ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, August 22, 2018

ဝဋ်ကို ဝဋ်မှန်းသိပါ။

ဝဋ်ကို ဝဋ်မှန်းသိပါ။

ဝဋ် က ဝဋ် ပါပဲ
ဒါပေမယ့်..
ဝဋ် ကိုဝဋ် မှန်းလူတိုင်းမသိကြဘူး။
လိုချင်လို့ရတာပဲဖြစ်ဖြစ်
မလိုချင်ပဲရတာဖြစ်ဖြစ် ဝဋ်ပါပဲ။
လူတွေက အကောင်းလောကဓံဆိုရင်
ကံအကျိုးပေးကောင်းတယ်လို့ယူတယ် ဝဋ်လို့မသိဘူး။
အဆိုးလောကဓံနဲ့ကြုံမှဝဋ်ကြွေးလို့ထင်ကြတာ။

တကယ်တော့ ခန္ဓာရတယ်ဆိုရင်
ဝဋ်ခံနေကြရတာချည်းပါပဲ။
ခန္ဓာရတယ်ဆိုတာကိုက
အဝိဇ္ဇာနဲ့တဏှာကြောင့်ပါ။
အဝိဇ္ဇာနဲ့တဏှာကြောင့်ရတာမှန်သမျှ
ဝဋ်ပါပဲ။
သုဂတိခန္ဓာကိုရတာလည်းအဝိဇ္ဇာနဲ့တဏှာကြောင့်။
ဒုဂ္ဂတိခန္ဓာကိုရတာလည်းအဝိဇ္ဇာနဲ့တဏှာကြောင့်။
သာမာန်အားဖြင့်တော့ သုဂတိဘုံကို
ရောက်တာ ကုသိုလ်အကျိုးပေးလို့ပြောကြပေမယ့်
အဝိဇ္ဇာနဲ့တဏှာကြောင့်ရတာဖြစ်လို့
အကုသိုလ်အကျိုးပေးလို့ပြောရမှာပဲဖြစ်တယ်။
အဝိဇ္ဇာနဲ့တဏှာဆိုတာ အကုသိုလ်တရားတွေပါ။
အနာဂါမ်အရိယာတောင်မှ အဝိဇ္ဇာနဲ့တဏှာဆိုတဲ့အကုသိုလ်တရားတွေကျန်နေသေးလို့ ခန္ဓာထပ်ရတာ။
အဝိဇ္ဇာနဲ့တဏှာဆိုတဲ့အကုသိုလ်တရားတွေ
ကုန်သွားရင်ခန္ဓာထပ်ရဖို့မရှိတော့ပါဘူး။

အဝိဇ္ဇာ၊တဏှာနဲ့ဥပါဒါန် က ကိလေသဝဋ်
သင်္ခါရ နဲ့ကမ္မဘဝက ကမ္မဝဋ်
ရနေတဲ့ခန္ဓာငါးပါးနဲ့ ဇာတိ၊ဇရာ၊မရဏက
ဝိပါကဝဋ်
အကောင်းလောကဓံနဲ့သာယာနေတာဖြစ်ဖြစ်
အဆိုးလောကဓံနဲ့ကြုံနေတာဖြစ်ဖြစ်
ခန္ဓာရတာကိုကဝဋ်ခံနေရတာ။
ဝဋ်ဆိုတာကို ဝဋ် လို့သိပြီလား။
အဝိဇ္ဇာနဲ့တဏှာကြောင့်ခန္ဓာရတာချင်းတူပေမယ့် အသိဥာဏ်နဲ့ယှဉ်ပြီး
ကောင်းရာမွန်ရာလုပ်သင့်လုပ်ထိုက်တာကို
လုပ်ခွင့်ရတာ လုပ်နိုင်တာက သုဂတိဘုံသား
တွေဖြစ်လို့ သာလွန်ကောင်းမွန်တယ်။
သို့သော်ဒီလိုအကောင်းလောကဓံနဲ့ဝဋ်ကို
သာယာနေရုံနဲ့ လူစင်စစ်မဖြစ်ပါဘူး။
အသိဥာဏ်ယှဉ်တဲ့အလုပ်တွေ လုပ်ဖို့
ခွဲခြမ်းစိပ်ဖြာပြီးသိသင့်တာတွေကို သိဖို့
လုပ်သင့်တာတွေကိုလုပ်ဖို့ရွေးချယ်နိုင်မှ
လူစင်စစ်ဖြစ်ပါမယ်။
ကိလေသဝဋ်ရယ်
ကမ္မဝဋ်ရယ်
ဝိပါကဝဋ်ရယ်
ဝဋ်သုံးပါးလည်နေတဲ့သဘောကို
သိနားလည်အောင်လုပ်ပါ။
ဝဋ်ကို ဝဋ်မှန်း မသိရင်ဝဋ်ကလွတ်ဖို့
ကြံစည်မိမှာမဟုတ်ဘူး။
ကြံစည်မှ ဒုက္ခလို့သိလာမှာ
ဒုက္ခလို့သိလာရင်ဒုက္ခကိုပယ်ဖို့အားထုတ်မယ်
ဒုက္ခပယ်ဖို့အားထုတ်မှငြိမ်းအေးချမ်းသာခြင်းကိုရမယ်။ငြိမ်းအေးချမ်းသာခြင်းကိုရဖို့အတွက်လုပ်ရမယ့်အလုပ်ကို
လုပ်ဖြစ်အောင် လုပ်လာကြမယ်။
ဒါကြောင့်မို့...
ဝဋ်ကိုဝဋ်မှန်းသိပါ။
ဝဋ်ကိုဝဋ်မှန်းမသိရင် မိတ္တဝိန္ဒကလိုပဲ
ဓားစကြ်ာကိုပဒုမ္မာကြာပန်းလို့ထင်ပြီး
ဝမ်းသာအားရလိုချင်ရချင်နေမိပါအုံးမယ်။

အရိယာတွေမှာ
သောတာပန်အရိယာက ဥာဏ်မျက်စိအလင်းရသွားပြီး
မျက်တောင်မွှေး တဆုံးစာလောက်မြင်တယ်။
သကဒါဂါမ်အရိယာကတစ်လံလောက်မြင်တယ်။
အနာဂါမ်အရိယာကမျက်စိတစ်ဆုံးမြင်တယ်။
ရဟန္တာဖြစ်သွားရင်တော့အကုန်မြင်တယ်။
ဒါကဥပမာအနေနဲ့ပြောတာပါ။
ရဟန္တာမြင်သလောက်ကိုအနာဂါမ်ကမမြင်ဘူး။
အနာဂါမ်မြင်သလောက်ကိုသကဒါဂါမ်ကမမြင်ဘူး။
သကဒါဂါမ်မြင်သလောက်ကိုသောတာပန်ကမမြင်ဘူး။
သောတာပန်မြင်သလောက်ကိုပုထုဇဉ်ကမမြင်ဘူး။
မမြင်တဲ့သူကိုမြင်တဲ့သူကပြောပြတဲ့အခါ
ယုံတဲ့သူလည်းရှိတယ်။မယုံတဲ့သူလည်းရှိတယ်။
မမြင်ရတဲ့သူဆိုတာ သူများပြောသံပဲကြားရတော့
မှန်တာကိုယုံမိတာလည်းရှိမယ်။
မမှန်တာကိုယုံမိတာလည်းရှိမယ်။
ကိုယ်တိုင်မြင်ပြီးသွားမှ မှန်တယ်မမှန်ဘူးဆိုတာ အတိအကျဆုံးဖြတ်နိုင်ပါတယ်။

ဥာဏ်မျက်စိအလင်းရ၍
ကိုယ်တိုင်မြင်သိသူများဖြစ်ကြပါစေ။

*****တတိယမြောက်သမီးတော်*****


(7.7.2018)


ဝဋ်ကို ဝဋ်မှန်းသိပါ*(၂)**

ဝဋ်ကိုဝဋ်မှန်း မသိတော့
ဝဋ်မှာပျော်တဲ့ ဝဋ်ပျော်လေးတွေ
ဝဋ်ကောင်လေးတွေဖြစ်တာပေါ့။
ဝဋ်ပျော်လေးတွေဖြစ်တော့ မာမာအေးနဲ့အတူတူ သံသရာကိုဆွဲဆန့်ပြီး ဘယ်လောက်ရှည်ရှည် ကျင်လည်ကြတာပေါ့။

ကိုယ်ရထားတဲ့ ရာထူး၊ စည်းစိမ်၊ ဥစ္စာ တွေအပေါ်မှာယစ်မူးမယ်(ကာမာသဝ)။
ကိုယ်ရထားတဲ့ဘဝလေးကိုကျေနပ်သာယာနေမယ်(ဘဝါသဝ)။၊ကံအကျိုးပေးကောင်းနေတော့ ငါကွဆိုပြီး သာယာနေမယ်(ဒိဋ္ဌာသဝ)။
ခန္ဓာရတာဒုက္ခသစ္စာပါလားလို့မသိပဲ
ကိုယ်ရထားတဲ့ဘဝ၊ကိုယ်ရထားတဲ့စည်းစိမ်
ဥစ္စာ အပေါ်မှာ သာယာယစ်မူးနေမယ်
(အဝိဇ္ဇာသဝ)။
ဒီအာသဝတရားလေးပါးဆိုတဲ့စိမ်ရည်ထဲမှာ
ယစ်မူးရင်းကျင်လည်တစ်ဘဝသာကုန်သွား
တယ် သစ္စာတရားဆိုတာဘာမှန်းကို
မသိလိုက်ကြဘူး။
ဘုရားရှေ့သွားပြီး အသဝေါတရားလေးပါး
တို့၏ကုန်ရာကုန်ကြောင်းဖြစ်သော
မဂ်ဥာဏ်ဖိုလ်ဥာဏ်မြတ်နိဗ္ဗာန်ကိုလျှင်မြန်
စောစွာရောက်ရပါလို၏အရှင်ဘုရားလို့
ဆုတွေတောင်းနေတာ ပါးစပ်ကနေအမြုပ်
တွေထွက်မတတ်ပဲ။
သာသနာထွန်းကားချိန်နဲ့ကြုံလို့
စာပေပညာရှင်များရေးထားတဲ့ဘုရားရှိခိုးကို
အလွတ်ကျက်ပြီးလိုက်သာရွတ်တယ်။
အာသဝတရားလေးပါးဆိုတာဘာမှန်းလည်း
မသိ။သိအောင်လည်းမကြိုးစား။
အာသဝတရားတွေထဲမှာပဲ ယစ်မူး
အချိန်ကုန်ပြီး ဝဋ်လည်ကြောင်းတွေပဲ
လုပ်ရင်း ဝဋ်ကောင်လေးဘဝမှာပျော်နေကြတယ်။
ဝဋ်လည်နေမှန်းလည်းမသိ။
အာသဝတရားလေးပါးနဲ့ကျင်နေမှန်းလည်းမသိ။ ခန္ဓာရတာ ဒုက္ခသစ္စာဆိုတာလည်းမသိ။
မသိခြင်းဆိုတဲ့ အဝိဇ္ဇာက ဦးဆောင်ပြီး
တဏှာကခြယ်လှယ်ချင်တိုင်းခြယ်လှယ်
လိုက်တာ သံသရာရဟတ်ကြီးက တပတ်ပြီး
တစ်ပတ်လည်လို့။
အဲ့ဒါသည်ပင် မူလနှစ်ဖြာပါပဲ။

အဝိဇ္ဇာနဲ့တဏှာက အရင်းခံပြီး
အပင်မှမျိုး၊မျိုးမှအပင်၊အမျှင်မပြတ်
ဆက်စပ် ကျင်လည်နေလိုက်တာ
ဒုက္ခသစ္စာခန္ဓာ အပင် ကြီးထွား လာလိုက်
သမုဒယသစ္စာ မျိုးစေ့လေးကြဲချလိုက်
ဒီသစ္စာနှစ်ပါးနဲ့လုံးထွေးပြီး ဝဋ်ပျော်
ပျော်နေကြပါတော့တယ်။

ဘုရားရှင်ရဲ့အဆုံးအမတွေလည်းမနာကြား
မလေ့လာဖူးတော့ အတိတ်ဘဝရှိမှန်းလည်းမသိ။
အနာဂတ်ဘဝ ရှိမှန်းလည်းမသိ။
လက်ရှိရနေတဲ့ခန္ဓာကိုဒုက္ခသစ္စာမှန်းလည်းမသိ။
အတိတ်ကအကြောင်ကိုလည်းမသိ။
ပစ္စုပ္ပန်အကျိုးကိုလည်းမသိ။
ပစ္စုပ္ပန်မှာပြုနေမိတဲ့အကြောင်းတရားကိုလည်းမသိ။
အနာဂတ်မှာရလာမယ့်အကျိုးတရားကိုလည်း
မသိနိုင်အောင် အဝိဇ္ဇာဆိုတဲ့အမှောင်ကြီးက
ဖုံးအုပ်ပြီး တဏှာကလှည့်စားနေလိုက်တာ
ဝဋ်ကောင်လေးတွေဖြစ်နေမှန်းလည်းမသိဘူး။ ငါကောင် သူကောင်နဲ့ ကိုယ့်ကိုကိုယ်
ထင်ချင်ရာအကောင်ထင်နေတော့တာ။
ဝဋ်ခံနေရတာကိုဝဋ်ခံနေရမှန်းမသိတော့
အဆိုးနဲ့တွေ့တွေ့ အကောင်းနဲ့တွေ့တွေ့
ပျော်ပျော်နေဖို့ပဲ တွေးကြတယ်။

ဒုက္ခတွေကိုမေ့ထားပြီးပျော်ပျော်နေ
လိုက်တော့ဝဋ်ခံရတာကိုလည်းမသိတော့ဘူးပေါ့။သံဝေဂဥာဏ်ဝင်ဖို့လည်းမကြံစည်နိုင်တော့ဘူး။

ဝဋ်ကိုဝဋ်မှန်းသိရင် ကံ ကံရဲ့အကျိုးပေး
ကိုလည်း ဆင်ခြင်လာတယ်။ အဆိုးလောကဓံ
ကိုကြုံတဲ့အခါမှာဆင်ခြင်နိုင်မှ အသိဥာဏ်က
ဝင်ပါတယ်။အကောင်းလောကဓံဆိုတာ
အင်မတန် ယစ်မူးဖွယ်ကောင်းလွန်းလို့
သံဝေဂဥာဏ်ဝင်ဖို့ခက်တတ်ပါတယ်။
အဆိုးလောကဓံနဲ့ကြုံတဲ့အခါ ကုသိုလ်တွေ
နည်းခဲ့လို့ အကုသိုလ်တွေပြုခဲ့လို့ ဒီလိုအဆိုး
လောကဓံနဲ့ကြုံရပါလား ကိုယ်ပြုခဲ့မိတဲ့
အတိုင်း အကျိုးပြန်ရပါလား လို့ဆင်ခြင်တတ်
မှဥာဏ်ယှဉ်တဲ့အသိဖြစ်ပါတယ်။
တိဟိတ်ပုဂ္ဂိုလ်များ သိစွမ်းတဲ့ဥာဏ်ပါပဲ။
အဆိုးလောကဓံနဲ့ကြုံတဲ့အချိန်မှာ
ဘာမှမဖြစ်ဘူး ပျော်ပျော်နေဆိုပြီး
မေ့မေ့လျော့လျော့ပျော်ပျော်
နေလိုက်တယ်ဆိုရင် အသိဥာဏ်နဲ့မယှဉ်တဲ့
ဒိဋ္ဌိပျော် ပျော်နေခြင်းဖြစ်လို့ တိဟိတ်ပုဂ္ဂိုလ်
များရဲ့ဥာဏ်မဟုတ်ပါဘူး။ တချို့က
ဘယ်သူမှမပြောပဲကိုယ့်ဘာသာဆင်ခြင်
တတ်ကြတယ်။တချို့ကပြောပြရင်ဆင်ခြင်
တတ်တယ်။တချို့ကတော့ကိုယ့်ဘာသာလည်း
မဆင်ခြင်တတ်သလို သူတစ်ပါးက
ပြောပြလည်း နားလည်နိုင်စွမ်းမရှိ
လက်ခံနိုင်ခြင်းလည်းမရှိကြဘူး။
ဒါဟာ တိဟိတ်နဲ့ဒွိဟိတ်ရဲ့ခြားနားခြင်းတွေ
ပါပဲ။ ဘာပဲဖြစ်ဖြစ်ပျော်ပျော်နေလိုက်ဆိုတာက
ဒွိဟိတ်ဥာဏ်တွေပါ။ တကယ်တမ်းခန္ဓာရဲ့
အကျိုးပေးခြင်းသဘော၊ကံရဲ့အကျိုးပေးခြင်းသဘောကိုနှိုင်းယှဉ်ပြီး ကုသိုလ်၊အကုသိုလ်
တို့အကျိုးပေးရာသဘောကိုပြောပြခြင်း၊
ဆင်ခြင်ခြင်းက တစ်ခါဆင်ခြင်မိတိုင်း
တစ်ခါအသိဥာဏ်တိုးပြီး မိမိတို့ရဲ့ဥာဏ်ကို
ရင့်သန်လာစေဖို့ပါရမီဖြည့်ရာရောက်ပါတယ်။
ဝဋ်ကောင်လေးဘဝနဲ့ဝဋ်ပျော်ပျော်ပြီး
မေ့မေ့လျော့လျော့နေနေတာထက်
ဝဋ်ကိုဝဋ်မှန်းသိလိုက်တာက သံဝေဂဥာဏ်ကို
ရင့်သန်စေလို့ ပါရမီမြောက်ပါတယ်။
သံဝေဂဥာဏ်ဆိုတာက သံသရာဘေးကို
ကြောက်ရွံ့သောဥာဏ် တဲ့။

ဝဋ်ကို ဝဋ်မှန်းသိသောအားဖြင့်
သံဝေဂဥာဏ်ရင့်သန်နိုင်ကြပါစေ။

*****တတိယမြောက်သမီးတော်*****

(9.7.2018)


ဝဋ်ကိုဝဋ်မှန်းသိပါ...(၃)

ဝဋ်ကိုဝဋ်မှန်းသိတော့ သံဝေဂဥာဏ်ရင့်သန်စေပါတယ်။
သံဝေဂဥာဏ်ဆိုတာ သံသရာဘေးကိုကြောက်ရွံ့သောဥာဏ်တဲ့။
သံသရာဆိုတာက အိုနာသေ ဆက်ကာဆက်ကာဖြစ်တာကို သံသရာလို့ခေါ်ပါတယ်။
သံဝေဂဥာဏ်ရင့်လာတော့ အိုနာသေ သံသရာက လွတ်ချင်လာတယ်။ ခန္ဓာ့ဝဋ်ကလွတ်ချင်လာတယ်။
သံဝေဂမပါရင် တရားမရှာနဲ့လို့ ပြောစကားရှိတယ်။
သံဝေဂဥာဏ်က တရားအလုပ်ကို ကြိုးစားအားထုတ်ဖို့ တွန်းအားပါပဲ။
သစ္စာတရားကိုရှာဖွေရာမှာ တစ်ချို့က အိုနာသေဒုက္ခသစ္စာဆိုတာကိုလက်ခံတယ်။
ဘုရားတရားကိုယုံကြည်မှုလည်းရှိတယ်။
သို့သော် သံဝေဂမပါတော့ လေ့လာတယ်၊အားထုတ်ကြည့်တယ်၊ ထိထိမိမိပြင်းပြင်းထန်ထန်မရမနေမလုပ်ဖြစ်ဘူး။
လုပ်သင့်တဲ့အလုပ်တစ်ခုအနေနဲ့ အာစိဏ္ဏကံ ကုသိုလ်အနေနဲ့ သာသနာနဲ့ကြုံတဲ့အခိုက်ကြိုက်လိုက်တာပဲရှိတယ်။
သံသရာကို တကယ်ကြောက်သွားတာမဟုတ်ဘူး။
ဒါကြောင့် တရားအားထုတ်ကြပေမယ့် ထိထိရောက်ရောက် အားပါပါ မဖြစ်ကြဘူး။
အချိန်အကြာကြီးအားထုတ်နေရတယ်။
တကယ်တော့တရားအားထုတ်တယ်ဆိုတာ
တသက်လုံးလုပ်ရမယ့်အလုပ်မျိုးမဟုတ်ဘူး။
တစ်မဂ်တစ်ဖိုလ်ရပြီးရင်ဆက်အားမထုတ်ပဲ နေလိုက်လို့ရတယ်။ ဝိမုတ္တိသုခနဲ့ မပြည့်စုံသေးပေမယ့် ဝိမုတ္တိနယ်ထဲကို ရောက်ထားပြီး ဖြစ်လို့စိတ်ချရပါပြီ။
ဝိသာခါတို့၊အနာထပိဏ်သူဋ္ဌေးတို့ကိုပဲကြည့်၊
တစ်မဂ်တစ်ဖိုလ်ရပြီး ကာမဂုံခံစားနေတာ
မဂ်ဖိုလ်က ယုတ်လျော့တာမှမရှိပဲ။
သံသရာကိုဖြတ်ထားပြီးသား။ရေသောက်မြစ်ကို
ဖြတ်ထားပြီးသားသစ်ပင်လိုပဲ ဆက်ပြီး ရှင်သန်ကြီးထွားစရာ အကြောင်းမရှိတော့ဘူး။
တစ်မဂ်တစ်ဖိုလ်ရအောင် ထိထိမိမိအားထုတ်ထား
ပြီးရင် စိတ်အေးလက်အေးနေလို့ရပြီ။
ကိုယ့်သံသရာကို ကိုယ်စိတ်ချလို့ရပြီ။
အပါယ်ကိုမရောက်တော့ဘူး။
နိဗ္ဗာန်ကိုမျက်မှောက်ပြုထားပြီ။
ဥာဏ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့ပဲလိုပါတယ်။
ဆင့်ကဲဆင့်ကဲဥာဏ်ကတိုးတက်လာတယ်။
ဒါကြောင့် ဝဋ်ကိုဝဋ်မှန်း သိရာကနေ ဥာဏ်က
ဆင့်ကဲဆင့်ကဲ တိုးသိ လာရာက ခန္ဓာ့ဝဋ်က လွတ်မြောက်လိုတဲ့ဆန္ဒတွေဖြစ်လာတယ်။
အကြိမ်ကြိမ်ဆင်ခြင်ရင် ဥာဏ်ကတိုးလာတာပဲ။
သမထပဲလုပ်လုပ် ဝိပဿနာပဲလုပ်လုပ် အကြိမ်ကြိမ် ဆင်ခြင်ခြင်းအားဖြင့်ပွားများရသလိုပဲ၊
ဝဋ်ကိုဝဋ်မှန်းသိတာကလည်း အကြိမ်ကြိမ် ဆင်ခြင်ရင်းက သံဝေဂဥာဏ်ရင့်သန်လာစေပါတယ်။
သံဝေဂဥာဏ်ရင့်မှ တရားအလုပ် အားထုတ်ရာမှာ
ထက်သန်စူးစိုက်မှုရှိတယ်။

ခန္ဓာရတာဒုက္ခသစ္စာပါလို့ ဘုရားရှင်ကဟောခဲ့တယ်။
ဆရာတော်များက တဆင့်ထပ်ဟောတယ်။
ဒီခန္ဓာဒုက္ခသစ္စာကို မြင်အောင်ကြည့်ဖို့ကိုတော့ ဆရာကောင်းရဲ့
လမ်းညွှန်ပြသမှု လိုအပ်ပါတယ်။
အရိယာပုဂ္ဂိုလ်တွေမြင်သလို လွယ်လွယ်ကူကူထင်ထင်ရှားရှား
မြင်သိဖို့ဆိုတာ တော်ရုံဥာဏ်နဲ့မရပါဘူး။
သမာဓိအားကောင်းတဲ့သူ ဥာဏ်ထက်တဲ့သူမှမြင်နိုင်ပါတယ်။
သမာဓိအားကောင်းအောင်၊ဥာဏ်ထက်အောင်လည်း
သမထ၊ဝိပဿနာ ကျင့်ကြံပြီးဖြည့်ဆည်းရပါတယ်။
သံသရာမှာ သမထ အားထုတ်ဖူးရင်လည်း သမာဓိရလွယ်ပြီး
ဥာဏ်ထက်ကြတယ်လို့ဆိုပါတယ်။

ဥာဏ်ထက်တဲ့သူဟာ ဟုတ်တိုင်းမှန်ရာကိုသိနိုင်စွမ်းတဲ့
ယထာဘူတဥာဏ်ကိုရပါတယ်။

ဝဋ်ကိုဝဋ်မှန်းသိပြီး သမထ ဝိပဿနာတရားအားထုတ်ဖို့
သံဝေဂဥာဏ်နဲ့ဆင်ခြင်နိုင်ကြပါစေ။

*****တတိယမြောက်သမီးတော်*****

(21.7.2018)


ဝဋ်​ကိုဝဋ်​မှန်းသိပါ......(၄)

ဝဋ်​လို့​ပြောရင်​ အဆိုး​လောကဓံနဲ့
ကိုယ်​ဆင်းရဲ စိတ်​ဆင်းရဲဖြစ်​​နေမှ
ဝဋ်​လို့ထင်​ကြတယ်​။
နှစ်​သက်​ဖွယ်​ ကာမဂုံအာရုံ​တွေနဲ့
မွေ့​လျော်​​နေတဲ့အခါ ဝဋ်​ဆိုတာကိုရှာမ​တွေ့နိုင်​ကြဘူး။
လိုချင်​တပ်​မက်​ဖွယ်​​သောအာရုံ​တွေကို
ခံစား​မွေ့​လျော်​ရင်း ထပ်​ပြီးထပ်​ပြီး လိုချင်​ရချင်​တဲ့ ဆန္ဒ
လောဘနဲ့ ခန္ဓာ့ဝဋ်​ကို မမြင်​မ​တွေ့နိုင်​ကြပါဘူး။
ဒါ​ကြောင့်​လည်း ပဋိစ္စသမုပ္ပဒ်​မှာ အဝိဇ္ဇာနဲ့တဏှာ ဟာ
မူလအရင်းခံလို့​ဖော်​ပြထားတာဖြစ်​တယ်​။
လိုချင်​တပ်​မက်​တဲ့ တဏှာ​ကြောင့်​ သစ္စာကိုမသိနိုင်​သလို
သစ္စာမသိလို့လည်း လိုချင်​တပ်​မက်​တဲ့တဏှာဖြစ်​ကြတယ်​လို့
အဝိဇ္ဇာနဲ့ တဏှာရဲ့ အပြန်​အလှန်​ အကျိုးပြုပုံကို
ရှင်းလင်း ​ဖော်​ပြ ထားတယ်​။
ဘယ်​​လောက်​ပဲ ရုပ်​ဝတ္ထုပစ္စည်း​တွေ စည်းစိမ်​ဥစ္စာရတနာ​တွေ
အ​ခြွေအရံ အသင်းအပင်း​တွေနဲ့ပြည့်​စုံချမ်းသာပါ​စေ
ခန္ဓာ့ ဝဋ်​ကို ခံကြရတာချည်းပါပဲ။
မနက်​ အိပ်​ယာက ထ လာတာနဲ့ မျက်​စိကထွက်​တဲ့ မစင်​၊
(မျက်​​ချေး) ၊နှာ​ခေါင်းကထွက်​တဲ့ မစင်​၊ (နှပ်​​ချေး)
ခန္ဓာကိုယ်​က ထွက်​တဲ့ မစင်​၊(​ချွေး​၊ ဂျီး​ ကျင်​ကြီး ကျင်​ငယ်​)၊
စတဲ့ အညစ်​အ​ကြေး​တွေကို သန့်​စင်​​အောင်​ ​ဆေး​ကြော
သုတ်​သင်​ ရှင်းလင်းရတယ်​။ စွန့်​ထုတ်​ရတယ်​။
ဒါ​တွေက​နေ့စဉ်​လုပ်​ရတဲ့အလုပ်​၊
သို့​သော်​..... ကျန်းမာ​နေစဉ်​မှာ ဒီအလုပ်​​တွေကိုဝဋ်​လို့
ဘယ်​သူမှ မ​တွေးဘူး။ဒီအလုပ်​​တွေလုပ်​ရတာကိုဒုက္ခလို့
မထင်​ရှားဘူး။ မကျန်းမာတဲ့အချိန်​ကြမှ ဝဋ်​ လို့​တွေးကြတယ်​။
ဒါ​တောင်​ ကိုယ်​တိုင်​ခံရမှ နည်းနည်း​လေးပဲ​တွေးတာ။
ငါ့ကိုဘယ်​သူများပြုစုမလဲလို့ လိုလား​တောင့်​တပြီး
ချမ်းသာချင်​တဲ့​လောဘ ၊ ငါ့ကိုမပြုစုပဲ ပစ်​ထားရက်​​လေခြင်းလို့
အလိုမကျတဲ့ ​ဒေါသ၊ ငါ ဘယ်​ချိန်​ထိ ဒီလို ဒုက္ခကို
ခံနေရအုံးမှာလဲ ဆိုတဲ့ ​မောဟ၊ ဒီလိုစိတ်​​တွေနဲ့
ကိ​လေသာ အညစ်​အ​ကြေး​တွေ ​ပေကျံ​လာတယ်​။
ခန္ဓာရှိ​နေလို့ ခန္ဓာ့ဝဋ်​ကို ခံ ​နေရပါလားလို့  မတိမ်းမ​စောင်း​တွေးယူနိုင်​တာ အရိယာပဲ ရှိမယ်​။ အမြဲတမ်း ဆင်​ခြင်​နေတဲ့
ပုထုဇဉ်​ အနည်းအကျဉ်း​တော့ရှိနိုင်​ပါတယ်​။
ဝဋ်​ကို ဝဋ်​ မှန်းသိတဲ့ဥာဏ်​ ဝင်​​အောင်​ မိမိခန္ဓာကို ကြည့်​ရှုတတ်​ရတယ်​။ မကြည့်​တတ်​ရင်​ ဥာဏ်​မထင်​ဘူး။
ခန္ဓာ့ဝဋ်​ကို သိမြင်​တတ်​ရင်​ အင်​မတန်​မှ ​ကျေးဇူးများပါတယ်​။

ဘုရားရှင်​ကိုယ်​တိုင်​​ဟော​တော်​မူထားတဲ့ ​ဥပရိပဏ္ဏာသပါဠိတော်
ဒေဝဒူတသုတ်​မှာ ယမမင်းက စစ်​​ဆေးတာ​လေးရှိတယ်​။
ခန္ဓာ့ ဝဋ် ကို ဝဋ်​လို့သိပြီး ချမ်းသာကို ရှာမှီးခဲ့သလားဆိုတဲ့
မေးခွန်းကို ဝဋ်​မှန်းသိပြီး သံ​ဝေဂဥာဏ်​ ဝင်​ခဲ့ဖူးရင်​ ငရဲသားအဖြစ်​ငရဲခံရမယ့်​ အ​ခြေအ​နေက​နေ လွတ်​​မြောက်
သွား​စေနိုင်​တယ်​။ယမမင်းဆိုတာ ကယ်​တင်​​ပေးဖို့​စောင့်​​နေတာ။
ကိုယ်​ကသာ အသိဥာဏ်​ဝင်​ပြီးဆင်​ခြင်​ခဲ့ဖူးရင်
လွတ်​​စေအမိန့်​နဲ့ ငရဲကလွတ်​ပြီး သုဂတိကို​ရောက်​ရမယ်​။
တချို့​သော ဆရာ​တော်​များက ယမမင်းနဲ့ စစ်​ခန်း လို့
ခေါင်းစဉ်​​ပေးတာရှိတယ်​။ မိုးကုတ်​ဆရာ​တော်​ဘုရားကြီး
က​တော့ ​ဒေဝဒူတသုတ်​ဆိုတဲ့ တရား​တော်​အမည်​နဲ့
အပိုင်း၁/၂ ​ဟော​တော်​မူထားပါတယ်​။

ခန္ဓာရတာ ဒုက္ခသစ္စာလို့
ဘုရားရှင်​ကလည်း​ဟောခဲ့တယ်​။
ဒုက္ခသစ္စာဆိုမှ​တော့ မ​ကောင်းတာကိုရထားတာပဲ။
မ​ကောင်းတာကိုရထားမှ​တော့ ဝဋ်​ခံ​နေရတာပဲ​ပေါ့။
ကိ​လေသာနှိုင်းချင်းနဲ့ တဏှာခိုင်းသမျှလုပ်​​နေတာ
တဏှာက ခိုင်းတယ်​ဆိုမှ​တော့ ​ကောင်းတာခိုင်းမလား
မ​ကောင်းတာခိုင်းမလား စဉ်းစားကြည့်​။
ခန္ဓာ့ဝဋ်​ကိုလည်းမသိ တဏှာခိုင်းတာလုပ်​​နေရတယ်
ဆိုတာလည်းမသိ ဘယ်​​လောက်​ထိ
လူဖြစ်​ရှုံး​နေပြီလဲ။ အရှုံးကြီးရှုံး​နေပြီ။
ရှုံး​နေမှန်းမသိပဲ ငါကွ ငါ့ဟာကွ ငါမှငါလို့
လုပ်​​နေရင်​ အရိယာ​တွေအတွက်​ ဟာသ​တွေဖြစ်​​နေမှာပဲ။

အရိယာ​တွေဆိုတာ သူတစ်​ပါးက ​လောဘ ​ဒေါသ
ဖြစ်​​နေတာ​တွေ့ရင်​ရီ(ရယ်​)တာပဲ။
မိမိကိုယ်​တိုင်​​လောဘ ​ဒေါသဖြစ်​​နေရင်​လည်း
ရီ(ရယ်​)တာပဲ။ မှတ်​သာထား။
သူတို့အ​ရှေ့မှာ ဘာမှ သွားမမှားနဲ့ ရီ တာပဲ။
သူ​တော်​​ကောင်းစိတ်​နဲ့ ​နေထိုင်​သူ​တွေ​တွေ့ရင်​​တော့ သိတ်​​လေးစားတတ်​ကြတာ။ဝဋ်​ကို ဝဋ်​မှန်းသိတတ်​ ဆင်​ခြင်​တတ်​တဲ့သူကို​တွေ့ရင်​​တော့ သတိထားပြီး​စောင့်​ကြည့်​​တော့တာပဲ။
အရိယာများလား ဆိုပြီး​တော့​ပေါ့။

အရိယာဥာဏ်​နဲ့ ခန္ဓာ့ဝဋ်​ကို ဆင်​ခြင်​နိုင်​ကြပါ​စေ။

*****တတိယ​မြောက်​သမီး​တော်​*****


(6.8.2018)


ဝဋ်​ကို ဝဋ်​မှန်းသိပါ....(၅)

ဝဋ်​ အ​ကြောင်းကို​ပြော​တော့ ဝစီကံ အကုသိုလ်​​ကြောင့်
ဝဋ်​ ခံရတဲ့ ဇမ္ဗုကတက္ကတွန်းအ​ကြောင်းကို ​ပြောချင်​​သေးတယ်​။အ​ကြောင်းအရာ ပြည့်​ပြည့်​စုံစုံကို
သိချင်​ရင်​​တော့ မင်းကွန်းဆရာ​တော်​ဘုရားကြီး
ရေးသား​တော်​မူတဲ့ မဟာဗုဒ္ဓဝင်​ တတိယတွဲ စာမျက်​နှာ
၂၆၇ မှာ ရှာပြီးဖတ်​ကြည့်​ပါ​နော်​။
ဇမ္ဗုက တက္ကတွန်းဆိုတာ ကဿပဘုရားရှင်
လက်​ထက်​က​ကျောင်းထိုင်​ရဟန်းတစ်​ပါးဖြစ်​ခဲ့တယ်​။
ရဟန်းတို့​စောင့်​ထိန်းရမယ့်​ သိက္ခာပုဒ်​ကို​စောင့်​ထိန်းခဲ့​ပေမယ့်​ အာဂန္တုရဟန္တာတစ်​ပါး အ​ပေါ်မှာ ဣဿာ
မစ္ဆရိယဖြစ်​ပြီး ဝစီကံနဲ့ပြစ်​မှား​ပြောဆိုခဲ့တဲ့
အကုသိုလ်​က​တော့ အင်​မတန်​​ကြောက်​စရာ
ကောင်းလှပါတယ်​။
ကဿပ ဘုရားရှင်​လက်​ထက်​က လူ့သက်​တမ်းက
အနှစ်​ နှစ်​​သောင်းပါ။ အနှစ်​ နှစ်​​သောင်းကာလပတ်​လုံး
ရဟန်းဘဝနဲ့ သိက္ခာပုဒ်​ကို​စောင့်​ထိန်းခဲ့တဲ့ အာစိဏ္ဏကံ
ကုသိုလ်​က​တောင်​ မကယ်​တင်​နိုင်​​လောက်​​အောင်
အကုသိုလ်​ကကြီးမားတယ်​။
ရဟန္တာကို​စော်​ကားမိတာကိုး​နော်​။ ဂရုကံဖြစ်​သွားတာ​ပေါ့။
သေလွန်​​တော့ မဟာအဝီစိမှာ ကျခံရတယ်​။
ဘယ်​​လောက်​ထိ ကြာ​အောင်​ ခံရသလဲဆို​တော့ 
သမီး​တော်​တို့ရဲ့ဂေါတမ မြတ်​စွာဘုရားရှင်
ပွင့်​ထွန်း​တော်​မူတဲ့အချိန်​မှ မဟာအဝီစိက လွတ်​ပြီး
လူ့ဘဝကိုရတယ်​။ လူ့ဘဝရပြန်​​တော့လည်း ရဟန္တာကို
ပြစ်​မှားခဲ့တဲ့ကံ က မကုန်​​သေး​တော့ ဝဋ်​ ခံရပြန်​​သေးတယ်​။

မနာလိုစိတ်​နဲ့ မစင်​စားတာကပိုမြတ်​တယ်​လို့​ပြောခဲ့တဲ့
အကုသိုလ်​ကံ​ကြောင့်​ ​မွန်​မြတ်​တဲ့ စားဖွယ်​​ သောက်​ဖွယ်​ကို
 ငြင်းပယ်​ပြီး မစင်​ကိုပဲ အားရပါးရ စားတယ်​။
ဆတ္တာသည်​နဲ့ ဆံပင်​ရိတ်​တာထက်​ ထန်း​စေ့မှုတ်​နဲ့
နုတ်​တာက ပိုမြတ်​တယ်​လို့​ စော်​ကားမိတဲ့ အကုသိုလ်
ကံ​ကြောင့်​ ထန်း​စေ့မှုတ်​နဲ့ ဆံပင်​​တွေနုတ်​ခံရတယ်​။
သင်္ဃန်းကိုဝတ်​တာထက်​ အဝတ်​မဝတ်​ပဲ မိ​မွေးတိုင်း
ဖ​မွေးတိုင်း ​နေတာက ပို​ကောင်းတယ်​လို့ 
စော်​ကားမိတဲ့အတွက်​ အဝတ်​ ဘယ်​လိုဆင်​​ပေးပါ​စေ
မဝတ်​ပဲ ကိုယ်​လုံးတီးပဲ​နေတယ်​။
ကုတင်​​ပေါ် အိပ်​တာထက်​ ​မြေကြီး​ပေါ် အိပ်​တာက
ပိုမြတ်​တယ်​လို့ ​စော်​ကားမိလို့ ​မြေကြီး​ပေါ်မှာ
အိပ်​ရတာကိုပဲ နှစ်​သက်​​နေတယ်​။
ဘယ်​​လောက်​​ကြောက်​စရာ​ကောင်းလဲ​နော်​။
ကိုယ့်​ဆီမှာရှိတာကိုထုတ်​​ပေးရတာလည်းမဟုတ်​ပဲ
မနာလို ဝန်​တိုဖြစ်​ပြီး ​စော်​ကားလိုက်​မိတာ ခံလိုက်​ရတဲ့
ဝဋ်​က မနည်း မ​နှော။
သို့​သော်​လည်း......
ဝဋ်​လို့ သူမသိဘူး။ သူ့ရဲ့ အကုသိုလ်​ အကျိုး​ပေးနဲ့
ဆင်းဆင်းရဲရဲ ​နေရတာကိုပဲ ​ပျော်​​နေတယ်​။
သာယာ​နေတယ်​။ကျေနပ်​​နေတယ်​။
ဝဋ်​​ကောင်​​လေး ဖြစ်​​နေရတာကို နှစ်​သက်​​နေတယ်​။
မစင်​ကိုမြင်​တဲ့အခါ ဣဋ္ဌာရုံလို့ သူက ထင်​တယ်​။
အကုသိုလ်​ဝိပါက်​ က အကျိုး​ပေး​နေချိန်​ကိုး။
မစင်​စားတယ်​။ အဝတ်​မဝတ်​ပဲ ကိုယ်​လုံးတီး​နေတယ်​။
မြေကြီး​ပေါ်အိပ်​တယ်​။ ထန်း​စေ့မှုတ်​နဲ့ ဆံပင်​ကို
နုတ်​တယ်​။လူ​တွေအမြင်​မှာ​ခြေ​ထောက်​တစ်​ဖက်​ပဲ
ထောက်​ပြီး ရပ်​တယ်​။
ပါးစပ်​ကို ဟ ထားတယ်​။ ဘာ အသိဥာဏ်​မှမရှိတဲ့ သူ​တွေက
အထင်​ကြီးပြီးကိုးကွယ်​ပူ​ဇော်​ကြတယ်​။ သူ့ဘဝကိုသူ
သာယာ​နေတာ​ပေါ့။ မစင်​မှန်း သိသိကြီးနဲ့ ကြိုက်​​နေတာ။
အကုသိုလ်​က အကျိုး​ပေးတာဆို​တော့ မကြိုက်​သင့်​တာလည်း ကြိုက်​တာပဲ။

ဘုရားရှင်​က တရား​ဟော​တော့မှ ရဟန္တာဖြစ်​ပြီး
အကုသိုလ်​ကုန်​သွားတယ်​။ ဇမ္ဗုကရဟန်း ဖြစ်​သွားမှ
ဝဋ်​ကကျွတ်​သွားတယ်​။ ကဿပ ဘုရားရှင်​လက်​ထက်​က
ရဟန်းတရားကိုကျင့်​သုံးခဲ့တဲ့ ကုသိုလ်​​ကို အကုသိုလ်​တရားက မဖျက်​စီးနိုင်​ဘူး။ ဒါ​ကြောင့်​လည်း ဘုရားရှင်​ရဲ့
တရား​တော်​ကို နာကြားလိုက်​ရတဲ့အခါ ပဋိသမ္ဗိဒါ
 ဥာဏ်​​လေးပါး နှင့်​တကွ အရဟတ္တဖိုလ်​ကိုရတယ်​။
ကုသိုလ်​ကလည်း ကုသိုလ်​အကျိုး​ပေးသလို အကုသိုလ်​ကလည်း အကုသိုလ်​ အကျိုး​ပေးတယ်​။ရဟန္တာဖြစ်​မှသာ
ကံ​တွေက အ​ဟောသိကံဖြစ်​သွားတယ်​။

အကုသိုလ်​တရား​တွေ ခန္ဓာမှာကိန်း​နေရင်
မကြိုက်​သင့်​တာကိုကြိုက်​ကြ​သေးတာပဲ။
အနာဂါမ်​အရိယာဖြစ်​တာ​တောင်​ အကုသိုလ်​တရားက
ကျန်​​နေ​သေး​တော့ ဘဝရာဂ ဖြစ်​ပြီး သံသရာမှာ
ကျင်​လည်​ချင်​​သေးတယ်​။ ခန္ဓာရရင်​ အို နာ ​သေ ပဲရမှာမို့
ဆင်းရဲပါတယ်​။ ဒီဆင်းရဲခြင်း​တွေကို ရ​နေသမျှ
ဝဋ်​ ခံ ရတာပဲဖြစ်​လို့ ဝဋ်​ကို ဝဋ်​မှန်းသိလိုက်​ကြပါ။

ခန္ဓာ ဝဋ်​ဆင်းရဲမှ လွတ်​​မြောက်​နိုင်​ကြပါ​စေ။

*****တတိယ​မြောက်​သမီး​တော်​*****

(8.8.2018)


0 comment: