ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, June 27, 2017

တရား အားထုတ်တယ်ဆိုတာ



တရား အားထုတ်တယ်ဆိုတာ

တရားအားထုတ်တယ်ဆိုတာ
နိဗ္ဗာန်ကိုလိုချင်ကြလို့ပဲမဟုတ်လား

နိဗ္ဗာန်က လေးမျိုးပြားတယ်။

၁။သောတာပတ္တိမဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့
အာရုံပြုတဲ့ နိဗ္ဗာန်။
၂။သကဒါဂါမိမဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့
အာရုံပြုတဲ့ နိဗ္ဗာန်။
၃။အနာဂါမိမဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့
အာရုံပြုတဲ့ နိဗ္ဗာန်။
၎။အရဟတ္တမဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့
အာရုံပြုတဲ့ နိဗ္ဗာန် ။ ဆိုပြီးလေးမျိုးပြားပါတယ်။

ပထမဆုံးမြင်ရမှာက သောတာပတ္တိမဂ်ဥာဏ်
ဖိုလ်ဥာဏ်နဲ့ အာရုံပြုတဲ့နိဗ္ဗာန်ကိုမြင်ရမှာ။
သောတာပတ္တိမဂ်ဥာဏ်၊ဖိုလ်ဥာဏ်ရဖို့က
ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကိုပယ်ရမှာ။ လောဘ ဒေါသကို
ပယ်ရမှာမဟုတ်တဲ့အတွက် ပုထုဇဉ်တွေအနေနဲ့
လောဘပယ်တယ် ဒေါသပယ်တယ်လို့လုပ်စရာ
မလိုသေးဘူး။ ဒိဋ္ဌိကိုအရင်ခွာရမှာ ၊ ဒိဋ္ဌိကွာရင်
ဝိစိကိစ္ဆာလည်း အလိုလိုသေတယ် ။

ဒိဋ္ဌိကိုအရင်ခွာရမှာမို့ ပဋိစ္စသမုပ္ပါဒ် သင်တန်း
တက်ပါ။ အကြောင်းတစ်လှည့် အကျိုးတစ်လှည့်
ဖြစ်နေတဲ့ ခန္ဓာအစဉ်ကိုလေ့လာပြီး အတ္တ လိပ်ပြာ
ဝိညာဉ် မရှိ ၊နာမ်နှင့်ရုပ်သာရှိတယ်လို့ နားလည်
သဘောပေါက်ပြီး ဒိဋ္ဌိဝိသုဒ္ဓိဖြစ်အောင် ဆင်ခြင်ပါ။

မိမိတို့ပြုခဲ့တဲ့ ကံသင်္ခါရရဲ့အကျိုး
ကြောင့် သံသရာမှာကျင်လည်နေရခြင်းဖြစ်တယ်။
ဗြဟ္မာ၊သိကြား စသည့်များကဖန်ဆင်းခြင်းမဟုတ်
အကြောင်းအထောက်အပံ့တို့ကြောင့် ရုပ်တရား
နာမ်တရားတို့ဖြစ်တည်နေခြင်းပဲလို့ နားလည်
သဘောပေါက်ခြင်းဖြင့်ကင်္ခါဝိတရဏ ဝိသုဒ္ဓိ
ဖြစ်စေပါတယ်။ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာကို အကြွင်းမဲ့
မပယ်သတ်နိုင်သေးပေမယ့် သညာသိ
ဝိညာ ဏ်သိနဲ့ပယ်နိုင်ခဲ့လို့ စူဠသောတာပန်
လို့ခေါ်နိုင်ပါပြီ။
သညာသိနဲ့ အရင်ဆုံးသိမှတ်နားလည်ထားခြင်းက
သမ္မာဒိဋ္ဌိဖြစ်စေပါတယ်။ ပညာသိကိုမရောက်ခင်
သညာသိ ဝိညာဏ်သိနဲ့. ဝိဇ္ဇာဖြစ်အောင်လုပ်ထား
လိုက်တာပါပဲ။


(၂၉-၅-၂၀၁၇)

ပညာစခန်းနဲ့ ဥာဏ်လမ်းကိုလျှောက်ရတာဖြစ်လို့
သင်ကြားရင်း လေ့လာရင်း အသိဥာဏ်တွေ တိုးလာတဲ့အခါ
စိတ်မှာ ရွှင်လန်းဝမ်းမြောက်လာပါတယ်။
အော်..အရင်က ငါတို့ဒါတွေကိုမသိခဲ့ဘူး။ ငါကောင်
သူကောင် ယောက်ျား မိန်းမ စသဖြင့်ပဲ ထင်မြင်ယူဆခဲ့တာ
ခုတော့ ငါဆိုတာ မရှိဘူး ယောက်ျားမိန်းမ ဆိုတာ မရှိဘူး
ခန္ဓာငါးပါးပဲ ရှိတာပါလားလို့ အသိအမြင်တွေကြွယ်ဝပြီး
ဥာဏ်ရည်မြင့်လာတော့တယ်။ ဒီလိုအသိအမြင်ကြွယ်ဝနေတဲ့သူကို
ဒုက္ခသစ္စာမှန်းလည်းသိနေတဲ့သူကို ခန္ဓာရဲ့ဖောက်ပြန်ပျက်စီးခြင်း
သဘောလေးတွေ ရှုမှတ်ဖို့ သင်ကြားတဲ့အခါ ထိုးထိုးထွင်းထွင်း
သိမြင်ဖို့ ပိုပြီး လွယ်ကူစေပါတယ်။အရှုခံ တွေကိုသိထားပြီး
ရှုမှတ်ရမယ်နည်းလမ်းကို နားလည်ထားတော့
ဝိပဿနာအလုပ်ကို လုပ်တဲ့အခါ အရှုခံလေးလာတိုင်း
အရှုဥာဏ်နဲ့ ရှုချလိုက်ရုံပါပဲ။ ငါကောင်သူကောင်လို့
အသိအမြင်ကလည်း ခွာချထားတော့ ငါမြင်တယ်
သူမြင်တယ် ငါရှုတယ် ငါမှတ်တယ်လို့ အတွေးမ၀င်တော့ပဲ
ရုပ်သဘော နာမ်သဘောတွေကို ဥာဏ်နဲ့ သိနေတာလို့
ပိုင်ပိုင်နိုင်နိုင်လည်း ဆုံးဖြတ်သိမြင်နိုင်တယ်။
ဆရာသမားတွေရဲ့ လမ်းညွှန်မှုတွေကို လေးလေးစားစား
လိုက်နာတတ်ရင် နိဗ္ဗာန်လိုချင်လို့ တရားအားထုတ်တဲ့သူမှာ
နိဗ္ဗာန်နဲ့ နီးသထက် နီးဖို့ပဲ ရှိပါတယ်။
အဆုံးအမ လမ်းညွှန်ချက်တွေကို သေချာ ကျန စွာ
လိုက်နာဆောင်ရွက်နိုင်ကြပါစေနော်။

(၂၇-၆-၂၀၁၇)


တတိယမြောက် သမီးတော်




(၁)



တရားနဲ့ပတ်သက်ပြီးရေးတဲ့သူ
တော်တော်များများကိုတွေ့ရတယ်
အဲ့ဒီမှာဘာမြင်သလဲဆိုတော့
ဆရာကောင်းမမှီရသေးဘူးဆိုတာ
ပေါ်လွင်နေတာပဲ
သမီးတော်အနေနဲ့ အဓိကတိုက်တွန်းချင်တာက
ဆရာကောင်းကိုရှာပါ
တစ်ယောက်ယောက်က ကိုယ်မပြောတတ်တာကို
ပြောနေတာနဲ့ပဲ တရားထူးလို့ထင်ပြီး
မပြောင်းလဲတော့ပဲဆည်းကပ်နေကြတယ်။
အကျိုးရှိရင်တော့ တော်ပါရဲ့။

နိဗ္ဗာန်ရောက်ဖို့ရည်မှန်းတာမှန်ရင်
ခန္ဓာကို လက္ခဏာရေးသုံးပါးနဲ့
မြင်အောင်ရှုတတ်ဖို့လိုတယ်။
အဲ့တာက အဓိကအချက်ပဲ။
သီလအကြောင်းတွေ သမာဓိအကြောင်းတွေ
အများကြီးပြောစရာမလိုဘူး။(မှတ်ချက်။ ပြောခဲ့ရင်မမှန်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။)
တကယ်တမ်းမှာတော့ ဝိပဿနာအလုပ်လုပ်နေတဲ့
သူတွေဆိုတာ သီလဖောက်ဖျက်စရာမရှိတော့ဘူး။
သမာဓိကလည်း ပါလာပြီးသားပဲ။
လက္ခဏာရေးသုံးပါးနဲ့ရှုရတဲ့နည်းလမ်းကို
သင်ပေးတာမဟုတ်ရင် ကိုယ့်ဘာကိုယ်သာ
စဉ်းစားချင့်ချိန်တော်မူကြပါလို့ သတိပေးပါရစေ။


(၂၁-၅-၂၀၁၇)
တတိယမြောက် သမီးတော်


(၂)

သဒ္ဓါနဲ့ပညာကိုချိန်ညှိတတ်ရင်
အရိယာဖြစ်ကိုဖြစ်ပါတယ်။

ဒါဟာ ဒုက္ခသစ္စာပဲလို့
ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချတဲ့အခါမှာ
ပညာတစ်ခုထဲနဲ့မဟုတ်ဘူး။
တရားစစ်တရားမှန်ကိုယုံကြည်ခြင်းဆိုတဲ့
သဒ္ဓါတရားပါတယ်။
ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိတဲ့သူတွေ
ဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ပြတ်ပြတ်သားသား
ချရဲကြတယ်။ သတ္တိရှိရှိလည်းလုပ်တယ်။
လမ်းကြောင်းလည်းမှန်တယ် ဆိုရင်
မအောင်မြင်စရာမရှိပါဘူး။

ဝိပဿနာအလုပ်မှာလည်း
သတ္တိရှိရှိ တစိုက်မတ်မတ်လုပ်ရင်
လမ်းကြောင်းမှန်လို့ကတော့
အရိယာဖြစ်ကိုဖြစ်ပါတယ်။
တွန့်ဆုတ် တွန့်ဆုတ်နဲ့
မလုပ်တချက် လုပ်တချက်
မှတ်လိုက်မမှတ်လိုက် ဝေလေလေနဲ့ကတော့
ဘာမှသိတ်ထူးခြားလာမှာ မဟုတ်ဘူး။

ပါရမီလေးပါသွားရင်ပြီးရောဆိုလို့ကတော့
ကုသိုလ်ပဲဖြစ်မယ်။ အရိယာတော့ဖြစ်မှာ
မဟုတ်ဘူး။

အရိယာဖြစ်ချင်ရင်တော့
အရိယာဖြစ်အောင်တကယ်အားထုတ်ပေါ့။


(၂၂-၅-၂၀၁၇)
တတိယမြောက် သမီးတော်

(၃)

သဒ္ဓါတရားအားကောင်းဖို့လေ့ကျင့်ယူရတယ်။
ခန္ဓာဟာဖြစ်ပြီးပျက်တယ်ဆိုတာကို
ကိုယ့်ဥာဏ်နဲ့ အကြွင်းမဲ့ယုံကြည်တဲ့အထိ
စူးစိုက်ကြည့်ရတာ
သာမာန်ယုံကြည်မှုမျိုးနဲ့မရဘူး။
အကြွင်းမဲ့ယုံကြည်တဲ့အထိအောင်
သေချာစူးစိုက်ကြည့်ရတာ
အော်..ဘယ်ဓမ္မပဲပေါ်ပေါ်
ပေါ်ပြီးတာနဲ့ ပျက်တာပါပဲလားလို့
ကိုယ့်ဥာဏ်ထဲမှာ ထင်ရှားသိမြင်လာတဲ့အခါမှာ
ဒီတရားတွေဟာမှန်ပါလားလို့
တရားတော်ကို ယုံကြည်တဲ့ သဒ္ဓါစိတ်ကလေး
ဖြစ်လာတယ်။
အဲ့ဒီသဒ္ဓါတရားလေးဖြစ်လာအောင်လေ့ကျင့်ရတာ။

ဖြစ်ပြီးတော့ပျက်တာပဲဆိုတာကြီး
ကိုယ့်ဥာဏ်မှာထင်ရှားလာတော့
ဒါကြီးကိုမလိုချင်တော့တဲ့စိတ်တွေဝင်လာရော
မလိုချင်တော့ဘူးဆိုကတည်းက
မကောင်းလို့မလိုချင်တာ
ကောင်းတာဆိုရင်လိုချင်ကြမှာပေါ့
မကောင်းတာကို ရထားတာမှန်း သိတော့
ဆင်းရဲတယ်ဆိုတာသိသွားတယ်
မမြဲတဲ့သဘောလေးတွေကြီးပဲဆိုတာသိတော့
ကိုယ်ပိုင်ကိုယ်ဆိုင်တစ်ခုမှ
မပါမှန်းလည်း သိသွားတယ်။
ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်တာကြီး
ဆင်းရဲတဲ့ဟာကြီးကိုရထားပါလားလို့
သိသွားတော့ စွန့်လွှတ်ပစ်ချင်လာတယ်

စွန့်ပစ်ချင်လာတဲ့စိတ်ကလေးဖြစ်လာတာ
ဒုက္ခမှန်းသိသွားလို့
ဆင်းရဲခြင်းအမှန်ပဲလို့ ယုံကြည်သွားလို့
ဒီအချိန်ဟာ သဒ္ဓါတရား အားကောင်းလာတဲ့အချိန်
ဒီလိုသဒ္ဓါတရားပြည့်ဝလာဖို့
ပညာနဲ့လေ့ကျင့်ယူလိုက်တာ
ပညာနဲ့သဒ္ဓါ ချိန်သားကိုက်လာတဲ့အခါမှာ
မဂ်ဓားက ထက်မြက်လာပြီး
ကိလေသာကို ပိုင်းဖြတ်လိုက်တော့တာပဲ။
မဂ်ဓားနဲ့ကိလေသာကိုပိုင်းဖြတ်လိုက်တဲ့အချိန်မှာ
ရင်ထဲမှာ အေးကနဲ ဖြစ်သွားလိမ့်မယ်
လွတ်သွားတာ
ရင်ထဲမှာ အေးကနဲ ဖြစ်သွားတဲ့အချိန်
ဘာဖြစ်သွားတာလဲလို့ မတွေးနဲ့
ဒါဟာ ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင်နိုင်နိုင်
ဆုံးဖြတ်ချက်ချလိုက်။
အဲ့ဒီ ဆုံးဖြတ်ချက်ချဖို့
ဥာဏ်က နောက်က လိုက်နေရမယ်။
ရင်ထဲမှာ အေးကနဲ ဖြစ်သွားတဲ့အချိန်
ဒါဟာ ဒုက္ခသစ္စာပဲလို့ ဆုံးဖြတ်နိုင်ဖို့
ကိုယ့်ကိုကိုယ် အဆင်သင့်ဖြစ်နေပါစေ။


(၂၃-၅-၂၀၁၇)
တတိယမြောက် သမီးတော်


(၄)

နိဗ္ဗာန်လိုချင်လို့တရားအားထုတ်ကြပေမယ့်
အားထုတ်ပုံချင်းက မတူကြဘူး။
တချို့က ရှုရင်းမှတ်ရင်းသိလာလိမ့်မယ်လို့
ယူဆပြီး အားထုတ်ကြတယ်။
တရက်ကိုနည်းနည်းစီ
သဒ္ဓါတရားရှိပေမယ့် ဥာဏ်နဲ့ဦးမဆောင်ဘူး။
လိုချင်စိတ်လည်းသိတ်ပြင်းပြင်းပြပြမထားဘူး။
အချိန်တန်ရင်ရမှာပေါ့တဲ့ ခပ်အေးအေးပဲ။
ဥာဏ်ကိုဦးစားပေးတဲ့သူက နိဗ္ဗာန်ရ ကိုရရမယ်။
ဘယ်လိုလုပ်ရင်ရမလဲလို့ကြံစည်တယ်။
တရားနာတိုင်း၊တရားစာဖတ်တိုင်းလည်း
ဥာဏ်နဲ့ယှဉ်ပြီးစဉ်းစားတယ်။
ဒီရှုမှတ်နည်းကိုဟုတ်လား မဟုတ်လား
ခန္ဓာထဲကိုဥာဏ်နဲ့လှည့်ကြည့်သေးတယ်။
သဒ္ဓါတရား အားကောင်းတဲ့သူက ဖြေးဖြေးပဲ။
ပညာ အားကောင်းတဲ့သူက မြန်တယ်။

ဘုရားရှင်သော်မှ သုံးမျိုးကွဲပြားတယ်။
ပညာဓိကဘုရားဆိုရင် လေးအသင်္ချေနဲ့
ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးရင်ဘုရားဖြစ်တယ်။
သဒ္ဓါဓိကဘုရားက ရှစ်အသင်္ချေနဲ့
ကမ္ဘာတစ်သိန်းကြာတယ်။
ဝီရိယဓိကဘုရားက တစ်ဆယ့်ခြောက်အသင်္ချေနဲ့
ကမ္ဘာတစ်သိန်းကြာတယ်။

နိဗ္ဗာန်လိုချင်တာချင်းအတူတူ
အမြန်ဆုံးရအောင်ဘယ်လိုလုပ်ရမလဲလို့
ကြံစည်နေတာက ပညာအားကောင်းတဲ့သူပါ။
မိုးကုတ်ဆရာတော်ဘုရားကြီးက
ပညာအားကောင်းတော့ ဒိဋ္ဌိကို အသိနဲ့
အရင်ဆုံး ခွါခိုင်းတော့တာပဲ။
ပြီးတော့ ကုသိုလ်လိုချင်ရုံတော့မလာခဲ့နဲ့တဲ့
အရိယာဖြစ်ချင်လို့ နိဗ္ဗာန်မြင်ချင်လို့ဆိုမှလာ တဲ့။
ဥာဏ်အလုပ်ကိုပဲပေးတယ်။
ဥာဏ်နဲ့ကြံစည်ရတာ ဆုံးဖြတ်ရတာ
ရွေးချယ်ရတာတွေကိုသင်ပေးတယ်။
အကြံအစည်ကောင်းမှအလုပ်ကောင်းမှာကိုး။


(၂၄-၅-၂၀၁၇)
တတိယမြောက် သမီးတော်

(၅)

မိုးကုတ်ဆရာတော်ဘုရားကြီးက
ဒိဋ္ဌိကို အသိနဲ့ခွာခိုင်းတယ်ဆိုတာ သမ္မာဒိဋ္ဌိဖြစ်အောင် သင်ပေးလိုက်တာ။
အရှုခံနဲ့ အရှုဥာဏ်ကိုသင်ပေးလိုက်တာက
ကိုယ်လုပ်ရမယ့်အလုပ်မှာ ဘာပြီးရင်
ဘာလုပ်ရမယ်ဆိုတာ ကြံစည်တတ်အောင်
သမ္မာသင်္ကပ္ပဖြစ်အောင် သင်ပေးလိုက်တာ။
ဒီပညာမဂ္ဂင်နှစ်ပါးကို သဘောပေါက်အောင်
အသေးစိတ်သင်ပေးတယ်။

သမ္မာဒိဋ္ဌိကို သညာသိ ဝိညာဉ်သိနဲ့သိအောင်
ပဋိစ္စသမုပ္ပဒ်စက်ဝိုင်းကြီး ကိုယ်တိုင်ရေးဆွဲပြီး
ငါမရှိကြောင်း၊သူမရှိကြောင်း၊ယောက်ျားမိန်းမ
မရှိကြောင်း၊ပုဂ္ဂိုလ်သတ္တဝါမရှိကြောင်း၊
သက္ကာယဒိဋ္ဌိကိုရှင်းထုတ်ပစ်လိုက်တယ်။
နောက်ထပ် ခိုင်တယ်မြဲတယ်ဆိုတာ မရှိကြောင်း၊
သေရင်ပြတ်တယ်ဆိုတာမဟုတ်ကြောင်း
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိကိုပါရှင်းထုတ်လိုက်တယ်။
တစ်သံသရာလုံးက စွဲလမ်းထင်မြင်နေတဲ့
အယူအဆ အမှားကြီးကို မီးမောင်းထိုးပြီး
ရှင်းရှင်းလင်းလင်းကြီးကိုပြလိုက်တာ။
နာယူမှတ်သားနေတဲ့ယောဂီပုဂ္ဂိုလ်ရဲ့ဥာဏ်ထဲမှာ
အသိမှားအမှတ်မှားနေတာတွေကွာကြတော့တာပဲ။
(နာယူမှတ်သားတဲ့ယောဂီပုဂ္ဂိုလ်ဆိုတာ
နားလည်း နားထောင်ပြီး သဘောပေါက်အောင်
အာရုံစူးစိုက်ထားသူကိုပြောတာနော်။)

ဒီပညာမဂ္ဂင်နှစ်ပါးကိုနားလည်သဘောပေါက်
လိုက်တာက အမှတ်မှား အယူမှားကို အမှန်မြင်
စေပြီး တွေးတတ်ကြံစည်တတ်အောင်
ဥာဏ်ရည်ကို မြှင့်တင်လိုက်တာဖြစ်တယ်။


(၂၅-၅-၂၀၁၇)

တတိယမြောက် သမီးတော်


(၆)

ကိလေသာ(၁၀)ပါးမှာ ပထမဆုံးပယ်ရမယ့်
ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ဆိုတဲ့ကိလေသာနှစ်ပါးကို
တရားအားမထုတ်ခင်ကတည်းက အသိနဲ့
ခွာထားတယ်ဆိုတာ ပညာအရာပါပဲ။

သဒ္ဓါနဲ့ဝီရိယအားကောင်းကြသူများကတော့
မိမိခန္ဓာမှာ သတိလေးကပ်ပြီး နေဖို့နဲ့
သမာဓိထူထောင်ဖို့ကို အလေးထားလေ့ရှိကြတယ်။
သတိ၊သမာဓိနဲ့ခန္ဓာရဲ့သဘောကို တဖြေးဖြေးချင်း
သိလာအောင် ကြိုးစားကြရတာပါ။

တရားအားထုတ်တာချင်းအတူတူ ခန္ဓာရဲ့သဘောကို ကြိုပြီးသိနေတဲ့သူနဲ့ အားထုတ်ရင်းနဲ့မှ တဖြေးဖြေး
သိလာတဲ့သူနဲ့ အများကြီးကွာခြားသွားပါတယ်။

ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကိုနားလည်
သဘောပေါက်ပြီးမှတရားအားထုတ်ခိုင်းတယ်
ဆိုတာ ဝိပဿနာအလုပ်လုပ်ရာမှာ
အားကြီးသောဝိပဿနာဖြစ်အောင် ပညာသင်
ပေးလိုက်တာပဲ။ပဋိစ္စသမုပ္ပါဒ်ကိုနားမလည်ပဲ
ဝိပဿနာအလုပ်ကိုလုပ်တဲ့အခါမှာ ခန္ဓာရဲ့
သဘော အမှန်ကိုသိဖို့ကြိုးစားနေရသေးတဲ့
အတွက်အားနည်းသောဝိပဿနာဖြစ်စေပါတယ်။

ဒိဋ္ဌိသုံးမျိုးကိုအသိနဲ့ခွာပြီး ဥာဏ်ရည်ကို
မြှင့်တင်ထားတဲ့ သူတွေကတော့
တခြားသူတွေနဲ့ ဥာဏ်ရည်ချင်း တူခဲ့ရင်လည်း
ပညာအရာကွာခြားသွားတဲ့အတွက်
နိဗ္ဗာန်ကိုမြန်မြန်ဆန်ဆန်မြင်ခွင့်ရစေပါတယ်။


(၂၅-၅-၂၀၁၇)

တတိယမြောက် သမီးတော်



(၇)

သံဝေဂမပါရင်တရားမရှာနဲ့ဆိုတဲ့စကားကို
ကြားဖူးကြလိမ့်မယ်ထင်ပါတယ်။
သံဝေဂဥာဏ်ဆိုတာကလည်း တကယ်ရတတ်အုံးမှ
ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာတွေ
မရလို့မဖြစ်လို့ဆိုပြီး ဘဝဆိုတာဆင်းရဲလိုက်တာလို့
အတွေးဝင်တာဟာ ဘဝကို မလိုချင်တော့တာဟာ
သံဝေဂမဟုတ်ပါဘူး။
ဒေါမနဿဝေဒနာနဲ့ ဝိဘဝတဏှာဖြစ်တာပါ။

ပဋိစ္စသမုပ္ပါဒ်ကို သင်ကြားပေးပြီးမှ
တရားအားထုတ်ခိုင်းတာက
သံဝေဂဥာဏ်အမှန် ရအောင်အရင်ဆုံးသင်ကြား
ပေးခြင်းဖြစ်ပါတယ်။
ပဋိစ္စသမုပ္ပါဒ်ကိုသင်ယူတဲ့အတွက်
ခန္ဓာရဲ့ဖြစ်စဉ် ၊ အိုနာသေ. ထပ်ခါထပ်ခါဖြစ်နေတဲ့
သံသရာဖြစ်စဉ်တွေကိုရှင်းရှင်းလင်းလင်းနားလည်
သဘောပေါက်ပြီး သံဝေဂဥာဏ်ကို
ရစေပါတယ်။

ခန္ဓာရဲ့သဘောအမှန်ကိုသိလို့ ဒိဋ္ဌိကို အသိနဲ့
ခွာထားပြီးတဲ့ယောဂီ ၊အိုနာသေ ထပ်ခါထပ်ခါ
ဖြစ်ပြီးသံသရာမှာဆင်းရဲခြင်းအကျိုးတွေ
အဖန်ဖန်ခံစားရတာတွေကိုသဘောပေါက်ထားတဲ့
ယောဂီ၊အရှုခံ အရှုဥာဏ်ကိုသင်ယူထားပြီးသား
ယောဂီတစ်ယောက်ဟာ သမာဓိမဂ္ဂင်သုံးပါးနဲ့
သတိထား ဝီရိယစိုက်ပြီး ရှုမှတ်ဆင်ခြင်လိုက်တဲ့
အခါ ဓမ္မကလျှင်လျှင်မြန်မြန်ပဲဆောင်ယူသွား
နိုင်ပါတယ်။

ဒိဋ္ဌိကိုအသိနဲ့ခွာထားလို့သမ္မာဒိဋ္ဌိ၊
အရှုခံအရှုဥာဏ်ကြံစည်တတ်လို့သမ္မာသင်္ကပ္ပ၊
ဆိုတဲ့ပညာမဂ္ဂင်နှစ်ပါး။

သတိယှဉ်ပြီးရှုမှတ်ရတာဖြစ်လို့သမ္မာသတိ၊
ကိလေသာကြားမဝင်စေပဲအားထုတ်လို့
သမ္မာဝါယာမ၊
အရှုခံနဲ့အရှုဥာဏ်မှာပဲစိတ်ကတည်ကြည်နေလို့
သမ္မာသမာဓိ၊
ဆိုတဲ့သမာဓိမဂ္ဂင်သုံးပါး၊။

တရားအားထုတ်နေတဲ့သူဟာ သီလ
လွန်ကျူးစရာလည်း ဘာမှမရှိတော့
သီလမဂ္ဂင်သုံးပါးကလည်းပြည့်စုံနေပါပြီ။

မဂ္ဂင်(၈)ပါးနဲ့ဝိပဿနာအလုပ်လုပ်ကို
လုပ်ကြတဲ့အခါ ပညာမဂ္ဂင်ကိုရနိုင်ဖို့
ဆရာကောင်း သမားကောင်းရဲ့အဆုံးအမ
လိုအပ်ပါတယ်။ ဒါကြောင့်လည်း
ဆရာကောင်း သမားကောင်းကိုတွေ့ရင်
မိတ်ဆွေကောင်းကိုတွေ့ရင် အကျိုးကိစ္စ
အားလုံးကိုပြီးစေတယ်လို့ မြတ်စွာဘုရားရှင်က
ဟော်တော်မူခဲ့ခြင်းဖြစ်တယ်။

မဂ္ဂင်(၈)ပါးကဘာတွေလဲဆိုတာသိပေမယ့်
သမ္မာဒိဋ္ဌိဆိုတာဘယ်လို သမ္မာသင်္ကပ္ပဆိုတာ
ဘယ်လိုလို့ သဲသဲကွဲကွဲနားလည်လိုက်တော့
ဝိဇ္ဖာဖြစ်သွားတယ် ၊သိသွားတယ်၊သိပြီးတော့မှ
စရဏ..ကျင့်လိုက်တယ်ဆိုရင် သမ္ပန္န ပြည့်စုံတယ်
ဝိဇ္ဇာစရဏသမ္ပန္နောဆိုတာ သိပြီးကျင့်မှပြည့်စုံ
တာကိုပြောတာ။ မသိပဲနဲ့ကျင့်ရင်မပြည့်စုံနိုင်ဘူး။

တချို့ကအရိယာဖြစ်ဖို့မလွယ်ဘူးလို့ပြောကြတယ်။
သူများပြောတဲ့စကားနဲ့လမ်းဆုံးမနေကြပါနဲ့
ကိုယ့်ဥာဏ်နဲ့ကိုယ်ရတာ၊သူများဥာဏ်နဲ့ယှဉ်ပြီး
ယုံကြည်မှားရင်နစ်နာပါတယ်။ အလုပ်စဉ်မှန်ရင်
သိအောင်အရင်လေ့လာရင် တရားစစ်တရားမှန်က
နိဗ္ဗာန်ကိုအရောက်ပို့ဆောင်နိုင်ပါတယ်။
သီလပြည့်စုံအောင်နေတဲ့သူမှ ရတာမဟုတ်ပါဘူး။
မဂ်တားဖိုလ်တားအန္တရာယ် မသင့်ရောက်ထားရင်
ဘယ်လိုပုဂ္ဂိုလ်မဆို အရိယာဖြစ်နိုင်ပါတယ်။
ဗုဒ္ဓဝင်တွေလေ့လာကြည့်ရင်သိပါလိမ့်မယ်။
ကာမဂုံအာရုံတွေခံစားပြီးမူးရူးနေတဲ့
သန္တတိအမတ်ကြီးတို့လို၊ မုဆိုးဘဝနဲ့တစ်သက်လုံး
သူတစ်ပါးအသက်သတ်ခဲ့တဲ့ မိလက္ခမုဆိုးကြီးတို့လို
လူ့အသက်တွေလိုက်သတ်နေတဲ့ အဂုင်္လိမာလ
တို့လို၊လင်သေ သားဆုံး မိဘတွေအဖြစ်ဆိုးကြောင့်
ယူကြုံးမရစိတ်နဲ့ ရူးနေတဲ့ပဋာစာရီတို့လို စသည်
စသည်ဖြင့်လေ့လာကြည့်လိုက်ပြီးရင်
သူတို့လို့ ငမူး ငရူး လူသတ်ကောင် မုဆိုးတွေ
သော်မှ အရိယာဖြစ်သေးရင် ငါတို့လည်း အရိယာ
ဖြစ်ကိုဖြစ်ရမယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်
ထားသင့်ပါတယ်။

ခေတ်(၅)ခေတ်ထဲက ဝိမုတ္တိယုဂခေတ်မှာ
အရိယာတို့များစွာပေါ်ထွန်းတယ်လို့ဆိုထားတဲ့
အတွက် ခုချိန် သာသနာသက္ကရာစ် ၂၅၀၀ ကျော်
လာတဲ့အတွက် ဝိမုတ္တိယုဂခေတ်ကိုရောက်နေ
ပါပြီ။အရိယာများစွာထဲမှာ ကိုယ်သည်လည်း
တစ်ယောက်အပါအဝင်ဖြစ်အောင် ကြိုးစား
အားထုတ်တော်မူကြပါ။ နည်းမှန်လမ်းမှန်နဲ့
အားထုတ်ရိုးမှန်ရင် အရိယာဖြစ်ကိုဖြစ်ပါတယ်။

တရားအားထုတ်တယ်ဆိုတာအရိယာဖြစ်ဖို့ပဲမို့
တကယ်ဖြစ်အောင်လည်းကြိုးစားကြပါ။
ဆရာကောင်းသမားကောင်းတို့၏အဆုံးအမဖြင့်
အရိယာသူတော်စင်များ စင်စစ်မသွေဖြစ်နိုင်
ကြပါစေလို့ ဆန္ဒပြုပါတယ်။


(၂၈-၅-၂၀၁၇)

တတိယမြောက် သမီးတော်





0 comment: