ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, May 4, 2017

ခန္ဓာစွန့် ခြင်း ၊ တဏှာစွန့်ခြင်း(၂)***

ခန္ဓာစွန့် ခြင်း ၊ တဏှာစွန့်ခြင်း(၂)***

အချို့သောပုဂ္ဂိုလ်များက လိုချင်သည့်စိတ်ကလေးကိုသိသည်။
သိလိုက်သည့်ခဏ တဏှာပဲဟုဆင်ခြင်လျှက် မယူဘူး
မလိုချင်ဘူး စွန့်တယ် စသည်ဖြင့်မှတ်သိပြီး မိမိတို့၏စိတ်ကို
ထိန်းချုပ်လျှက်စွန့်ခြင်းကိုပြုကြကုန်၏။
ဤသည့်နည်းလမ်းဖြင့်ကြိုးစားဆင်ခြင်ကြခြင်းသည်လည်း
 ကောင်းသောအားထုတ်မှု တစ်ခုဟုဆိုဖွယ်ရှိသည်။



ဝီရိယစိုက်ထုတ်၍ဆင်ခြင်ခြင်းသည် ကာလအားဖြင့်
ကြာမြင့်နိုင်သော်လည်း အကျိုးမမဲ့ပါ။
သို့သော် အနိစ္စသဘောကို မြင်သိ ဆုံးဖြတ်နိုင်ရန်
အထူးအားထုတ်သင့်သည်။
အနိစ္စဟူသည် မမြဲခြင်း ပြောင်းလဲခြင်း ပျက်စီးခြင်း
ဖြစ်သည်။

လိုချင် ရချင် ဖြစ်ချင်လာသည့်တောင့်တမှုများသည်
သဘာဝ လက္ခဏာရပ်များဖြစ်သည်။ထင်ရှားသိသာ
သဖြင့် သဘာဝလက္ခဏာကိုသိမြင်ရန်လွယ်၏။
၎င်းသဘာဝ လက္ခဏာတို့ ပြောင်းလဲခြင်းသဘော
မမြဲခြင်းသဘော ပျက်စီးခြင်းသဘောတို့သည်
သာမညလက္ခဏာများ ဖြစ်သည်။
ထင်ရှားသိသာခြင်းမရှိသဖြင့် ဥာဏ်အား ကောင်းသူများသာ
သတိထားနိုင် သိနိုင် ရှုမှတ်ဆင်ခြင်နိုင်သည်။

ဓမ္မအာရုံတိုင်းကိုပြည့်ပြည့်စုံစုံစောင့်ကြည့်သည့်အခါ
သဘာဝလက္ခဏာနှင့် သာမညလက္ခဏာတို့ကို
မြင်တွေ့ရမည်ဖြစ်သည်။သဘာဝလက္ခဏာကို
သိရန်လွယ်ကူသော်လည်း သာမညလက္ခဏာကို
သိရန်ခဲယဉ်းလှသည်။ အရိယာများသော်မှ သာမာန်
အားဖြင့် သဘာဝလက္ခဏာကိုမြင်နိုင်ပြီး
သာမညလက္ခဏာကို မြင်နိုင်စွမ်းခဲယဉ်းသဖြင့်
တဏှာ ဥပါဒါန် ကမ္မဘဝတိုင်လွန်းကျူးကြခြင်းဖြစ်သည်။
ဥပမာဆိုရသော်
သောတာပန်အရိယာဖြစ်သော ဝိသာခါကျောင်းအမကြီး
သည် မြေးငယ်တစ်ဦးသေသဖြင့် ဘုရားရှင်ရှိရာသို့
ပူဆွေးငိုကျွေးလျက်သွားရောက်ခဲ့သေးသည်။
အနာထပိဏ်သူဌေးကြီးသည်လည်း သမီးဖြစ်သူ
သုမန သေလွန်ခါနီးအချိန်၌ ကယောင်ကတမ်း
ယောင်ယမ်းပြောဆိုသည်အထင်ဖြင့်
ပူဆွေးသောကဖြစ်လျက်ဘုရားရှင်ထံတော်
အပါးမေးမြန်းစုးစမ်းခဲ့ရသည်။သောက အပူမီး
တရားကိုယ်အားဖြင့် ဒေါသကိလေသာကို ဖြစ်လျှင်ဖြစ်မှန်း
သိသော်လည်း အပျက်သဘောကို မဆင်ခြင်နိုင်ကြသဖြင့်
ပူဆွေးသောက ရှည်ကြာခြင်းဖြစ်သည်။
ထို့ကြောင့်အရိယာပင်ဖြစ်သော်လည်း သာမညလက္ခဏာကို
အချိန်မရွေးစောင့်ကြည့်အကဲခတ်နိုင်သည်မဟုတ်။
ဥာဏ်အားစူးစိုက်မှသာလျင် သာမညလက္ခဏာ၏
သဘောကိုမြင်သိနိုင်ခြင်းဖြစ်သည်။

သဘာဝလက္ခဏာကိုသိရုံမျှဖြင့် ကိလေသာကိုပိုင်းဖြတ်
ပယ်သတ်နိုင်သည်မဟုတ်။၎င်းသဘာဝလက္ခဏာ၏
နောက်၌ ပျက်ခြင်းသဘော ၊ချုပ်ခြင်းသဘော
အနိစ္စလက္ခဏာကို မြင်သိခြင်းသည်သာ
ကိလေသာချုပ်ရာ ငြိမ်းရာ ပယ်ရာအစစ်အမှန်ကို ကျင့်ကြံခြင်းမည်ပါ၏။

ထို့ကြောင့်ခန္ဓာစွန့် တဏှာစွန့်ဟုဆိုသောစကားကို
နားလည်သဘောပေါက်ရန်မှာ ဆရာကောင်း
သမားကောင်း၏ လမ်းညွှန်မှုကို နာယူမှ သိနိုင်မည်။
ငြိမ်းရာ ပယ်ရာ မဂ္ဂလမ်းစဉ်အမှန်အတိုင်းသွားမှ
စွန့်နိုင်လိမ့်မည်။ သဘာဝလက္ခဏာကို သိရုံမျှဖြင့်
မလုံလောက် ။ အနိစ္စသဘောကို အနိစ္စသဘောဟု
ဆင်ခြင်သုံးသပ် ဥာဏ်ဖြင့်ဆုံးဖြတ်နိုင်ရန်အရေးကြီးသည်။
အနိစ္စသဘောကိုနားလည်သဘောပေါက်၍
အနိစ္စဟုသိ အနိစ္စဟုမှတ် အနိစ္စဟု   ယူသဖြင့်
ဒုက္ခသစ္စာကို ဒုက္ခသစ္စာဟုသိခြင်းမည်၏။
ဒုက္ခသစ္စာကို သိခြင်းသည် မဂ္ဂသစ္စာမည်၏။
မဂ္ဂသစ္စာသည် သမုဒယသစ္စာကိုငြိမ်းပယ်၏။
သမုဒယသစ္စာငြိမ်းခြင်းချုပ်ခြင်းသည် နိရောဓသစ္စာမည်၏။
ထိုသစ္စာလေးပါးကို သစ္စာလေးပါးဟု သိနေရန်မလိုပါ။
ဓမ္မအာရုံများ၏ အနိစ္စသဘောလေးကို သိနေရန်သာလိုသည်။
ဓမ္မအာရုံတို့၏ အနိစ္စသဘောကိုသိမြင်ခြင်းသည်ပင်
သစ္စာလေးပါးနှင့်ပြည့်စုံနေခြင်းဖြစ်သည်။

ထိုဓမ္မအာရုံတို့၏ အနိစ္စသဘော သာမညလက္ခဏာကို
သိခြင်း ဆင်ခြင် ရှုမှတ်နိုင်ခြင်း သည်
ခန္ဓာစွန့်ခြင်း တဏှာစွန့်ခြင်းဖြစ်သည်။
ဥာဏ်အမြင်ထက်သန်စွာဖြင့် အနိစ္စဟု သိ
အနိစ္စဟု မှတ်  အနိစ္စဟု ဆင်ခြင်နိုင်ကြ၍
တဏှာနှင့် ခန္ဓာကိုစွန့်နိုင်ကြပါစေ။



*****တတိယမြောက်သမီးတော်*****

0 comment: