ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, February 24, 2016

အရိယာကို သိဖို့ မလွယ်


သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟူ၍ အရိယာ
ပုဂ္ဂိုလ်များ အဆင့်ဆင့် ရှိကြရာ အရိယာ အချင်းချင်းပင်လျှင်
အောက် အောက် အရိယာပုဂ္ဂိုလ်တို့က အထက် အထက် ပုဂ္ဂိုလ်
တို့ကို မသိနိုင်၊ အထက် အထက် ပုဂ္ဂိုလ်တို့ကသာ အောက်
အောက် ပုဂ္ဂိုလ်တို့ကို သိနိုင်သည်ဟုဆို၏။


သာမာန် ပုထုဇဉ်တို့က အရိယာ ပုဂ္ဂိုလ်တို့ကို သိဖို့မှာကား
အဘယ်မှာလျှင် လွယ်ကူချေတော့မည်နည်း။

တစ်ခါတွင်  စိတ္တလတောင်၌ သီတင်းသုံးသော ရဟန္တာမထေရ်
ကြီးတစ်ပါးသည် နောက်ပါ တောထွက်ရဟန်းကြီးနှင့်အတူ ဆွမ်းခံ
ကြွသွားနေခိုက် ဖြစ်၏။ မထေရ်ကြီး၏ သပိတ်တို့ကိုပါ တောထွက်
ကိုယ်တော်ကြီးက သယ်ယူလာရသည်။

လမ်းတွင် တောထွက်ကိုယ်တော်ကြီးက ညည်းညည်းညူညူဖြင့်
ပြော၏။
“ယခုနေ အခါများ တပည့်တော်ဖြင့် ရဟန္တာ ပုဂ္ဂိုလ်ကိုဖူးချင်လိုက်တာ
ဘုရား၊ ဘယ်တော့များမှ ရဟန္တာပုဂ္ဂိုလ်နှင့် တွေ့နိုင်မည်လဲ မသိဘူး
ဘုရား..”
ထိုအခါ မထေရ်ကြီးက အမိန့်ရှိပါသတဲ့။
“ရဟန္တာပုဂ္ဂိုလ်ဆိုတာ သိဖို့ မလွယ်ဘူးကွဲ့ ၊ သူတို့ကလည်း သိမှာစိုး
ကြတယ်။ တစ်ချို့များ ရဟန္တာပုဂ္ဂိုလ်နဲ့ အတူတူနေတာတောင် မသိဘူး တဲ့။
ဘယ်လောက်များလဲ ဆိုရင် ရဟန္တာပုဂ္ဂိုလ်ရဲ့ သပိတ် သင်္ဃန်းတွေကို
ယူဆောင်ကိုင်တွယ်နေရတာတောင် ရဟန္တာမှန်းမသိကြဘူးတဲ့ ကွယ်။”
ဤသို့ ရိပ်ဖမ်း သံဖမ်း မျှ အမိန့်ရှိတော်မူ၏။ သို့သော်လည်း တောထွက်
ကြီးကား မရိပ်မိ မသိရှိပါတဲ့။

ကျောင်းအမကြိး ဒေါ်ဒေါ်ဖုံသည် ရိုးသားလှပါ၏။ စိတ်ထားဖြူစင်လှပါသည်။
စေတနာ သဒ္ဒါတရားရက်ရော၏။ ရှေးကောင်းမှု ပါရမီနှင့်လာခဲ့သူဖြစ်၍လည်း
အစစ အရာရာ ပြည့်စုံနေသူဖြစ်ပါသည်။ မိုးကုတ်ကျောက်တွင်းများစွာကို
ပိုင်ခဲ့၏။ တစ်နေ့တွင် ကျောင်းသို့ရောက်လာခိုက် မိုးကုတ်ဆရာတော်ကြီး
ဦးဝိမလ အား လျှောက်ထားမိသည်။

“အခု ပြည်မြို့မှာ ရဟန္တာပေါ်လို့တဲ့ ဘုရား၊ အဲ့ဒါကို သွားဖူးကြမယ်လို့
တပည့်တော်မတို့ လူစုနေကြတယ် ဘုရား..”
“အေး ရဟန္တာ ဖူးတာ ကောင်းပါတယ်။ ကုသိုလ်ရတာပေါ့။ ဒါပေမယ့်
ခင်ဗျားတို့က ရဟန္တာကို သိလို့လား၊ ဘယ်နှယ်လုပ်ခွဲခြားမလဲ…
ခင်ဗျားတို့က အင်မတန် နုံတဲ့သူတွေ၊ ကဲ..ပြောစမ်း ရဟန္တာကြီး
ရှေက  ထိုင်ပြတာတောင် သိနိုင်မလား။..”
ဤသို့ မိန့်သောအခါ ကျောင်းအမကြီး ဒေါ်ဖုံက ကောက်ကာ
ငင်ကာဖြင့် ခပ်သွက်သွက် လျှောက်လိုက်တော့၏။
“ အို..ဒါက လွယ်ပါတယ် ဘုရား။ သူများတွေလည်း တရုံးရုံးနဲ့
လာပြီး ဖူးနေကြမယ့်ဥစ္စာ အဲ့ဒါကို ကိုယ်ကလည်း ၀င်ပြီး ဦးချ
လိုက်ရုံပဲပေါ့.. ဘာခက်တာမှတ်လို့..”
ဟူ၍ ပြောကာ ကျောင်းအမကြီး ချော်ထွက်သွားလေသည်။
ဆရာတော်ကတော့ ပြုံးပြီး ကျန်ရစ်ပါသည်။


(မိုးကုတ် ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာ မှ)

ဤသို့လျှင် ရဟန္တာနှင့် နီးနီးစပ်စပ်နေ၍ ရဟန္တာကြီးဟောသော
တရားတော်များကို နာကြားရပါလျှက် ရဟန္တာမှန်းမသိကြလျှင်
အောက်မဂ်အရိယာများဖြစ်သော အနာဂါမ် သကဒါဂါမ် သောတာပန်
အရိယာပုဂ္ဂိုလ်တို့အား သိရှိနိုင်ကြပါမည်လား။ ထို့ထက် အောက်မဂ်
အရိယာသည် အထက်မဂ် အရိယာကို သိရှိနိုင်မည်မဟုတ်ခြင်းကို
ဆင်ခြင်တော်မူကြပါကုန်လော။


*****တတိယမြောက်သမီးတော်*****

0 comment: