ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, October 18, 2017

***လွှဆွဲသည့် ပမာ ရှုမှတ်ရာ၏***


ညီညွတ်သော မြေအပြင်၌ သစ်တုံးကိုထား၏။
ထိုသစ်တုံးကို ယောက်ျားသည် လွှဖြင့် ဖြတ်ရာ၏။
သစ်တုံး၌ထိသော လွှသွားတို့၏ အစွမ်းအားဖြင့်
ယောက်ျား၏ သတိသည် ထင်၏။

မိမိ အနီးသို့ လာသော လွှသွားတို့ကို၎င်း။
တဖက်သို့ သွားသော လွှသွားတို့ကို ၎င်း။
နှလုံးမသွင်းသော်လည်း လာသော လွှသွား
သွားသော လွှသွားတို့ မထင်သည် မဟုတ်ကုန်။
သစ်တုံးကိုဖြတ်သော ၀ီရိယ သည်လည်း ထင်၏။
သစ်တုံးဖြတ်သော လုံလကိုလည်း ပြီးစေ၏။
ညီညွှတ်သော မြေပြင်၌ ထားအပ်သော သစ်တုံးကဲ့သို့
ဤ အတူ သတိဖြင့်ဖွဲ့အပ်သော နိမိတ်ကို မှတ်အပ်၏။
(လွှသွားတို့ကဲ့သို့ ထို့အတူ ထွက်သက်
ဝင်သက်တို့ကို မှတ်အပ်ကုန်၏။)
သစ်တုံး၌ ထိသော လွှသွားတို့၏ အစွမ်း အားဖြင့်
ယောက်ျား၏ သတိသည် ထင်သကဲ့သို့
လာသော လွှသွား သွားသော လွှသွားတို့ကို
နှလုံးမသွင်းသကဲ့သို့ ။
လာသော လွှသွား သွားသော လွှသွားတို့
မထင်သည် မဟုတ်ကုန်သကဲ့သို့။
သစ်တုံးကို ဖြတ်သော ၀ီရိယသည်လည်း ထင်သကဲ့သို့ ။
သစ်တုံးဖြတ်ခြင်း လုံ့လကိုလည်း ပြီးစေ သကဲ့သို့
ဤ အတူသာလျှင် ရဟန်းသည်
နှာသီးဖျား၌ ၎င်း။
နှုတ်ခမ်းဖျား၌ ၎င်း။
သတိကို ရှေ့ရှု ထား၍ ထိုင်နေ၏။
အတွင်းသို့ ၀င်လာကုန် အပသို့ ထွက်သွားကုန်သော
ဝင်သက် ထွက်သက်တို့သည် မထင်သည် မဟုတ်ကုန်။
ထင်ကုန်သည်သာတည်း။
ဝီရိယသည်လည်း ထင်၏။
ဈာန်ကိုလည်း ပြီးစေ၏။
သံယောဇဉ်ကို ပယ်သော မဂ်ကိုလည်း ရ၏။
ပဓာနမည်သော ၀ီရိယလည်းဖြစ်၏။
(ပဋိသမ္ဗိဒါမဂ်ပါဠိတော် မဟာဝဂ် ဝေါဒါနဥာဏ် အကျယ်ပြခြင်း)

တရားအားထုတ်တဲ့အခါမှာ နှာသီးဖျားက
ဝင်လေ ထိတာ သိတယ်။
ထွက်လေ ထိတာ သိတယ်။
ဝင်လေသိ ထွက်လေသိ သိတဲ့နေရာမှာ
ဝေါဒါန ဥာဏ်အကျယ်မှာ ပြထားတဲ့အတိုင်းပဲ ။
ကိုယ့်ရဲ့ သိတဲ့စိတ်က နှာသီးဖျားက လွန်ပြီး
ဝင်သွားတဲ့ ၀င်လေ နောက်ကို လိုက်စရာမလိုဘူး။
နှာသီးဖျားက လွန်ပြီး ထွက်သွားတဲ့
ထွက်လေ နောက်ကို လိုက်စရာမလိုဘူး။
သိပင် သိညားသော်လည်း ရှုမှတ်မှု ပြုစရာမလိုဘူးလို့ ဆိုလိုတာ။
နှာသီဖျားမှာသော်၎င်း၊ နုတ်ခမ်းဖျားမှာ သော်၎င်း ထိတာကို သိပြီး
ရှုမှတ်တဲ့ အမှတ်နေရာကိုပဲ ဥာဏ်နဲ့ ကျက်စားပေးရပါမယ်။
ထိပြီး ၀င်လာတာ သိတယ်။ ထိပြီးထွက်သွားတာကို သိတယ်။
လွှဆွဲသမားရဲ့ အသိကို ဖေါ်ညွှန်းထားသလိုပါပဲ။
လွှဲဆွဲသမားဟာ လွှသွားနဲ့ သစ်တုံး ပွတ်တိုက်တဲ့
သဘောကို အမှတ်ထင်ရှားတယ်။
သစ်တုံးကို ပွတ်တိုက်ပြီး ဒီဘက်လွန်လာတဲ့ လွှသွားကို
သိသော်လည်း အမှတ်မထားဘူး။
သစ်တုံးကို ပွတ်တိုက်ပြီး ဟိုဘက်ကို လွန်သွားတဲ့
လွှသွားကို အမှတ်မထားဘူး။
ထိုနည်း၎င်း
နှာသီးဖျားကို တိုးထိတာကိုပဲ ရှုတယ် မှတ်တယ်။

အဲ့ဒီမှာ တစ်ခုလောက် ဆုံးဖြတ်ချက်ချပေးပါ။
*** အဓိက ကျတဲ့ ဆုံးဖြတ်ချက်။ ***
ဒီဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်စေချင်တယ်။
အဖြစ်သဘော သဘာဝ လက္ခဏာကို အမြင်သန်ကြပေမယ့်
အပျက် သဘော သာမည လက္ခဏာကို တိတိကျကျ
မြင်ပြီး ဆုံးဖြတ်ချက် ချပေးနေမှ ကိလေသာကို
ပါးပါး လှီးထုတ်ရာကျပါတယ်။
နှာသီးဖျားကို တိုးထိပြီး ၀င်လေ ၀င်လာတာကို
သိပေးရမယ်။ ၀င်လေလေး ရပ်သွားတာကိုလည်း
သိအောင် စူးစိုက်ကြည့်ပါ။
ဝင်လေ ဆက်မတိုးတော့ပဲ ရပ်သွားတဲ့
အချိန်ကလေးကို မိအောင်ဖမ်းကြည့်ပေးပါ။
ရပ်သွားတာကို ရပ်သွားပြီးလို့ သိပေးပါ။
ထွက်လေမှာလည်း ထွက်လေတိုးပြီး ထိတာကို
သိပေးရမယ်။ ထွက်လေလေး ဆက်ပြီး မတိုးတော့ပဲ
ရပ်သွားတာကိုလည်း သိပေးရမယ်။
ရပ်သွားပြီးလို့ ဥာဏ်နဲ့ တိတိကျကျ လိုက်မှတ်ပေးပါ။
ဝင်လေမှန်းသိတယ် ဆက်မ၀င်တော့ပဲ ရပ်သွားတယ်။
ရပ်သွားပြီလို့တိတိကျကျ မှန်မှန်ကန်ကန် ဥာဏ်နဲ့ သိပေးပါ။
ထွက်လေမှန်းသိတယ် ဆက် မထွက်နိုင်တော့ပဲ ရပ်သွားတယ်။
ရပ်သွားပြီလို့ တိတိကျကျ ဥာဏ်နဲ့ သိပေးပါ။
မရပ်သေးပဲ ရပ်တယ်လို့ဥာဏ်က ဆုံးဖြတ်ချက် မချလိုက်ပါနဲ့။
တကယ်ရပ်သွားတဲ့အချိန်မှ ရပ်တယ် လို့ မှတ်ပေးပါ။
ဒါဟာ ၀င်လေ ထွက်လေရဲ့ သဘောအမှန်ကို ဥာဏ်နဲ့
တိတိကျကျ ဆုံးဖြတ်ချက် ချပေးနေခြင်းပဲ ဖြစ်ပါတယ်။
ဝင်လေ ထိတယ် မမြဲဘူး ရပ်သွားတယ်။ ဆုံးသွားတယ်။
ထွက်လေ ထိတယ် မမြဲဘူး ရပ်သွားတယ်။ ဆုံးသွားတယ်။
ရုပ်သဘော နာမ်သဘော တစ်ခုခုရဲ့ အဖြစ် သဘော
အပျက်သဘောကို သိပေးခြင်းဟာ ၀ိပဿနာပါပဲ။
ရုပ် တစ်ခု နာမ်တစ်ခု ဖြစ်လာတိုင်း ပျက်သွားတယ် ။
ချုပ်သွားတယ်။ဆုံးသွားတယ်။ ကုန်သွားတယ်။
ဆက် မဖြစ်ဘူး။ နောက်တစ်ခု အစားမထိုးခင်လေးမှာ
ဒီတစ်ခုက အရင် ပျက်စီး ကုန်းဆုံး ချုပ်ပျောက်တယ်။
အဲ့ဒီလို ဖြစ်လာတဲ့သဘောလေးတစ်ခု ပျက်စီးသွားတာ။
ကုန်ဆုံးသွားတာ။ ချုပ်ပျောက်သွားတာ ။ ရပ်သွားတာ
ကို သိလိုက်ခြင်းဟာ ၀ိပဿနာမဂ်ဥာဏ်ဖြစ်ပါတယ်။
ဒီဝိပဿနာမဂ်ဥာဏ်က ကိလေသာ မ၀င်နိုင်အောင်
ဖြတ်တောက်ပေးခြင်းဖြစ်တယ်။

ဝင်လေလေး ၀င်တာရပ်ပြီးမှ ထွက်လေလေးက
ပြန်ထွက်တယ်။ ထွက်လေ ထွက်တာ ရပ်ပြီးမှ
ဝင်လေ ပြန်ဝင်တယ်။ ၀င်တဲ့သဘောလေး
ထွက်တဲ့သဘောလေးမှာ တခုဖြစ်ပြီး
ရပ်သွား ဆုံးသွား ကုန်သွား ချုပ်သွား
ပျောက်ပျက်သွားပြီးမှ နောက်တစ်ခု ထပ်ဖြစ်တယ်ဆိုတာ
ကောင်းကောင်း သဘောပေါက်ပြီး သူ့သဘောလေးတွေ
ဖြစ်လာတိုင်း ချုပ်ပျောက်လိုက် နောက်တစ်ခု အစားထိုးဖြစ်လိုက်
ချုပ်ပျောက်ကုန်ဆုံး ရပ်တန့်သွားလိုက် နောက်တစ်ခု
အစားထိုးလိုက်နဲ့ အဲ့ဒီလိုဖြစ်လိုက် ပျက်လိုက်ဆိုတာကို
သတိထား ၀ီရိယစိုက်ပြီး သေချာ စောင့်ကြည့် စစ်ဆေးရမယ်။
သတိထား ၀ီရိယစိုက်ပြီး စောင့်ကြည့်တော့ သမာဓိဖြစ်တယ်။
ချုပ်တာကို ချုပ်သွားတယ်။ ရပ်တာကို ရပ်သွားတယ်လို့
မိမိရဲ့ဥာဏ်က အတိအကျ ဆုံးဖြတ်ချက် ချပေးဖို့ လိုပါတယ်။
ဖြစ်လာတဲ့သဘောလေး ပျက်သွားချုပ်သွားတာကို
သိပေးနိုင်တဲ့ ဥာဏ်က ၀ိပဿနာဥာဏ်ဖြစ်တယ်။
ဒါကြောင့် ထိတယ် သိတယ် ရပ်သွားတာကိုလည်းသိတယ်။
အဖြစ်ကို သိတာသည် သမထ။
အပျက်ကို သိတာသည် ၀ိပဿနာ။
အဖြစ်သဘောကို သိဖို့ လွယ်ကြတယ်။
သိလည်းသိကြတယ်။
သို့သော် အပျက်ကို သိဖို့ကျတော့
ဥာဏ်နဲ့ စူးစိုက်စောင့်ကြည့်နေဖို့လိုတယ်။
တခါဖြစ်တိုင်း တခါပျက်တယ်ဆိုတာကို
ကိလေသာ ကြားမ၀င်ပဲ ရုပ်သဘော နာမ်သဘော
အဖြစ် အပျက် အမှန်ကို သိပေးနေခြင်းက
သတိ ၀ီရိယ သမာဓိ ဆိုတဲ့ မဂ္ဂင် သုံးပါး
က အလုပ်လုပ်နေခြင်းပါပဲ။

ဝင်လေဖြစ်တယ်ဆိုတာကို သိခြင်းနဲ့
ဝင်လေ ပျက်တယ်ဆိုတာ သိခြင်းက
ပညာမဂ္ဂင် နှစ်ပါးရဲ့ ပိုင်းခြားသိနိုင်ခြင်းပဲ ဖြစ်တယ်။
ဝင်လေ ကို ၀င်လေ လို့ သိတာ အမှန်ကိုသိခြင်း။
ထွက်လေကို ထွက်လေလို့ သိတာ အမှန်ကိုသိခြင်း။
ငါရူတယ် ငါရှိုက်တယ်လို့ သွားမယူလိုက်ပါနဲ့။မှားတယ်။
ဝင်လေ ထွက်လေလို့ သိပါ မှတ်ပါ ယူပါ။
ဒါမှ အယူမှန် ဖြစ်တယ်။
ယူတာက ဒိဋ္ဌိ။မှန်တာက သမ္မာ။ သမ္မာဒိဋ္ဌိ။
ဝင်လေလေး နှာသီးဖျားမှာ တိုးပြီးထိတာကို သိတယ်။
တိုးထိတာလေ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေတာ
ရှုမှတ်နေတာ သူ့သဘောအမှန်ကို သိအောင်လုပ်နေတာက
ကြံစည်နေခြင်းပဲ။ သူ့ရဲ့သဘောအမှန်ကို
သိအောင်လုပ်မယ်ဆိုပြီး ဆင်ခြင် သုံးသပ် စောင့်ကြည့်
ကြံစည်နေတာက သမ္မာသင်္ကပ္ပ.။
ဝင်လေ ထွက်လေကို သိဖို့ သတိနဲ့
စောင့်ကြည့်ရတော့ သမ္မာ သတိ။
တစ်ခု ဖြစ်ပျက်ပြီး နောက်တစ်ခု အစားထိုး
ဖြစ်ပျက်တာကို တစိုက်မတ်မတ်
စောင့်ကြည့်တာက ၀ီရိယ သမ္မာဝါယာမ။
နှာသီးဖျားလေးမှာ ၀င်လေ ထွက်လေတို့ရဲ့
သဘောအမှန်ကိုပဲ စူးစိုက်ရှုမှတ် နေတော့
စိတ်က တည်ကြည်တယ်။ သမ္မာ သမာဓိ။
ဒီလိုနည်းအားဖြင့် အာရုံတစ်ပါး စိတ် မသွားပဲ
ရှုမှတ်ဆင်ခြင်နေလိုက်မယ်ဆိုရင် မဂ္ဂင်(၅)ပါးနဲ့
အလုပ်လုပ်နေတဲ့ မြင့်မြတ်တဲ့သူတစ်ယောက်ဖြစ်နေပါပြီ။
ဒါဟာ ဘုရားရှင်ကို အမြင့်မြတ်ဆုံး ဥာဏ်နဲ့
ပူဇော်နေတာပဲ ဖြစ်ပါတယ်။
ဘုရားရှင် ဖြစ်စေချင်တဲ့ အရိယာစခန်းကို
တက်လှမ်းနေတဲ့သူပဲ ဖြစ်ပါတယ်။
အရိယာဖြစ်သွားရင် ဂတိမြဲသွားပြီ။
အပါယ်တံခါးပိတ်ပြီ။ နိဗ္ဗာန်တံခါးဖွင့်ပြီ။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးပွင့်ထွန်း
ပေါ်ပေါက်လာတာ သတ္တ၀ါတွေ အပါယ်လွတ်ဖို့
အတွက် ချမ်းသာအစစ်ဖြစ်တဲ့ နိဗ္ဗာန်ကို
မျက်မှောက်ပြုဖို့ အတွက်ပဲ ဖြစ်တယ်။
လက်အုပ်လေးချီပြီး ဆွမ်းလေးကပ်
ရေချမ်းလေးကပ် ပန်းလေးကပ်ပြီး ကုသိုလ်ရဖို့
အတွက် သက်သက် ပွင့်လာတာ မဟုတ်ဘူး။
ကံ တွေဖြတ်ပြီး ခန္ဓာချုပ်ငြိမ်းဖို့အတွက်ပဲ ဖြစ်ပါတယ်။
ကိလေသာတွေ သုညတ ဆိုက်သွားပြီးရင် ခန္ဓာချုပ်ပါပြီ။

ပုထုဇဉ်ကနေ အရိယာ စင်စစ်ဖြစ်အောင်
အားထုတ်နိုင်ကြပါစေ။


*****တတိယမြောက်သမီးတော်*****

0 comment: