ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, December 17, 2016

သေခြင်းတရားအတွက်ပြင်ဆင်ပါ



သေခြင်းတရားရှိတယ်နော်
မေ့နေကြတယ် မဟုတ်လား။
မြတ်စွာဘုရားရှင်က မမေ့မလျော့ ကောင်းသောသတိနဲ့
နေရစ်ကြပါလို့ မှာတော်မူခဲ့တယ်။

ကျမတို့တတွေဟာ ဘုရားကိုကိုးကွယ်နေကြပေမယ့်
ဘုရားစကားနားထောင်ဖို့တော့ မေ့နေတတ်ကြပါတယ်။
မနေ့က မနက်ခင်းပိုင်းမှာ အာပေါဓာတ်ဖောက်ပြန်လို့
ရှိသမျှခွန်အားတွေ ဆုတ်ယုတ်သွားသလို
လူဖြင့်တော်တော်ကိုနှုန်းချိသွားတာပဲ။
အလုပ်ကပစ်ထားလို့လည်းမဖြစ်တော့ သွားရတာပေါ့လေ။
ညပိုင်းကျပြန်တော့ တေဇောဓာတ်ကဖောက်ပြန်ပါရောလား
ခေါင်းတခြမ်းလုံး ကိုက်တာ ကျဉ်နေအောင်ခံရတယ်။
ဆေးသောက်ပြီးအိပ်တာကို အိပ်မပျော်ဘူး။
.
ခန္ဓာကြီးက ဖောက်ပြန်နေလိုက်တာလေ။
ခန္ဓာက ဖောက်ပြန်ပြီး နှိပ်စက်တာက တစ်မျိုး။
အဆိုး လောကဓံက နှိပ်စက်တာက တစ်မျိုး။
ဘုရားတရားတွေလေ့လာကျင့်ကြံနေတာပဲ
လောကဓံကြုံလည်း သီးခံပေါ့လို့ပြောကြလိမ့်မယ်။
ဘယ်လွယ်ပါ့မလဲ။
သောတာပန်အရိယာတောင် လောကဓံကို သီးမခံနိုင်သေးပါဘူး။
သကဒါဂါမ်ဆိုရင် အဆိုးလောကဓံကို နည်းနည်းတော့သီးခံနိုင်တယ်တဲ့။
အကောင်းလောကဓံကိုတော့ သီးမခံနိုင်သေးပဲ မက်မောတုန်းပဲ။
အနာဂါမ်အရိယာက အဆိုးလောကဓံကို အကြွင်းမဲ့သီးခံနိုင်ပေမယ့်
အကောင်းလောကဓံကိုတော့ သီးမခံနိုင်သေးဘူးတဲ့။
ရဟန္တာဖြစ်တော့မှသာ အကောင်းအဆိုး လောကဓံနှစ်ခုလုံးကို
သီးခံနိုင်ပါတယ်တဲ့။
.
များသောအားဖြင့် လူတွေဟာ လောကဓံခံရတယ်ဆိုတာကို
ဆိုးတာကမှ ခံရတယ်ထင်ကြတယ်။
ကောင်းတဲ့လောကဓံနဲ့ ကြုံလို့ သာယာမက်မော ခံစားတာကို
လောကဓံ ခံရတယ်လို့မထင်ကြဘူး။
လောကဓံမခံရတဲ့ ပုဂ္ဂိုလ်ဆိုတာ ဥပေက္ခာစိတ်မျိုးရှိမှ သီးခံနိုင်တာပါ။
ဥပေက္ခာဆိုတာ လောဘ ဒေါသ ဟူသမျှတို့၌ ဆုတ်နစ်တက်ကြွ
မရှိရပဲ အညီအမျှထားခြင်းကို ဥပေက္ခာလို့ ပြောတာပါ။
တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေလို့ စိတ်ဆိုးစိတ်ကောက်ပြီး
မပြောမဆိုနေတာကို ဥပေက္ခာလို့ ခေါ်တာက လူပြိန်းအသိနဲ့
ခေါ်တာပါ။ တကယ့်ဗြဟ္မာစိုရ်တရားလေးပါးထဲက ဥပေက္ခာကတော့
သူတော်ကောင်းဓာတ်နဲ့ ကျင့်သုံးတဲ့ဥပေက္ခာပဲဖြစ်ပါတယ်။
.
အဆိုးလောကဓံနဲ့ကြုံရတဲ့အခါ သီးမခံနိုင် ရင်မဆိုင်နိုင်တော့
သေရင်ပြီးရောလို့ တွေးတတ်ကြတယ်။ ဒါက သေခြင်းတရားကို
အသိဥာဏ်နဲ့ အောင့်မေ့ခြင်းမဟုတ်ပါဘူး။
ကိုယ်ကြုံတွေ့ရတဲ့အခက်အခဲကို ဒေါသဖြစ်ပြီး
အခက်အခဲကနေလွတ်မြောက်ချင်တဲ့ တဏှာနဲ့တောင့်တခြင်းသာ
ဖြစ်ပါတယ်။အဆိုးလောကဓံနဲ့တွေ့တဲ့အခါဒေါသဖြစ်တယ်
ပြီးတော့ အကောင်းလောကဓံကိုတောင့်တမှုလောဘလည်း
ဖြစ်တယ်။ရင်ဆိုင်ရတဲ့အခက်အခဲထက် သေတာက ပိုကောင်းတယ်လို့
တောင့်တတာကိုက တဏှာပါပဲ။
.
ပုထုဇဉ်ထက်တော့ သောတာပန်က လောကဓံကိုခံရတဲ့အခါ
ဝေဒနာနဲ့ ငါနဲ့ ကွဲတာပေါ့။ ခံစားရတာကို ခံစားရမှန်းသိတယ်။
ငါ့ကျမှဖြစ်ရတယ်လို့ မယူပါဘူးတဲ့။ပုထုဇဉ်ကတော့ ငါနဲ့တွဲပြီး
ခံစားတတ်ကြတယ်။
.
.သေခြင်းတရားကို အသိဥာဏ်နဲ့အောင့်မေ့တတ်မှ ပညာအရာ
ရောက်ပါတယ်။အခက်အခဲကလွတ်မြောက်လိုမှုနဲ့အောင့်မေ့ခြင်းက
ကိလေသာပဲဖြစ်ပါတယ်။ အောင့်မေ့တတ်ပုံခြင်းတော့ ခြားနားတာပေါ့။
.အကောင်းလောကဓံနဲ့ကြုံနေတဲ့သူကလည်း နှစ်သက်ဖွယ်အာရုံလေးကိုတပ်မက်စွဲလန်းပြီး
သေခြင်းတရားကိုမေ့နေတတ်တယ်။ဒီလိုအချိန်မှာဘယ်သူမှ
မသေချင်ဘူးလေ။ သေခြင်းတရားအကြောင်းပြောရင်
စိတ်ဆိုးတာပေါ့။ အောင့်မေ့ဖို့များနေနေသာသာ။
ပြောတဲ့သူကို ကျေးဇူးတင်ဖို့ နေနေသာသာ
ရန်သူလို့ကိုမြင်တော့တာပဲ။
.
တကယ်တော့ သေခြင်းတရားရှိတယ်လို့ အောင့်မေ့လိုက်ခြင်းဟာ
ဘုရားဥာဏ် ကိန်းခြင်းပဲဖြစ်တယ်။
ဘုရားရှင်ကိုယ်တော်မြတ်က သင်္ခါရတရားမှန်သမျှ မမြဲဘူးလို့ပဲ
ဟောတော်မူခဲ့တာပါ။ အကြောင်း အထောက်အပံ့ကြောင့်
ရနေတဲ့ အကျိုးတရား ခန္ဓာဟာ မမြဲဘူးလို့
သိလိုက်ခြင်းဟာ ဘုရားဥာဏ် ကိန်းခြင်းလည်းဖြစ်တယ်
ဘုရားရှင်ကို ဥာဏ်နဲ့ပူဇော်ခြင်းလည်းဖြစ်တယ်။
သတ္တဝါတွေ သေခြင်းဆင်းရဲကလွတ်အောင်
မသေရာနိဗ္ဗာန်ကို ပို့ပေးချင်လို့လည်း လေးသင်္ချေနဲ့
ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတွေဖြည့်ကျင့်ခဲ့ရတယ်။
သေခြင်းဆင်းရဲက လွတ်စေချင်လွန်းလို့ ဘဝပေါင်းများစွာ
ပါရမီတွေဖြည့်ကျင့်ခဲ့ရတဲ့မြတ်စွာဘုရားရှင်ကို
ကြည်ညိုတယ် မြတ်နိုးတယ် ယုံကြည်တယ်ဆိုရင်
အသေလွတ်ရာနိဗ္ဗာန်ကိုရောက်အောင် ဝိပဿနာအလုပ်ကို
အားထုတ်ကြိုးစားသင့်ပါတယ်။ ဝိပဿနာအလုပ်လုပ်တယ်
ဆိုတာ အသေလွတ်အောင်ကြိုးစားခြင်းပဲဖြစ်ပါတယ်။
ိဝိပဿနာအလုပ်ကိုမလုပ်သေးတာဟာ သေခြင်းတရားကို
မေ့လျော့ပေါ့ဆနေတာပဲဖြစ်ပါတယ်။ သေခြင်းတရားကို
မေ့နေခြင်းဟာ မြတ်စွာဘုရားကို ယုံကြည်ကိုးကွယ်သူတို့
မလုပ်သင့်တဲ့အလုပ်ပါပဲ။ မြတ်စွာဘုရားကိုယုံကြည်ရင်
မြတ်စွာဘုရားဖြစ်စေချင်တဲ့ အသေလွတ်ရာနိဗ္ဗာန်ကို
ရောက်အောင်သွားဖို့ ကြိုးစားအားထုတ်ရမှာပါ။
ဘုရားစကားကိုနားထောင်မှ ဗုဒ္ဓဘာသာဝင်စစ်စစ်
ဖြစ်ပါတယ်။
သေခြင်းတရားကို သတိရပြီးရင်
သေခြင်းတရားကိုရင်ဆိုင်ဖို့ ပြင်ဆင်ရမှာကိုလည်း
မမေ့သင့်ပါဘူး။
သေခြင်းတရားကို ရင်ဆိုင်ကျော်ဖြတ်ဖို့ ကျမတို့အားလုံး
အချိန်ရသလောက်ကလေး ကြိုးစားပြီး
အသေမဦးမှီ ဥာဏ်ဦးအောင်
ပြင်ဆင်ကြရအောင်လားရှင်။

*****တတိယမြောက်သမီးတော်*****

0 comment: