ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, June 15, 2017

အစစ်အမှန်ကိုစူးစမ်းလေ့လာပါ


လွန်ခဲ့တဲ့(၇)နှစ်လောက်ကသိကျွမ်းရင်းနှီးခဲ့တဲ့မိတ်ဆွေ
တစ်ယောက်ကပြောတယ်။ဗုဒ္ဓဘာသာကို
သူလေ့လာကြည့်သလောက် တခြားဘာသာနဲ့
ယှဉ်ရင် နောက်ဆုံးကိုရောက်ရောက်သွားတယ်တဲ့။

သူက ည သန်းခေါင်ကျော်မှ ဖုန်းဆက်လာတတ်တော့
သမီးတော်လည်း အိပ်ချင်မူးတူးနဲ့သေချာ
နားမထောင်မိသလို ပြန်လည်းမပြောဖြစ်လိုက်ဘူး။
သူအားတဲ့အချိန်နဲ့ စကားပြောရတာအဆင်မပြေတဲ့အတွက်
သမီးတော်နားလည်သလောက်ကို စာနဲ့ရေးလိုက်တာပါ။
သူ့အဖေက ဗုဒ္ဓဘာသာ သူ့အမေက ခရစ်ယာန်ပါ။
ဆိုတော့ သားသမီးတိုင်းက အမေနဲ့နီးကြတာကိုး။
ငယ်စဉ်ကတည်းက ခရစ်ယာန်ဘာသာကို ကိုးကွယ်သူ
ဖြစ်လာတယ်။ ဗုဒ္ဓဘာသာကိုလေ့လာတယ်လို့
ပြောပေမယ့် ဘယ်နားကနေ ဘာတွေကို ဘယ်လိုလေ့လာ
မှန်းလည်းမသိ ။ ကိုယ့်သဘောနဲ့ကိုယ် ဗုဒ္ဓဘာသာကို
လေ့လာတယ်ဆိုပြီး အထင်သေးသလိုပြောခဲ့တော့
စိတ်ထဲမှာ ဘဝင်မကျဖြစ်မိတယ်။
လေ့လာတယ်ဆိုရာမှာ အစစ်အမှန်ကိုလေ့လာတာလား
အတုအယောင်ကိုလေ့လာတာလားလို့ မေးစရာဖြစ်လာတယ်။
ဘယ်နေရာမှာပဲဖြစ်ဖြစ် တန်ဖိုးရှိတဲ့အရာတွေမှန်သမျှ
အတုအယောင်တွေအမြဲတမ်းကြီးစိုးတတ်တယ်။
အတုအစစ်ကိုခွဲခြားနားလည်ဖို့ဆိုရင်လည်းစူးစမ်းပြီး
လေ့လာပြီးမှနားလည်နိုင်မှာပါ။
ဗုဒ္ဓဘာသာမှာ မဟာယနနဲ့ ထေရဝါဒ ရယ်လို့
ကွဲပြားချက်ရှိပါသေးတယ်။ မဟာယနက ဘုရားဆုပန်ပြီး
ကိုယ်တိုင်ဘုရားဖြစ်အောင်ကျင့်မယ်လို့သူတို့ကိုသူတို့
ခံယူထားကြသူတဲ့သူရဲကောင်းတွေ။သူရဲကောင်းလို့
ပြောရတာကလည်း ဘုရားရှင်တိုင်းပါရမီဖြည့်ကျင့်ရတဲ့
ဒုက္ခက သေးမှမသေးတာ။ ဒီဒုက္ခတွေခံနိုင်ဖို့ဆိုတာ
သူရဲကောင်းမှဖြစ်မှာပေါ့။
ထေရဝါဒမှာက ဘုရားရှင်ရဲ့အဆုံးအမကိုခံယူကျင့်သုံးပြီး
နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့။ နိဗ္ဗာန်ကိုပန်းတိုင်အဖြစ်ထားပြီး
ကျင့်ကြံရတာ ချက်ထားပြီးသား ထမင်းတွေဟင်းတွေကို
ခူးခပ်ပြီးအဆင်သင့်စားသုံးရုံကလေးပဲ။ မြေကိုထွန်ယက်
စရာမလိုဘူး။ရေသွင်းစရာမလိုဘူး။ စပါးကြဲစရာမလိုဘူး။
စိုက်စရာမလို ရိတ်စရာမလို ချက်ပြုတ်နေစရာမလိုပဲ
ချက်ထားပြီးသားကိုခူးခပ်စားရုံ အဆင်သင့်ပါ။
မဟာယနကတော့ကိုယ်တိုင်လယ်ထွန်ရမယ်။
ရေသွင်းရမယ်စပါးကြဲရမယ် စသည်ဖြင့် အစအဆုံးအကုန်
လုပ်ပြီးမှထမင်းဟင်းစားရမယ့်အမျိုးအစားပါ။ အဲ့ဒီလိုကို ကွာပါတယ်
။ထေရဝါဒမှာတော့ ပါရမီတွေဖြည့်ကျင့်
နေဖို့မလိုဘူး။ ဆုတောင်းနေစရာလည်းမလိုတော့ဘူး။
လက်တွေ့ကျင့်သုံးလိုက်ဖို့ပဲလိုတယ်။ နိဗ္ဗာန်ကိုလက်ငင်း
အကျိုးပေးတယ်။ အချိန်မရွေးပဲ။ ဆုတောင်းစရာမလို
ဆုပန်စရာမလို ဘုရားရှင်လမ်းညွှန်ချက်အတိုင်း
အခုအားထုတ်တာနဲ့ အခုချက်ချင်းအကျိုးပေးတယ်။
အဲ့ဒီမှာ ဘုရားရှင်က နိဗ္ဗာန်မျက်မှောက်ပြုဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့
လမ်းညွှန်ချက်တွေရှိတယ်။
အဓိက ကတော့မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊
ဖြူအောင်စိတ်ကိုထား တဲ့။
ဒီသုံးချက်ပဲ။ ဒီသုံးချက်က အနှစ်ချုပ်ပဲဖြစ်တယ်။
အဲ့ဒီအနှစ်ချုပ်သုံးချက်ကို တကယ်နားလည်သဘောပေါက်
နိုင်လောက်တဲ့ ဥာဏ်ရည်ဥာဏ်သွေးရှိဖို့တော့လိုပါတယ်။
မကောင်းမှုရှောင်ဆိုတာ သီလကိုဆောက်တည်ခိုင်းလိုက်တာပါ။
ကောင်းမှုဆောင်ဆိုတာ
သမာဓိကိုကျင့်သုံးခိုင်းလိုက်တာပါ။
ဖြူအောင်စိတ်ကိုထားဆိုတာ
သတိပညာနဲ့ယှဉ်ပြီး ဆင်ခြင်သုံးသပ်ခိုင်းလိုက်တာပါ။
သီလ သမာဓိ ပညာလို့ သုံးချက်ကိုတွေ့ရပါမယ်။
သီလဆောက်တည်ရာမှာ လူတွေဆောက်တည်ရမယ့်သီလနဲ့
ရဟန်းတို့ဆောက်တည်ရမယ့်သီလရယ်လို့ ကွဲပြားပါတယ်။
ရဟန်းများကတော့သီလကိုအနုစိပ်ပြီးဆောက်တည်
ကျင့်သုံးရပါတယ်။အနုစိပ်ပြီးကျင့်သုံးခိုင်းတာကလည်း
ကိလေသာ မဖြစ်အောင်ထိန်းရတာပါ။
မကောင်းမှုကိုရှောင်ကြဉ်ထားတော့ စိုးရိမ်ကြောင့်ကြမဖြစ်ရ
တော့ဘူးပေါ့။ စိုးရိမ်ကြောင့်ကြမဖြစ်တော့ စိတ်ကို
တည်တည်ကြည်ကြည်ထားလို့ရတယ်။ သမာဓိဖြစ်ဖို့
လွယ်တယ်။ စိတ်ဆိုတာကိလေသာတွေနဲ့ ညစ်ညူး
လေ့ရှိတယ်။အဲ့ဒီကိလေသာအကြောင်းကိုပြောနိုင်တာ
ဆိုလို့ ကမ္ဘာပေါ်မှာ ဘာသာပေါင်းစုံရှိတဲ့အထဲက ဗုဒ္ဓဘာသာကသာ
စိတ်ရဲ့အညစ်အကြေးကိလေသာ
အကြောင်းတွေကို တိတိကျကျပြောနိုင်တာပါ။
ကျန်ဘာသာတွေက လောဘ ဒေါသဆိုတာလောက်ပဲ
ပြောကြပါတယ်။ကိလေသာရဲ့ သဘောသဘာဝကို
ဘယ်ဘာသာကမှသဲသဲကွဲကွဲပြောတာဟောတာမရှိပါဘူး။
မြတ်စွာဘုရားရှင်သာ ဟောတော်မူခဲ့ပါတယ် ။
ဒါတွေကို သူကလေ့လာခဲ့ရဲ့လား?။
မကောင်းမှုရှောင်ဖို့ သီလဆောက်တည်တယ်
ကောင်းမှုဆောင်ဖို့ သမာဓိတည်ကြည်ရတဲ့အပြင်
စိတ်ကိုဖြူစင်အောင်ထားဖို့ ကိလေသာကို ကိလေသာမှန်း
သိပြီး ကိလေသာဆက်မဖြစ်အောင် ဥာဏ်ပညာနဲ့
စောင့်ကြည့်ရတဲ့အတတ်ပညာတွေကို စူးစမ်းကြည့်ခဲ့ရဲ့လား?
ဘာသာခြားတစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာကိုလေ့လာဖို့
ဆိုတာ မလွယ်လှပါဘူး။ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်
ဗုဒ္ဓဘာသာအစစ်အမှန်ကိုလေ့လာကိုးကွယ်ခွင့်ရဖို့
ကိုယ်တိုင်စူးစမ်းရပါသေးတယ်။ ဘုရားရှင်ရဲ့ဥာဏ်တော်နဲ့
ချပြခဲ့တဲ့တရားတော်တွေကို အတိမ်းအစောင်းမရှိအောင်
ပြောနိုင်ဟောနိုင်တဲ့ ဆရာကောင်းသမားကောင်း
စာအုပ်ကောင်းတွေဖတ်ခွင့်နဲ့ကြုံဆုံခဲ့ပါရဲ့လား?
သိတ်ကိုအရေးကြီးပါတယ်။ဘုရားရှင်ရဲ့တရားတော်
အစစ်အမှန်တွေထဲ မိမိရဲ့ဒသနအမြင်တွေရောထည့်ပြီး
ရေးထားတဲ့စာအုပ်တွေဟောကြားတဲ့တရားတော်တွေကို
လေ့လာမိပြီး ဗုဒ္ဓဘာသာကိုအထင်အမြင်သေးသွားမှာ
စော်ကားပြစ်မှားမိသွားမှာကို စိုးရိမ်လှပါတယ်။
ဗုဒ္ဓဘာသာမှန်ရင် အနည်းဆုံးတော့ ကံ ကံရဲ့အကျိုးကို
ယုံကြည်တတ်ရမယ်။လူတွေမှာပဲကြည့်ပါ ချမ်းသာတဲ့သူ
ဆင်းရဲတဲ့သူ ကွဲပြားကြတယ် ။ချမ်းသာခြင်း၊ ဆင်းရဲခြင်း
တွေက အလုပ်လုပ်တာမလုပ်တာ ကြိုးစားတာ မကြိုးစားတာနဲ့
သက်ဆိုင်တယ်လို့ ဆိုကြရင် ၊
ရုပ်ရည်ချောတာ ရုပ်ဆိုးတာက ဘာနဲ့ဆိုင်တယ်လို့
ပြောမလဲ။ ဒါတွေကိုတော့ ဗုဒ္ဓဘာသာအရ
ကံအကြောင်းတရားကြောင့်ဖြစ်တယ်ဆိုတာကို လက်ခံ
နိုင်မှာပါ။ ရုပ်ချောတယ် ရုပ်ဆိုးတယ်ဆိုတာ မိမိပြုခဲ့တဲ့
ကုသိုလ် အကုသိုလ်ကြောင့်အကျိုးဖြစ်လာတာပါ။
မောင်နှမအရင်းချင်းအတူတူ မတူညီကြတာကိုက
ကုသိုလ်ချင်းခြားနားခဲ့ကြလို့ပဲပေါ့။ တစ်စုံတစ်ယောက်ကြောင့်
ချို့ယွင်းတယ် အားနည်းတယ် မညီမျှဘူး ဆိုရင်
အဲ့ဒီတစ်စုံတစ်ယောက်ကို အားနည်းချက်
ချို့ယွင်းချက်ရှိတဲ့သူတွေ ဝိုင်းပြီး လက်ညှိုးထိုးပြီး အပြစ်တင်
ကြရုံပဲရှိတော့မှာပေါ့။
ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေမဖြစ်ရတာ ၊ကိုယ်မဖြစ်ချင်
တာတွေ ဖြစ်ရတာ ၊ကိုယ်လိုချင်ရဲ့နဲ့စွန့်လွတ်ခဲ့ရတာ၊
ကိုယ်မလိုချင်ပဲနဲ့ လက်ခံထားရတာ ၊ကိုယ်ဖြစ်ချင်တာလေး
ဖြစ်ခွင့်ရပြီးမှပျက်စီးသွားမှာစိုးရိမ်နေရတာ၊ ကိုယ်မဖြစ်ချင်
တာတွေ ဖြစ်လာမှာကိုစိုးရိမ်နေရတာ၊ ဒါတွေအားလုံးဟာ
ဆင်းရဲနေကြရတာ အမှန်ပဲလေ၊ ဆင်းရဲတယ်ဆိုတာက ဒုက္ခ။
အမှန်က သစ္စာ။ ဒုက္ခသစ္စာ ။ ဒီလိုဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့
အမှန်အတိုင်းသိအောင် ဟောပြောခဲ့တာ ဗုဒ္ဓဘာသာဘုရားပဲ ရှိပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ကခန္ဓာရဲ့သဘောသွား အရှိကိုအရှိအတိုင်း
အမှန်ကို အမှန်အတိုင်း သိမြင်အောင် အားထုတ်ခိုင်းခဲ့တာပါ။
ဟုတ်တိုင်းမှန်ရာကို တကယ်သိသွားကြတဲ့သူတွေဟာ
တဏှာကိုစွန့်သွားတယ် ခန္ဓာကိုစွန့်သွားကြတယ်။
ဒီနေရာမှာပြောစရာရှိတာက တဏှာကိုစွန့်သွားတယ်လို့
ဆိုရာမှာ လိုချင်ရချင်တဲ့စိတ်တွေကို မလိုချင်ဘူး မရချင်ဘူးလို့
ဆန့်ကျင်ဘက်စိတ်မျိုးဖြစ်အောင်
ပြောင်းပစ်ရမှာမဟုတ်ဘူး။လိုချင်ရချင်တဲ့စိတ်ကလေး
ဖြစ်လာတဲ့အခါ ဖြစ်တဲ့စိတ်ကို
သိရမှာပါ။ဘယ်အထိသိရမှာလဲဆိုရင် စိတ်ကလေးပျက်သွားတာကိုပါ
သိပေးရမှာပါ။
ဘယ်စိတ်ပဲပေါ်ပေါ် ဖြစ်တဲ့ခဏမှာပျက်တယ်။
လိုချင်ရချင်တဲ့စိတ်ကို သတိနဲ့သိလိုက်တဲ့အချိန်မှာ
သိတဲ့စိတ်က နေရာယူသွားပြီ လိုချင်ရချင်တဲ့စိတ်ကလေးက
ပျက်သွားပြီ။ဖြစ်သွားတဲ့စိတ်ကလေးကိုသိလိုက်တဲ့အချိန်မှာပဲ
ပျက်သွားပြီဆိုတာ သဘောပေါက်နိုင်ရင် အမှန်တရားကိုသိတာ။
ဟုတ်တိုင်းမှန်ရာကိုသိတာ။ အဲ့ဒီလိုဖြစ်နေတတ်တဲ့
သဘောတရားအမှန်အတိုင်းကို မြတ်စွာဘုရားရှင်က
သိစေချင်ခဲ့တာ။ အဲ့ဒီလိုအမှန်အတိုင်းသိလိုက်တဲ့အချိန်မှာ
စိတ်ဟာ အညစ်အကြေးကင်းတယ်။ သိတဲ့ဥာဏ်က
နေရာယူလိုက်တဲ့အတွက် ဥာဏ်စိတ်ကလေးကိန်းတယ်။
အဲ့ဒီလိုဟုတ်တိုင်းမှန်ရာကိုသိတဲ့ ဥာဏ်ကို ယထာဘူတဥာဏ်လို့
ခေါ်တယ်။
သမီးတော်တို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်က အဲ့ဒီလိုဟုတ်တိုင်း
မှန်ရာကို သိပြီး ဘုရားဖြစ်လာတာပါ။ သတ္တဝါတွေအားလုံး
ကိုလည်း ဟုတ်တိုင်းမှန်ရာကို သိတ်ပြီးတော့သိစေချင်လွန်း
လှပါတယ်။ ဟုတ်တိုင်းမှန်ရာကိုသိတဲ့သူတွေမှာ
သောကဆိုတဲ့ စိုးရိမ်မှု၊ ပရိဒေဝဆိုတဲ့ ငိုကြွေးမှု
ဒုက္ခဆိုတဲ့ ကိုယ်ဆင်းရဲမှု၊ ဒေါမနဿဆိုတဲ့ စိတ်ဆင်းရဲမှု
ဥပါယာသဆိုတဲ့ ပြင်းပြင်းထန်ထန်ပူလောင်မှုတွေမဖြစ်
တော့ဘူး။ ကိလေသာတွေကိုအမြစ်ပြတ်အောင်
မပယ်ရ မသတ်ရသေးခင်မှာလည်း ဟုတ်တိုင်းမှန်ရာကို
သိတဲ့ဥာဏ်စိတ်ကလေး နေရာယူ ထားခဲ့မယ်ဆိုရင်
အဲ့ဒီဆင်းရဲခြင်းတွေကနေလွတ်ကင်းရပါတယ်လို့
သေသေချာချာဟောတော်မူခဲ့ပါတယ်။
ဒါဖြင့်ရင် ဗုဒ္ဓဘာသာကိုလေ့လာကြတဲ့ မိခင်ဘာသာဝင်
တွေကော တခြားသောဘာသာခြားတွေပါ ဗုဒ္ဓဘာသာကို
လေ့လာကြတဲ့အခါ ကျင့်ကြံအားထုတ်းခြင်းဖြင့်
လက်တွေ့လေ့လာကြည့်ဖို့လိုပါတယ်။ ကိုယ်တိုင်ကိုယ်ကျ
လက်တွေ့ကျင့်သုံးလိုက်တဲ့အခါ မိမိတို့ရဲ့စိတ်မှာ
ကိုယ်မှာ ငြိမ်းအေးခြင်းတွေ ရလာတာကို အချိန်အခါမရွေး
အကျိုးခံစားရပါလိမ့်မယ်။
ဒီလိုနည်းနဲ့သာလျှင် ဗုဒ္ဓဘာသာဆိုတာ ဘာလဲလို့
သိအောင်လေ့လာပါ။ ဆင်းတုတော်ကိုရှိခိုးရုံ
ဆုတောင်းရုံ အလုပ်တွေနဲ့ အချိန်ကုန်နေတဲ့
အမည်ခံဗုဒ္ဓဘာသာဝင်တွေ မိရိုးဖလာကိုးကွယ်သူတွေရဲ့
နေထိုင်မှုကိုပဲတွေ့မြင်ကြည့်ပြီး ဗုဒ္ဓဘာသာအလုပ်ဟာ
ဒါလားလို့ အပေါ်ယံအကြည့်နဲ့မကြည့်ပါနဲ့။
ဗုဒ္ဓဘာသာဆိုတာ လက်တွေ့ကျင့်သုံးပြီးချမ်းသာအစစ်ကို
ရယူရတဲ့ဘာသာပါ။ဆင်းတုတော်တွေကိုရှိခိုးပြီး
ဆုတောင်းနေကြတဲ့မိရိုးဖလာကိုးကွယ်သုတွေကို
ကြည့်ပြီး မဝေဖန်လိုက်ပါနဲ့။ ဗုဒ္ဓဘာသာဆိုတာ
ဘာလဲလို့ ထဲထဲဝင်ဝင်သိအောင် လေ့လာပြီးမှ
ဝေဖန်စေချင်ပါတယ်။
သစ္စာလေးပါးလုံးကို သိမြင်ပြီးမှသာ အနှစ်သာရပြည့်ဝတဲ့
ဗုဒ္ဓဘာသာရဲ့တန်ဖိုးကိုအကြွင်းမဲ့ယုံကြည်လက်ခံလာနိုင်
ပါလိမ့်မယ်။သစ္စာလေးပါးကိုသိဖို့ သတိပဋ္ဌာန်လေးပါးနဲ့
ဓမ္မအာရုံတွေကို နှလုံးသွင်းရပါမယ်။နှလုံးသွင်းရာမှာလည်း
ယောနိသောမနဿိကာရနဲ့ နှလုံးသွင်းရပါတယ်။
ပေါ်လာတဲ့ဓမ္မအာရုံတွေကို သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ
သမ္မာသတိ သမ္မာသမာဓိ သမာဝါယာမ ဆိုတဲ့
မဂ္ဂင်ငါးပါးနဲ့ အကြားအလပ်မရှိအောင် သုံးသပ်
ဆုံးဖြတ်ပြီးဆင်ခြင်နေရပါတယ်။ သစ္စာလေးပါးစုံအောင်
တစ်ကြိမ်လောက်ပြည့်စုံအောင် ကျင့်ကြံအားထုတ်ပြီး
သွားတဲ့အခါ ဗုဒ္ဓဘာသာအစစ်ဆိုတာဘာလဲလို့
သိသွားမှာပါ။ တကယ်သိ တကယ်နားလည်အောင်
လေးလေးနက်နက် လေ့လာစူးစမ်းပြီးတဲ့အခါမှ ဝေဖန်
စေချင်မိပါတယ်။
သစ္စာလေးပါးကို သိအောင် အားထုတ်ခြင်းဖြင့်
ဗုဒ္ဓဘာသာရဲ့အစစ်အမှန်တန်ဖိုးကို သိနားလည်နိုင်ပါစေလို့
ဆန္ဒပြုလိုက်ပါတယ်။
သစ္စာသိသောဥာဏ်ကိုရပါစေ။


*****တတိယမြောက်သမီးတော်*****

0 comment: