ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, September 13, 2014

ကိုယ်ပိုင် အရည်အချင်းနဲ့ဆို ဒီတသက် သူဋ္ဌေး ဖြစ်မှာမဟုတ်တဲ့ သူ


လတ်တလော  အာဏာစက် ပြင်းထန်နေတဲ့ 
BPP Challenge  လေးကြောင့် ဘလော့ရွာလေး အတော်ကိုစည်ကားသိုက်မြိုက်
နေပါတယ်။


BPP Challenge  အတွက် ဘာသာရေးအကြောင်းလေးရေးဖို့ 
အဆင်သင့် မဖြစ်တဲ့အတွက်ကြောင့် သမီးတော်ကကိုယ့်အကြောင်းလေး
ကိုယ်ရေးပါရစေပါ။

သမီးတော်တို့ မိသားစုဟာ  ဆန်ရောင်းဝယ်ခြင်းလုပ်ငန်းနဲ့ 
မိသားစု စားဝတ်နေရေးကို ဖြေရှင်းတဲ့အကြောင်း သမိုင်းပို့ စ် မှာဖေါ်ပြခဲ့ဖူးပါတယ်။
စပါးကုန်သည်တွေရောင်းတဲ့  ဆန်ကို ၀ယ်ပြီး ဇကာနဲ့ချ
သန့် စင်ပြီး မှ ပြန်ရောင်းတာပါ။

စပါးကုန်သည်တွေထဲမှာ ငွေကြေးပြည့်စုံလို့  ကိုယ်ပိုင်ငွေနဲ့ 
စပါးဝယ်ပြီး ဆန်စက်မှာကြိတ်။ ပြီးရင် ထွက်လာတဲ့ ဆန်ကို
ဆန်ကုန်သည်တွေဆီ ပြပြီးမှ ဈေးနှုန်းဖြတ်ကြပါတယ်။
ဈေးနှုန်းဖြတ်ပြီးမှ ငွေချေကြတာပါ။
တချို့ စပါးကုန်သည်တွေကျတော့ ငွေကြေးမပြည့်စုံတဲ့အတွက်
ဆန်ကုန်သည်တွေဆီမှာ ကြိုတင်ငွေယူပြီး ထွက်လာတဲ့ဆန်ကို
မဖြစ်မနေ ကြိုတင်ငွေယူထားတဲ့ ဆန်ကုန်သည်ဆီပြန်ရောင်းကြပါတယ်။
တရက်မှာတော့ မစံ ဆိုတဲ့ အမကြီးတယောက်က စပါး တင်းတစ်ရာ ၀ယ်ဖို့ 
ငွေ ၆ သိန်းကို ကြိုတင်လာထုတ်ပါတယ်။ ခါတိုင်းလည်း ဒီလိုပဲထုတ်နေကြမို့ 
ယုံယုံကြည်ကြည်ပဲ ထုတ်ပေးလိုက်ကြတာပါ။နောက်ထပ် ၅ ရက် ၆ ရက်လောက်
နေတော့  မစံ က ရွှေလီ ဘက်ကိုထွက်ပြေးသွားပြီ ဆိုတဲ့သတင်းလေးကြားပါရောလားရှင်။
အဲ့ဒီတော့မှာ အမေ နဲ့ အမ က မျက်လုံးလေးတွေပြူးပြီးတခြား ဆန်ကုန်သည်တွေဆီသွားပြီး
စုံစမ်းမေးမြန်းကြတာပေါ့။ ကိုယ့်ဆီက ငွေ ၆ သိန်းပါသွားတဲ့အကြောင်းပြောတော့ တခြားသူတွေ
ဆီက ပါသွားတဲ့ငွေက ကိုယ့်ထက်တောင်ပိုများနေပါလားဆိုပြီး တော်သေးတယ် တဲ့ ။
သူများတွေလောက်အများကြီးမပါလို့  တဲ့ ။

မစံ က ထွက်ပြေးသွားပေမယ့် သူ့ အမျိုးသားနဲ့ သားတွေ က ကျန်နေပါသေးတယ်။
သူတို့ ခမျာလည်း အဆင်မပြေတဲ့ကြားက ကြိုးစားပြီး အကြွေးတွေဆပ်ဖို့ တော့လုပ်ရှာပါတယ်။
အိမ်မှာရှိတဲ့ဆိုင်ကယ် အစုတ်ကလေးကို  ၂ သိန်းခွဲနဲ့ ဈေးဖြတ်ပြီးယူထားပေးပါလို့ ဆိုပြီး
ငါးသောင်းကိုတော့ ကျနော်သုံးဖို့ ပြန်ပေးပါ ဆိုပဲ။အဲ့ဒါနဲ့ 
၁ သိန်းခွဲလောက်ပဲတန်တဲ့ ဆိုင်ကယ်ကို မအီမလည် မသက်မသာ နဲ့  လက်ခံထားလိုက်ကြပါတယ်။
ကျန်ငွေကိုတော့ အဆင်ပြေသလို လာဆပ်ပါ့မယ်ဆိုတော့လည်း ကျေနပ်လိုက်ကြတာပါပဲ။
လုံးဝ မရတာထက် စာရင် ခုလောက်ရတာကိုပဲ ကျေးဇူးတင်ရမှာပေါ့နော်။

အဲ့ဒီ မတန်ဈေးနဲ့ လက်ခံထားရတဲ့ဆိုင်ကယ်ကို ပြန်ရောင်းထုတ်ဖို့  ကြိုးစားကြရပြန်ပါတယ်။
 ဆိုင်ကယ်က တော်တော်လေးစုတ်တာမို့  တပတ်နွမ်းလေးကိုဝယ်ဖို့ 
လာကြည့်ကြတဲ့သူတိုင်း မကြိုက်ဘူး ဆိုပြီး ပြန်သွားကြတာချည်းပါပဲ။
တရက်မှာတော့ စက်ဘီး အစုတ်လေးစီးပြီး အဒေါ်ကြီးတယောက်
ဆိုင်ကယ် လာကြည့်ပါတယ်။ အမေ က ဆိုင်ကယ်ကို ၂ သိန်းခွဲနဲ့ပဲ ရောင်းဖို့ 
ဈေးခေါ်ပါတယ်။ သမီးတော်က အဲ့ဒီ အဒေါ်ကြီးတို့ ကြည့်ရတာ ဆင်းရဲပုံရတာနဲ့ 
ဒီဆိုင်းကယ် အစုတ်ကိုဝယ်ပြီး ၀ပ်ရှော့ ပို့ တဲ့ ဒုက္ခတွေ တွေးမြင်မိလို့ 
သနားတာနဲ့  လျှာရှည်ပါတော့တယ်။

ဆိုင်ကယ်က သိတ်မကောင်းပါဘူး ၀ယ်ပြီးရင်ပြန်ပြင်ရတာနဲ့ ဘာနဲ့ 
အခက်အခဲဖြစ်နေပါ့မယ်  နဲနဲ့ကောင်းတာလေး ရှာဝယ်ပါလား….. လို့ 
စေတနာထားလိုက်မိပါရော။ အဲ့ဒီမှာ အမေ က ဒေါသ အမျက် ချောင်းချောင်း
ထွက်တော့တာပေါ့။

မိစီ  နင် အရောင်းအ၀ယ် ကိစ္စတွေ ဘာမှ နားမလည်ပဲနဲ့  ၀ယ်မရှုပ်စမ်းနဲ့ 
နင် ၀င်ပြောရမယ့် ကိစ္စ မဟုတ်ဘူး   ဆိုပြီး လေသံမာမာနဲ့   အဒေါ်ကြီးရှေ့ 
မှာ ငေါက်ပါတော့တယ်။  အဒေါ်ကြီးကလဲ အင်မတန်ထူးဆန်းတဲ့ 
လူ တစ်ယောက်ကိုတွေ့ ရသလိုမျိုး သမီးတော်ကို ကြည့်တော့တာပေါ့။
သူ့ ကိုရောင်းမပေးချင်တာလားလို့ ထင်သွားမလား မသိပါဘူး။
အဒေါ်ကြီးဆိုတာ ဆိုင်ကယ် အကြောင်း  ဘယ်လောက်သိနိုင်မှာ မို့ လဲ ရှင်။
ကိုယ်အဆင်မပြေဖြစ်တိုင်း  ကိုယ့်ကိစ္စ အဆင်ပြေဖို့ အတွက် သူများ အခက်အခဲ
ဖြစ်ချင်ဖြစ်ပါစေဆိုပြီး မလုပ်ရက်ပါဘူး။ ဘယ်လိုပဲပြောပြော
အဲ့ဒီ အဒေါ်ကြီးတို့ ထက်စာရင် သမီးတော်တို့ က ပိုပြီးအဆင်ပြေတာပဲ။
စားဖို့ သောက်ဖို့  ပိုလျှံမှူ အတင့်အသင့် ရှိပါတယ်။ ကျိကျိတက်တော့
မချမ်းသာပါဘူး။ဘာဖြစ်လို့ လဲ ဆိုရင် အမ က အမြတ်ငွေ များများရဖို့ ဆိုတဲ့ 
စိတ်ကူး နဲ့  ဘယ်တော့ ပြန်ရောင်းလေ့ မရှိဘူး များများရချင်တဲ့ စိတ်ကို
ဝိသမ လောဘ လို့ မှတ်ယူပြီး  အမြဲတမ်း ဈေး နှုန်း သင့်စွာ ရောင်းချပေးလေ့
ရှိပါတယ်။ ဆင်းရဲတဲ့သူတွေအတွက်သင့်လျှော်တဲ့ ဈေးနှုန်းဖြစ်စေဖို့ ကိုပိုပြီး
ရည်ရွယ်တဲ့သူပါ။ ဒါကြောင့် သူများတွေ  ချမ်းသာသွားလည်း သမီးတော်တို့ 
သာမာန် အတိုင်းအတာ မှာပဲ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ပြောချင်တာကတော့ သမီးတော်ရဲ့စိတ်က ကိုယ့်အဆင်ပြေရင်ပြီးရော ဆိုပြီး
သူတစ်ပါးလက်ထဲ အတင်းထိုးထည့်ပေးတတ်တဲ့  အကျင့်မျိုး။
သူများအခက်အခဲဖြစ်ရင်ဖြစ်ပါစေ  ကိုယ်လိုချင်တာရရင်ပြီးရော ဆိုတဲ့ 
စိတ်ဓါတ် မျိုး မွေးထားလို့ မရတာပဲ။ကိုယ့်ကြောင့်သူများ အဆင်မပြေဖြစ်မှာ
စိုးရိမ်တတ်တဲ့စိတ်ကြောင့် ရခွင့်ယူုခွင့် ပိုင်ဆိုင်ခွင့်တွေ တော်တော်များမျာကို
လက်လွှတ်ဆုံးရှုံးခဲ့တာ များလှပါပြီ။ သမီးတော်ရဲ့ ပင်မ  လုပ်ငန်းခွင်မှာ
လုပ်စားလို့ ရတဲ့ ဂွင်တွေရှိပါတယ် သူများအတွက် အကျိုးပြု ဆောင်ရွက်ရင်း
လုပ်ရတာမျိုးဆိုရင် လုပ်ချင်ပေမယ့် အကျိုးပြု မဟုတ်ပဲ အကျိုးယုတ်ခြင်းတွေ
များနေလို့  ဘာမှ မလုပ်ပဲ ဒီတိုင်းနေဖြစ်တာပါ။ အပိုဝင်ငွေဆိုတာ မရှိပါဘူး။

ကြားဖူးတာကတော့ ယုတ်မာတဲ့စိတ်မျိုးရှိပြီး သူတစ်ပါးကိုချနင်းရဲတဲ့သူတွေသာ
ကြီးပွား တိုးတက်ကြတာများပါတယ်တဲ့ ။ တကယ်  မှန်မှန်ကန်ကန် ကောင်းကောင်း
မွန်မွန် သူတစ်ပါး မနစ်နာအောင် သမာအာဇီဝ နည်းနဲ့ ကြီးပွားတဲ့သူဆိုတာ
တကယ်ကိုရှားပါတယ်တဲ့ ။ ကြီးပွားတဲ့သူတွေကို ပုတ်ခတ်တာတော့မဟုတ်ပါဘူး။
ကိုယ့်လုပ်ပိုင်ခွင့်ကနေ လုပ်တာဆိုပေမယ့် တဖက်လူရဲ့ အိပ်ကပ်ထဲကနေ
မသိမသာ နှိုက်ထုတ်ရတဲ့ နည်းလမ်းတွေနဲ့ ကြီးပွားတိုးတက်ခြင်းကိုလည်း
မှန်ကန်တဲ့နည်းလမ်းလို့  မယုံကြည်ခဲ့တဲ့သူမို့ ပါ။

အဲ့လိုစိတ်ဓါတ်တွေကြောင့်
သမီးတော်ဆိုတာ  ကိုယ်ပိုင်အရည်အချင်းနဲ့  ကြီးပွားတိုးတက်အောင်
ချမ်းသာအောင် လုပ်နိုင်စွမ်းရှိတဲ့သူ မဟုတ်ပါကြောင်း အခွင့်သာခိုက်
ရေးသားလိုက်ရပါတယ်။

BPP Challenge   ခေါ်ထားတဲ့   မိုးညချမ်း လေး ကျေနပ်ပါတော့နော်
တခြားသူတွေကိုတော့  သမီးတော်  BPP Challenge    မခေါ်တော့ပါဘူး။
အားလုံးလည်း တာဝန်ကိုယ်စီ ထမ်းဆောင်နေကြပြီမို့  ခေါ်ထားတာလည်း
လူစုံနေလောက်ပြီထင်ပါတယ်။

ဘလော့ရွာလေးလည်း ရှေ့ ဆက်ပြီးစည်ကားသိုက်မြိုက်နိုင်ပါစေ။



ချစ်ခင်လေးစားစွာဖြင့်



                         


                                  *****တတိယမြောက်သမီးတော်*****

8 comment:

စံပယ်ချို said...

ကြားဖူးတာကတော့ ယုတ်မာတဲ့စိတ်မျိုးရှိပြီး သူတစ်ပါးကိုချနင်းရဲတဲ့သူတွေသာ
ကြီးပွား တိုးတက်ကြတာများပါတယ်တဲ့ ။ တကယ် မှန်မှန်ကန်ကန် ကောင်းကောင်း
မွန်မွန် သူတစ်ပါး မနစ်နာအောင် သမာအာဇီဝ နည်းနဲ့ ကြီးပွားတဲ့သူဆိုတာ
တကယ်ကိုရှားပါတယ်တဲ့ ။ ကြီးပွားတဲ့သူတွေကို ပုတ်ခတ်တာတော့မဟုတ်ပါဘူး။
ဟုတ်တာပေါ့
ီးသမီးတော်လဲ ပျောက်ချက်သားကောင်းတာခုမှတွေ့ရတယ်..

မိုးညချမ်း said...

"ကြားဖူးတာကတော့ ယုတ်မာတဲ့စိတ်မျိုးရှိပြီး သူတစ်ပါးကိုချနင်းရဲတဲ့သူတွေသာ
ကြီးပွား တိုးတက်ကြတာများပါတယ်တဲ့ ။ တကယ် မှန်မှန်ကန်ကန် ကောင်းကောင်း
မွန်မွန် သူတစ်ပါး မနစ်နာအောင် သမာအာဇီဝ နည်းနဲ့ ကြီးပွားတဲ့သူဆိုတာ
တကယ်ကိုရှားပါတယ်တဲ့ ။" ... အမှန်ပဲ မမရေ ... ဟီးးး ကျေနပ်ပါ၏ ... :)

Aunty Tint said...

ကိုယ်ပြုပြုသမျှ ကိစ္စအားလုံးရဲ့ အကျိုးဆက်ဆိုတာ မရှေးမနှောင်း တန်ပြန်စမြဲပါ သမီးတော်ရေ..
ဘလော့လေးတွေကို လည်ပတ်ပြီး ပို့စ်လေးတွေ မနက်တိုင်းလိုလို ဖတ်ခွင့်ရလို့ တီတင့်တော့ ပျော်နေတယ် .. :)

3rdthameetaw said...

ဂျက်ရေ ပျောက်ချက်သားကောင်းနေတာ လိုင်းကြောင့်ပါ
ဘာမှ လုပ်လို့ မရ ကိုင်လို့ မရနဲ့လေ

3rdthameetaw said...

မိုးညလေးရေ ကျေနပ်တယ်ဆို
မမ ကလည်း ကျေနပ်ပါ၏ ကွယ်.....:)

3rdthameetaw said...

မတင့်
အားကြိုးမာန်တက် အချိန်ပေးပြီး
စည်းရုံးတိုက်တွန်း နိုးဆော်ထားရတာ
အားရှိတယ် ပီတိ ဖြစ်တယ် မလား
စာတွေအများကြီးဖတ်ခွင့်ရနေပြီ
သမီးတော်လည်း ၀မ်းသာမိတယ်
မဟုတ်ရင် ဘလော့မှာစာရေးတာ
သမီးတော်တယောက်တည်းဖြစ်နေလားလို့ 
အားငယ်သွားတာ......:)...:P

ရာဇာထွေး said...

ပို့စ်လေးဖတ်သွားပါတယ် အမသမီးတော်ရေ...
ကျွန်တော်လည်း အမသမီးတော်လို ပါပဲ... ကိုယ့် အစွမ်းအစနဲ့တော့
ဘယ်တော့မှသူဌေးဖြစ်မှာမဟုတ်သလို စီပွားလည်းရှာရမှာ မဟုတ်ဘူး...
လူတစ်ဖက်သားကို အားနာတတ်တာရယ်၊ သနားတတ်တာရယ်၊ သူ့နေရာ
မှာငါဆိုရင် ဆိုတဲ့ကိုယ်ချင်းစာတတ်တာရယ် ကြောင့် ဘယ်လိုမှ သူဌေးဖြစ်
မှာမဟုတ်ဘူးအမရေ... ကိုယ်တိုင်သုံးဖို့ကို တော်တော်ချင့်ချိန်ပေမယ့် သူ
များအကူအညီတောင်းရင် လက်ကမနှေးတော့ ပလိုင်းပေါက်နဲ့ဖားကောက်
သလိုပါပဲ... ဘယ်လောက်အားနာတတ်သလည်းဆိုရင် အကူအညီလာ
တောင်းတဲ့သူကို(ကိုယ့်မှာလည်းအဆင်မပြေတဲ့အတွက်) မရှိပါဘူးဗျာလို့
ငြင်းရမှာတောင်တော်တော် အားနာတာအမရေ... အဲဒီလိုအားနည်းချက်
တွေကြောင့် ကျွန်တော်ကိုယ်ပိုင်စီးပွားရှာလို့ သူဌေးဖြစ်မှာ မဟုတ်ဘူး
အမရေ... တစ်ခါတစ်လေ လက်ဖွာလွန်းလို့ လစာတောင်အိမ်ပြန်မပို့
နိုင်ဘူး... ကိုယ့်ရဲ့ပျော့ကွက်သိတဲ့ သူတွေအခွင့်ကောင်းယူတာကို လည်း
ဘယ်လောက်ခံရ ခံရ အမှတ်ကိုမရှိတော့ အိမ်ကဇနီးနဲ့လည်း မကြာခဏ
ကတောက် ကဆတ်ဖြစ်ရတယ်... ဖြစ်လိုက်ရင် ကျွန်တော်အားနာတာရယ်
လက်ဖွာတာ ရယ်ကြောင့်ပဲ အမရေ :P အခုလည်း လင်မယားစကားမပြော
ပဲ စိတ်ကောက်နေတယ်... သူငယ်ချင်းတစ်ယောက်အိမ်ကို ကျွန်တော့်လစာ
စိုက်ပြီးလွှဲပေးလိုက် လို့ ဒီလကျွန်တော့် အိမ်ကိုပိုက်ဆံမပို့နိုင်လို့လေ :P

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

3rdthameetaw said...

စေတနာထားတာတော့ကောင်းပါတယ် ကိုရာဇာထွေးရယ်
ဒါပေမယ့် ကိုယ့်မိသားစုကိုတော့ အဲ့လိုမလုပ်ပါနဲ့ 
သူများကိုကူညီရင်လည်း ကိုယ့်မိသားစုအတွက်ပိုတာကို
ကူညီတာမျိုးပဲဖြစ်ပါစေ သူများအဆင်ပြေပြီး
ကိုယ့်မိသားစုအဆင်မပြေဘူးဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ
ကိုယ့်မိသားစုက အဆင်ပြေပြီးသားဆိုရင်တော့
တမျိုးပေါ့နော်
သက်သက် အခွင့်အရေးယူတာမျိုးကိုတော့
ခွင့်လွှတ်မထားသင့်ပါဘူး
သူလည်း အကုသိုလ်ဖြစ်တယ်
ကိုယ်လည်း အဆင်မပြေဖြစ်တယ်ဆိုရင်
ဒါက လုပ်သင့်တဲ့ကိစ္စ မဟုတ်ဘူးရှင့်
ဆင်ခြင်ပြီး လုပ်သင့်တာကိုပဲရွေးချယ်လုပ်စေချင်မိပါတယ်
ရှည့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုသလိုပေါ့ရှင်
သဒ္ဓါလွန်လို့ ကျွန်ဖြစ်ဆိုတာမျိုးထိတော့ စေတနာ
မထားစေချင်ဘူး တကယ်လိုအပ်လို့ ကူညီတာပဲ ဖြစ်စေချင်တယ်
ကိုယ့်အတွက် သူ့ အတွက် နှစ်ဖက်စလုံးအကျိုးရှိတယ်
ကိုယ်လည်းအကျိုးယုတ်ပြီး သူလည်းအကုသိုလ်ဖြစ်မှာမျိုးတော့
လုံးဝ မလုပ်သင့်ပါဘူး.ကျမ ရဲ့အတွေးပါ ရှင်
ကြိုက်မှ ယူပါ