ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, April 22, 2017

ခန္ဓာစွန့်ခြင်း၊တဏှာစွန့်ခြင်း***

ခန္ဓာစွန့်ခြင်း၊တဏှာစွန့်ခြင်း***

အရိယာမဂ်သည် သူ၏အစွမ်းသတ္တိဖြင့် ကိလေသာကို
ပိုင်းဖြတ်ပယ်သတ်ခြင်းဖြစ်သည်။
ပထမမဂ်ရဖို့အတွက်ဟု ရည်သန်၍ ဒိဋ္ဌိကိုအာရုံယူကာ
အစွဲဖြုတ်ပေးရခြင်းမဟုတ်ပါ။ ခန္ဓာဒုက္ခသစ္စာ မမြဲခြင်းကို
ဥာဏ်ဖြင့်ရှုမှတ်ဆင်ခြင်လျှက်  ရုပ်နာမ်တို့၏သဘောသာ
ရှိသည် ငါ ဆိုတာမရှိဟု   သိသောဥာဏ်သည်ဒိဋ္ဌိဖြုတ်ခြင်းဖြစ်၏။
ပထမမဂ်အတွက်ရည်သန်၍ ဒိဋ္ဌိ ငါကို ဖြုတ်ရန် ငါဟု စွဲသော
စိတ်ကို သတိဖြင့် ထိန်းယူဖျောက်ဖျက်၍ မရစကောင်းပေ။
ငါ မရှိဟု သိခြင်းသညာဖြင့် ငါ စွဲအယူသည် မပျောက်ပျက်နိုင်။


ရုပ်နာမ်၏ သဘောဖြစ်ပျက်ကိုသိသဖြင့် အကြိမ်ကြိမ်ရှုမှတ်၍
ငြီးငွေ့ စွန့်ပယ်ခြင်းသည်သာ ငါ မရှိခြင်း၏ သဘောအမှန်ကို
ရောက်ရာ၏။စွန့်ပယ်သည်ဟုဆိုရာ၌လည်း စွန့်တယ်ပယ်တယ်
ဟုရှုမှတ်ရခြင်းမဟုတ်။ခန္ဓာ၏အဖြစ်သဘော အပျက်သဘော
ကို ဥာဏ်၌ထင်ရှားသိမြင်၍ လောကုတ္တရာမဂ်ဥာဏ်က
ပိုင်းဖြတ်ပယ်သတ်လိုက်ခြင်းသာဖြစ်သည်။
ဤသို့မှသာ ငါမရှိခြင်းသည် ပညာအစစ်အမှန်
ဖြင့် သိခြင်းဖြစ်၏။ အရိယာမဂ်ဖြင့် ကိလေသာကို ပယ်စွန့်ခြင်း
မည်၏။ သတိဖြင့် ငါမရှိဟု သိမြင်ဆင်ခြင်ခြင်းသည်
သညာသိ ဆင်ခြင်ခြင်းသာဖြစ်သဖြင့် အကျိုးမပြီးနိုင်။
သောတာပန်အရိယာတို့က ငါမရှိ ရုပ်နာမ်သာ ရှိသည်ဟု
အထူးတလည် ဆင်ခြင်နေကြရသည်မဟုတ်ပေ။
ရုပ်နှင့်နာမ်သာ ရှိသည်ကို ရှင်းလင်းထင်ရှားစွာ သိအပ်ပြီး
သူများဖြစ်သည့်အတွက် ငါမရှိဟု သိအပ်ပြီးဥာဏ်၌
ရှင်းလင်းစွာထင်ရှားပြီးလည်းဖြစ်၏။

ထို့ကြောင့် ပြောမှု ဆိုမှု လုပ်မှု ကိုင်မှုတိုင်း၌ ပြောချင် ဆိုချင်
လုပ်ချင် ကိုင်ချင်သော စိတ်ဖြင့်သာ ပြု၏။ ငါစွဲဖြင့်
ငါလုပ်တာ ငါကိုင်တာ ငါ ငါ ငါ ဟု အယူမရှိ ။ တဏှာငါ ဖြင့်
တော့ စွဲလန်းလိုချင်သေး၏။ မာနငါ ဖြင့်တော့ ထောင်လွှား
တက်ကြွသေး၏။ တဏှာ မာနဖြင့် စွဲယူတပ်မက်သော်လည်း
အယူမှားသော ဒိဋ္ဌိ ငါကို ပယ်စွန့်ပြီးဖြစ်ရာ
ဒိဋ္ဌိစင်ကြယ်သဖြင့် အပါယ်သံသရာတွင်ကျင်လည်ခြင်း
မရှိတော့ ။

တဏှာကိုပယ်ခြင်း ခန္ဓာကိုစွန့်ခြင်းဟု ဆိုကြရာ၌
တဏှာကိုတဏှာမှန်းသိသဖြင့်မယူဘူး မလိုချင်ဘူး
စသဖြင့် စွန့်ရသည်မဟုတ်။ တဏှာကို တဏှာမှန်းသိသဖြင့်
တဏှာ၏ အပျက်သဘော ပြောင်းလဲခြင်းသဘောကို
ဥာဏ်ဖြင့်ဆင်ခြင်ခြင်းသာ တဏှာကိုစွန့်သည်မည်၏။

ခန္ဓာကိုစွန့်ရာ၌ ခန္ဓာကြီးယိမ်းနေတယ် သူ့သဘောသူ
ယိမ်းနေတယ် ခန္ဓာကြီးလှုပ်နေတယ် သူ့သဘောနဲ့သူ
လှုပ်နေတယ်ဟု သိမှတ်ခြင်းဖြင့် ခန္ဓာအိမ်ကြီး
(အထည်ခန္ဓာကြီး)ကိုစောင့်ကြည့်
အကဲခတ်ပြီး သိမှတ်ခြင်းသည် ခန္ဓာကိုစွန့်သည်မမည်ပေ။
ဥာဏ်အလွန်ထိုင်းသူများအတွက်အသုံးဝင်နိုင်မည်လားတော့
မဆိုသာ။ ဥာဏ်ထက်သူများအတွက်မူ အလဟဿအချိန်း
ဖြုန်းခြင်းဖြစ်ပေလိမ့်မည်။
 ခန္ဓာငါးပါးတို့၏ ဖြစ်ဓမ္မလေးပျက်သွားသည်ကို ဆင်ခြင်လျှက်
ခင်လို့မရကြောင်း ပြောင်းလဲသွားကြောင်း ဖြစ်ဓမ္မလေး
ပျက်သွားကြောင်းကို သိဆင်ခြင်ခြင်းသည်သာ
ခန္ဓာကိုစွန့်သည်မည်၏။ မိမိခန္ဓာဟူသော အစွဲကိုစွန့်၍ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ပျက်ခြင်းသဘောဟု
သိနားလည်ခြင်းသည်သာ ခန္ဓာကိုစွန့်သည်မည်၏။
ပညတ်ခန္ဓာအိမ်ကိုစောင့်ကြည့် အကဲခတ်ခြင်းဖြင့်
နိဗ္ဗာန်သို့သွားရာလမ်းကိုမကောက်စေလိုပါ။

ခန္ဓာစွန့်ခြင်း၊တဏှာကိုစွန့်ခြင်းဟု ဆိုရာ၌ပညာဖြင့်
စွန့်တတ်မှသာ နည်းလမ်းမှန်ပေလိမ့်မည်။
နည်းမှန်လမ်းမှန် ပညာဖြင့်စွန့်မည့်သူသည်
ဝိပဿနာအလုပ်သင်အလုပ်ပေးကိုသင်ယူ
တတ်မြောက်ထားရပါမည်။ဝိပဿနာအလုပ်ကိုမျှ
မသင်ယူထားပါက ခန္ဓာစွန့်၊တဏှာစွန့် မည်မျှစွန့်သည်
ဆိုစေ စွန့်သည်မမည်ပေ။ကမ္မဋ္ဌာန်းရှုမှတ်မှု
မှန်ကန်မှသာ စွန့်နိုင်ပေလိမ့်မည်။

ကမ္မဋ္ဌာန်းရှုမှတ်ရာ၌ မိမိဥာဏ်အမြင်တွင် ထင်ရှားနိုင်သည့်
အာရုံတစ်ခုခုကိုမူလကမ္မဋ္ဌာန်းအဖြစ် အဓိကထား၍
အရှုခံတတ်ရန်လိုသည်။ မည်သည့်အာရုံလာလာ ရှုမှတ်
ပေးနိုင်ကအလွန်ကောင်းပါသည်။သို့သော်ဥာဏ်အားနည်း
သူများအနေဖြင့်အာရုံပေါ်ရာကိုလိုက်ရင်း အရှုခံအာရုံ
ပျောက်သွားတတ်သဖြင့်  မိမိဥာဏ်အမြင် ထင်ရှားရာ
အာရုံတစ်ခုခုကို မူလကမ္မဋ္ဌာန်းအဖြစ် သီးခြား
ရွေးချယ်ထားနိုင်ရန် အရေးကြီးလှပါသည်။

အရှုခံအာရုံကိုရွေးချယ်ရာ၌  နှာသီးဖျားမှ
ဝင်လေထွက်လေထင်ရှားသူများ ကာယာနုပဿနာသတိပဋ္ဌာန်
ဖြင့် ရှုမှတ်နိုင်သည်။နှာသီးဖျား ဟူသောရုပ်သဘောလေးတွင်
ဝင်လေထွက်လေဟူသော ရုပ်သဘောလေး တွန်းတိုက်
ထိတွေ့ ဝင်ထွက်နေခြင်းကိုသိသဖြင့် ရုပ်၏သဘောကို
ဆင်ခြင်နိုင်၏။ ရုပ်၏သဘောလေးများ အကြောင်းတစ်လှည့်
အကျိုးတစ်လှည့် ဖြစ်ပျက်သမျှရှုမှတ်ခြင်းသည်ကာယာနုပဿ
နာသတိပဋ္ဌာန်မည်၏။ဤသို့်လျှင် မူလကမ္မဋ္ဌာန်းကိုစူးစိုက်ရှုမှတ်
ရသည်။ရှုမှတ်နေရာမှ ယားစိတ်ကလေး(သို့)နံစိတ်ကလေး
စသဖြင့် ဓမ္မအာရုံတစ်ခုခုပေါ်လာလျှင် လစ်လျူရှု၍ထားနိုင်က
ထားလိုက်ပြီးမူလကမ္မဋ္ဌာန်း၌သာ စူးစိုက်ရှုမှတ်နေရမည်။
အကယ်၍ ကြားဖြတ်ပေါ်လာသည့် ဓမ္မအာရုံလေး
ကြမ်းတမ်းထင်ရှားပါက မိမိ၏ အရှုဥာဏ်ကိုလှည့်၍
ရှုမှတ်ပေးတတ်ရန်လိုသည်။

ယားစိတ်ကလေး နံစိတ်ကလေးသည် ဖြစ်လိုက်ပျက်လိုက်
ဖြစ်နေသည်ကိုရှုမြင်ဆင်ခြင်နိုင်ပါမှ အရှုဥာဏ်ကအနိုင်
ရပါလိမ့်မည်။ယားသည် ဆက်တိုက်ယားသည်ဟု
တဆက်တည်းမြင်နေပါက အရှုဥာဏ်မနိုင်ခြင်းကြောင့်
အာရုံတွင်အနှောက်အယှက်ဖြစ်တတ်သည်။
နာမှု ကျင်မှု ထုံမှုကိုက်မှု ကြောင့် မခံသာသည့်ဝေဒနာ၏
သဘောလေးများ ကြားရှိသည်ကိုရှုမှတ်နိုင်ရန်လိုသည်။
တဆစ်ဆစ်နာကျင်မှုဖြစ်နေသော်လည်းတဆစ်နှင့်တဆစ်
ကြားတွင် ခံသာသည့်သဘောလေးလည်းဖြစ်ပျက်ပြောင်းလဲ
နေသည်ကိုရှုမြင်နိုင်မှရပေလိမ့်မည်။ တဆက်တစပ်တည်း
နာကျင်ထုံကိုက်နေခြင်းမျိုးမဟုတ်ပေ။ ထို့ကြောင့်
အရှုဥာဏ်အားကောင်းပြီး မည့်သည့်ဓမ္မအာရုံကိုမဆို
ဖြစ်ပြီးပျက်သည်ဟု ကောင်းစွာရှုမြင်တတ်ရန် အရေးကြီး
လှပါသည်။ အဖြစ်သာရှိသည် အပျက်ကိုမရောက်ပဲ
တာရှည်နေသည်ဟူ၍မရှိပါ။ဖြစ်ခဏ၌ ပျက်ကြသည်သာ။
ဖြစ်ခဏပျက်သည်ကိုမမြင်ရပဲ ဓမ္မအာရုံတည်နေမြဲနေသည်ဟု
မြင်မိပါက အရှုဥာဏ်အားနည်းခြင်းသာဖြစ်သည်။
ပေါ်လာသမျှဓမ္မလေးများသည်ခဏခြင်းတွင်ပျက်ကြသည်။
ပျက်ပြီး ထပ်ပေါ်သဖြင့်အကြိမ်ကြိမ်ဆက်ပေါ်ခြင်းဖြစ်သည်။
မပျက်ပဲ မြဲနေခြင်းမျိုးမဟုတ်ပေ။ အကြိမ်ကြိမ်ပေါ်၍
အကြိမ်ကြိမ်ပျက်နေခြင်းဖြစ်သည်။အကြိမ်ကြိမ်ပေါ်၍
အကြိမ်ကြိမ်ပျက်နေခြင်း ဖြစ်သည်ကိုရှုမှတ်နိုင်ပြီဆိုပါက
ကိလေသာကြားအဝင်မခံတော့ပဲ ပေါ်သမျှ ဓမ္မအာရုံတိုင်းကို
ပျက်ခြင်း၊ကုန်ခြင်းသဘောသာရှိကြောင်းဆက်လက်ရှုမှတ်
ဆင်ခြင်နေခြင်းဖြင့် ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်ကို အရောက်
တက်လှမ်းနိုင်ပေမည်။

ပေါ်သမျှဓမ္မအာရုံတိုင်းသည် ဖြစ်ခြင်း ပျက်ခြင်း သဘောသာ
ရှိသည်။ အရှုခံအာရုံအပေါ်၌ အရှုဥာဏ်က တစိုက်မတ်မတ်
ရှုမှတ်ဆင်ခြင်နေသည့်အခိုက် အေးငြိမ်သည့်ပဿဒ္ဓိ၏
သဘောလေးလည်းပေါ်လာလိမ့်မည်။ အေးငြိမ်းသည့်သဘော
လေးကိုလည်းဖြစ်ပျက်ရှုတတ်ရမည်။ အများစုသည်
အေးငြိမ်းသည့် သဘောလေးကိုခံစားသာယာမိတတ်ကြသည်။
ဤမျှအေးငြိမ်းနေပြီဟူ၍လည်း နိဗ္ဗာန်ဟူ၍အထင်ရောက်တတ်
သည်။သတိပြုဆင်ခြင်ရမည့် အရေးကြီးသော မဂ်အန္တရာယ်
ဖြစ်သည်။သာယာနှစ်သက်မိသောခဏ၌ဖြစ်ပျက်ရှုမှတ်
နေသော အရှုဥာဏ်ပါပျက်စီးရ၏။

နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ရေးအတွက်ကျော်လွှားရမည့်
အန္တရာယ်များကိုလည်းအထူးသတိထားရန်လိုအပ်ပါသည်။
ပဿဒ္ဓိကိုရောက်ပြီးမှ သာယာမိခြင်းကြောင့် ခရီးမဆုံးပဲ
ကြန့်ကြာနေတတ်ကြသည်။ ထို့ထက်ပို၍နိဗ္ဗာန်ကိုမျက်မှောက်
ပြုပြီဟုအထင်ရောက်သောကြောင့် ဆက်လက်အားထုတ်ခြင်း
မပြုတော့ပဲ နေသဖြင့်  မဂ်ဖိုလ်မှ ဝေးရသည်၏အဖြစ်သို့လည်း
ရောက်တတ်၏။

ဆရာကောင်းကိုရှာမှီးနိုင်ခြင်း၊မိတ်ဆွေကောင်းကို
ပေါင်းဖေါ်မိခြင်းသည် ခရီးဆုံးကိုရောက်အောင်
ဆွဲခေါ်သွားနိုင်၏။ ခရီးဆုံးရောက်လိုသူသည်
မိမိ၏အသိဥာဏ်မျက်စိကိုလည်း အစွမ်းကုန်ဖွင့်၍
လေ့လာဆင်ခြင်သုံးသပ်တတ်ရန်လို၏။

အချုပ်အားဖြင့် ဆိုရသော်  နိဗ္ဗာန်မျက်မှောက်ပြုရန်
အတွက် နည်းမှန်လမ်းမှန်ညွှန်ပြပေးနိုင်သော ဆရာကောင်း၏
လမ်းညွှန်မှုကိုခံယူခွင့်ရရန်အရေးကြီးလွန်းပါသည်။
ဆရာဟုဆိုတိုင်း အလွယ်တကူယုံကြည် ကိုးကွယ်ခြင်းထက်
မိမိကိုယ်တိုင်မှလည်း အကြားအမြင် ဗဟုသုတရှိစွာ
ဆည်းကပ်တတ်ရန်လိုကြောင်း သူတော်ကောင်းတို့အား
အကြံပြုတင်ပြအပ်ပါသည်။




*****တတိယမြောက်သမီးတော်*****

0 comment: