းညာ ပူအောင့် ဆိုတဲ့ ဒုက္ခတွေ ဒုက္ခဒုက္ခထဲ ထည့်ကြရမည်။
သို့ဖြစ်လျှင် ရှုကောင်းမည်လော။ မရှုကောင်း။ ဘာကြောင့်းနည်း။
ဒုက္ခအစစ် မဟုတ်သောကြောင့် တည်း။ ဤသဘောကိုမသိကြ၍
ဦးထွန်းတင်တို့ လူစု ဒုက္ခကို လုပ်၍ ရှုနေကြခြင်းဖြစ်သည်။

တဖန် ဆံဖြူ၊ သွားကျိုး ၊ ခါးကိုင်း၊ နားထိုင်း။ အိုမင်းယိုယွင်း စသော
ဝိပရိဏာမဒုက္ခကို ရှုကောင်းမည်လော။ မရှုကောင်း။ ဘာကြောင့်နည်း။
ဒုက္ခအစစ်မဟုတ်သောကြောင့်တည်း။(ကမ္မဋ္ဌာန်းရုပ်များကို
ရှုကြသည်ကား သံဝေဂရရုံအတွက်သာဖြစ်၏။ မဂ် မရနိုင်။)

ရှင်းပြပါဦးမည်။ဒုက္ခဒုက္ခသည် ပြင်းထန်ခံခက်သော်လည်း ပြုပြင်၍
ရနိုင်၏။ ညောင်းညာ ကိုက်ခဲလာလျှင် အနင်းအနှိပ်သမားဖြင့်
ပယ်ဖျောက်နိုင်၏။ဖျားနာလျှင် ဆေးစား ဆေးထိုးခြင်းဖြင့် ပြုပြင်၍
ရနိုင်၏။ဝိပရိဏာမ ဒုက္ခကိုလည်းပြုပြင်၍ရနိုင်၏။ ဆံဖြူလာသည်ကို
ဆေးဆိုးနိုင်၏။သွားကျိုးသည်ကို အစားထိုးစိုက်နိုင်၏။ အသားအရေ
တွန့်သည်ကိုလည်း ပြုပြင်၍ရနိုင်၏။

သင်္ခါရဒုက္ခကိုကား ပြုပြင်၍မရ၊ ဒုက္ခဝေဒနာကြီးမို့ မလာပါနဲ့-ဟု
တား၍ မရ။ သုခဝေဒနာလေးမို့ မပျောက်ပါစေနဲ့..ဟူ၍ တောင်းပန်
မရ။ဤဒုက္ခမျိုးကမှ ကိုယ်မပိုင်၊ကိုယ်မနိုင်၍ ဒုက္ခအစစ်ကြီးဖြစ်သည်။
ဒုက္ခအစစ်ကြီးဟု မြတ်စွာဘုရား ဟောတော်မူ၏။ ဤဒုက္ခကိုသာ
ရှုကြရန်ဖြစ်သည်။



(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)




*****တတိယမြောက်သမီးတော်*****

0 comment: