ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, December 17, 2016

နိဗ္ဗာန်နှင့်နီးသောအကြောင်း




.
မနက် ၃နာရီ ခွဲလောက်အချိန်မှာ အိမ်ရှေ့လမ်းမက
နွားလည်းတစ်စီးဖြတ်မောင်းသွားတဲ့အသံကို ကြားလိုက်ရတယ်။
လုပ်ငန်းခွင်ဝင်ဖို့သွားတာလား။ လုပ်ငန်းခွင်က အလုပ်သိမ်းပြီး
ပြန်လာတာလား ။

.
မိမိခန္ဓာကြီး အသက်ရှင်ဖို့ အဟာရမှီဝဲဖို့ နေထိုင်သုံးဆောင်ဖို့
စသည်အားဖြင့် ရှာရ ဖွေရ ပင်ပန်းလိုက်ကြတာ။
ပင်ပန်းခံရသလောက် ဟောဒီခန္ဓာကြီးက ကျေးဇူးကန်းတယ်။
ဘယ်လောက်ပဲ ပြုစုယုယ အစာရေစာကျွေးပြီး
နွေးထွေးမှုတွေပေးထားပေမယ့် အချိန်တန်တော့လည်း
သေရတာပါပဲ။
အို နာ သေ အကြိမ်ကြိမ်ထပ်နေတဲ့ သံသရာကြီးထဲမှာ
ရလာတဲ့ခန္ဓာကြီးကိုပြုစုစောင့်ရှောက်ရင်းသေပွဲဝင်ခဲ့ရတဲ့
သူရဲကောင်း.တွေပေါ့။
အဲ့ဒီသူရဲကောင်းကြီးတွေ အကြိမ်ကြိမ် အသေခံခဲ့ရသလောက်
ခုချိန်ထိ ချမ်းသာခြင်းအစစ်အမှန် ဖြစ်တဲ့
နိဗ္ဗာန်ဆိုတဲ့ ဆုလာဘ်ကြီး ကိုတော့ မရကြရှာပါဘူး။
.
ခန္ဓာကိုစောင့်ရှောက်ရင်း ဘာလို့နိဗ္ဗာန်မရကြတာလဲ။
ခန္ဓာကိုယ်ကြီးကိုသာ စောင့်ရှောက်ပြီး
စိတ်ကိုမစောင့်ရှောက်တတ်ကြလို့ပဲ။
.
စိတ်ဟာ မြတ်စွာဘုရားရှင် ဥာဏ်တော်နဲ့ချပြခဲ့တာ
အမျိုးအစားပေါင်း (၈၉)ပါးတောင်ရှိတယ်။
ဒီ(၈၉)ပါးထဲမှာ အရိယာတို့မှာဖြစ်တဲ့ စိတ်အမျိုးအစား
(၈)မျိုးကိုတော့ လောကုတ္တရာစိတ်လို့ခေါ်ပါတယ်။
ကျန်တဲ့စိတ်(၈၁)ပါးကိုတော့ လောကီစိတ်လို့ခေါ်တယ်။
လောကီစိတ်(၈၁)ပါးထဲကမှ ဈာန်ရတဲ့ပုဂ္ဂိုလ်များသာ
ဖြစ်တဲ့စိတ် (၂၇)ပါးကို မဟဂ္ဂုတ်စိတ်လို့ခေါ်တယ်။
ကျန်တဲ့စိတ်(၅၄)ပါးထဲမှာရဟန္တာပုဂ္ဂိုလ်များမှာသာ
ဖြစ်တဲ့စိတ်(၉)ပါးကိုနုတ်လိုက်ရင် သာမာန်ပုထုဇဉ်
တို့မှာဖြစ်တဲ့စိတ်ဟာ (၄၅)ပါးဖြစ်ပါတယ်။
အဲ့ဒီ(၄၅)ပါးထဲမှာ သောဘဏလို့ခေါ်တဲ့ တင့်တယ်တဲ့စိတ်က
(၁၆)ပါးပဲရှိပါတယ် ကျန်တဲ့ (၂၉)ပါးသောစိတ်တွေကိုတော့
အသောဘဏလို့ခေါ်တဲ့မတင့်တယ်တဲ့ စိတ်အဖြစ်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
အဘိဓမ္မာမြတ်ဒေသနာမှာဟောတော်မူခဲ့ပါတယ်။
အသောဘဏစိတ်(၂၉)ပါးထဲမှာ အကုသိုလ်စိတ်က
(၁၂)ပါးပါတယ်။ ကျန်တဲ့စိတ် (၁၇)ပါးကတော့ ပြုခဲ့ဖူးတဲ့
ကုသိုလ် အကုသိုလ်အကြောင်းတရားက ရတဲ့ အကျိုး
တရား  အ ဟိတ်စိတ်တွေပဲဖြစ်ပါတယ်။
.
ဒီတော့ ပုထုဇဉ်မှန်ရင် ကုသိုလ်ပြုသူက သုဂတိခန္ဓာ
ရပြီး ကာမဂုဏ်အာရုံတွေ ခံစား ရလာတဲ့ခန္ဓာကို
စောင့်ရှောက်ပြီး အချိန်တန်တော့ အိုပြီး နာပြီး သေကြရတယ်။
အကုသိုလ်ပြုတဲ့သူက ဒုဂ္ဂတိခန္ဓာတွေရ အကြားအလပ်မရှိ
ဆင်းရဲခြင်းတွေနဲ့ ပေးဆပ်ကြရတယ်။
ပုထုဇဉ်ဆိုတာ ကုသိုလ် အကုသိုလ်တွေနဲ့
သံသရာလည်နေကြတဲ့သူတွေပေါ့။
ကုသိုလ်သမားက ကာမဂုဏ်ခံစားပြီး သေတယ်။
အကုသိုလ်သမားက အကုသိုလ် မကုန်မချင်း
ပေးဆပ်နေရတယ်။ ဒီလိုနည်းနဲ့ပဲ ခန္ဓာအစဉ်က
လှည့်လည်နေတယ်။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ
ကုသိုလ် အကုသိုလ်ပြုလုပ်ပြီး သံသရာလည်တာကို
ဖေါ်ပြထားခြင်းပဲဖြစ်ပါတယ်။
သံသရာက လွတ်အောင် ထွက်လို့ရတဲ့လမ်းပေါက်ကိုလည်း
ညွှန်ပြထားပါတယ်။
.
သံသရာလည်ခြင်းက အဆုံးသတ်ချင်ရင်တော့
လောကုတ္တရာ မဂ်စိတ် ဖိုလ်စိတ်ရပြီးမှ သံသရာက
လွတ်မြောက်မှာပါ။ ပုထုဇဉ်မှာ အကုသိုလ်စိတ်နဲ့
ကုသိုလ်စိတ်တွေပဲလည်နေတော့ သံသရာမဖြတ်နိုင်ဘူး။
သံသရာကိုဖြတ်ဖို့ မဂ်စိတ်ရမှဖြစ်ပါမယ်။
မဂ်စိတ်ရအောင် ဝိပဿနာအလုပ်ကိုလုပ်မှ ရပါတယ်။
မဂ်စိတ်ရဖို့အတွက်တော့ မိမိစိတ်ကိုခိုင်းပြီး အသုံးချတတ်ရပါမယ်။
ခန္ဓာကြီးကိုအသုံးချပြီး အရိုးကြီးပွားရေးတွေနဲ့အချိန်ကုန်
သံသရာလည်းရင်း ဆင်းရဲဒုက္ခရောက်ရခြင်းကလွတ်မြောက်ဖို့
မိမိစိတ်ကိုအသုံးချပြီး ခန္ဓာဇာတ်သိမ်းအောင် ကြိုးစား
အားထုတ်ကြရမှာပါ။
.
စိတ္တေန နိယတ္တေ လောကော
စိတ်သည် လောကကိုဆောင်အပ်၏
လို့ မြတ်စွာဘုရားက ဟောတော်မူခဲ့တယ်။
သံသရာလည်ရခြင်းက စိတ်က ဦးဆောင်ပြီး
ကောင်းမှု မကောင်းမှု လုပ်ခဲ့တာဖြစ်တယ်။
သံသရာက လွတ်မြောက်ဖို့ဆိုတာလည်း စိတ်က
ဦးဆောင်ပြီး ကျင့်ကြံရတာပြဲဖစ်ပါတယ်။
တဏှာစိတ်ရဲ့ အလိုကိုမလိုက်ပဲ ဥာဏ်စိတ်နဲ့
ခန္ဓာ့ သဘော ဒုက္ခသစ္စာကို သိပေးနိုင်ရင်
ဒုက္ခတို့အဆုံးဖြစ်ရာနိဗ္ဗာန်ကို မဂ်စိတ်ကခေါ်ဆောင်သွားမှာပါ။
.
အရိုးကြီးပွားရေးအတွက် နေ့မနား ညမနား ပင်ပန်းခံကြိုးစားကြသလို
ခန္ဓာဇာတ်သိမ်းဖို့အရေးကိုလည်း အသေမဦးမှီ ဥာဏ်ဦးအောင်
ကြိုးစားကြပါစို့လား။
သွားရင်းလည်း သတိ နဲ့ ဒုက္ခသစ္စာပါလားလို့ ဥာဏ်စိတ်နဲ့သိ။
စားရင်းလည်း သတိနဲ့ ဒုက္ခသစ္စာပါလားလို့ ဥာဏ်စိတ်နဲ့သိ။
ထိုင်ရင်း အိပ်ရင်းလည်း ဒုက္ခသစ္စာပါလားလို့ ဥာဏ်စိတ်နဲ့ သိ။
ဥာဏ်စိတ်နဲ့ သတိကပ် သိမှတ်နေခြင်းအားဖြင့်
စိတ်ကိုကောင်းစွာစောင့်ရှောက်နေရင်
ချမ်းသာခြင်းအစစ် နိဗ္ဗာန်ဆိုတာ တဖြေးဖြေးနဲ့ နီးနီးလာရမှာ
ဧကန်မလွဲပါပဲရှင်။

သုခိအတ္တာနံ ပရိဟရန္တု
မိမိကိုယ်ကိုချမ်းသာအောင်ရွက်ဆောင်နိုင်ကြပါစေ။

******တတိယမြောက်သမီးတော်*****

0 comment: