ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, March 8, 2016

အဆင့်အတန်း


လေ့လာကြည့်မိသလောက်ကတော့ ဥပေက္ခာတရားကို
တကယ်လက်ကိုင် ထားနိုင်တဲ့သူဆိုတာ အနာဂါမ်အဆင့်လောက်
ရှိမှ သေချာပါလိမ့်မယ်...အခြားအဆင့်တွေမှာတော့ အမြဲတမ်း
ဥပေက္ခာစိတ်ကိုမမွေးနိုင်လောက်ဘူး..သတိ အားကြီးပြီး
အမြဲတမ်းဆင်ခြင်နေတဲ့သူ သမာဓိအားကောင်းပြီး လောကီဈာန်
စသည်ရတဲ့အထိ ကျင့်ကြံထားသူမှ မှန်ကန်တဲ့ ဥပေက္ခာပြုနိုင်သူ
ဖြစ်ပါလိမ့်မယ်..အောက်မဂ်အရိယာက အထက်မဂ်အရိယာကို
မသိနိုင်ဘူးဆိုတဲ့စကားက ရှိထားလေတော့ ကိုယ့်မှာရှိတဲ့အဆင့်နဲ့
ဝေဖန်ကြည့်ရတာကလည်း မမြင်ပဲလက်နဲ့စမ်းပြီးခန့်မှန်းကြည့်ရတဲ့
မျက်မမြင်ပုဏ္ဏားတွေလိုပါပဲ..အမှန်ဖြစ်ဖို့ မသေချာပါဘူး
တရားအားထုတ်ရာမှာလည်း ဘယ်ဥာဏ်က စလာတယ်ဆိုတာ
သိဖို့ထက် အလုပ်လုပ်တတ်ဖို့က ပိုပြီးအရေးကြီးပါတယ်
ဥာဏ်စဉ်တွေအကြောင်းကိုသိဖို့တော့
စာအုပ်တွေမှာရေးထားတဲ့အတွက်သိချင်ရင်လေ့လာစရာရနိုင်ပါတယ်
လက်တွေ့မှာတော့ စာထဲမှာရေးထားတဲ့အတိုင်း တဆင့်ပြီိး
တဆင့်ရဖို့ နည်းမှန်လမ်းမှန်အားထုတ်မှ ဖြစ်လာတာပါ
ဘင်္ဂဥာဏ်ကိုရပြီလို့သိပြီး နောက်တဆင့် ဘယဥာဏ်ကို
အားထုတ်မှပဲလို့ ကြံစည်ပြီးတဆင့်တဆင့်အတွက်သီးခြားစီ
အားထုတ်ရတာမျိုးမဟုတ်ပါဘူး။ နည်းလမ်းမှန်တဲ့ အားထုတ်မှု
နဲ့ ပစ္စုပဋ္ဌာန်လို့ ခေါ်တဲ့ အားထုတ်ရင်မြင်လာတဲ့ဥာဏ်အမြင်ကို
ယောနိသောမနဿိကာရနဲ့ နှလုံးသွင်းတတ်ဖို့သာဖြစ်ပါတယ်
ဘင်္ဂဥာဏ်ရတဲ့အချိန်မှာ ဒါဟာ ဘင်္ဂဥာဏ်ပါလားလို့ သိလိုက်တဲ့
အချိန်မှာ ဘင်္ဂဥာဏ်ပျောက်သွားပါလိမ့်မယ့် ဘာဖြစ်လို့လဲဆိုတော့
ခန္ဓာရဲ့ အဖြစ်အပျက်သဘောကို ရှုမှတ်ခြင်းကလွတ်ထွက်ပြီး
သညာအမှတ်တခုကို အာရုံရောက်သွားလို့ ခန္ဓာကိုမြင်တဲ့ ဥာဏ်ကနေ
ဥဒစ္ဆဖြစ်သွားတဲ့ သဘောပါ။ကောင်းသော မှတ်မိခြင်းပေမယ့်

နိဝရဏ ငါးပါးထဲက တစ်ပါးဖြစ်တဲ့ ဥဒ္ဒစ္ဆ နိဝရဏဖြစ်သွားတာပါ။
အဲ့ဒီလို နိဝဏဖြစ်သွားတာကို ဖယ်ပြီး ရှုတတ်မှတ်တတ်ရင်တော့
တရားစဉ်က ဆက်ပြီးတက်သွားနိုင်ပါတယ်။ဒါကြောင့် တချို့
ဆရာတော်ကြီးများကဥာဏ်စဉ်ကိုသင်မပေးကြပါဘူး အလုပ်စဉ်
ကိုသာသင်ပေးကြပါတယ် ဥာဏ်စဉ်သိလို့ ဥာဏ်ကွန့်ကြတဲ့
သူတွေဟာ တရားပြန်ထိုင်လည်းဘင်္ဂဥာဏ်လောက်ပြန်ရဖို့ကို
မလွယ်တတ်လို့ပါ အဓိက ကတော့ပုထုဇဉ်နယ်ကနေ
အရိယာနယ်ကိုတက်လှမ်းရောက်ရှိဖို့သာ အဓိက ဖြစ်ပါတယ်
ဥာဏ်လေ့လာခြင်းထက် အလုပ်စဉ်မှန်မမှန်
စစ်ဆေးခြင်းက ပိုပြီး အကျိုးသက်ရောက်နိုင်ပါတယ်...
လွယ်ကူလျင်မြန်စွာ နိဗ္ဗာန်သို့မျက်မှောက် ပြုနိုင်ပါေ
………
..


အထက်မှာဖေါ်ပြထားတဲ့ စာပိုဒ်ဟာသမီးတော်ရေးထားတဲ့ စာတစ်ပုဒ်မှာ
မှတ်ချက်ရေးပြီးဆွေးနွေးတဲ့သူကို တုန့်ပြန်ခဲ့ သမီးတော်ရဲ့ မှတ်ချက်တစ်ခု
ဖြစ်ပါတယ်။

သမီးတော်က ဒီလိုတုန့်ပြန်ရေးသားခဲ့ပြီးမှ နာမည်ကြီးဆရာတစ်ယောက်ရေးတဲ့
စာတစ်ပုဒ်အောက်ကမှတ်ချက်ကိုဖတ်မိတဲ့အခါ တွေးစရာရလာပါတယ်။
မှတ်ချက်ရေးသားသူက ဆရာမ တစ်ယောက်နဲ့ ဘာသာရေးအကြောင်း
ဆွေးနွေးရာမှာ ကောင်းကောင်း မွန်မွန် ပြန်မဖြေပဲ အဆင့်အတန်းနဲ့
စကားပြောသွားတယ်လို့သူ့ အသိ သူ့ အတွေးကို ပိုစ့်အောက်မှာ
ဟစ်တိုင်လုပ်သွားတာပါ။

တကယ်တော့ လူမှုကွန်ယက်ပေါ်မှာ ရှိတဲ့ ပုဂ္ဂိုလ်များဟာ မိမိ စွမ်းသလောက်
ဓမ္မဒါန ပြုနေကြသူတွေပါ။ ဆရာတော်ကြီးများရဲ့ တရားတော်ကို နှစ်ခြိုက်မိလို့
မျှဝေတာရှိသလို မိမိ စွမ်းသလောက်လေး ရေးသားမျှဝေနေတာတွေရှိပါတယ်။
အနာဂါမ် အရိယာနဲ့ ရဟန္တာပုဂ္ဂိုလ်များကတော့ အွန်လိုင်းမသုံးလောက်ဘူးလို့
ယူဆရတာပါပဲ။ကိုယ်တိုင် မရအပ် မရောက်အပ်သေးတဲ့ မဂ်ဖိုလ်ဆိုတော့လည်း
ဝေဖန်ဖို့မစွမ်းသာပဲ ထင်မြင်ချက်တခုအနေနဲ့ တွေးကြည့်ရတာပါ။
အောက်မဂ် အရိယာ နှစ်ပါးကတော့ ကာမတဏှာရှိနေကြသေးသူ
များဖြစ်တာကြောင့် သေချာပေါက် အွန်လိုင်းပေါ်မှာရှိနေမယ်လို့
တထစ်ချပြောနိုင်တာပါ။အဲ့ဒီတော့ အွန်လိုင်းသုံးတဲ့သူများထဲမှာ
ဘာသာရေးနဲ့ ပတ်သက်လို့ မျှနေဝေနေပေမယ့် ပိဋကတ်သုံးပုံ
အာဂုံဆောင်ကြသူများမဟုတ် ကိလေသာ တစ်ပါးမှ မကျန်အောင်
အမြစ်ပြတ်ပယ်သတ်ပြီး ရဟန္တာကြီးများမဟုတ်လေတော့
သူသိတာ ရှိနိုင်သလို သူမသိတာတွေကလည်း အများကြီး
ရှိနေမှာပါ။လူ အမျိုးမျိုး စိတ်အထွေထွေနဲ့ ရှိကြတဲ့ အွန်လိုင်း
လောကမှာ ပညာပြိုင်ကြသူတွေရှိတယ်။ပညာစမ်းကြသူတွေ
ရှိတယ်။ ပညာရှင်လို့ ယူဆခြင်းခံရလို့ ပညာစစ်မစစ်
စစ်ဆေးကြည့်ကြတဲ့သူတွေရှိပါတယ်။ ဒီတော့ မေးတဲ့မေးခွန်းနဲ့
အမေးခံရတဲ့သူနဲ့ ထိတွေ့တဲ့အခါ မေးတဲ့မေးခွန်းရိုးသားရင်လည်း
အမေးခံရသူက မနဿိကာရ မှာ ယောနိသော ဖြစ်ပြီး ဖြေကောင်း
ဖြေပါလိမ့်မယ် အယောနိသောဖြစ်ပြီးဖြေကောင်းဖြေပါလိမ့်မယ်။
အသေက္ခပုဂ္ဂိုလ်မဖြစ်သေးသမျှ ယောနိသောမနဿိကာရ အမြဲတမ်း မှ
မဖြစ်သေးတာ။ မပြည့်စုံသေးတာ။ ဒါကြောင့်လည်း ဇောတွေက
မမှန်နိုင်သေးတာပါ။ ဇောမမှန်သေးတော့ ပဋိပက္ခတွေဖြစ်ကုန်ရော။
စဉ်းစားကြည့်ပါ။ပြဿနာတိုင်းဟာဖြေရှင်းပေးတဲ့သူရှိလည်း
ပြေလည်နိုင်ကြတာ မဟုတ်ဘူး။ တဖက်ကပြေလည်ပေမယ့်
တခြားတဖက်က ကုတ်ကပ်တွယ်ငြိနေရင်လည်း ဖြေရှင်းလို့ မပြီးနိုင်
မပြတ်နိုင်ကြပါဘူး။မြတ်စွာဘုရားရှင်တောင်မှ ဖြေရှင်းပေးပါလျှက်
တားမြစ်တော်မူပါလျှက်နဲ့ ပေကပ်တွယ်ငြိကြတဲ့သူတွေကြောင့်
ပြဿနာနဲ့ဝေးရာ ပလလဲတောကို တစ်ပါးတည်းကြွမြန်းရတဲ့
အထိ ကပ်ဖဲ့ပြီး မာန်တက်ကြတာ။ ပြဿနာရဲ့ အရင်းအမြစ်ကလည်း
တဏှာ၊ မာန ၊ ဒိဋ္ဌိဆိုတဲ့ လက်သည်ပါပဲ။ငါမှန်တယ်။ ငါသိတယ်။
ငါတတ်တယ်။ ငါ   ၊ ငါ့ဥစ္စာ ၊ ငါမှငါ ဖြစ်နေတဲ့အတွက် ရှင်းမရတာ။
ဘုရားတောင် ရှင်းမရလို့ လက်လျှော့ရတဲ့အထိ အင်အားကြီးလှပါတယ်။

လူတွေမှာ စာသင်ကြတယ်။ စာသင်ခန်းထဲမှာ စာသင်နေတဲ့
ကျောင်းသား အယောက် ၅၀ ရှိတယ်ဆိုပါတော့ အဲ့ဒီ အယောက်
၅၀ ကို ဆရာတစ်ဦးတည်းက စာတပုဒ်ကိုသင်တဲ့အခါ ပုံနှိပ်စာအုပ်
မှာ ပါတဲ့စာကို ကျောင်းသားတစ်ဦးကို ထပြီး ဖတ်ခိုင်းတယ်။
စာဖတ်တာ ဘာမှ မခက်ဘူး။မူလတန်းအဆင့်လွန်ရင် စာတိုင်းလိုလို
ဖတ်လို့ရပြီ။ ဒါပေမယ့် စာဖတ်တိုင်း စာရဲ့အဓိပ္ပါယ်ကိုနားလည်ရဲ့လား
ဆိုတာ စဉ်းစားကြည့်ပါ။ဖတ်တတ်ပေမယ့် နားမလည်ဘူး။ ဒီတော့
သမိုင်းပဲဖြစ်ဖြစ် ပထ၀ီပဲဖြစ်ဖြစ် စာတွေကိုဖတ်လို့သာဖတ်သွားကြတယ်။
စာရဲ့ အဓိပ္ပါယ်ကိုတော့ ဆရာဖြစ်တဲ့သူက ရှင်းပြရတာပဲ။ ဆရာဖြစ်သူက
ရှင်းမပြပဲ တတ်သိနားလည်နိုင်သူတော့ ရှိကောင်းရှိပါလိမ့်မယ်။
အားလုံးကတော့ မသိနိုင်ပါဘူး။ ဒီထက်ပိုပြီး ဆရာကိုယ်တိုင်ရှင်းပြပေမယ့်
ကျောင်းသား ၅၀ စလုံး နားမလည်ကြဘူး။ ဆရာဖြစ်သူက တစ်ယောက်ချင်းစီ
သီးသန့် ရှင်းပြတာမဟုတ်ဘူး။ အားလုံးကို တပြိုင်ထဲရှင်းပြတာပါ။ နားလည်တဲ့သူက
နားလည်ပြီး နားမလည်တဲ့ သူက တစ်ခေါက်ရှင်းပြ နှစ်ခေါက်ရှင်းပြနဲ့
ဘယ်နှခေါက်ရှင်းပြလို့မှ နားမလည်တဲ့သူ ကျန်နေတတ်ပါသေးတယ်။
ဒီတော့ အဆင့်ဆိုတာ ဘာလဲ။ သူများက ကိုယ့်ကို ခွဲခြားတာ အဆင့်မဟုတ်ပါဘူး။
ကိုယ့် အရည်အသွေးနဲ့ ကိုယ်သာ အဆင့်ဖြစ်နေတာပါ။ရာထူး ဘယ်လောက်
ကြီးကြီး ပိုက်ဆံ ဘယ်လောက်ချမ်းသာ ချမ်းသာ ပုဂ္ဂိုလ်ရဲ့ စိတ်ဓါတ်နဲ့
အရည်အသွေးကိုသာ အဆင့်လို့ သတ်မှတ်လို့ရတာပါ။ ကြားဖူးကြမှာပါ။
ရာထူးသာကြီးတာ စိတ်ဓါတ်အဆင့်အတန်းက အောက်ဆုံးကလို့ ဝေဖန်ကြတယ်။
ပိုက်ဆံသာ ချမ်းသာတာ စိတ်ဓါတ်အဆင့်အတန်းက ဘယ်လို လို့ ဝေဖန်ကြတယ်။
အဲ့ဒါ လူတစ်ယောက်ရဲ့ အရေအသွေး ကို အဆင့်အတန်းလို့သတ်မှတ်တာပါ။
ရာထူးတွေ ဥစ္စာဓနတွေကို အဆင့်အတန်းလို့ခေါ်တာက လူကိုခေါ်တာ
မဟုတ်ပါဘူး။ ဒီလိုပါပဲ စာသင်ခန်းထဲမှာ အတန်းသားချင်းအတူတူ
အရည်အသွေးပေါ်မူတည်ပြီး အဆင့်တွေထွက်လာပါတယ်။ လာဒ်စားပြီး
ပေးတဲ့အဆင့်မျိုးကတော့ အဆင့်အမှန်မဟုတ်ဘူးပေါ့။ အဆင့်အမှန်က
မိမိရဲ့အရည်အသွေးသာဖြစ်ပါတယ်။

ဒါကြောင့် လူလူချင်းပေမယ့် အဆင့်ကွဲပြားပါတယ်။ သုငယ်တန်းအဆင့်က
ကိန်းဂဏန်းလေးတွေကို တစ်ကနေ တစ်ဆယ်ထိတော့ ကောင်းကောင်း
ရေတွက်နိုင်မှာပေါ့။ ပထမတန်းကလေးက ဒီထက်ပိုပြီး ရေတွက်နိုင်မှာပေါ့။
ဒုတိယတန်းကလေးက ကိန်းဂဏန်းလေးတွေ ပေါင်းနုတ်မြောက်စားသင်ပေး
လို့ သင့်လျော်ပြီ။ သူတို့စွမ်းနိုင်ရာလောက်ကိုသင်ကြားပေးပြီး သင်ကြား
မှု သင်ယူမှုအပေါ်မှာပဲ သူတို့က စွမ်းနိုင်မှာပါ။ သူ့အဆင့်နဲ့သူပဲ ရပါလိမ့်မယ်။
ဒါကို စိတ်ဆိုးလို့ အကျိုးမထူးဘူး။ အဆင့်တစ်ခုကိုရောက်ဖို့က မိမိ တာဝန်ပါပဲ။

ပုထုဇဉ်နဲ့ အရိယာဆိုရင်လည်း လယ်တီဆရာတော်ဘုရားကြီးကတော့
မိန့်တော်မူပါတယ်။ ဆံပင်ချည်လေးတစ်မျှင်ကိုလက်ဝါးပေါ်တင်ထားရင်
ဘာမှ မဖြစ်ဘူး။ မျက်လုံးထဲဝင်သွားရင်တော့ ဖြစ်တယ်။ ပုထုဇဉ်နဲ့
သောတာပန်လည်း အဲ့လောက်ကွာတယ်တဲ့။ ဖြစ်တည်တဲ့အကျိုးရလာဒ်ကိုက
ကွာခြားသွားတာပါ။

တစ်ချို့က သူ့ကိုယ်သူ အရိယာဖြစ်နေပြီလို့ ပြောကြတယ်။ တကယ်ဟုတ်လို့
ပြောတာလည်းဖြစ်ချင်ဖြစ်မယ်။ အရိယာလို့ ပြောကောင်းလို့လားလို့ မေးကြတယ်။
အရိယာတစ်ယောက်က လိုအပ်တယ်ထင်လို့ရှိရင် ပြောကောင်းပြောနိုင်တယ်။
ပြောကောင်းတယ် မပြောကောင်းဘူးလို့ သီးခြား သတ်မှတ်ချက်နဲ့ ဘောင်ခတ်
ထားလို့မရဘူး။ ဘုရားရှင် ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်ကတည်းက
ပြောတဲ့ ပုဂ္ဂိုလ်များရှိတယ်။ မယုံကြလို့ ဘုရားကို သွားမေးတယ်။ ဘုရားက
ဟုတ်တယ်လို့ ဖြေပေးခဲ့ရတယ်။ ပုဂ္ဂိုလ်က လိုအပ်တယ်ထင်လို့ ပြောတယ်ဆိုတာ
ကိုယ့်က ဘယ်လိုဥာဏ်ရည်ဥာဏ်သွေးနဲ့ အကဲခတ်မလဲ။ အထက်မဂ် အရိယာက
သာ အောက်မဂ်အရိယာကိုသိနိုင်တယ်လို့ ဆိုထားတော့ သကဒါဂါမ်လောက်မှ
မဟုတ်ရင် သောတာပန် ကိုသိနိုင်မလား။ အနာဂါမ်လောက်မှ မဟုတ်ရင်
သကဒါဂါမ် သောတာပန်ကိုသိနိုင်မလား။ရဟန္တာမှ မဟုတ်ရင် အောက်မဂ်
အရိယာကို သိနိုင်မလား။ စဉ်းစားကြည့်ပါ။ သောတာပန်ဖြစ်တာနဲ့
ဘယ်သူက အရိယာပါလို့သိနိုင်စွမ်းပြီလို့ ထင်ရင်မှားပါတယ်။
မသိနိုင်လို့လည်း ဗုဒ္ဓ၀င်တွေမှာ အတိအကျပါနေတာပါ။
ရေးထားတာတွေ ဖတ်ဖူးကြမှာပါ။ ပုထုဇဉ်ကနေ သောတာပန်တည်ပြီ
ဆိုတာနဲ့ ခန္ဓာကိုယ်က ပေါ့သွားမယ်။ ရင်ထဲမှာအေးသွားမယ်ဆိုတာ။
သောတာပန်တစ်ယောက်ဖြစ်တဲ့အချိန်မှာ မနိုင်ဝန်ထမ်းထားတဲ့ပုဂ္ဂိုလ်များ
ပုခုံးပေါ်က အထုပ်ကြီးကို ပစ်ချလိုက်သလိုပေါ့သွားတယ်။
သောတာပန် ပေါ့သွားတာထက် သကဒါဂါမ်က ပိုပြီးပေါ့တယ်။
ဝန်တွေကို တဆင့်ပြီးတဆင့်ပစ်ချနေတာကိုး။ ပြီးတော့ တစ်ခုရှိသေးတယ်။
သောတာပန်တည်သွားရင် ခြေဖနောင့်က မြေကြီးကို မထိဘူးလို့
ဆိုထားတာ ကြားဖူးကြမှာပါ။ မျက်စိနဲ့ကြည့်ရင်တော့ ထိနေတာတွေ့
မှာပေါ့။ တကယ်ကတော့ အရိုးအဆစ်ရဲ့ ပြောင်းလဲခြင်းကိုဆိုတာ။
သောတာပန်တည်ရင် အဲ့ဒီ ခြေဖနောင့် က အရိုးအဆစ်က ပြောင်းသွား
တယ်။အဲ့ဒီပုဂ္ဂိုလ်က ခြေဖနောင့်ကို ကြမ်းခင်းနဲ့ ဘယ်လောက်ပဲ
ထောက်ထောက် ဘယ်လောက်ပဲ ဆောင့်ချပြီးချချ ကြမ်းခင်းကို
မထိဘူး။ မျက်စိ အမြင်နဲ့ မထိတာ မဟုတ်ဘူး။ ဒါကလည်း
ရှင်းအောင်ပြောဖို့ အတော်ခက်တဲ့ကိစ္စ။ကိုယ်တိုင်လက်တွေ့
ကျကျသိအောင် ကြိုးစားကြည့်ကြပေါ့။သူများပြောသံကြားကို
နားထောင်ရတာ ယုံရခက်ခက်ကြီးလေ။ ဥာဏ်ပညာက အဲ့ဒီ
အဆင့်မှ မရောက်သေးရင် ဘယ့်နှယ်လုပ်ပြီး လက်ခံနိုင်မှာလဲ။
သိနိုင်မှာလဲ ။ ခံစားနိုင်မှာလဲ။ ဟုတ်ဘူးလား။ ကိုယ်မစားဖူးတဲ့
အစားအသောက်အရသာကို သူများက ဘယ်လိုပဲပြောပြော
မခံစားဖူးတော့ တွေးကြည့်လို့ မရသလိုပေါ့။

ဒီတော့ တဆင့်ကနေ တဆင့်ပိုပြီးပေါ့ပါးလာမယ်။ အရိုးအဆစ်တွေ
ပြောင်းလာမယ်။ ဥာဏ်မျက်လုံးပေါ်မှာ တင်နေတဲ့ ကိလေသာတွေကို
တစ်လွှာပြီးတစ်လွှာ ခွာချသွားမယ်။ ဒါက အရိယာတဆင့်ချင်းစီရဲ့
လုပ်ဆောင်နိုင်တဲ့စွမ်းအားသတ္တိတွေပဲ။ ပုထုဇဉ် ဘယ်လောက်တော်တော်
ပထမအဆင့်မှာတော့ ဥာဏ်မျက်လုံးပေါ်က ကိလေသာကို တစ်လွှာ
ချင်းစီက စပြီးခွာရမှာပဲ။ လေးလွှာစလုံးကိုတပြိုင်နက်ခွာချပစ်တာ
မဟုတ်ဘူး။ တစ်မဂ်ပြီးမှ နောက်တစ်မဂ်ရကြတာ။ အဲ့ဒီတော့
ကိလေသာ ခွာချထားတဲ့အပေါ်မူတည်ပြီး တစ်လွှာကွာရင်
နဲနဲမြင်ပြီ။ နှစ်လွှာကွာရင် ပိုမြင်ပြီ။ သုံးလွှာကွာရင် ပိုပြီး မြင်သာ
လာပြီ။ လေးလွှာကွာရင် အားလုံးစင်ကြယ်သွားပြီ။ ကိလေသာ
မကျန်တော့ဘူး။ ဒီလို ကိလေသာ ပိတ်ဖုံးမှု အနည်းအများပေါ်
မူတည်ပြီး သူ့အမြင်နဲ့သူပဲ ရှိနေမှာ။ အဲ့ဒါ အဆင့်အတန်းပဲ။
တူကိုမတူဘူး။ တမင်ခွဲတာ မဟုတ်ဘူး။ သူ့အရည်အသွေးနဲ့
သူကွဲတာ။ ဒါတွေက မြတ်စွာဘုရားရှင်ပေးထားတဲ့ အဆင့်အတန်းပဲ။
ဘယ်တော့မှ  ပြန်မကျဘူး ။ မယုတ်လျော့ဘူး။ တိုးလာဖို့ပဲ
ရှိတယ်။ခိုင်မာတဲ့အဆင့်တစ်ခုလည်းဖြစ်တယ်။ ဒါကမှ စစ်မှန်တဲ့
အဆင့်အတန်းပဲ။

ဒါကြောင့်မို့ ကိုယ်သိသလောက်လေးနဲ့ ဘယ်သူက အရိယာ
မဟုတ်ဘူးလို့ ပြောလို့မရဘူး။ မျက်မမြင် ပုဏ္ဏားကြီးတွေနဲ့ပဲ
သွားတူတယ်။ မျက်မမြင်ပုဏ္ဏားတွေကို  ဆင်ဆိုတဲ့ နာမ ပညတ်
အောက်က အတ္တပညတ်ခန္ဓာအိမ်ကြီးကို စမ်းခွင့်ပေးလိုက်တာ။
အဖြေ အမျိုးမျိုးထွက်တယ်။ နားရွက်ကိုင်စမ်းတဲ့သူက ဆင်ဆိုတာ
ယပ်တောင် လိုပါပဲ။ နှာမောင်းကိုင်ရတဲ့သူက ဆင်ဆိုတာ မြွေ
လိုပါပဲ။ ကိုယ်ထည်ကိုင်စမ်းတဲ့သူက ဆင်ဆိုတာ နံရံကြီးလိုပါပဲ။
စသည်ဖြင့် သူစမ်းသပ်ကိုင်တွယ်ရတဲ့အခြေအနေပေါ်မူတည်ပြီး
အဖြေထုတ်တယ်။ တကယ်အဖြေထုတ်ကြည့်ပါ။ နားရွက်ကို
ဆင်လို့ခေါ်သလား။ နှာမောင်းကိုဆင်လို့ခေါ်သလား။
ကိုယ်ထည်ကိုဆင်လို့ခေါ်သလား။ တစ်ခုမှ မဟုတ်ဘူး။
နားရွက် နှာမောင်း ကိုယ်ထည် ရှေ့ခြေ နောက်ခြေ အမြီး စသည်ဖြင့်
အပြည့်အစုံ အားလုံးကို ခြုံပြီး ဆင်လို့ခေါ်တာပါ။ ယပ်တောင်နဲ့
တူတဲ့ နားရွက်ဟာ ဆင်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲမှန်တယ်။
မြွေနဲ့တူတဲ့ နှာမောင်းဟာ ဆင်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ
မှန်တယ်။ နံရံနဲ့တူတဲ့ ကိုယ်ထည်ဟာ ဆင်ရဲ့ အစိတ်အပိုင်းတစ်ခု
အနေနဲ့ပဲ မှန်တယ်။ တစ်ခုချင်းစီကို ဆင်လို့ ခေါ်လို့မရဘူး။
ဆင်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ ဆင်နာရွက်။ ဆင်နှာမောင်း။
ဆင်ကိုယ်ထည် ။ ဆင်အမြီးလို့ ခေါ်ပါတယ်။ ဆင်လို့ခေါ်ရင်တော့
အားလုံးပါပြီးသားပေါ့။ ဆင်ရဲ့နားရွက် အပိုင်းတစ်ခုကို လမ်းမှာတွေ့
ရင် ဒါကို ဆင်လို့ ဘယ်သူမှ မခေါ်ဘူး။ ဆင်နားရွက်လို့ပဲခေါ်တယ်။
အဲ့ဒီလိုပဲ  ကိုယ်တိုင်အရိယာမဖြစ်သေးတဲ့သူများဟာ အရိယာဆိုတာ
ဘယ်လိုပါလို့ပြောဆိုနေကြခြင်းဟာ အစိတ်အပိုင်းတစ်ခုအားဖြင့်သာ
မှန်ပါလိမ့်မယ် ။ အပြည့်အစုံအနေနဲ့ မမှန်နိုင်ဘူးဆိုတာပဲ။.
ဆင်ဆိုတာ ဘယ်လိုမျိုးလဲလို့ မျက်စိနဲ့တပ်အပ်မြင်တဲ့အခါမှ
ကိုယ်အင်္ဂါတစ်စိတ်တစ်ပိုင်းထဲကို ခေါ်တာမဟုတ်ဘူး။ အပြည့်အစုံကိုမှ
ခေါ်တာကို နားလည်လိမ့်မယ်။ အရိယာ ဟုတ်တယ် မဟုတ်ဘူးဆိုတာ
လည်း ရဟန္တာဖြစ်မှ သိနိုင်ပါလိမ့်မယ်။ အောက်မဂ် အရိယာအဆင့်မှာတော့
ကိုယ်စွမ်းသလောက်နဲ့ အကုန်လုံးကို မဝေခွဲနိုင်သေးတဲ့အတွက်
မမှန်နိုင်သေးပါဘူး။ အစိတ်အပိုင်းတစ်ခုအားဖြင့်သာ သိနိုင်ပါလိမ့်မယ်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက သင်္ဂလသုတ်မှာ အရိယာတို့
မလွန်ကျူးတော့တဲ့ ညစ်ညူးခြင်းတရားတွေကိုဖေါ်ပြထားပါတယ်။
အဂတိတရားလေးပါးကို မလွန်ကျူးဘူး။ ဒီတော့ အဂတိတရားတွေ
မလွန်ကျူးတာ အရိယာပါလို့ သိဖို့ဆိုရင် မိမိကိုယ်တိုင်က အရိယာ
ဖြစ်ထားမှ ကိစ္စတစ်ခုမှာ အမှန်အမှားသိနိုင်မယ် ။ အမှန်အမှားသိမှ
အဂတိကို ကျူးလွန်ခြင်းရှိမရှိ စစ်ဆေးနိုင်မယ်။ နောက်တစ်ခုက
အပါယ်ကိုလားရောက်စေနိုင်တဲ့ ကံလေးပါးကိုပယ်တယ်လို့ မိန့်တော်
မူထားတယ်။ အဲ့ဒီကံလေးပါမှာလည်း ကံမြောက်မမြောက်ဆိုတာ
ရှိသေးတယ်။ ဥပမာဆိုရင် မုသာဝါဒကံ ကျူးလွန်တယ်လို့
ကိုယ်က ထင်တယ်။ ဒါပေမယ် အဲ့ဒီ မုသာဝါဒကံက ကျူးလွန်
တယ် အပြစ်ဖြစ်တယ်လို့ သတ်မှတ်နိုင်ဖို့က အင်္ဂါလေးပါးစုံညီမှ
ကျူးလွန်တယ်လို့ သတ်မှတ်လို့ရမှာ။ တခြားသော ကံတွေမှာ
လည်း သူ့အင်္ဂါရပ်နဲ့သူရှိသေးတယ်။ အဲ့ဒီ အင်္ဂါရပ်တွေနဲ့ညီမှ
ကံမြောက်တာ။ ဒီတော့ မိမိက အဲ့ဒီ အင်္ဂါရပ်တွေကို ညီမညီ
ဘယ်လိုဥာဏ်ပညာနဲ့ စစ်ဆေးမလဲ။ စကားတစ်ခုကိုကြားဖူး
ကြမယ်ထင်ပါတယ်။ ပညာလွန်ရင်ကောက်ကျစ်တယ်ဆိုတာ။
အဲ့ဒီအချက်တွေကိုလေ့လားဖူးတဲ့သူတွေထဲမှာ သူတော်ကောင်း
စိတ်ဓါတ် မပြည့်ဝတဲ့သူတွေက ကံမမြောက်တဲ့နည်းနဲ့
အပြစ်ကိုကျူးလွန်ကြတယ်။ သူတော်ကောင်းတွေကတော့
အကျိုးရှိအောင်ပဲ ကြံစည်လုပ်ဆောင်ကြတယ်။ အဲ့ဒီလိုခြားနား
ခြင်းတွေက ရှိသေးတယ်။ ဒါကြောင့် မျက်စိ အမြင်လောက်
နား အကြားလောက်နဲ့ အပြစ်ကျူးလွန်တယ်လို့ ယူဆ သတ်မှတ်
လို့ မရနိုင်သေးဘူး။ အဲ့ဒီလို ယူဆသတ်မှတ်ပြီး အရိယာမဟုတ်ဘူးလို့
ကန့်သတ် ယူဆလို့ မရနိုင်သေးဘူး။

အဲ့ဒီတော့ အဆင့်အတန်းဆိုတာ နဲ့ ပတ်သက်ပြီး ကွာခြားချက်တွေ
မိမိ မသိနိုင်သေးတာတွေ အများကြီးရှိနေတာကို သိစေချင်တာပါ။
မကျေနပ်ရင်တော့ အရဟတ္တမဂ်ဥာဏ် ဖိုလ်ဥာဏ်ရအောင်ကြိုးစားကြပေါ့။
ဥဂ္ဂသေန နှင့် နဋကုမာရီ အမည်ရှိသော ကျွမ်းဘားမောင်နှံတို့ကတော့
တစ်ယောက်ကိုတစ်ယောက် အားကျမခံ ကြိုးစားရင်း အရဟတ္တမဂ်ဥာဏ်
ဖိုလ်ဥာဏ်ကိုရအပ်ခဲ့ကြပြီ မဟုတ်ပါလား။သူက သူ့ပညာ အလျောက်
အကျွတ်တရားရရင် ငါက ငါ့ ပညာ အလျောက် အကျွတ်တရားရနိုင်
ကောင်းရဲ့လို့ကိုယ့်ကိုကို အားတင်းပြီးကြိုးစားကြပေါ့။. သူတစ်ပါးက
အဆင့်ခွဲခြား စကားပြောလာတယ်လို့ သူတစ်ပါးကို မျက်လိုဒေါသ
ဖြစ်မယ့်အစား ကိုယ်တိုင်ပဲ သူထက်သာတဲ့ တော်တဲ့ အရိယာပုဂ္ဂိုလ်
တစ်ယောက်ဖြစ်အောင်ကြိုးစားတော်မူကြပါ။

မိမိ နဲ့ ထိုက်တန်တဲ့အဆင့်တစ်ခု ရအောင် ကြိုးစားပြီး
အားထုတ်တော်မူကြပါလို့ လေးစားစွာတိုက်တွန်းလိုက်ရပါကြောင်း
သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့…….။





*****တတိယမြောက်သမီးတော်*****

0 comment: