ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, August 30, 2017

ပဋိစ္စသမုပ္ပါဒ်ကိုသင်ယူကြပါ****

ပဋိစ္စသမုပ္ပါဒ်ကိုသင်ယူကြပါ****
 
သမီးတော် သိတဲ့ ဝိပဿနာဆိုတာ
ရှိရာမှ မရှိရာကို သိခြင်းပါ
ခန္ဓာမှာပေါ်လာတဲ့ ဓမ္မလေးတွေ
ဖြစ်လိုက် ပျက်လိုက် အစားထိုးလိုက်နဲ့
မတည်မြဲတာ ပြောင်းလဲနေတာကိုသိပေးခြင်းပါ။


ခုမွေးတယ် ခုသေတယ်။ ခုဖြစ်တယ် ခုပျက်တယ်။
ဖြစ်ပေါ်တဲ့ ရုပ်သဘော နာမ်သဘောလေးတွေ
ဖြစ်ပြီးရင်ပျက်သွားတာ ဖြစ်ပြီးရင်ချုပ်သွားတာ
ဖြစ်ပြီးမရှိတော့တာ အဲ့ဒိလိုပြောင်းလဲတာ
မမြဲတာ မရှိတော့တာကို စောင့်ကြည့်
ရှုမှတ် သိပေးရပါတယ်။
(အစ ကတည်းက ဘာမှမရှိတာမဟုတ်ဘူး။
မရှိတာကိုအရှိလုပ်နေတာမျိုးမဟုတ်ပါဘူး
။ ။စကားချပ်ပါ)
သမီးတော်တို့မြတ်စွာဘုရားက
တကယ်ရှိတဲ့အမှန်တရား နဲ့ မရှိပေမယ့် မှန်တဲ့
အခေါ်ရှိတရားရယ်လို့ နှစ်မျိုးနှစ်စားသော
အမှန်တရားတွေကိုဟောကြားတော်မူခဲ့ပါတယ်။
စာလိုပြောရရင်တော့
ပရမတ္ထသစ္စာနဲ့ သမုတိသစ္စာလို့ သစ္စာနှစ်ပါးကို
ဟိရီ သြတပ္ပ အလို့ငှါဟောကြားတော်မူခဲ့တယ်။
နေမှုထိုင်မှု မှာ ဟိရီ သြတပ္ပ ဆိုတဲ့
အရှက်တရား အကြောက်တရားရှိဖို့
သမုတိသစ္စာကိုဟောတော်မူရပြီး
သံသရာဘေးကိုကြောက်ရွံပြီးခန္ဓာဒုက္ခသစ္စာက
လွတ်မြောက်ဖို့အတွက် ပရမတ္ထသစ္စာတရားကို
ဟောတော်မူခဲ့တယ်။
ပရမတ္ထသစ္စာကိုပယ်ရင် နိဗ္ဗာန်နဲ့လွဲရမှာဖြစ်ပြီး
သမုတိသစ္စာကိုပယ်ရင် အပါယ်ဆင်းရဲကို
ရောက်မှာဖြစ်ပါတယ်။
ပရမတ္ထသစ္စာဆိုတဲ့အမှန်ရှိတဲ့တရားတွေရဲ့
မမြဲခြင်းသဘော ပြောင်းလဲခြင်းသဘော
ချုပ်ဆုံးခြင်းသဘောတွေကိုရှုမှတ်ဆင်ခြင်ရတဲ့
ဝိပဿနာအလုပ်ကို လုပ်ပြီးခန္ဓာဇာတ်သိမ်း
ငြိမ်းအေးရာအမှန် မြတ်နိဗ္ဗာန်ကိုအရောက်လှမ်း
ကြရပါတယ်။
ဒီတော့
နိဗ္ဗာန်ရောက်ဖို့ မရှိတရားကိုရှာဖွေတဲ့နေရာမှာ
စကတည်းက မရှိတာလား?
ရှိရာမှ မရှိတာလား?
လို့ သဲသဲကွဲကွဲနားလည် သဘောပေါက်
စေချင်ပါတယ်
ခန္ဓာငါးပါးအရှိတရားတွေရဲ့ မမြဲခြင်းသဘော
ချုပ်ဆုံးခြင်းသဘော ပြောင်းလဲခြင်းသဘော
အစားထိုးခြင်းသဘောလေးတွေကို
ဥာဏ်မျက်စိနဲ့မြင်အောင်ကြည့်ရမှာပါ။
ရှိရာမှ မရှိရာကို သိပေးရမှာပါ။
အဲ့ဒါကမှ ဝိပဿနာအစစ်ပါ။
ဥာဏ်မျက်စိကိုအလင်းရောင်ပေးဖို့
ဆရာကောင်းရဲ့အဆုံးအမကိုခံယူရပါမယ်။
ဆရာသမားကောင်းကိုမရကြတဲ့သူတွေဟာ
ကြားဖူး နားဝ စကားတွေနဲ့ ကြက်ကန်းစွဲ
လိပ်ကန်းစွဲ အကန်းစွဲ ရမ်းသမ်းပြီးထင်ရာကို
စွဲယူမှတ်သားအကျင့်မှားကြပါတယ်။
သမ္မာသင်္ကပ္ပဆိုတဲ့ အကြံအစည်ကောင်းကို
ရနိုင်ဖို့ သမ္မာဒိဋ္ဌိဆိုတဲ့ အသိအမြင်မှန်ဖို့
အရေးကြီးလှပါတယ်။ အသိအမြင်မှန်ကန်နေမှ
အကြံအစည်ကောင်းကို ကြံစည်နိုင်ပါတယ်။
အကြံအစည်ကောင်းကို မကြံစည်နိုင်တဲ့သူဟာ
မြင့်မြတ်တဲ့နိဗ္ဗာန်ကို မရနိုင်ပါဘူး။
သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ ဆိုတာ ပညာမဂ္ဂင်
နှစ်ပါးဖြစ်ပါတယ်။ သတိ၊ဝီရိယ၊သမာဓိဆိုတဲ့
သမာဓိမဂ္ဂင်သုံးပါး ဘယ်လောက်ပဲ
အားကောင်းနေပါစေ ပညာမဂ္ဂင်နှစ်ပါးကို
မရရင် နိဗ္ဗာန်ကိုမရနိုင်တဲ့အပြင်
အပါယ်အကုသိုလ်တွေကို မိုက်မဲစွာကျူးလွန်
နေအုံးမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်
ရှင်ဒေဝဒတ်ကိုကြည့်ပါ။သမာဓိမဂ္ဂင်အားကောင်း
ပေမယ့် ပညာမဂ္ဂင်နှစ်ပါးနဲ့မပြည့်စုံတော့
ဘုရားကိုအံတု ဘုရားနေရာကိုလုတဲ့အထိပါပဲ။
ပညာမဂ္ဂင်နှစ်ပါးနဲ့ပြည့်စုံမှသာ အပါယ်တံခါး
ပိတ်ပါတယ်။ဘုရားကိုဘုရားမှန်းသိ၊
တရားကိုတရားမှန်းသိ၊သံဃာကိုသံဃာမှန်း
တကယ် သိသွားပါတယ်။
ဒါကြောင့် ပညာမဂ္ဂင်နှစ်ပါးကို သညာသိ၊
ဝိညာ ဏ်သိလေးနဲ့သိရင်ပဲ စူဠသောတာပန်လို့
ခေါ်ခံထိုက်ပြီး တစ်ဘဝ နှစ်ဘဝတော့
အပါယ်တံခါးပိတ်ပါတယ်။ အပါယ်တံခါး
ပိတ်တယ်ဆိုမှတော့ သုဂတိခန္ဓာရပြီပေါ့။
အပါယ်လေးပါးမှလွတ်မြောက်ရပါလို၏လို့
ဆုတွေတောင်းနေမယ့်အစား ပညာမဂ္ဂင်
နှစ်ပါးကို သညာသိ ဝိဉာဏ်သိနဲ့ သိနိုင်ဖို့
ပဋိစ္စသမုပ္ပါဒ်ကိုသင်ကြားလေ့လာထား
ကြပါလို့ လေးစားစွာတိုက်တွန်းပါတယ်နော်။
စုဠသောတာပန်မှသည်
မဟာသောတာပန်ဖြစ်ကြပါစေလို့
ဆန္ဒပြုရင်း
တတိယမြောက် သမီးတော်
(၇.၇.၂၀၁၇)
..................................

ပဋိစ္စသမုပ္ပါဒ်ကိုသင်ယူပါ..၂..***

ပဋိစ္စသမုပ္ပါဒ်သင်ယူတယ်ဆိုတာ ခန္ဓာရဲ့ဖြစ်စဉ် သံသရာရဲ့ ဖြစ်စဉ်ကို သိအောင်သင်ယူရတာပါ။
ဒီလိုသင်ယူလိုက်တဲ့အခါမှာ ခန္ဓာကြီးကိုငါလို့
ထင်နေတဲ့အထင် သက္ကာယဒိဋ္ဌိ၊ မြဲတယ်လို့
ထင်တဲ့အထင် သဿတဒိဋ္ဌိ၊ သေရင်ပြတ်တယ်လို့
ထင်တဲ့အထင် ဥစ္ဆေဒဒိဋ္ဌိ၊ ဒီဒိဋ္ဌိသုံးပါးကို
အသိသညာနဲ့နားလည်သဘောပေါက်ပြီး
သမ္မာဒိဋ္ဌိ အမြင်မှန်ကိုရစေပါတယ်။
အသိအမြင်မှန်ကန်လာတဲ့အခါ လူတွေ၊တိရိစ္ဆာန်
တွေ ဆင်းရဲခြင်း၊ချမ်းသာခြင်းတွေ ခြားနားရခြင်း
အကြောင်းတရား ကိုလက်ခံယုံကြည်လာတဲ့
အတွက် ဘုရားကဖန်ဆင်းတာလား ၊ဗြဟ္မာက
ဖန်ဆင်းတာလား၊တန်ခိုးရှင်ကဖန်ဆင်းတာလား
ဆိုတဲ့သံသယတွေရှင်းသွားပြီး ကံ ကံ၏အကျိုးကို
ယုံကြည်ခြင်းဆိုတဲ့ အခြေခံအကျဆုံးသော
အမြင်မှန် သမ္မာဒိဋ္ဌိ ဖြစ်သွားပါတယ်။
ဒီလိုအသိအမြင်မှန်ကန်အောင်လမ်းပြပေးတဲ့
ဒီတရားဟာအမှန်ပါလားလို့နားလည်ယုံကြည်
လက်ခံလိုက်တဲ့အခါမှာ တရားတော်ကို
ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါတရားတွေ
ပေါက်ဖွားလာတယ်။ ဒီလိုမှန်ကန်တဲ့
သစ္စာတရားတွေကိုဆောင်ယူပြီး ဖြန့်ဝေပေးတဲ့
သံဃာတော်အရှင်သူမြတ်များကိုယုံကြည်
မြတ်နိုးခြင်းဆိုတဲ့ သဒ္ဓါတရားတွေ ပေါက်ဖွား
လာတယ်။ ဒီတရားတော်ကိုဟောကြားတော်မူခဲ့တဲ့
မြတ်စွာဘုရားရှင်တကယ်ရှိခဲ့တယ်လို့
ဘုရားကိုယုံကြည်တဲ့သဒ္ဓါတရားလည်း
ပေါက်ဖွားလာတယ်။ သဒ္ဓါပေါက်တယ်ဆိုတာ
အဲ့ဒီလို သဒ္ဓါပေါက်တာမှအစစ်ဖြစ်ပါတယ်။
တရားတော်ရဲ့တန်ဖိုး တရားတော်ကိုဆောင်ယူတဲ့
သံဃာတော်များရဲ့တန်ဖိုး၊တရားတော်များ
ဟောကြားတော်မူခဲ့တဲ့မြတ်စွာဘုရားရှင်ရဲ့
မေတ္တာကရုဏာတော်များကိုအောင့်မေ့ပြီး
ယုံကြည်တဲ့စိတ်ကိုသဒ္ဓါပေါက်တယ်လို့
ခေါ်ပါတယ်။ဘုရားတရားသံဃာဆိုတဲ့
ရတနာမြတ်သုံးပါးဟာ ကိုးကွယ်ဆည်းကပ်ရာ
ဖြစ်တယ်။စစ်မှန်တဲ့အသိအမြင်ကိုဖြစ်ထွန်း
စေတယ်ဆိုတာ နားလည်သွားတယ်။
သရဏဂုံတည်သွားတယ်။
သရဏဂုံတည်သွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ
၉၁ ကမ္ဘာတိုင်အောင် သုဂတိဘုံမှာစံရပါတယ်တဲ့။
အဲ့ဒီလောက်ထိအောင်အကျိုးပေးပါတယ်။
ပဋိစ္စသမုပ္ပါဒ်ကိုသင်ယူလိုက်တဲ့အတွက်
အသိအမြင်မှန်ကန်သွားတဲ့သူအတွက်
အရိယာသူတော်ကောင်းကြီးမဖြစ်နိုင်
သေးရင်လည်း အကျိုးအမြတ်အားဖြင့်တော့
အင်မတန်မှအားကြီးသွားပါပြီ။သစ္စာသိဖို့
မဂ္ဂင်(၈)ပါးနဲ့တရားအားထုတ်မယ်ဆိုရင်လည်း
အားကြီးသောအထောက်အပံ့ဖြစ်သွားပြီ။
ဖြစ်ပျက်မြင်တာချင်းတူခဲ့ရင်လည်း ပဋိစ္စသမုပ္ပါဒ်ကို
သင်ယူခဲ့တဲ့သူက သစ္စာဆိုက်ဖို့အထောက်အပံ့
ကောင်းကိုရထားသူဖြစ်တယ်။နိဗ္ဗာန်ကို
မျက်မှောက် ပြုဖို့ ပိုပြီးသေချာသွားပါတယ်။
ဥပမာအနေနဲ့
....ရှင်ဆန္ဒကသက်သေပါပဲ။ ဘုရားအလောင်း
သိဒ္ဓတ္ထနဲ့ဖွားဖက်တော်မို့ ငါ့ဘုရားကွလို့
မာန်ဝင်နေတာနဲ့ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး
(၄၅)ဝါ သီတင်းသုံးပြီး ပရိနိဗ္ဗာန်သာစံသွားတယ်။
ရှင်ဆန္ဒမှာ ဘာသစ္စာမှမဆိုက်ဘူး။ ဒိဋ္ဌိ ငါနဲ့
မာန ငါတွေ အားကြီးပြီး နေခဲ့တာ။ ဘုရားရှင်
ပရိနိဗ္ဗာန်စံပြီးလို့ဝိပဿနာအလုပ်ကိုလုပ်
တော့လည်း ဒိဋ္ဌိငါ နဲ့လုပ်နေလိုက်တာ
ဖြစ်ပျက်သာအမြင်စိပ်တယ် သစ္စာမဆိုက်ဘူးတဲ့။
ငါလုပ်လို့ ငါရတာ ငါမြင်တယ်ဆိုပြီး အယူအမြင်
တွေလွဲမှားနေသတဲ့။ နာမ်ရဲ့ သဘော ရုပ်ရဲ့သဘော
သူ့သဘောနဲ့သူဖြစ်ပြီးပျက်တယ်လို့ အသိမှန်
အမြင်မှန် အယူမှန်ကိုမရတော့ ဖြစ်ပျက်ကို
မြင်သာမြင်တယ် ဖြစ်ပျက်ကမဆုံးနိုင်ဘူးတဲ့။
သမ္မာသင်္ကပ္ပဖြစ်ပေမယ့် သမ္မာဒိဋ္ဌိမဖြစ်တော့
နိဗ္ဗာန်ကိုမြင်ခွင့်မရရှာဘူး။
ပဋိစ္စသမုပ္ပါဒ်ကိုသင်ယူထားတဲ့သူတွေကတော့
ဖြစ်ပျက်ကိုမြင်တာနဲ့ ရုပ်ရဲ့ သဘော
နာမ်ရဲ့သဘောပဲလို့ သိမှတ်ပေးနိုင်တဲ့အတွက်
ဝိပဿနာရဲ့အားကြီးသောအထောက်အပံ့
ဖြစ်လို့ သစ္စာဆိုက်ဖို့ပိုပြီးနီးစပ်လွယ်ကူစေပါတယ်။
နောက်တစ်ချက်ကပဋိစ္စသမုပ္ပါဒ်ကိုနားလည်
သဘောပေါက်ထားသူအတွက် ပဉ္စဂ္ဂဇနီး
မောင်နှံထက်သာလွန်မယ်လို့ သမီးတော်အနေနဲ့
ချိန်ဆယုံကြည်ထားမိတယ်။ ပဉ္စဂ္ဂဇနီးမောင်နှံက
တရားပွဲကပြန်လာတဲ့သူတွေပြောတဲ့စကားကို
ကြားပြီးဘုရားရှင်က ပြောတာပဲကွာဟုတ်မှာပေါ့လို့
လက်ခံလိုက်တာ။ယုံကြည်လိုက်တာ။တကယ်
နားလည်သဘောပေါက်ပြီးယုံကြည်တာမျိုး
မဟုတ်ပဲ ကိုယ့်ထက်တော်တဲ့သူ၊တတ်တဲ့သူ၊
တန်ခိုးရှိတဲ့သူကို ယုံကြည်တဲ့ယုံကြည်မှုမျိုးနဲ့
ယုံကြည်လက်ခံခဲ့တာတောင်မှ လူ့ပြည်နတ်ပြည်
သုဂတိဘုံမှာစံစားခဲ့ရရင်၊ ပဋိစ္စသမုပ္ပါဒ်ကို
နားလည်သဘောပေါက်ထားတဲ့သူအတွက်
ဝိပဿနာအလုပ်ကိုမလုပ်ဖြစ်ခဲ့ရင်လည်း
သုဂတိလားရာကိုသာ သွားကြရလိမ့်မယ်လို့
ထင်ပါတယ်။ဒီအပိုင်းကတော့ သမီးတော်
ချိန်ဆကြည့်မိတဲ့ ထင်မြင်ချက်ပါနော်။
လူဖြစ်ကျိုးနပ်ဖို့ အရိယာဖြစ်အောင်အားထုတ်
သင့်တာမှန်းသိကြသော်လည်း ပုထုဇဉ်သဘာဝ
အကြောင်းအမျိုးမျိုး ကိစ္စများနေကြမှာပါ။
လူဖြစ်ကျိုးနပ်အောင် အားမထုတ်နိုင်သေးလည်း
အကျိုးအမြတ်ရရာရကြောင်းအနေနဲ့
ပဋိစ္စသမုပ္ပါဒ်ကိုတော့ (၁၀)ရက်(၁၅)ရက်
အချိန်ပေးပြီး ရအောင်သင်ယူကြပါလို့
တိုက်တွန်းပါတယ်။
အပြင်အပ ရုပ်ဝတ္ထုတွေအကြောင်းကို
နားလည်ကြပြီး ကိုယ့်ခန္ဓာအကြောင်း
ကိုယ်မသိပဲ အသေစောခဲ့ရင်ဖြင့်
စည်းစိမ်ချမ်းသာ ရာထူးဂုဏ်သိမ် ဘယ်မျှပင်
ကြီးမားပြည့်စုံခဲ့ပါစေ လူမိုက်သေ သေရတာပါပဲ။
ပဋိစ္စသမုပ္ပါဒ် ခန္ဓာဖြစ်စဉ်လေးသိနားလည်
ထားပြီး သံသရာလည်ရခြင်းကိုလက်ခံထားပြီးမှ
သေရရင်တော့ လူလိမ်မာသေနည်းနဲ့သေရတာပေါ့
အရိယာဖြစ်ပြီးမှ သေရရင်တော့ ပညာရှိ
သူတော်ကောင်းတို့ရဲ့သေခြင်းမို့ မြတ်ပါတယ်။
အကျိုးအမြတ်ယူပြီးသေသွားတာမို့မြတ်တာပါ။
ပညာရှိသူတော်ကောင်းများမဖြစ်နိုင်ကြသေးရင်
လည်း လူလိမ်မာတွေဖြစ်နိုင်ကြပါစေ။
သစ္စာသိဖို့ အားကြီးသောအထောက်အပံ့ကို
ရကြစေဖို့အတွက် ပဋိစ္စသမုပ္ပါဒ်ကိုသင်ယူကြပါ။



မေတ္တာဖြင့်
*****တတိယမြောက် သမီးတော်*****
August 6 at 4:36pm ·2017

0 comment: