ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, April 4, 2017

အရိယာဖြစ်မှသဒ္ဓါကြည်လင်**

အရိယာဖြစ်မှသဒ္ဓါကြည်လင်**

သစ္စာတရားတွေနာကြားနေပေမယ့်
အရိယာမဖြစ်သေးသမျှ ကာလပတ်လုံး
ဟိုဆရာပြောတာဟုတ်နိုးနိုး ဒီဆရာပြောတာဟုတ်နိုးနိုးနဲ့
ယုံကြည်ခြင်းဆိုတဲ့သဒ္ဓါတရားဟာလည်း
ပြတ်ပြတ်ထင်ထင်မဟုတ်ပဲ
သညာသိနဲ့ ယုံ တာလောက်ပဲဖြစ်နေပါအုံးမယ်
သစ္စာသိမြင် အရိယာစင်စစ်ဖြစ်ခဲ့ပြီဆိုမှ
ဒီဆရာတော်ရဲ့ဟောတရားဟာ နိဗ္ဗာန်လမ်းကို
ထင်ထင်ရှားရှားဖြောင့်ဖြောင့်တန်းတန်းမြင်အောင်
လမ်းညွှန်တာပါလားလို့ သဘောပေါက်လိမ့်မယ်။



နိဗ္ဗာန်ကိုလမ်းညွှန်တဲ့အခါ
သတိလမ်းကြောင်း ဝီရိယလမ်းကြောင်း
ပညာလမ်းကြောင်းတွေ နဲ့ လမ်းကြောင်းကွဲပေမယ့်
နိဗ္ဗာန်ကိုရောက်တာချင်းတော့အတူတူပါပဲ။
တစ်ခုတော့ရှိတာပေါ့
လမ်းကျောရှည်တာနဲ့
လမ်းကျောတိုတာ
လမ်းကျောအလယ်အလတ်ရှည်တာ
ဒီလိုကွာခြားမှုလေးတွေတော့ဖြစ်တယ်။
ဥာဏ်မြင့်တဲ့သူတွေကို လမ်းကျောအတိုကသွားဖို့
လမ်းညွှန်လို့ရပေမယ့်
ဥာဏ်နိမ့်တဲ့သူတွေ ဥာဏ်အလယ်အလတ်ရှိတဲ့သူတွေ
ကိုတော့ သူ့ဥာဏ်မှီရာလောက်ပဲ လမ်းပြလို့ရနိုင်မယ်
ဥပမာပြောရရင်
တောင်ထိပ်ပေါ်မှာရှိတဲ့ဘုရားကိုသွားဖူးကြတဲ့အခါ....
ကျန်းမာသန်စွမ်းတဲ့သူတွေက
ဖြတ်လမ်းဖြစ်တဲ့မတ်စောက်ပြီးကုတ်တွယ်တက်ရတဲ့
လမ်းကျဉ်းကလေးကနေသွားဖို့စွမ်းနိုင်တယ်။
ကျန်းမာပေမယ့် ကာယသန်စွမ်းမှုနည်းတဲ့သူတွေက
သာမာန်လမ်းကြောင်းခပ်ပြေပြေလေးကနေ
အချိန်ပေးပြီးဖြေးဖြေးချင်းသွားရတယ်။
မကျန်းမာတဲ့သူတွေကြပြန်တော့
ထမ်းစင်တွေ တောင်ဝှေးတွေ တွဲကူတဲ့သူတွေနဲ့
တဆင့်ချင်းဆီ နားလိုက် သွားလိုက်
ဖြေးဖြေးချင်းသွားရပါတယ်။

ဒီလိုပါပဲ....
ဥာဏ်အားနည်းတဲ့သူတွေကိုပညာစခန်းကနေသွားဖို့
ချက်ချင်းကြီးတော့မရနိုင်ပါဘူး။
ဒါန သီလရဲ့အကျိုးပေးပုံလေးတွေပြောပြစည်းရုံးပြီးမှ
ကာမဂုံအာရုံတွေလိုချင်တပ်မက်ခြင်းကဆင်းရဲတဲ့
အကြောင်း၊ ကာမဂုံတွေလိုချင်တောင့်တရင်း
သံသရာဆင်းရဲမှာကျင်လည်ရကြောင်း၊
သိနားလည်အောင်ရှင်းပြဟောပြရအုံးမှာပါ။

ကာမဂုံအာရုံကိုလိုချင်တပ်မက်စိတ်ကြောင့်
ဆင်းရဲဒုက္ခရောက်နေရခြင်းတွေကို သိနားလည်သွားတဲ့
အခါ......
ခန္ဓာရခြင်းဟာ ဆင်းရဲကြောင်း ၊ ခန္ဓာရှိလို့ဆင်းရဲ
နေရတာဖြစ်ကြောင်း ၊ခန္ဓာရဲ့မမြဲခြင်းသဘောတရား
ဖောက်ပြန်တတ်ခြင်းအကြောင်းများကို
ဒီခန္ဓာကြီးဟာ ကိုယ်ပိုင်ကိုယ်ဆိုင် မဟုတ်ကြောင်း
မိမိအလိုအတိုင်းမဖြစ်ပဲ သူ့အလိုအတိုင်းသာ
ဖြစ်နေကြောင်း၊ သိနားလည်အောင် ရှင်းပြဟောပြ
ထင်ရှားအောင် ပြောပြရပါအုံးမယ်။

ခန္ဓာရဲ့အပြစ် ခန္ဓာရဲ့နှိပ်စက်ခြင်းတွေကိုသိနားလည်
သွားတဲ့အခါမှ ခန္ဓာချူပ်ငြိမ်းနိဗ္ဗာန်ကို မျက်မှောက်ပြုရာ
မဂ္ဂလမ်းစဉ်ကိုညွှန်ပြလို့ရနိုင်မှာပါ။
မဂ္ဂလမ်းစဉ်ဆိုတာ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာကြီးပါလို့
အတိအကျပြောရမယ့်အချိန်ဖြစ်ပါတယ်။
ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာကြီးပါဆိုတာကို
လွယ်လွယ်ကူကူယုံကြည်လက်ခံဖို့အတွက်
ဥာဏ်ထက်တဲ့သူတွေ ဥာဏ်ရည်မြင့်တဲ့သူတွေသာ
လက်ခံနိုင်ကြမှာပါ။

ဥာဏ်ရည်နည်းကြတဲ့သူတွေအတွက်
ဒါနသီလကစပြီးသဒ္ဓါကြည်လင်အောင်
လမ်းပြေပြေလမ်းရှည်ရှည်ကနေ
ခေါ်ဆောင်သွားရမှာပါ။
ဥာဏ်ရည်ထက်မြက်ကြတဲ့သူတွေအတွက်
ကတော့ ခန္ဓာကြီးကဆင်းရဲလှတယ်။
ခန္ဓာဆင်းရဲကနေလွတ်မြောက်ပြီး
ချမ်းသာအစစ်ကိုရဖို့အတွက်
ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ သိပေးနိုင်ဖို့
လမ်းညွှန်ပေးလိုက်ရုံပါပဲ။
အချိန်တိုအတွင်းသစ္စာသိကြသူတွေမှာ
အဓိကကျတဲ့အချက်လေးတစ်ခုကို
ယုံကြည်သက်ဝင်ပြီး ထိထိမိမိဆုံးဖြတ်ချက်
ချနိုင်ခြင်းတွေရှိပါတယ်။

ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက
အရှင်အဿဇိကိုမြင်သည့်ခဏ
ုံယုံယုံကြည်ကြည်နဲ့ရှင်အဿဇိ မိန့်တော်
မူတာကိုနှလုံးသွင်းဆင်ခြင်လိုက်တဲ့ခဏ
သောတာပတ္တိ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို
ရအပ်ခဲ့တယ်။
ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧဝံ ဝါဒီ မဟာသမဏော။
ဒုက္ခနှင့် သမုဒယ ဝဋ္ဋ္ဋသစ္စာနှစ်ပါးတို့၏
ချုပ်ရာချုပ်ကြောင်း နိရောဓသစ္စာ မဂ္ဂသစ္စာ
နှစ်ပါးသည်ရှိ၏။သုံးလူ့ဥက္ကဌ်မြတ်စွာဘုရားသည်
ဤသစ္စာလေးပါး အမှန်တရားကို ခွဲခြားဖေါ်
ပြ၍ ဝါဒဖြူစင်အယူရှိတော်မူပေ၏။
(မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် တတိယတွဲ)

ဒီလောက်တိုတိုလေးပြောရုံနဲ့ ရှင်သာရိပုတ္တရာ
က သောတာပန်တည်ခဲ့တာ။ ရှင်သာရိပုတ္တရာ
ကိုဟောတော်မူသလို ဟောလို့ တခြားပုဂ္ဂိုလ်
များချက်ချင်းလက်ငင်းသစ္စာသိမှာမဟုတ်။
ရှင်သာရိပုတ္တရာ အဓိကနားလည်လိုက်တဲ့
အချက်က အကြောင်းအကျိုးသာရှိတယ်လို့
နားလည်လိုက်တာ။

ခန္ဓာဟာဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင်သိပြီး
ဆင်ခြင်လိုက်နိုင်ရင်သောတာပန်တည်တာပဲ။
ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်
ချတဲ့အချက်(၇)ချက်ရှိတယ်။
၁။အနိစ္စ..လို့ သိတာ။
၂။သင်္ခတ..လို့ သိတာ။
 ၃။ပဋိစ္စသမုပ္ပါဒ်...လို့ သိတာ။
၎။ခယဓမ္မ..လို့ သိတာ။
၅။ဝယဓမ္မ..လို့သိတာ။
၆။ဝိရာဂဓမ္မ...လို့သိတာ။
၇။နိရောဓ..ဓမ္မလို့သိတာ။
ဒါဟာ ဒုက္ခသစ္စာပဲလို့သိခြင်းတွေပဲဖြစ်တယ်။
ဒီ(၇)ချက်ကို ဘယ်အချက်ပဲသိသိ
ဒုက္ခသစ္စာပဲလို့သိနေတာဖြစ်သလို
ဒုက္ခသစ္စာပဲလို့ သိနေရင်လည်း
ဒီ(၇)ချက်ကို သိနေတာပဲဖြစ်တယ်။
အနိစ္စဆိုတာမမြဲခြင်း၊မမြဲခြင်းကြောင့်ဆင်းရဲ
အမှန်။
သင်္ခတဆိုတာလည်း မမြဲခြင်း၊မမြဲခြင်းကြောင့်
ဆင်းရဲအမှန်။
ပဋိစ္စသမုပ္ပါဒ်ဆိုတာ အကြောင်းတလှည့်
အကျိုးတလှည့် မမြဲဘူးဆိုတာပဲ၊
မမြဲခြင်းကြောင့် ဆင်းရဲအမှန်။
ခယဓမ္မဆိုတာ ကုန်သွားတာ၊ရှိပြီးသားကုန်
သွားတာ၊မမြဲဘူးလို့ဆိုတာ၊ မမြဲခြင်းကြောင့်
ဆင်းရဲအမှန်။
ဝယဓမ္မဆိုတာ ပျက်သွားတာ၊ရှိနေကောင်းနေ
ရာကနေပျက်စီးသွားတာ၊မမြဲဘူးလို့ဆိုတာ၊
မမြဲခြင်းကြောင့် ဆင်းရဲအမှန်။
ဝိရာဂဓမ္မဆိုတာ ခင်လို့မရဘူးလို့ဆိုတာ
ခင်တယ်ဆိုတာရှိတာလေးကိုခင်တာ
ဒါပေမယ့်ကိုယ်ခင်ချင်တဲ့အရာလေးက
ပျောက်ပျက်သွားတော့ခင်ခွင့်မရလိုက်ဘူး။
မမြဲခြင်းကြောင့် ဆင်းရဲအမှန်။
နိရောဓဓမ္မဆိုတာ ချုပ်သွားတာ
ဇြစ်လိုက်တဲ့ဓမ္မလေးချုပ်သွားဆုံးသွားတာ
မမြဲခြင်းကြောင့် ဆင်းရဲအမှန်။

ဆင်းရဲတာက ဒုက္ခ
အမှန်က သစ္စာ
ပေါင်းလိုက်တော့ ဒုက္ခသစ္စာ
ဒီလိုနည်းနဲ့ ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင်
ဆုံးဖြတ်ချက်ချနိုင်ရင် ပြတ်ပြတ်သားသား
ဆုံးဖြတ်ချက်ချနိုင်ရင်သောတာပန်တည်ပါ
တယ်။

ဆုံးဖြတ်ချက်ချဆိုလို့သာ ချလိုက်တာ
ဟုတ်လားမဟုတ်လားမသိဆိုပြီးတွေဝေ
နေရင်လည်းရမှာမဟုတ်ဘူး။
မမြဲတာကိုသိတဲ့စိတ်နဲ့
ကုန်သွားတာကိုသိတဲ့စိတ်နဲ့
ပျက်သွားတာကို သိတဲ့စိတ်နဲ့
ချုပ်သွားတာကိုသိတဲ့စိတ်နဲ့
ဆုံးဖြတ်ချက်ချရမှာပါ။

ဖြစ်ဓမ္မလေး ချုပ်တယ်လို့သိရင် ချုပ်တယ်လို့
ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်။
ဖြစ်ဓမ္မလေး ပျက်တယ်လို့သိရင် ပျက်တယ်
လို့ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်။
ဖြစ်ဓမ္မလေး ပြောင်းလဲတယ်လို့သိရင် ပြောင်း
လဲတယ် လို့ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်။
ဖြစ်ဓမ္မလေး မမြဲဘူးလို့သိရင် မမြဲဘူး
လို့ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်။

ဒီလိုပြတ်သားတဲ့ဆုံးဖြတ်ချက်တွေဟာ
ကိလေသာကို ပါးပါးလှီးထုတ်နေတာပဲ။
လှီးရင်းလှီးရင်းနဲ့ တဖြေးဖြေးကုန်သွားတယ်။

ပညာဓားနဲ့လှီးတော့ မြန်မြန်ကုန်တာပေါ့လေ။
ဓားကထက်တာကိုး။
နည်းလမ်းသာမှန်ရင် နိဗ္ဗာန်ကို
မျက်မှောက်ပြုရမှာ အမှန်ပါပဲ။
နည်းလမ်းမှန်ဖို့က အင်မတန်အရေးကြီး
ပါတယ်။ ဒါကြောင့်နည်းမှန်လမ်းမှန်ပေးနိုင်
တဲ့ ဆရာကောင်းသမားကောင်းကိုရှာလို့
ပြောတာ။ဆရာကောင်းသမားကောင်းမှမတွေ့ရင်
ဘယ်ရောဂါမှအမြစ်မပြတ်ဘူး။
ရောဂါသက်သာရုံလောက်ပဲရမယ်။
အတုအယောင်ဆရာတွေနဲ့တွေ့ရင်တော့
ရောဂါပိုဆိုးပြီသာမှတ်ပါ။

ဆရာကောင်းသမားကောင်းတွေ့လို့
နည်းမှန်လမ်းမှန်ကျင့်ကြံအားထုတ်ပြီးရင်
တော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး
အရှင်အဿဇိကို ညအိပ်ယာဝင်တိုင်း
ရည်မှန်းပြီး ရှိခိုးသလို ရှိခိုးကြပါတော့မယ်။
ဒီအခါမှာတော့ ဟိုဆရာပြောတာဟုတ်နိုးနိုး
ဒီဆရာပြောတာဟုတ်နိုးနိုးနဲ့ နာမည်ကြီး
တယ် လူစည်တယ်ရယ်လို့ နောက်က
လိုက်နေတော့မှာမဟုတ်ဘူး ၊ ဘယ်ဆရာတော်
က ရဟန္တာကြီးပါလို့နာမည်ကြီးနေပါစေ
နာမည်ကြီးတဲ့ဆရာတော်ရှိရာကိုအချိန်ကုန်ခံ
သွားနေတော့မှာမဟုတ်ပဲ ဆရာတော်ရဲ့ဟော
တရားကိုလက်လှမ်းမှီရာက နာကြားပြီး
ဥာဏ်တော်ကိုသာပူဇော်ပါလိမ့်မယ်။

အရိယာဖြစ်သွားတဲ့သူရဲ့ ခိုင် မြဲတဲ့သဒ္ဓါ
တရားဟာ ဣနြေ္ဒမဲ့တဲ့ပူဇော်မှုမျိုးပြုလုပ်တော့
မှာမဟုတ်ပဲ၊ ဥာဏ်ဖြင့်သာပူဇော်မှုပြုပါတော့
တယ်။သစ္စာသိတဲ့ပုဂ္ဂိုလ်ဆိုတာ သဒ္ဓါတရားလည်း
ကြည်လင်ပြီးဖြစ်ပါတယ်။

သစ္စာသိသော ဥာဏ်ကိုရကြသည်ဖြစ်၍
ဣနြေ္ဒနှင့်ပြည့်စုံသောသူများဖြစ်ကြပါစေ။



*****တတိယမြောက် သမီးတော်*****

0 comment: