ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, December 17, 2016

ပန်းတိုင်ရည်မှန်း သုဂတိလမ်း




.
ကျမတို့တွေဟာ ဗုဒ္ဓဘာသာကိုးကွယ်သူတွေဖြစ်လို့
အတိတ်ဘဝတွေရှိခဲ့တယ် အနာဂတ်မှာလည်းဘဝတွေ
ရလာအုံးမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ထားပြီးသူများ
ဖြစ်ကြပါတယ်။

.
အတိတ်ဘဝရှိခဲ့တယ်လို့ယုံယုံကြည်ကြည်သိထားပေမယ့်
ဘယ်လိုဘဝမျိုးကနေ ခုလိုလူ့ပြည်လူ့ဘဝရလာတယ်လို့တော့
မသိနိုင်ကြပါဘူး။ဒုဂ္ဂတိဘုံသားတွေဖြစ်တဲ့ ငရဲဘဝကကျွတ်လွတ်ပြီး
လူ့ဘဝရောက်လာသလား။ တိရိစ္ဆာန်ဘဝကနေ လာသလား။
ပြိတ္တာဘဝကနေရောက်လာသလား။ အသူရကာယ်ဘုံသားတွေ
ဖြစ်ခဲ့သလားဆိုတာ ဇာတိဿရဥာဏ်ကိုရထားသူများ
မဟုတ်တဲ့အတွက် မသိနိုင်ကြပါဘူး။
.
အဲ့ဒီလိုပဲ အတိတ်ဘဝက သုဂတိနတ်ပြည်မှာ နတ်စည်းစိမ်တွေ
ခံစား စံစားပြီး နတ်ကုသိုလ်ကုန်လို့ လူ့ပြည်လူ့ဘဝရလာသလား
ဆိုတာလည်း မသိနိုင်ကြဘူးပေါ့ရှင်။ဒီထက်ပိုလို့ သမထကုသိုလ်
အရှိန်နဲ့ ဗြဟ္မာကြီးဘဝရပြီးခါမှများ လူ့ပြည်လူ့ဘဝပြန်ရောက်လာသလားလို့
တွေးမယ်ဆိုလည်း တွေးလို့ရနိုင်ပါသေးတယ်။
.
သေချာတာကတော့ ကုသိုလ်အထောက်အပံ့ကြောင့်
လူဖြစ်နေခြင်းပါပဲ။
ကုသိုလ်ဆိုတာ အဖြူကံပေါ့။
အကုသိုလ်က အမဲ ကံ။
အဖြူကံရဲ့အထောက်အပံ့ကြောင့် လူ့ဘဝရလာခဲ့ပြီ။
လက်ရှိလူ့ဘဝကနေ သေလွန်သည်ရှိသော်
အဖြူကံရဲ့အထောက်အပံ့နဲ့ သုဂတိသွားခွင့်ရမလား။
အမဲကံရဲ့တွန်းအားနဲ့ ဒုဂ္ဂတိကိုရောက်မလား ဆိုတာ
ဘယ်သူမှ မသိနိုင်ပါဘူး။
.
အရိယာသူတော်ကောင်းများကတော့
အပါယ်သံသရာကိုဖြတ်တောက်ပြီးသူများဖြစ်လို့
သုဂတိလို့ခေါ်တဲ့ ကောင်းကျိုးချမ်းသာကို
ခံစားခွင့်ရနိုင်တဲ့ ဘဝတွေမှာပဲ ကျင်လည်ကြရတော့မှာဖြစ်ပါတယ်။
အဖြူအမဲ မရောတဲ့ ကံဖြတ်ခြင်းအလုပ်ကို
ကြိုးစားအားထုတ်လို့ကိစ္စအားလုံးပြီးထားရင်တော့
ခန္ဓာရခြင်းဆင်းရဲက အပြီးတိုင်ချုပ်ငြိမ်းပါပြီ။
.
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက
စကြာဝတေးမင်းဖြစ်ရခြင်းထက် သောတာပန်ပုဂ္ဂိုလ်
ဖြစ်ရခြင်းက ပို၍ မြတ်၏ လို့ မိန့်တော်မူခဲ့တာပါ။
စကြာဝတေးမင်းဆိုတာ အပါယ်သံသရာကို
ဖြတ်တောက်ထားတဲ့သူမဟုတ်ပါဘူး။
ကုသိုလ်အရှိန်ကြောင့် သက်တမ်းရှည်တဲ့
မင်းစည်းစိမ်ကိုခံစားသူသာဖြစ်ပါတယ်။
သူသည်လည်း သံသရာကိုဖြတ်တောက်ထားသူ
မဟုတ်တဲ့အတွက် အမဲကံက အကျိုးပေးတဲ့အခါ
အပါယ်ခန္ဓာရအုံးမှာဖြစ်ပါတယ်။
ဒါကြောင့်လည်း အပါယ်သံသရာဖြတ်တောက်ထားပြီး
ဖြစ်တဲ့ သောတာပန်ကို စကြာဝတေးမင်းထက် သာ၍
မြတ်၏လို့ မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ခြင်း
ဖြစ်ပါတယ်။
.
လားရာသုဂတိမြဲတဲ့သူဟာ အရိယာသူတော်ကောင်းများသာ
ဖြစ်တဲ့အတွက် တစ်မဂ်တစ်ဖိုလ်ရအောင်ကြိုးစားထားပါမှ
လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။ လားရာဂတိမြဲသွားရင်တော့
စိတ်ချရပါပြီ။ဂတိမြဲဖို့အတွက် ကျင့်ကြံအားထုတ်ရမှာက
ဝိပဿနာအလုပ်ပဲဖြစ်ပါတယ်။ ဝိပဿနာအလုပ်
အားထုတ်လိုသူများဟာ ဆရာကောင်းသမားကောင်း
တို့ရဲ့ အဆုံးအမ လမ်းညွှန်မှုကို ခံယူရမှာပါ။
.
ထိုင်နေတိုင်းတရားမဟုတ်သလို ရှုမှတ်မှုတိုင်းကလည်း
ဝိပဿနာအလုပ်မဟုတ်ပါဘူး။ နာတာနာမှန်းသိခြင်းသည်
သမထ။ ကျင်တာကိုကျင်မှန်းသိခြင်းသည် သမထ။
ရူတာကိုရူမှန်းသိခြင်းသည် သမထ ။ ရှိုက်တာရှိုက်မှန်း
သိခြင်းသည် သမထ။ ဒါကြောင့်လည်း ရှုမှတ်တိုင်း
ဝိပဿနာမဟုတ်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။
ထိုင်နေပေမယ့်လည်း ရှုမှတ်ခြင်းမလုပ်ရင်
တရားမဟုတ်ပါဘူး။ မတရားတဲ့ အတွေးအသိ
အကြံအစည်တွေနဲ့ လောဘတွေဖြစ် ဒေါသတွေဖြစ်
မောဟတွေနဲ့ တွေဝေနေတတ်ပါတယ်။
မဂ္ဂင်(၈)ပါးထဲက သမာဓိမဂ္ဂင်သုံးပါးနဲ့ နေထိုင်သူ
မဟုတ်ရင် အကုသိုလ်စိတ်တွေဝင်ဖို့ပဲရှိပါတယ်။
အကုသိုလ်စိတ်က အကုသိုလ်အလုပ်တွေကို
တွန်းအားပေးခြင်းသာ ဖြစ်ပါလိမ့်မယ်။
.
သမာဓိမဂ္ဂင်သုံးပါးနဲ့ ပညာမဂ္ဂင်နှစ်ပါးကို
ညီမျှစွာ ကျင့်ကြံအားထုတ်နိုင်သူဟာ လောကုတ္တရာ
မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုရပြီး သီလမဂ္ဂင်သုံးပါးကို
သမုစ္ဆေဒဝိရတီနဲ့ လုံခြုံပြည့်စုံစေမှာဖြစ်ပါတယ်။
ဒီလိုမဂ္ဂင်(၈)ပါးစလုံးနဲ့ပြည့်စုံထားသူအတွက်
လားရာဂတိဟာ သုဂတိအဖြစ်မြဲသွားပါပြီ။
နိဗ္ဗာန်ကိုရည်မှန်းပြီး ဝိပဿနာအလုပ်ကို
ကျင့်ကြံကြိုးကုတ်အားထုတ်နေကြတယ်ဆိုတာ
လားရာ သုဂတိမြဲဖို့အတွက်ပဲဖြစ်ပါတယ်။
.
ဝိပဿနာဆိုတာ ပေါ်လာသမျှခန္ဓာရဲ့
သဘောလေးတွေကို လက္ခာဏာရေးသုံးပါးနဲ့
မှန်စွာ သိမှတ် ဆင်ခြင်ဆုံးဖြတ်ပေးနိုင်ခြင်း
ဥာဏ်ပညာပဲဖြစ်ပါတယ်။
.
လူုဖြစ်ကျိုးနပ်ဖို့ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကိုရည်မှန်းပြီး
ဝိပဿနာအလုပ်ကို ကြိုးစားအားထုတ်
သုဂတိလမ်းကိုလျှောက်လှမ်းကြပါစို့လို့
လေးစားစွာဖြင့်တိုက်တွန်းလိုက်ရပါတယ်။

သုခိအတ္တာနံ ပရိဟရန္တု။

*****တတိယမြောက်သမီးတော်*****

0 comment: