ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, February 19, 2018

စောဒနာထိုက်သောဆရာ မစောဒနာထိုက်သော ဆရာ .

စောဒနာထိုက်သော ဆရာသုံးဦး

၅၁၃။ ။လောဟိစ္စ လောက၌
အပြစ်တင်စောဒနာထိုက်ကုန်သော
ဤဆရာတို့သည်သုံးဦးရှိကုန်၏။
ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က
အပြစ်တင်စောဒနာသည် ရှိသော်(ထိုသူ၏)
အပြစ်တင်စောဒနာချက်သည် ဟုတ်မှန်၍
တရားနှင့်လျော်ပေ၏။အပြစ်လည်းမရှိပေ။
ဤသုံးဦးတို့ ဟူသည် အဘယ်နည်း။


လောဟိစ္စ ဤ(လောက)၌ အချို့သောဆရာသည်
အကြင် ရဟန်းအဖြစ် အကျိုးအလို့ငှာ လူ့ဘောင်မှ
ရဟန်းဘောင်သို့ ၀င်ရောက်၏။ထို(ဆရာ)သည်
ထိုရဟန်း ဖြစ်ကျိုးကို မရသေးပဲလျှက် တပည့်တို့အား
ဤကားသင်တို့၏ အစီးအပွား အလို့ငှာဖြစ်၏။
ဤကား သင်တို့၏ ချမ်းသာ အလို့ငှာ ဖြစ်၏ဟု
တရားကို ဟော၏၊ ထို(ဆရာ)၏ (တရားကို)
တပည့်တို့သည် မနာယူကုန်၊နားမထောင်ကုန်၊
သိရန် စိတ်မ၀င်စားကုန်၊ ဆရား၏ အဆုံးအမ မှ
ဖဲခွါ၍လည်း ကျင့်ကုန်၏။
ထို(ဆရာ)ကို ဤသို့ အပြစ်တင် စောဒနာ အပ်၏။
အရှင်သည် အကြင် ရဟန်းဖြစ်ကျိုး အလို့ငှာ
လူ့ဘောင်မှ ရဟန်းဘောင်သို့ ၀င်ရောက်၏။
(ထို့သို့ ၀င်ရောက်သော )သင်သည်
ထိုရဟန်းဖြစ်ကျိုးကို မရသေးပဲလျှက်
တပည့်တို့အား ဤကား သင်တို့၏
အစီးအပွား အလို့ငှာဖြစ်၏၊ဤကား သင်တို့၏
ချမ်းသာ အလို့ငှာဖြစ်၏ဟု တရားကို ဟောဘိ၏။
ထိုသင်၏(တရားကို) တပည့်တို့သည် မနာယူကုန်။
နားမထောင်ကုန်။ သိရန် စိတ်မ၀င်စားကုန်။
ဆရာ၏ အဆုံးအမ မှ ဖဲခွါ၍လည်း ကျင့်ကုန်၏။
ဤဟောပြောခြင်းသည် (အလိုမရှိ၍) ဆုတ်ခွါသွားသော
လုံမကိုလိုက်၍ ကပ်သည်နှင့်လည်းတူ၏။(မကြည့်လို၍)
မျက်နှာလွဲနေသော လုံမကို (နောက်မှ) ပွေ့ဖက်သည်နှင့်လည်း
တူ၏။ (ထို့ကြောင့်)ဤ ဟောပြောခြင်းကို ယုတ်မာသော
လောဘတရားဟု(ငါ)ဆို၏။ တစ်ပါးသောသူသည်
တစ်ပါးသော သူအား အဘယ်ပြုအံ့နည်းဟု
အပြစ်တင်အပ်၏။
လောဟိစ္စ ဤသည်ကား လောက၌
အပြစ်တင် စောဒနာ ထိုက်သော
ပဌမဆရာပေတည်း။ ယင်းဆရာကို
တစ်စုံတစ်ယောက်က အပြစ်တင်
စောဒနာသည်ရှိသော် ထိုအပြစ်တင်
စောဒနာချက်သည် ဟုတ်မှန်၍
တရားနှင့် လျော်ပေ၏။ အပြစ်လည်း မရှိပေ။
.
၅၁၄.။ ။လောဟိစ္စ တဖန်ထို့ပြင်လည်း
ဤ(လောက)၌ အချို့သောဆရာသည်
အကြင် ရဟန်းဖြစ် ကျိုးအလို့ငှာ လူ့ဘောင်မှ
ရဟန်းဘောင်သို့ ၀င်ရောက်၏။ထို(ဆရာ)သည်
ထိုရဟန်း ဖြစ်ကျိုးကို မရသေးပဲလျှက် တပည့်တို့အား
ဤကားသင်တို့၏ အစီးအပွား အလို့ငှာဖြစ်၏။
ဤကား သင်တို့၏ ချမ်းသာ အလို့ငှာ ဖြစ်၏ဟု
တရားကို ဟော၏၊ ထို(ဆရာ)၏ (တရားကို)
တပည့်တို့သည် နာယူကုန်၊နားထောင်ကုန်၊
သိရန် စိတ်ဝင်စားကုန်၊ ဆရား၏ အဆုံးအမ မှ
မဖဲခွါမူ၍လည်း ကျင့်ကုန်၏။
ထို(ဆရာ)ကို ဤသို့ အပြစ်တင် စောဒနာ အပ်၏။
အရှင်သည် အကြင် ရဟန်းဖြစ်ကျိုးအလို့ငှာ
လူ့ဘောင်မှ ရဟန်းဘောင်သို့ ၀င်ရောက်၏။
ထိုသို့ ၀င်ရောက်သော သင်သည်
ထိုရဟန်း ဖြစ်ကျိုးကို မရသေးပဲလျှက် တပည့်တို့အား
ဤကားသင်တို့၏ အစီးအပွား အလို့ငှာဖြစ်၏။
ဤကား သင်တို့၏ ချမ်းသာ အလို့ငှာ ဖြစ်၏ဟု
တရားကို ဟော၏၊ ထို(ဆရာ)၏ (တရားကို)
တပည့်တို့သည် နာယူကုန်၊နားထောင်ကုန်၊
သိရန် စိတ်ဝင်စားကုန်၊ ဆရား၏ အဆုံးအမ မှ
မဖဲခွါမူ၍လည်း ကျင့်ကုန်၏။
ဤဟောပြောခြင်းသည် မိမိလယ်ကို စွန့်၍
တစ်ပါးလယ်ကို ပေါင်းသင်းအပ်သည်ဟု
မှတ်ထင်သည်နှင့် တူ၏။(ထို့ကြောင့်)
ဤဟောပြောခြင်းကို ယုတ်မာသော
လောဘ တရားဟု(ငါ)ဆို၏။
တစ်ပါးသော သူသည် တစ်ပါးသောသူအား
အဘယ်ပြုအံ့နည်းဟု အပြစ်တင်အပ်၏။
လောဟိစ္စ ဤသည်ကား လောက၌
အပြစ်တင် စောဒနာထိုက်သော
ဒုတိယ ဆရာပေတည်း။ယင်းဆရာကို
တစ်စုံတစ်ယောက်က အပြစ်တင် စောဒနာသည်ရှိသော်
ထိုအပြစ်တင်စောဒနာချက်သည် ဟုတ်မှန်၍ တရားနှင့်
လျော်ပေ၏။ အပြစ်လည်း မရှိပေ။
.
၅၁၅။ ။လောဟိစ္စ တဖန် ထို့ပြင်လည်းဤ(လောက)၌
အချို့သော ဆရာသည် အကြင်ရဟန်းဖြစ်ကျိုး အလို့ငှာ
လူ့ဘောင်မှ ရဟန်းဘောင်သို့ ၀င်ရောက်၏။
ထိုဆရာသည် ထိုရဟန်းဖြစ်ကျိုးကို ရပြီးလျှင် တပည့်တို့အား
ဤကား သင်တို့၏ အစီးအပွား အလို့ငှာဖြစ်၏။
ဤကား သင်တို့၏ ချမ်းသာ အလိုငှာဖြစ်၏။ ဟု
တရားကို ဟော၏။ ထို(ဆရာ)၏ (တရား)ကို
တပည့်တို့သည် မနာယူကုန် ၊ နားမထောင်ကုန်၊
သိရန် စိတ်မ၀င်စားကုန်၊ ဆရာ၏ အဆုံးအမ မှ
ဖဲခွါ၍လည်း ကျင့်ကုန်၏။
ထို(ဆရာ)ကို ဤသို့ အပြစ်တင် စောဒနာအပ်၏။
အရှင်သည် အကြင် ရဟန်းဖြစ်ကျိုးအလို့ငှာ လူ့ဘောင်မှ
ရဟန်းဘောင်သို့ ၀င်ရောက်၏။
သင်သည် ထိုရဟန်းဖြစ်ကျိုးကို ရပြီး၍ တပည့်တို့အား
ဤကားသင်တို့၏ အစီးအပွား အလို့ငှာဖြစ်၏။
ဤကား သင်တို့၏ ချမ်းသာ အလို့ငှာ ဖြစ်၏ဟု
တရားကို ဟော၏၊ ထို(ဆရာ)၏ (တရားကို)
တပည့်တို့သည် နာယူကုန်၊နားထောင်ကုန်၊
သိရန် စိတ်ဝင်စားကုန်၊ ဆရား၏ အဆုံးအမ မှ
မဖဲခွါမူ၍လည်း ကျင့်ကုန်၏။
ဤဟောပြောခြင်းသည် အနှောင်အဖွဲ့ဟောင်းကိုဖြတ်၍
အခြားအနှောင်အဖွဲ့သစ်ကို ပြုသည်နှင့် တူ၏။
(ထို့ကြောင့်)
ဤဟောပြောခြင်းကို ယုတ်မာသော
လောဘ တရားဟု(ငါ)ဆို၏။
တစ်ပါးသော သူသည် တစ်ပါးသောသူအား
အဘယ်ပြုအံ့နည်းဟု အပြစ်တင်အပ်၏။
လောဟိစ္စ ဤသည်ကား လောက၌
အပြစ်တင် စောဒနာထိုက်သော
တတိယ ဆရာပေတည်း။ယင်းဆရာကို
တစ်စုံတစ်ယောက်က အပြစ်တင် စောဒနာသည်ရှိသော်
ထိုအပြစ်တင်စောဒနာချက်သည် ဟုတ်မှန်၍ တရားနှင့်
လျော်ပေ၏။ အပြစ်လည်း မရှိပေ။
လောဟိစ္စ လောက၌ အပြစ်တင်စောဒနာထိုက်သော
ဆရာသုံးဦး ဟူသည် ဤသူတို့ပင်တည်း။
ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က
အပြစ်တင် စောဒနာသည် ရှိသော် ထိုသူ၏
ထို အပြစ်တင် စောဒနာ ချက်သည် ဟုတ်မှန်၍
တရားနှင့်လျော်ပေ၏။ အပြစ်လည်း မရှိပေ ဟု
မိန့်တော်မူ၏။
…….
မစောဒနာထိုက်သော ဆရာသုံးဦး
၅၁၆။ ။ ဤသို့ မိန့်တော်မူသော် လောဟိစ္စက မြတ်စွာဘုရားအား
အရှင် ဂေါတမ လောက၌ အပြစ်တင်စောဒနာခြင်းငှာ မထိုက်သော
တစ်စုံတစ်ယောက်သော ဆရာသည် ရှိပါသေးသလောဟု
လျှောက်၏။
လောဟိစ္စ လောက၌ အပြစ်တင်စောဒနာခြင်းငှာ မထိုက်သော
ဆရာသည် ရှိသေး၏ ဟု မိန့်တော်မူ၏။
အရှင် ဂေါတမ လောက၌ အပြစ်တင် စောဒနာခြင်းငှာ မထိုက်သော
ထိုဆရာကား အဘယ်နည်း။
လောဟိစ္စ ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ
သိတော်မူသော။ပ။ မြတ်စွာဘုရားသည်
ဤလောက၌ ပွင့်တော်မူ၏။
(သာမည ဖလ သုတ်၌ကဲ့သို့ နည်းတူ ချဲ့အပ်၏။)
လောဟိစ္စ ဤသို့လျှင် ရဟန်းသည် သီလနှင့်ပြည့်စုံပေ၏။ပ။
ပဌမဈာန်သို့ ရောက်၍နေ၏။လောဟိစ္စ အကြင်ဆရာ့ထံ၌
တပည့်သည် ဤသို့ သဘောရှိသောမြတ်သော(တရား)
အထူးကို ရ၏။ လောဟိစ္စ ဤဆရာသည်လည်း
လောက၌ အပြစ်တင် စောဒနာခြင်းငှာ မထိုက်သော
ဆရာပေတည်း။ ဤသို့သော ဆရာကို တစ်စုံတစ်ယောက်က
အပြစ်တင် စောဒနာသည် ရှိသော် ထိုအပြစ်တင်
စောဒနာချက်သည် မဟုတ် မမှန်၍ တရားနှင့် မလျော်ချေ။
အပြစ်လည်းရှိချေ၏။
.
။ပ။ဒုတိယဈာန်၊ တတိယဈာန်။ စတုတ္ထဈာန်သို့ ရောက်၍
နေ၏။လောဟိစ္စ အကြင် ဆရာ့ထံ၌ တပည့်သည်
ဤသို့ သဘောရှိသော မြတ်သော(တရား) အထူးကို ရ၏။
ဤဆရာသည်လည်း လောက၌ အပြစ်တင် စောဒနာခြင်းငှာ မထိုက်သော
ဆရာပေတည်း။ ဤသို့သော ဆရာကို တစ်စုံတစ်ယောက်က
အပြစ်တင် စောဒနာသည် ရှိသော် ထိုအပြစ်တင်
စောဒနာချက်သည် မဟုတ် မမှန်၍ တရားနှင့် မလျော်ချေ။
အပြစ်လည်းရှိချေ၏။
.
။ပ။(၀ိပဿနာ) ဥာဏ်အမြင် အလို့ငှာ စိတ်ကို
ရှေ့ရှု ပို့ဆောင်၏။ရှေ့ရှု ညွတ်စေ၏။
လောဟိစ္စ အကြင်ဆရာ့ထံ၌
တပည့်သည် ဤသို့ သဘောရှိသောမြတ်သော(တရား)
အထူးကို ရ၏။ လောဟိစ္စ ဤဆရာသည်လည်း
လောက၌ အပြစ်တင် စောဒနာခြင်းငှာ မထိုက်သော
ဆရာပေတည်း။ ဤသို့သော ဆရာကို တစ်စုံတစ်ယောက်က
အပြစ်တင် စောဒနာသည် ရှိသော် ထိုအပြစ်တင်
စောဒနာချက်သည် မဟုတ် မမှန်၍ တရားနှင့် မလျော်ချေ။
အပြစ်လည်းရှိချေ၏။
.
။ပ။ဤမဂ်ကိစ္စ အလို့ငှာ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု
သိ၏။ လောဟိစ္စ အကြင်ဆရာ့ထံ၌
တပည့်သည် ဤသို့ သဘောရှိသောမြတ်သော(တရား)
အထူးကို ရ၏။ လောဟိစ္စ ဤဆရာသည်လည်း
လောက၌ အပြစ်တင် စောဒနာခြင်းငှာ မထိုက်သော
ဆရာပေတည်း။ ဤသို့သော ဆရာကို တစ်စုံတစ်ယောက်က
အပြစ်တင် စောဒနာသည် ရှိသော် ထိုအပြစ်တင်
စောဒနာချက်သည် မဟုတ် မမှန်၍ တရားနှင့် မလျော်ချေ။
အပြစ်လည်းရှိချေ၏။ဟု မိန့်တော်မူ၏။
.
၅၁၇။ ။ဤသို့ မိန့်တော်မူသော် လောဟိစ္စ ပုဏ္ဏားသည်
မြတ်စွာဘုရားအား ဤ စကားကိုလျှောက်၏။
အရှင် ဂေါတမ ယောက်ျား(တစ်ယောက်)သည်
နရက်ချောက်သို့ ကျသော ယောက်ျားအား
ဆံပင်တို့ကို ဆုပ်ကိုင်လျှက် ဆွဲတင်ကာ
ကုန်းပေါ်၌ တည်စေသကဲ့သို့ ဤနည်း အတူပင်
အရှင် ဂေါတမသည် နရက်ချောက်သို့ ကျသော
အကျွန်ုပ်ကို ဆွဲတင်ကာ ကုန်းပေါ်၌တည်စေပါပေ၏။
အရှင် ဂေါတမ(တရားတော်သည်) အလွန်နှစ်သက်ဖွယ်
ရှိပါပေစွ။ အရှင် ဂေါတမ(တရားတော်သည်)
အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အရှင်ဂေါတမ
မှောက်ထားသည်ကို လှန်ဘိသကဲ့သို့၎င်း၊
ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ ၎င်း၊
မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြား
ဘိသကဲ့သို့၎င်း၊ မျက်စိ အမြင်ရှိသော သူတို့သည်
အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု အမှောင်မိုက်၌
ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ ၎င်း၊
အရှင်ဂေါတမ ဤအတူသာလျှင် အရှင်ဂေါတမသည်
များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူ
ပါပေ၏။ အရှင် ဂေါတမ ကျွန်ုပ်သည် အရှင် ဂေါတမကို
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏။ သံဃာတော်ကိုလည်း
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အရှင် ဂေါတမသည်
အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်
ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ ဟု
လျှောက်လေသတည်း။
.
(ဒီဃနိကာယ် သီလက္ခန် ပါဠိတော် လောဟစ္စသုတ်)

0 comment: