ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, September 21, 2017

ဆင်ခြင်နိုင်မှ တော်ကာကျ




လူ အယောက်တစ်သိန်း သေလို့
တစ်ယောက် သုဂတိ မရောက်ဘူး တဲ့
ဘာကြောင့်လဲ...စဉ်းစား
ကိုယ်သိတဲ့ အသိလောက်နဲ့
ကိုယ်လုပ်တဲ့ဒါနလောက်နဲ့
ကိုယ်ဆောက်တည်တဲ့ သီလလောက်နဲ့
သုဂတိလားရာကို တကယ်ရောက်ဖို့မသေချာလို့ပါပဲ

ဒါနနဲ့ ပတ်သက်ရင် မလ္လိကာ မိဖုရားကို
ဘယ်သူမှ မယှဉ်နိုင်ဘူး သို့သော် ငရဲကိုရောက်ရတယ်။
သီလနဲ့ပတ်သက်ရင် တိဿမထေရ် ကိုနမူနာကြည့်
အပါယ်ဘ၀ကိုရောက်ရတယ်။
ဒါန သီလ ကောင်းမှုက အပါယ်သံသရာကို
မဖြတ်တောက်နိုင်လို့ပဲ။
အကောင်းဆုံးက သောတာပန်တည်ထားတာ
အကောင်းဆုံးပါ။
စိတ်ချ လက်ချနေလို့ရပြီ
သောတာပန် မတည်သေးသမျှတော့
ကိုယ်သိတဲ့အသိလောက်နဲ့ မာန်မတက်နဲ့
ကိုယ်ပြုတဲ့ ဒါန သီလလောက်နဲ့ စိတ်ချမနေနဲ့
သေခါနီးမှာ ဘယ်လို ဇောကျမယ်ဆိုတာ ဘယ်သူမှ မသိဘူး
ဒါကြောင့် ဘာအပြစ်မှ မလွန်ကျူးထားမိအောင်
သတိထားပြီး ကိုယ့်ကိုကိုယ် စောင့်ရှောက်ကြပါ လို့
အကြိမ်ကြိမ် သတိပေးနေမိခြင်းပဲ ဖြစ်ပါတယ်။

အရိယူပဝါဒအန္တရာယ်က ကျူးလွန်ဖို့အင်မတန်လွယ်ပါတယ်
ဓား နဲ့ခုတ်ဖို့မလိုဘူး
တုတ် နဲ့ရိုက်ဖို့မလိုဘူး
ခြေထောက် နဲ့ပိတ်ကန်ဖို့မလိုဘူး
ဘာတရားမှမရှိဘူးလို့ တစ်ခွန်းထဲပြောလိုက်ရုံပဲ
မဂ်တား ဖိုလ်တား ဖြစ်တယ်။
မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သူက ဝိပဿနာလုပ်ရင်
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သေးတယ်
အရိယူပဝါဒအန္တရာယ်သင့်ထားတဲ့သူက
မဂ်တားဖိုလ်တားအပြစ်ကြီးရှိနေတော့
ဘယ်လောက်ပဲ အားထုတ် အားထုတ်
သစ္စာမသိနိုင်တော့ဘူး။
ကိုယ်ပြစ်မှားထားမိတဲ့ အရိယာကို
ဝန်ချတောင်းပန်မှ သစ္စာသိဖို့ လမ်းပွင့်နိုင်တယ်
ရဟန္တာကို ရဟန္တာလို့ မသိနိုင်ရင်
ကာမဂုံခံစားနေတဲ့ အောက်မဂ်အရိယာကို
သိနိုင်ဖို့ပိုပြီးခဲယဉ်းပါတယ်။

လောဘ ဒေါသတွေနဲ့မွေ့လျော်နေတဲ့သူကို
အရိယာလို့ လွယ်လွယ်ကူကူခန့်မှန်းနိုင်မယ် ထင်ပါသလား
ကိုယ်သိသလောက် တတ်သလောက်နဲ့တိုင်းထွာကြည့်ပြီး
အပြောရဲကြတဲ့သူတွေကိုသတိပေးချင်တာပါ
ကိုယ်လမ်းကိုယ်ပိတ် မဖြစ်ကြပါစေနဲ့
မဂ်တားဖိုလ်တားဖြစ်ဖို့အလွယ်ကူဆုံးကတော့
အရိယူပဝါဒအန္တရာယ်ပါပဲ
အမိသတ် အဖသတ် ရဟန္တာသတ်ဖို့ဆိုတာ
ဗုဒ္ဓဘာသာကိုးကွယ်သူတွေအနေနဲ့ဖြစ်ဖို့အခဲယဉ်းဆုံးပဲ
ဘုရားကိုသွေးစိမ်းတည်အောင်လုပ်စရာလည်း
အကြောင်းမရှိတော့ဘူး
သံဃာသင်းခွဲဖို့ရာ ရဟန်းဘဝခံယူထားတာလည်းမဟုတ်တော့
ကျူးလွန်ဖို့မရှိဘူး
အလွယ်ဆုံးကျူးလွန်နိုင်တာ အရိယာကိုပြစ်မှားတဲ့ ကံ။


မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော် ၊ဒေဝဒူတသုတ်မှာ
ကုသိုလ်ကောင်းမှုကိုပြုလုပ်ဖို့မေ့လျော့နေကြသူများ၊
အရိယာကိုစွပ်စွဲမိသူများ ငရဲကိုရောက်တဲ့အခါ
ကံကောင်းထောက်မစွာ ယမမင်းရဲ့အစစ်အဆေးကို
ခံရတတ်ပါတယ်။ကုသိုလ်ကောင်းမှုလုပ်ခဲ့သော်လည်း
အရိယာကိုစွပ်စွဲပြောဆိုမိတာမျိုးဖြစ်ခဲ့ရင်လည်း
ယမမင်းရှေ့မှာအစစ်ဆေးခံရတတ်ပါတယ်။
ယမမင်းကြီးစစ်ဆေးမေးမြန်းတဲ့အခါ ဒုက္ခသစ္စာလို့သိပြီး
ဝိပဿနာအားထုတ်ဖူးတဲ့သူတွေကိုတော့လွတ်စေလို့
အမိန့်ပေးရင်လွတ်ပါတယ်။
ဒီတော့ အရိယာကိုစွပ်စွဲမိတဲ့ကံကြောင့် ယမမင်းနဲ့တွေ့ပြီး
အစစ်ဆေးခံရလို့ လွတ်ငြိမ်းခွင့်ရရင်တော်ရဲ့
လွတ်ငြိမ်းခွင့်မရပဲ ငရဲခံနေရမှာတော့မတန်ဘူးနော်။
ကိုယ့်မှာ သူ့ပစ္စည်းလည်းယူတာ မဟုတ်ဘူး။
သူ့ကို လိမ်လည်ပြောဆိုတာလည်းမဟုတ်ဘူး။
သူ့ကိုနာကျင်အောင်လုပ်တာလည်း မဟုတ်ဘူး။
သူ့အသက်ကိုသတ်တာလည်းမဟုတ်ဘူး။
အထင်သေးမိတဲ့စိတ်ကလေးနဲ့ စွပ်စွဲပြစ်မှားမိတာလေးနဲ့
ငရဲခံရမယ်ဆိုတာ သိတ်ရှုံးပါတယ်။ လက်ရှိဘဝမှာလည်း
ဘာအကျိုးမှမရှိဘူး။ အထင်သေးတဲ့စိတ် အထင်သေးတဲ့
စကားပြောမိ ထင်မိတာလောက်နဲ့ ပြန်ပြီးပေးဆပ်ရတာ
များလွန်းတယ်။အရှုံးကြီး ရှုံးပါတယ်။


သာသနာနဲ့ ကြုံတဲ့အခိုက်မှာ အမြတ်တွေပဲ ကဲ့ယူသွားလို့
ရနေသားနဲ့ အရှုံးကြီး ရှုံးရတဲ့အဖြစ်မျိုးမဖြစ်ရလေအောင်
ဆင်ခြင်နိုင်မှတော်ကာကျလိမ့်မယ်လို့သတိပေးချင်ပါတယ်။
ကိုယ်လည်းတိဟိတ် သူလည်းတိဟိတ် မှန်ရင် သူက
အပါယ်တံခါးပိတ်ပြီး ကိုယ်က ငရဲခံရတဲ့သူဖြစ်ခဲ့မယ်ဆိုရင်
ဘယ်လောက်ထိရှုံးသလဲ။အလွန့် အလွန်ရှုံးပါတယ်။
မာနထားပါ။ သူကဒီလောက်ထိ သိနေတာ တရားရရင်
ရနေနိုင်လောက်တယ်။ ငါက ဘာတရားမှမရသေးဘူး။
တရားရအောင်လုပ်အုံးမှလို့ ဒီလိုတွေးပါ။
ဒါက ထားကောင်းတဲ့ မာနပါ။
လွဲမှားတဲ့ မာနကိုတော့ မထားလိုက်ပါနဲ့။ ကိုယ့်ကိုကိုယ်
တရား မရသေးမှန်းလည်းသိပါ။ ငါလည်းဒီလောက်ထိ
လုပ်နေတာ လေ့လာနေတာပဲ။ငါတောင်မှမရသေးတာ
သူလည်းငါ့လိုပဲမရလောက်သေးဘူးလို့ မထင်လိုက်ပါနဲ့။
အရိယာဖြစ်သွားတဲ့သူကို ပုထုဇဉ်ဥာဏ်နဲ့ မသိနိုင်ဘူး။
ခန့်မှန်းကြည့်တိုင်းလည်း အမှန်မသိနိုင်ဘူး။ အရိယာ
ဖြစ်များ ဖြစ်နေသလားလို့ထင်မိတာပဲရှိတယ်။စိတ်ထဲက
အထင်နဲ့ပဲ ရမ်းသန်းပြီး ကြည်ညိုနေကြတာ။
အဲ့တော့...ရမ်းသန်းပြီးကြည်ညိုနေမယ့်အစား
ကိုယ့်ဘာသာ အရိယာဖြစ်အောင်အားထုတ်ပြီး
ဥာဏ်နဲ့တိုက်စစ်။ ပြောတဲ့စကားမှာသစ္စာပါသလား၊
မဂ္ဂင်ပါသလားလို့တိုက်စစ်ပါ။ အပြင်အပ နေမှုထိုင်မှုတွေကို
သွားမစစ်မိစေနဲ့။


အခါတစ်ပါး မထေရ်ကြီးတစ်ပါးနဲ့ ရှင်သာမဏေလေး တစ်ပါး
အတူဆွမ်းခံ ကြွရင်း ယာဂုဆွမ်းပူပူနွေးနွေးကိုရလာတယ်။
မထေရ်ကြီးက လေနာရောဂါရှိတယ်။ ယာဂုပူပူနွေးနွေးကို
ဘုန်းပေးသုံးဆောင်လိုက်ရင်လေနာရောဂါသက်သာတယ်။
ကျောင်းကိုရောက်တဲ့အချိန်ထိဆိုရင် ယာဂုက အေးသွားမှာ။
ဒီတော့လမ်းဘေးမှာတင် ယာဂုကိုသုံးဆောင်လိုက်တယ်။
ဒီလိုသုံးဆောင်တာကိုမြင်တော့ သောတာပန်တည်ဖြစ်တဲ့
ရှင်သာမဏေလေးက ဣနြေ္ဒမဲ့လိုက်တာလို့ အထင်သေးမိသတဲ့။
မထေရ်ကြီးက ရှင်သာမဏေလေးဒီလိုအထင်ရောက်တာကို
သိတယ်။ အထက်မဂ်ဖိုလ်အတွက်မကြိုးစားနဲ့တော့လို့
သတိပေးခါမှ ရှင်သာမဏေလေးကပြန်တောင်းပန်ပါတယ်။
ဣနြေ္ဒမဲ့တယ်လို့အထင်ဖြစ်တာဟာ တရားမရှိသူလို့
ထင်လိုက်တာ။တပ်မက်စိတ်ဖြစ်သူလို့ထင်တာ။ငတ်ကြီး
ကျတယ်လို့ထင်တာ။


တကယ်တော့ မိမိရဲ့ခန္ဓာဖောက်ပြန်မှုကိုမိမိသာလျင်
သိပါတယ်။ ဝါယောဓာတ်ရဲ့ဖောက်ပြန်မှုလား၊တေဇောဓာတ်ရဲ့
ဖောက်ပြန်မှုလား၊အာပေါဓာတ်ရဲ့ဖောက်ပြန်မှုလား
မိမိကိုယ်ကိုသိလို့ သင့်လျော်တဲ့အဟာရကိုသင့်လျော်အောင်
မှီဝဲသုံးဆောင်ပေးရတာပါ။ဒါကိုဘေးလူအမြင်မှာငတ်ကြီးကျ
တယ်လို့မြင်သွားတယ်။ပုထုဇဉ်ကတော့ငတ်ကြီးကျရင်ကျမှာ
ပေါ့လေ။ရဟန္တာမှာက တပ်မက်တဲ့စိတ်မရှိတော့တဲ့အတွက်
ဒီလိုထင်လို့ ပြောလို့မရဘူး။(ဒီလိုကိစ္စတွေမှာ အရိယာတွေက
အထင်သေးစရာ အဖြစ်မျိုးတွေမဖြစ်အောင် ဆင်ဆင်ခြင်ခြင်
နေထိုင်သင့်တာပေါ့ လို့ စောဒကတက်တဲ့သူတွေရှိနိုင်တယ်။)
အရိယာဖြစ်သွားတာနဲ့ ကျန်းမာလန်းဖြာပြီး ဘာရောဂါမှ
မဖြစ်တော့တာမှ မဟုတ်တာ။ အတိတ်ကဝဋ်ကြွေးတွေ
ကြောင့် ရောဂါအမျိုးမျိုးဖြစ်နိုင်တာပဲ။သူအကျိုးပေးတဲ့အချိန်မှာ
ပေါ်လာတတ်တာမျိုးကို ဘယ်သူတားမြစ်နိုင်မှာလဲ။
ဘုရားရှင်သော်မှ ခေါင်းကိုက်ရတယ်။ခါးနာရတယ်။
နောက်ဆုံးပရိနိဗ္ဗာန်စံခါနီးမှာ ဝမ်းတော်လားရတယ်။
ဘုရားဖြစ်ပြီး အစားအသောက်မှ မဆင်ခြင်တာကိုး ဝမ်းလျှော
ှမှာပေါ့လို့ ပြောချင်သေးလို့လား။ မိမိတို့ပြုခဲ့တဲ့ ကံအတိုင်း
ဖြစ်ကြရတာပါ။ကံ အကျိုးပေးကို ဘုရားရှင်သော်မှ မလွန်ဆန်နိုင်ဘူးနော်။


ဒါကြောင့် စားတာ သောက်တာ နေတာ ထိုင်တာ လုပ်တာ
ကိုင်တာတွေကိုကြည့်ပြီး ဘာတခုနဲ့မှအထင်မသေးလိုက်မိ
ပါစေနဲ့။ သူ့ဝါသနာနဲ့သူ သူ့အထုံနဲ့သူ သူ့စရိုက်နဲ့သူတွေပါ။
ဣနြေ္ဒကို ပညတ်အမြင်နဲ့တိုင်းတာလို့မရနိုင်ကောင်းတာမို့
ဆင်ခြင်ကြပါလို့ သတိပေးချင်ပါတယ်။
အရိယာမှန်ရင်လည်း သစ္စာစကားနဲ့ မဂ္ဂင်ရှစ်ပါးကို
ပြောတာချင်းတော့တူကြပါတယ်။ သို့သော် အထုံ
ဝါသနာ စရိုက် အကြိုက် မတူကြတဲ့အတွက် ပညတ်အမြင်နဲ့
နှိုင်းယှဉ်ပြီး မပြောမိကြပါစေနဲ့။ အဲ့ဒီအတွက်လည်း
ဆင်ခြင်နိုင်မှ တော်ကာကျပါလိမ့်မယ်။
မဆင်မခြင် ပြောမိ ဆိုမိ စွပ်စွဲမိလိုက်ရင် ၀ိပဿနာ
အလုပ်ကို အားထုတ်လို့လည်း နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သလို
အရိယာကို စွပ်စွဲမိတဲ့ ကံကြောင့် အနည်းဆုံး ယမမင်းရဲ့
အစစ်ဆေးခံ ငရဲသားဘ၀ကို ရသွားနိုင်ပါတယ်။
ယမမင်းရှေ့မှာ လိမ်ညာပြောလို့မရဘူး။ အမှန်အတိုင်းပဲ
ပြောရတယ်။ ယမမင်းကိုလိမ်ညာပြောလို့ကတော့
ယမမင်းကြီး မျက်စိတစ်ချက်ဖွင့်ကြည်တာနဲ့ ပြာဖြစ်သတဲ့။


ကိုယ်ကိုကိုယ် တိဟိတ်လို့ ယုံကြည်ရင်
သစ္စာတရားကိုနာကြားနိုင်တဲ့ ဥာဏ်နားလည်းရှိနေရင်
အရိယာမဖြစ်သေးသမျှကာလပတ်လုံး ဘယ်သူ့ကိုမှ
အထင်မသေးလိုက်မိပါစေနဲ့။ သေသေချာချာ သိနားလည်ခြင်း
မရှိသေးပဲ မာန်မတက်လိုက်ပါနဲ့။ မိမိကိုယ်ကို သိပြီးတတ်ပြီးသူလို
မနေပဲ မိမိကိုယ်ကိုနှိမ့်ချပြီး လေးလေးစားစားလေ့လာမှတ်သားပါ။
အရိယာဖြစ်ပြီးတဲ့ သောတာပန်ပင် အရိယူပ အန္တရာယ်သင့်သေးရင်
ပုထုဇဉ်ဥာဏ်နဲ့ သိနိုင်ဖို့ ပိုဝေးတဲ့အတွက်
ဆင်ခြင်တော်မူကြပါလို့ သတိပေးပါရစေ။
နိဗ္ဗာန်ကို မျက်မှောက်ပြုခွင့် ရဖို့ အပါယ်တံခါးကို ပိတ်ထားနိုင်ဖို့
အထူးအလေးထားတယ်ဆိုရင် ဆင်ခြင်ပြီး နေကြ ပြောကြပါ။
ဆင်ခြင်နိုင်မှ တော်ကာကျ ပါလိမ့်မယ်။

မဂ်တား ဖိုလ်တား အပြစ်ကျူးလွန်ခြင်းမှ
ကင်းဝေးအောင် ဆင်ခြင်နိုင်ကြပါစေ။


*****တတိယမြောက် သမီးတော်*****

0 comment: