ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, October 5, 2013

ဓမ္မ မိတ်ဆွေ


                  ကိလေသာသန့် စင်ရန် ဆိုသောရည်ရွယ်ချက်ဖြင့် တရားစခန်းဝင်ခဲ့သော်လည်း
ကျန်းမာရေး အခြေအနေ ကြောင့် ကိလေသာ မဖယ်ရှားနိုင်သေးပါပဲ သမီးတော် ပြန်လာခဲ့ရပါသည်။သစ္စာ တရားတော်များကို မှတ်သားနာယူခဲ့သမျှထဲမှ ရေးသား မျှဝေပါအုံးမည်။
                            
                           "သမီးတော် ဓမ္မမိတ်ဆွေ" ဆိုသော စကားလေးနှင့်ပတ်သက်၍
          နားလည်သမျှကိုတော့ ဆင်ခြင်မှတ်သားစရာတစ်ခုအနေဖြင့် တင်ပြချင်မိပါသည်။

တရားစခန်းဝင်ကြသူများသည်စခန်းဝင်ပြီးခင်မင်သိကျွမ်းကာ ဓမ္မ မိတ်ဆွေ
ဟု ခံယူ သုံးနှုန်းကြပါ၏။

ဓမ္မ ဆိုသည်မှာ မြင့်မြတ်သော မှန်ကန်သောကိုယ်စိတ်နှလုံး
ငြိမ်းအေးချမ်းသာသော အကျင့်သီလ နှင့်ပြည့်စုံသူတို့ ၏နှလုံးသားတွင် ကိန်း
နိုင်သော သဘောရှိသည်ဟု မြင်မိပါသည်။

ရိုင်းစိုင်း ကြမ်းတမ်းသူတို့ ၏ နှလုံးသားတွင် ဓမ္မ ဆိုသည်မှာ မရှိနိုင်ပါ။ထိုရိုင်းစိုင်း
ကြမ်းတမ်းသူတို့ သည် ဓမ္မ ကိန်းပါက ငြိမ်းအေးခြင်းသဘောကိုဆောင်ကြပါ
လိမ့်မည်။မိမိ၏ နှလုံးသားတွင် ဓမ္မ မကိန်းပါပဲ ဓမ္မ၏ သဘောတရားကိုမျှ
မခံယူနိုင်ပါပဲ တစ်ဦးနှင့်တစ်ဦး ဓမ္မ မိတ်ဆွေ ဖွဲ့နေကြပါမူ မြတ်စွာဘုရားရှင်
နှင့် သာသနာတော်ကို စော်ကားမော်ကား ပြုရာကြပေလိမ့်မည်။ ဘေးလူတို့ 
လှောင်ပြောင်စရာဖြစ်ပေလိမ့်မည်။

သမီးတော် သိသမျှ တရားစခန်းမှန်သမျှ စကားမပြောရ ဆိုသော စည်းကမ်းကို
ထုတ်ထားကြသည်သာ ဖြစ်သည်။မဖြစ်မနေ ပြောရမည်ဆိုပါက တစ်ပါးသူ
အနှောက်အယှက် မဖြစ်အောင် မိမိပြောလိုသူ တစ်ဦးတည်း ကြားသာရုံမျှသာ
ပြောဆိုရမည်ဖြစ်ပြီးတိတ်ဆိတ်ခြင်းဖြင့် သာသနာကိုစောင့်ရှောက်ကြရန်ဖြစ်
သည်။

စခန်းဝင်ယောဂီ အများစုတွင် မှားယွင်းစွာ ယူဆ ကျင့်ကြံခြင်းများ ဖြစ်နေသည်
ကို သမီးတော် တွေ့ ရှိခဲ့ရသည်။လွန်စွာ စိတ်မကောင်းလည်း ဖြစ်ရပါသည်။
မှားယွင်းနေသော အချက်များမှာ

၁။တရက်ပြီးတရက် ကုန်ဆုံးတိုင်း အောင်ပြီဟု တွေးတောယူဆ နေခြင်း။
၂။တရား ဓမ္မ နှင့်ထိုက်တန်အောင် နေထိုင်ပြုမူ  မှူမရှိခြင်း။
၃။အဟာရ အပေါ်တွင် တပ်မက်စိတ်များခြင်း။
၎။စခန်းရက်ပြီးဆုံးရန်သာ ဆန္ဒ ရှိနေတတ်ခြင်း။

စခန်းဝင် ယောဂီဆိုသည်မှာတရားရရန်ရည်ရွယ်၍ စခန်းဝင်ခြင်းဖြစ်သင့်ပါသည်။
အဓိဌါန်ဖြင့်စခန်းဝင်သည် ဆိုသည်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာတွင် မရှိသော
တရားများသာဖြစ်သည်။ အဓိဌါန် ပုတီးစိပ်ခြင်းသည် မြတ်ဗုဒ္ဓ အလိုတော်နှင့်
မကိုက်ညီ သကဲ့သို့ အဓိဌါန် ဖြင့် စခန်းဝင်ခြင်းသည်လည်း ထိုနည်းတူပင်
မြတ်စွာဘုရားအလိုတော်မဖြစ်ပေ။

၁။ တရက်ပြီးတရက် ကုန်ဆုံးတိုင်း အောင်ပြီဟု တွေးတောယူဆ နေခြင်း။

                      ၁ ရက်ပြီးသွားလျှင်  ၁ ရက်တော့အောင်သွားပြီ 
၂ရက်ပြီးသွားလျှင် ၂ ရက်တော့အောင်သွားပြီ စသဖြင့် ၁၀ ရက်မြောက်လျှင်
၁၀ရက်  အောင်မြင်သွားပြီ ဟု ပြောဆိုနေကြခြင်းမှာလည်း ဆုံးရှုံးမှူကိုဖေါ်ပြနေခြင်း
သာ ဖြစ်ပါသည်။ အချိန် ကို တန်ဖိုးရှိစွာအသုံးချခြင်းမဟုတ်။ အရိယာတို့ ၏
လမ်းစဉ်နှင့် လားလားမျှ ဆန့် ကျင့်နေသည်ကို သတိပြုသင့်ပါသည်။

အရိယာဖြစ်မည့်သူသည်  ၁ ရက် သာ ကုန်သွားတယ် တရားမရသေးပါလား
ဟု တွေး၏။        ဘာတရားမှ မရပါပဲ ၁ ရက် ကုန်သွားသည်ကို ၁ ရက်တော့အောင်
သွားပြီဟု သူများပြောသလိုလိုက်ပြောခြင်း လိုက်ယောင်ခြင်းဖြစ်နေပါက
မိမိသည် အရိယာဖြစ်မည့်သူ မဟုတ်ဟုသာ ကိုယ့်ကို ကိုယ်ဆုံးဖြတ်လိုက်
ပါတော့ ဟု သမီးတော် ပြောချင်ပါသည်။

 ၁ ရက်အောင်ပြီ ဟူသော စကားမျိုးပြောမည့်အစား တွေးမည့်အစား  တနေ့
တာ မိမိ အားထုတ်ခဲ့သည့်တရားတွင် မိမိ အားနည်းချက်ဘယ်အရာ၊ဘယ်နေရာ
တွင် စိတ်ပျံလွင့်မှူရှိခဲ့ခြင်း ငိုက်မြည်းစိတ်ရှိခဲ့ခြင်း စသည့်တို့ ကို ပြန်ဆင်ခြင်၍
ဝီရိယ စိုက်ထုတ်ရန် သတိပိုထားရန် ပညာဖြင့်ရှူမှတ်ရန် စသည်ဖြင့် တွေးတော
ဆင်ခြင်သင့်ပါသည်။ဆရားသမား က မည်သို့ ဆုံးဖြတ်ချက်ချရမည် မည်သို့ 
ရှူမှတ်ရမည် စသဖြင့် သင်ကြားထားပေးပြီး ဖြစ်သည့်အတွက်မိမိ ရှူမှတ်မှူနှင့်
ကိုက်ညီခြင်းရှိမရှိ စီစစ်ရန်ဖြစ်သည်။

၂။တရား ဓမ္မ နှင့်ထိုက်တန်အောင် နေထိုင်ပြုမူ  မှူမရှိခြင်း။

တရားဓမ္မ ကိုအားထုတ်မည့်သူသည် ကာယဣနြေ္ဒ ၀စီဣနြေ္ဒ  ကို လုံခြုံအောင်
စောင့်ထိန်းသင့်ပါသည်။အကြိမ်ကြိမ် တရားစခန်းဝင်နိုင်ခြင်းကိုဂုဏ်ယူနေရန်
မဟုတ်ပါ။တစ်ကြိမ်ဝင်တိုင်းမိမိတွင်တိုးတက်မှူအနည်းနှင့်အများရှိနေရမည် ဖြစ်သည်။
ဆရာသမားကလည်းဆုံးမပါသည်။"တရားတွေအကြိမ်ကြိမ်နာပြီး အကျင့်စရိုက်မှ
မပြင်ရင် အလကားပဲ " ဆိုသည့်စကား ခပ်လွယ်လွယ် မေ့ မသွားသင့်ပါ။
မိမိအကျင့်စရိုက်ကိုတော့ ပြင်သင့်တာ ပြင်ဖို့ ဆင်ခြင်ရပါမည်။ဆိုလိုချင်သည်မှာ
မိမိကြောင့် သူတစ်ပါး တရားရှူမှတ်မှူကိုအနှောက်အယှက်မဖြစ်အောင်ထိန်း
သိမ်းဖို့ ဖြစ်သည်။ရပ်ကွက်ထဲတွင်တော့ ဘယ်လိုနေနေ သမီးတော် မပြောလိုပါ။
တရားစခန်းလာပြီး စကားများများပြောနေခြင်းများ။အသံကျယ်ကျယ်ပြောနေခြင်း
များ။သွားလာရာတွင်ဖိနပ်သံ တရှပ်ရှပ် ဒေါက်ဖိနပ်သံတဂွပ်ဂွပ် လုပ်နေခြင်းများ။
ကျွတ်ကျွတ် အိပ် နှင့်အသံမြည်သည့် ပစ္စည်းများ ကို အသံမြည်အောင်ပြုလုပ်နေ
ခြင်းများသည် ယောဂီ တစ်ယောက် အနေ ဖြင့်ဆင်ခြင်ရမည့် အသေးအဖွဲမျှ
ကိစ္စသာဖြစ်ပါသည်။တရားဓမ္မ ကို အားထုတ်နေသူသည် ကာယကိုထိန်းရ
မည်။ဝစီ ကိုထိန်းရမည်။ထို့ သို့ ထိန်းသိမ်းခြင်းသည် မနှောကို ထိန်းသိမ်းခြင်းပင်
ဖြစ်သည်။ မည်သည့် ကိစ္စ ကို ပြုလုပ်ရာ`၌ မဆို စိတ်က ဦးဆောင်နေခြင်းသာ
ဖြစ်သည်။ကာယ နှင့်ဝစီ ကိုထိန်းသိမ်းခြင်းသည် မနှောကိုထိန်းသိမ်းပြီး ဖြစ်၏။
အစားအသောက်စားရာတွင်လည်း သတိ အမှတ်ဖြင့်စားသောက်ခြင်းဖြင့် ယောဂီ
ဣနြေ္ဒကိုထိန်းသိမ်းသင့်သည်။သူတစ်ပါး ယုံကြည်စွာလှူဒါန်းထားသော အဟာရ
ကို မှီဝဲ နေသောကြောင့် ဆင်ခြင်ပြီးသာ သုံးဆောင်သင့်ပါသည်။သူ့ ထက်ငါ
အရင်ဦးအောင် အမြန်ပြီးအောင်စားခြင်းသည် ဣနြေ္ဒ ကိုစောင့်ထိန်းနိုင်ရန်
အကြောင်းမရှိတော့ချေ။ကာယ ကို မစောင့်ထိန်းခြင်းဖြစ်သလို မနှောကိုပါ
စောင့်ထိန်းခြင်းမဖြစ်နိုင်တော့။အသေးအဖွဲ ချမှတ်ထားသောစည်းကမ်းချက်များ
သည် မိမိ နှလုံးသား`၌ တရားဥာဏ်စဉ်တက်ရန်သာဖြစ်သည်ကိုမျှ သတိမမူ
မိပါလျှင် ဓမ္မနှင့်ထိုက်တန်သူ မဖြစ်တန်ရာ။

၃။အဟာရ အပေါ်တွင် တပ်မက်စိတ်များခြင်း။

တော်တော်များများသည် အဖျော်များ အချိုများ စသဖြင့် မိမိ ဘာသာဆောင်ယူ
လာပြီး အဆောင်တွင်း`၌ စားသုံးနေကြသည်။ အမှန်တကယ် အဟာရ လိုအပ်
မှူကြောင့်စားသုံးခြင်းကို မပြောလိုသော်လည်း သူများစားသလို ကိုယ်လည်းစား
မှ ဒါမှ တန်းတူဖြစ်မည် ဟူသောအတွေးမျိုးနှင့် စားသုံးနေကြခြင်းသည် အပို
အလုပ်တွေ တမင် များနေခြင်းသာဖြစ်သည်။ အဟာရဆောင်မှ စီစဉ်ပေးသော
အဟာရများသည် လုံလောက်အောင် သုံးဆောင်နိုင်ရန် စီစဉ်ထားပြီးဖြစ်သည်။
သို့ ပါသော်လည်း အဆောင်းတွင်း`၌ တဂေါက်ဂေါက် တဂွပ်ဂွပ် အသံမြည်
စားသောက်နေကြသည်မှာ ပျော်ပွဲစားထွက်လာကြသူများနှင့်ပင် တူနေတော့
ပါသည်။အပြိုင်အဆိုင် စားသောက်နေကြသည်နှင့်တူနေပါသည်။သမီးတော်ကို
ပင် ဘာမျှ မစားမသောက်ပဲနေသည့်အတွက် စိတ်မကောင်းဟုပင် ဆိုကြပေ
သေး၏။တရားစခန်းသွားကာ သမီးတော်မှာ သူတစ်ပါး သနားသည်ကိုခံယူခဲ့ရပါ
သေးသည်။ သမီးတော်လည်းစိတ်မကောင်းပါ။ တရားရှာရန် လာပါလျှက်ကယ်
နှင့် တယောက်နှင့်တယောက် အပြိုင်အဆိုင် စားကြသောက်ကြ စကားပြောကြ
ရီကြလုပ်နေကြခြင်းကြောင့် သမီးတော်ကိုယ်တိုင် စိတ် အနှောက်အယှက်ဖြစ်
မိသည့်အပြင် သူတို့ ၏ကရိကထ များပြားနေခြင်း ကို အချိန်ဖြုန်းတီးနေခြင်းကို
နှမျောမိပါသည်။သေခြင်းတရားသည် ကွေးသောလက် မဆန့် မှီ ဆန့် သော
လက် မကွေးမှီဟု ဆိုထားသည် မဟုတ်ပါလား။ဤလိုနေရာတရားစခန်းတွင်
တော့ ရောင့်ရဲစိတ်နှင့် အတူ ကာယ ၀စီ နှစ်ပါးလောက်တော့ စောင့်ထိန်းစေချင်
ပါသည်။အဟာရ တပ်မက်စိတ် ကိုလည်းထိန်းစေချင်မိပါသည်။

၎။စခန်းရက်ပြီးဆုံးရန်သာ ဆန္ဒ ရှိနေတတ်ခြင်း။

အတော်ကိုဆိုးဝါးသောဆန္ဒ ဖြစ်ပါသည်။တရားလိုချင်၍ လာခြင်းမဟုတ်ပါဟု
ဝန်ခံနေသော ဆန္ဒ ပင်ဖြစ်သည်။စခန်းရက်ကိုပြီးဆုံးချင်နေသည်ကိုက တရား
ကိုရလိုခြင်းမဟုတ် အချိန်အားလပ်၍ ဖြုန်းတီးခြင်း သဘောကို ဆောင်နေသည်။
တရားဟောသည့်ဆရာသမားများ လိပ်ခေါင်းထွက်သည့်အမျိုးဆိုလျှင် လိပ်
ခေါင်းကု၍ပင် ဆုံးတော့မည် မထင်ပါ။ သောတာပန်ဖြစ်စေချင်သောဆန္ဒ
သစ္စာသိစေချင်သောဆန္ဒ နားမလည်မည်ကိုစိုးရိမ်ခြင်း နှင့်အတူ ငါသိသလို
သိကြပါစေဟူသော ဆန္ဒများဖြင့် မေတ္တာ ကရုဏာ ကြီးမားစွာ ပင်ပင်ပန်းပန်း
တရားတော်များကိုနက်နက်နဲနဲ ဟောကြားပါလျှက်နှင့် တရားကိုနှလုံးမသွင်းပဲ
အချိန်ကုန်ရန်သာ ဆန္ဒရှိနေကြလေရာ မြင်တွေ့ရသူ သမီးတော်လည်း
စိတ်မကောင်းဖြစ်ရုံမှတစ်ပါး ဘာမျှ မတတ်နိုင်ပါ။အုပ်စုလိုက်တရားစခန်းဝင်ပြီး
ပျော်ပျော်ပါးပါးစားသောက် စကားပြော၍ ပြန်သွားကြသည်။သူတစ်ပါးလှူဒါန်း
သည်များကိုစားသောက်၍ အကြွေးတွေသယ်သွားကြလေသည်။

စခန်းဝင်ပြီးယောဂီ အဖြစ်ခံယူကာ  အကြွေးတင်သွားမှန်းပင် သိကြပါရဲ့လား။

ဓမ္မနှင့်ထိုက်တန်အောင် သာမာန် စည်းကမ်းချက်လေးသော်မျှ မလိုက်နာပဲ
ပျော်ပျော်ပါးပါး စားသောက်ကာ ဓမ္မမိတ်ဆွေတွေပေါ့ဟု ဆွေမျိုးစပ်ကြသူများ
မိမိကိုယ်မိမိ ဓမ္မနှင့်ထိုက်တန်ရဲ့လားဟု ဆင်ခြင်ကြစေချင်ပါသည်။
ဓမ္မနှင့်ထိုက်တန်အောင်မှ မနေပဲ ဓမ္မ မိတ်ဆွေဟု ခံယူနေကြခြင်း ကြောင့်
အလွန်ပင်စိတ်မကောင်းဖြစ်မိပါကြောင်း။

(လူတိုင်းကိုမဆိုလိုပါ အချို့ သူများကို ဆင်ခြင်သတိရှိကြစေလိုသောဆန္ဒဖြင့်
ရေးသားခြင်းသာဖြစ်ပါသည်။)


မှတ်ချက်။။။

သမီးတော် ရေးသားသည်များကိုဖတ်ရှူနေကြသူများ သမီးတော်၏ သူငယ်ချင်းမိတ်ဆွေများ
ဆွေမျိုးများ တရားစခန်းဝင်ပါက ဖေါ်ပြပါ မှားယွင်းသော အတွေး အယူအဆ များနှင့်
ကင်းဝေးကာ မြင့်မြတ်သော တရားထူးတရားမြတ်ကို ရကြစေခြင်း အကျိုးငှါ ဆင်ခြင်သတိ
ရှိကြစေရန် ရည်ရွယ်၍ ဤစာကိုရေးသားဖေါ်ပြပါသည်။

*****တတိယမြောက်သမီးတော်*****

Posted on: Thursday, September 5, 2013

လူမိုက်မှ လူလိမ်မာဖြစ်ရန် ရည်သန်၍




လူလိမ်မာ သည် မိမိခန္ဓာ၏ ညစ်နွမ်းခြင်းကိုသိပြီး သန့် စင်နိုင်သူဖြစ်သည်။
လူမိုက်သည် မိမိခန္ဓာ၏ ညစ်နွမ်းခြင်းကိုမသိ သန့် စင်ရန်အတွက်လည်း ကြံစည်နိုင်ခြင်းမရှိသူဖြစ်သည်။

ခန္ဓာ ၏ ညစ်နွမ်းခြင်းသည် ကိလေသာ တို့  ပြည့်နက်နေခြင်းကိုဆိုလိုပါသည်။
လိုချင်ရချင်သော လောဘ ကိလေသာ၊ အလိုမပြည့်ခြင်းကြောင့် ဖြစ်သော ဒေါသ ကိလေသာ၊
ရှင်းလင်းပြတ်သားစွာ ဆုံးဖြတ်နိုင်ခြင်းမရှိတွေဝေနေခြင်းတည်းဟူသောမောဟ ကိလေသာ
စသည်ဖြင့် ကိလေသာ တို့ နွံ`၌ နစ်မျောနေသူများသည် လူမိုက်များဖြစ်သည်။

ထို ကိလေသာ နွံ`၌ နစ်မျောခြင်းမရှိ သန့် စင်ထားသူများသည် လူလိမ်မာ များဖြစ်သည်။

သမီးတော်သည် ကိလေသာနွံ`၌ နစ်မျော ပျော်ဝင်ကာ ခုံမင်ခဲ့သူဖြစ်သည်။
လွန်ခဲ့သော(၁၀)နှစ်ကတည်းက တရားရိပ်သာတွင်တစ်ကြိမ် အားထုတ် ခဲ့ဖူးပြီးလေ့လာမှတ်သားကာ
ကိလေသာတို့ ၏ညစ်နွမ်းကြောင်းကိုသိသော်လည်း သန့် စင်ရန် မေ့လျော့နေခဲ့သည်။
လူမိုက်စင်စစ်ပင်ဖြစ်ပါသည်။

ယခုသော်ကား ထိုကိလေသာနွံမှ ရန်ုးထွက်လိုသောဆန္ဒ ဖြစ်ပေါ်နေပါသောကြောင့်
မိုးကုတ်မြို့ ဓမ္မရံသီရိပ်သာ တရားစခန်းတွင် သီတင်းဝါလ ကျွတ်သည်အထိ သွားရောက် စခန်းဝင်ကာ
ကိလေသာတို့ ကိုကြိုးစား၍ သန့် စင်ပါအုံးမည် ။လူလိမ်မာတစ်ဦးဖြစ်လာမည်လား။
သို့ တည်းမဟုတ် အချိန် ကိုတန်ဖိုးရှိစွာ အသုံးမချနိုင်ပဲ သီတင်းကျွတ် စခန်းသိမ်း၍ အိမ်သို့ ပြန်လာကာ
ကိလေသာ နွံတွင်း သက်ဆင်းကာ အပျော်ကြီးပျော်မိအုံးမည်လား။ တိကျစွာ မဆိုနိုင်သေးပေ။
လူမိုက်စင်စစ်မှ လူုလိမ်မာ ဖြစ်လိုသော ဆန္ဒ ကတော့ စိတ်ကူးယဉ်ဆန္ဒမျှသာဖြစ်လေမည်လား မဆိုသာ။
ကြိုးစားရမည်က မိမိ တာဝန်သာဖြစ်ပါတော့သည်။

သမီးတော်နှင့်အတူ လူလိမ်မာ ဖြစ်ရန် ဆန္ဒ ရှိသူများအား လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။
မိုးကုတ်မြို့ ဓမ္မရံသီမိုးကုတ်ရိပ်သာ တရားစခန်းတွင် တရားအားထုတ် ကြပါစို့။

တရားအလုပ်အားထုတ်ရန် အကြောင်းအမျိုးမျိုးကြောင့် မစွမ်းနိုင်သူများသည် ကုသိုလ် ပါဝင်နိုင်ရန်
ဖိတ်ခေါ်လိုပါသည်။

သမီးတော် စခန်းဝင်သည့် ရိပ်သာတွင် ယောဂီ(၃၀၀) ကျော် (၄၀၀)မျှ အမြဲလိုစခန်းဝင်ကြပါသည်။
ထို့ အတွက် နံနက်စာအဟာရကုန်ကျ စရိတ်သည်ကျပ်(၁၅၀၀၀၀)တစ်သိန်းငါးသောင်းကျပ်
နေ့ လည်စာ အဟာရ ကုန်ကျစရိတ်သည် ကျပ်(၃၅၀၀၀၀)သုံးသိန်းငါးသောင်းကျပ်
လုံလောက်မှူမရှိလျှင် နိဗဒ္ဓ အလှူငွေ မှ ဖြည့်တင်းသုံးစွဲ ပါသည်။

သဒ္ဒါကြည်လင် ပါရမီရှင် ကုသိုလ်ရှင်များအနေနှင့် လှူဒါန်းမှူပြုလိုပါကဖေါ်ပြပါ ဖုံးနံပါတ်များသို့ 
ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

၀၈၆-၂၀၂၇၄။     ၀၈၆-၂၀၇၉၇

အဝေးမှ အလှူရှင်များသည် ဂုဏ်ပြုလွှာ လက်မှတ်ရယူရန် ခက်ခဲပါက သမီးတော်ထံ ဂုဏ်ပြုလွှာ
လက်မှတ် အပ်နှံပေးရန်အသိပေးပါက သမီးတော် အနေ နှင့် မှတ်တမ်း ကို စခန်းမှ ပြန်လာသောအခါ
ဓါတ်ပုံရိုက်ယူ ၍ တင်ပေးပါမည်။အဟာရ ဆွမ်း အတွက် သော်၎င်း ယခု ဆောက်လုပ်ဆဲလေးထပ်အမြင့်
သာသနာ့ဗိမာန်တော်အတွက်သော်၎င်း။ လှူဒါန်းမှူများပြုလုပ်နိုင်ကြပါရန် တိုက်တွန်းနိုးဆော်ခဲ့ပါသည်။
သမီးတော်နှင့်အတူ တရားဘာဝနာ အားထုတ်ရန် ကိုလည်းလေးနက်စွာ ဖိတ်ခေါ်ပါသည်
(၉-၉-၂၀၁၃)နေ့ တော်သလင်းလဆန်း(၅)ရက်နေ့ မှစ၍ စခန်းတွင်ရှိနေပါမည်။
အလှူရှင်များနှင့် ဘာသာရေးစာပေလေ့လာသူများ ကို အသိပေးရင်းကုသိုလ်ပါဝင်ကြရန်
နိုးဆော်လိုက်ရပါသည်။

*****တတိယမြောက်သမီးတော်*****

Posted on: Thursday, August 29, 2013

ဒုက္ခ နိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ



ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ= ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် ဟူသော
အရိယာတို့ သိအပ်သော အမှန်တရား

ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် ဟူသော အရိယာတို့ သိအပ်သောအမှန်တရားသည်
သောတာပန် တည်ပြီးသော အထက်မဂ်သုံးပါးကိုအလိုရှိကုန်သော အရိယာတို့ အတွက်ဖြစ်ပါသည်။
ဝေဒနာနုပဿနာ သတိပဌါန်  နှင့် စိတ္တာနုပဿနာသတိပဌါန် တို့ကိုအားထုတ်သောသူများသည်
အောက်ဆုံးမဂ်ဖြစ်သော သောတာပတ္တိမဂ်မှသည် အထက်မဂ်သုံးပါးတို့ ကိုဆက်လက် အားထုတ်
နိုင်သည်။သို့ သော်

ကာယာနုပဿနာ သတိပဌါန်နည်းဖြင့် နှာသီးဖျားမှ ၀င်လေသိ ထွက်လေသိ ၀င်လေဖြစ်ပျက်
ထွက်လေ ဖြစ်ပျက်  ကို ရှူမှတ်၍ ဖြစ်ပျက်မြင်မုန်းဆုံးကာ ပထမ မဂ် ဖြစ်သော သောတာပတ္တိ မဂ်
ကို ရသောသူများသည် ဤ နည်းဖြင့်အထက်မဂ်သုံးပါးကို ဆက်လက်ရှုမှတ်၍ မရနိုင်ပေ။

ဝင်လေ ဖြစ်ပျက် ထွက်လေ ဖြစ်ပျက် ဖြင့် ရှူမှတ်သော ကာယာနုပဿနာ သတိပဌါန်သည်
အကြမ်းစားကိလေသာကိုသာပယ်သတ်နိုင်ပြီး အထက်မဂ် သုံးပါးတိုင်အောင် အကျိုးမပြုတော့ပေ။
အကယ်၍ ကာယာနုပဿနာနည်းဖြင့် အထက်မဂ်သုံးပါးကိုကျင့်ကြံအားထုတ်လိုပါက ရှေ့ ပိုင်းတွင်
သမီးတော် တင်ပြခဲ့ဖူးသော ဓါတ်(၆)ပါး ကမ္မဌါန်း  ဖြင့် ကျင့်ကြံအားထုတ်နိုင်မည်ဖြစ်ပါသည်။
ထိုနည်းတွင်တင်ပြခဲ့သည့်အတိုင်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က သောတာပန် အရိယာ
သာဖြစ်သေးသော အထက်မဂ်သုံးပါး ကိုရရန် အားထုတ်နေသော ရှင်မဟာမောဂ္ဂလာန်
ကိုယ်တော်မြတ်ကိုဟောကြားခဲ့သည့် တရားဖြစ်သည်။ အနုစိတ် အားထုတ်ရမည်ဖြစ်သည်။
အနုစားကိလေသာကို အနုစိပ်၍ ရှူမှတ်ပွားများမှသာ အထက်မဂ်သုံးပါးတိုင်အောင် အားထုတ်
နိုင်ပါလိမ့်မည်။

ထို့ ကြောင့် အောက်ဆုံးမဂ်ဖြစ်သော သောတာပတ္တိမဂ်ကို ရထားသူများသည်အထက်မဂ်သုံးပါး
အတွက် နည်းလမ်းအမှန် ကို လေ့လာရအုံးမည် ဖြစ်သည်။

ရုပ်အပေါင်း `၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှူခြင်းသည်၎င်း။
ဝေဒနာ တို့ `၌ ဝေဒနာကို အကြိမ်ကြိမ် ရှူခြင်းသည်၎င်း။
စိတ် `၌  စိတ် ကို အကြိမ်ကြိမ် ရှူခြင်းသည် ၎င်း။
 သဘောတရားတို့ `၌ သဘောတရားတို့ ကို အကြိမ်ကြိမ် ရှုခြင်းသည်၎င်း။
ထိုသို့သတိ ကိုမှန်စွာအောက်မေ့ ခြင်းသည် “ သမ္မာ သတိ ”  ဟူ၍ ဆိုအပ်၏
သတိ၏ စင်ကြယ်ခြင်းရှိသော မှန်စွာတည်ကြည်ခြင်းကို “သမ္မာ သမာဓိ”  ဟူ၍
ဆိုအပ်၏။

 ဤသို့လျှင် အရိယာတို့  သိအပ်သည့် သစ္စာ တရားကို ရှူမှတ်ဆင်ခြင်နိုင်ကြပါသည်။

ကျမ်းကိုး။   ။ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်-အခန်း(၉) မဟာသတိပဌာန သုတ်တော်
မြန်မာပြန် စာမျက်နှာ ၄၈၇ ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အရိယ သစ္စာ)

*****တတိယမြောက်သမီးတော်*****

Posted on: Tuesday, August 27, 2013

ဗုဒ္ဓ အလိုကျ မြတ်ဒါန



အလှူဒါန ပြုကြရာတွင် မြတ်စွာဘုရားအလိုတော်ကျအတိုင်းပေးလှူနိုင်မှသာ
မြတ်သောဒါန ဖြစ်ပါမည်။မြတ်သောဒါန ပေးလှူနည်း(၅)နည်းကို လေ့လာမှတ်သားမိသမျှ
ပြန်လည်မျှဝေလိုက်ပါသည်။

၁။သဒ္ဓါ ဒါန                =                   ယုံယုံကြည်ကြည်ပေးလှူခြင်း။
၂။သက္ကစ္စ ဒါန            =                   ရိုရိုသေသေ ပေးလှူခြင်း။
၃။ကာလ ဒါန            =                    အချိန်ကာလ အားလျှော်စွာပေးလှူခြင်း။
၎။အနုဂ္ဂဟိတ ဒါန     =                    ပစ္စည်းဝတ္ထု အပေါ်တွယ်တာကပ်ငြိမှူကင်းစွာ ပေးလှူခြင်း။
၅။အတ္တာနဉ္စ ပရဉ္စအနုပဟဉ္စဒါန=   မိမိ သူတစ်ပါး မထိခိုက်စေပဲ ပေးလှူခြင်း။

၁။ယုံယုံကြည်ကြည်ပေးလှူခြင်းကြောင့် သူတစ်ပါးထက်ရုပ်ဆင်းရူပကာ လှပ တင့်တယ်၍
လူပုံအလယ်တွင် ထင်ရှား ကျော်ကြားသည့်အကျိုးကျေးဇူး ကိုရပေမည်။

၂။ရိုရိုသေသေပေးလှူခြင်းကြောင့်သူတစ်ပါး အပေါ်`၌ သြဇာညောင်းခြင်း ထင်ပေါ်ခြင်း အကျိုးကျေးဇူး
ကို ရပေမည်။

၃။အချိန်ကာလ အားလျှော်စွာပေးလှူခြင်းကြောင့် မိမိ အလိုရှိသည့်အချိန်တိုင်း ပြည့်စုံရခြင်း အကျိုးကို
ရပေမည်။

၎။ပစ္စည်းဝတ္ထုပေါ်တွင် တွယ်တာကပ်ငြိခြင်းကင်းစွာပေးလှူခြင်းကြောင့် ပစ္စည်း ဥစ္စာ ကြွယ်ဝ ချမ်းသာ
ပြီး ၎င်းပစ္စည်းဥစ္စာတို့ အပေါ် `၌ နှမျော တွန့် တိုခြင်း မရှိ ပေးကမ်းလှူဒါန်းခြင်း သုံးစွဲခြင်းကိုပြုနိုင်ပေမည်။
ပစ္စည်း ၀တ္ထုကို တွယ်တာကပ်ငြိပြီးလှူဒါန်းမိပါက ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသော်လည်း မစားရက်
မသောက်ရက် မလှူရက် မသုံးစွဲ ရက်ပဲ နှမျောတွန့် တို စေးနှဲသူ ဖြစ်တတ်သည်။

၅။မိမိ သူတစ်ပါး မထိခိုက်စေပဲ ပေးလှူခြင်းကြောင့်လှူဒါန်းရမှူ အစုစု အတွက် ပီတိ ဖြစ်ရပေမည်။
ဤသို့ မဟုတ်မူပဲ မိမိသူတစ်ပါးထိခိုက်စေခဲ့ပါမူ(ဥပမာ-မိမိ တတ်နိုင်သည်ထက်ပို၍ လှူဒါန်းမှူပြုလုပ်
ပြီး ၎င်း အတွက် ကြွေးမြီများဖြင့် ပူပန်ခြင်းမကင်းရသော် အလှူဒါန အတွက် ပီတီဖြစ်ရမည်မဟုတ်သဖြင့်
ပြည့်စုံသော အလှူတစ်ခု မဖြစ်တော့ပေ။)လှူသမျှအတွက် ကုသိုလ် ပြည့်စုံစွာ အကျိုးမခံစားနိုင်
ဖြစ်တတ်ပါသည်။

                        ဖေါ်ပြပါနည်းအတိုင်းပြည့်စုံသောအလှူဒါန ကို စွမ်းဆောင်နိုင်ကြပါစေ

(ဓမ္မရံသီ မိုးကုတ် ၀ိပဿနာရိပ်သာမှ ဆရာတော် ဦးတိက္ခ ၏ "ဗုဒ္ဓ အလိုကျ မြတ်ဒါန"  တရားတော်ကို
နာကြားမှတ်သား၍ ပြန်လည်မျှဝေပါသည်)

*****တတိယမြောက်သမီးတော်*****

Posted on: Sunday, August 25, 2013

ဒိဌိ ဖြစ်ကြောင်းတရား(၈)ပါး



၁။ခန္ဓာ၏ ဖြစ်ကြောင်းကို မသိလျှင် ဒိဌိ ဖြစ်မည်။
၂။အ၀ိဇ္ဇာ၏ အကြောင်းကိုမသိလျှင် ဒိဌိ ဖြစ်မည်။
၃။ ဖဿ (ထိတွေ့ခြင်း ကြောင့်)ဒိဌိ ဖြစ်မည်။
၎။အမှတ်မှားလျှင် ဒိဌိ ဖြစ်မည်။
၅။အကြံအစည် မှားလျှင် ဒိဌိ ဖြစ်မည်။
၆။နှလုံး သွင်းမှာလျှင် ဒိဌိ ဖြစ်မည်။
၇။အပေါင်းအသင်းမှားလျှင် ဒိဌိ ဖြစ်မည်။
၈။သူတစ်ပါး တရားအနာ မှားလျှင် ဒိဌိ ဖြစ်မည်။

(၁၇-၈-၂၀၁၃ နေ့  -ဓမ္မရံသီ မိုးကုတ်ဝိပဿနာ ရိပ်သာ- မိုးကုတ်မြို့ မှ-ဆရာတော် ဦးတိက္ခ
 ဟောကြားသော ဒိဌိဖြစ်ကြောင်းတရားတော် ကိုမှတ်သားမိသမျှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

*****တတိယမြောက်သမီးတော်*****

Posted on: Thursday, August 22, 2013

ဟာသ(၂)


အဖွား တစ်ဦး သစ္စာတရားများ ဟောကြားသော တရားရိပ်သာသို့ သွား၍စခန်းဝင်ကာ
တရားတော်များနာယူပြီး (၁၀)ရက်ပြည့်သောနေ့  စခန်းသိမ်းပြီး အိမ်သို့ ပြန်ရောက်လာလေ၏။
ထမင်းစားချိန်ရောက်သောအခါ မြေးဖြစ်သူက အဖွားကို ထမင်းစားရန် လာခေါ်ရာ

"အဖွား..ထမင်းစားရအောင် " 

မြေး၏ ခေါ်သံ ကိုကြားသောအခါ အဖွားဖြစ်သူမှာ အခက်တွေ့ နေတော့သည်။
ရိပ်သာတွင် နာကြားမှတ်သားခဲ့သည်က ငါစွဲကို  မစွဲရန် နှင့် ငါ ဟူသော ဒိဌိ ကို ဖြုတ်ရန်
ဆရာတော်များက အထူးပင် သတိပေး ဆုံးမတော်မူခဲ့ရာ  မြေးဖြစ်သူကို ငါ ဟူသော
ဝေါဟာရ ကိုသုံး၍ စကားပြန်ပြောရန် ခက်ခဲနေလေ၏။
အဖွား ၏ တုံပြန်ပြောသံကိုမကြားရသောကြောင့်မြေး က အသံကိုမြှင့် ၍ ထပ်ခေါ်ပြန်သည်။

" အဖွားရေ..ထမင်းစားရအောင် "

အခါတိုင်းတွင် အဖွားဖြစ်သူမှာ မြေးက ခေါ်လျှင် အေး...ငါ  စားမယ်  (သို့ တည်းမဟုတ်)
 ငါ မစားသေးဘူး ဟု  ဖြေနေကျ ဖြစ်သည်။ ယခုမူ ဒိဌိဖြုတ်တရားများကို နာကြားမှတ်သားခဲ့
သောကြောင့်  ငါ ဟူသော အသုံးအနှုန်းကို ပြောဆိုသုံးစွဲရန် နုတ်က မထွက်ရဲဖြစ်နေရှာ၏။
(ဒုက္ခပဲ  ဒီကလေးနဲ့တော့ ဘယ်လိုများပြောရမှာပါလိမ့် . မပြောတော့လဲ အခက်  ပြောရမှာလဲ ခက်)
အဖွားမှာ သူ့ အတွေးနှင့်သူ စိတ်ကျဉ်းကျပ်နေလေ၏။

 " အဖွား  ..ထမင်းစားရအောင်လို့ ...ခေါ်နေတာ မကြားလို့ လား အဖွားရဲ့ 
ဘာမှန်းလဲ မသိဘူး အဖွားကလဲ  တရားစခန်းက ပြန်လာပြီးမှာ အူကြောင်ကြောင် နဲ့   "  

မြေးဖြစ်သူ က စိတ်မရှည်စွာဖြင့် အဖွားကို လှမ်းအော်ပြန်လေ၏။
ထိုအခါ အဖွားမှာ ဇွတ်မှိတ်ပြီး မြေးကို ပြန်ဖြေလိုက်ရရှာသည်။

"ကျမ  ..မစားသေးပါဘူး ရှင်  "
+++++++++++++++++++++++++++

ဤသည်မှာ သစ္စာ တရား၏ လေးနက်မှူ ကိုမသိမမြင် နားမလည်သေးသောကြောင့် ဖြစ်တတ်သော
အကြောင်းများပင် ဖြစ်သည်။ဒိဌိဖြုတ်ရမည် ဆိုခြင်းမှာ ငါ စွဲစွဲခြင်းကင်းရန်ဆိုဆုံးမ ခြင်းသာဖြစ်သည်။
ငါ ဟူသောအသုံးအနှုန်း ကို သုံးခွင့်မပြုခင်းမဟုတ်ပေ။ မြတ်စွာဘုရားသော်မှ ငါဘုရား  ဟူသော
ဝေါဟာရ ကိုသုံးစွဲပါသည်။မှတ်၊သိ၊ယူ၊စွဲ  ခြင်းကင်းရန် သင်ကြားပေးခြင်းသာ ဖြစ်၏။

(ဖေါ်ပြပါဟာသလေးမှာ ဆရာဘုန်းဘုရား မှ ၀ိပဿနာ ရှူပွားနည်း ကို ဟောကြားစဉ် ဟာသ နှော၍
မိန့် ကြားခဲ့ခြင်း ကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

           *****တတိယမြောက်သမီးတော်*****

Posted on: Thursday, August 8, 2013

နိဗ္ဗာန်ဆော်၏ ပါရမီ





သန္တတိ အမတ်ကြီးသည် ပေဿနဒီ ကောသလ မင်းကြီး၏ အမိန့် တော်ဖြင့်
ပုန်ကန်သောင်းကျန်းသော ပစ္စန္တရစ် ရွာကို နှိမ်နှင်း၍ အောင်မြင်သဖြင့်
ရှင် ဘုရင်စည်းစိမ်ကို(၇)ရက်ခံစားရ၏။ထို(၇)ရက် ကာလပတ်လုံး သောက်စား
ပျော်ပါုးခြင်း။ကချေသည်တို့၏ကခြင်း သီခြင်း ဖျော်ဖြေခြင်းတို့ `၌ မင်းစည်းစိမ်ကို
ခံစားလေ၏။(၇)ရက်မြောက်သောနေ့ `၌အလုံးစုံတန်ဆာဆင်ထားသော
ဆင်ကျောက်ကုန်းထက် နေလျှက် ရေချိုးဆိပ်သို့သွားသည်ရှိသော်  ဆွမ်းအလို့ ငှါ
ကြွဝင်လာသော မြတ်စွာဘုရားရှင်ကို တခါး ကြား`၌ မြင်ရလျှင် ဆင်ကျောက်ကုန်း
ထက်`၌ တည်လျှက် ဦးခေါင်းကို လှုပ်၍ ရှိခိုးလေ၏။

မြတ်စွာဘုရားရှင်သည် ပြုံးခြင်းကိုပြုရာ    အာနန္ဒာ မထေရ်က ပြုံးတော်မူခြင်းအကြောင်းကို
မေးလျှောက်၏။မြတ်စွာဘုရားသည်

ချစ်သားအာနန္ဒာ  သန္တတိ အမတ်ကြီးကိုကြည့်ရှူလော့။ယနေ့ပင်လျှင် အလုံးစုံသော တန်ဆာဖြင့်
တန်ဆာဆင်လျှက် ငါဘုရား၏ အထံတော် သို့ လာလတ်၍ လေးပုဒ်သောဂါထာ၏ အဆုံး`၌
 အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ထန်းခုနှစ်ဆင့် ပမာဏ မြင့်သော ကောင်းကင်း`၌ နေထိုင်လျှက်
ပရိနိဗ္ဗာန်ပြုရပေလတ္တံ့ ဟု မိန့် တော်မူလေ၏။

လူများအပေါင်းတို့ သည် မြတ်စွာဘုရားရှင် ၏ စကားတော်ကို ကြားလျှင် မိစ္ဆာ ဒိဌိ အယူရှိကုန်သော
သူတို့ သည် မကောင်းသောစကားတို့ဖြင့် ကဲ့ရဲ့ ကြလျှက် ဘုရားရှင်အားစွပ်စွဲ နှိပ်စက်ရန် ကြံစည်
ကြကုန်၏။ ကောင်းသောအယူဝါဒ ရှိသူတို့ သည် မြတ်စွာဘုရားရှင်၏ တင့်တယ် ခြင်းကို၎င်း။
သန္တတိ အမတ်ကြီး၏ တင့်တယ် ခြင်း ကို၎င်း  ရှူမြင်ကြရပေတော့မည်ဟု ကြံစည်ကြကုန်၏။

သန္တတိ အမတ်သည် ရေကစားပြီး၍ မင်းစည်စိမ်ဖြင့် သေသောက်ကာ ကချေသည်၏
အက ကို ရှူစားနေစဉ် ကချေသည်မသည် နှလုံးခွဲဖြတ်လျှက် လဲကျသေဆုံးလေ၏။
သန္တတိ အမတ်ကြီးသည်ကား ကချေသည်မ ၏ အဖြစ်ကိုမြင်သည်နှင့် နှလုံးမသာမယာဖြစ်ကာ
ကြီးစွာသော စိုးရိမ်သောက တို့ နှိပ်စက်လေ၏။အမတ်ကြီးသည် ငါ၏ စိုးရိမ်ခြင်းသည်
မြတ်စွာဘုရားမှ တစ်ပါး အခြားသူတို့  ငြိမ်းအေးစေနိုင်မည်မဟုတ်ဟု တွေးတောဆင်ခြင်လျှက်
ဗိုလ်ပါ အပေါင်း ခြံရံကာ မြတ်စွာဘုရားထံပါး ဆည်းကပ် ရိုသေ ရှိခိုးတောင်းပန်
လျှောက်ထားလေ၏။

မြတ်စွာဘုရား၏ ဂါထာတော်အဆုံး`၌ သန္တတိ အမတ်ကြီးသည် အရဟတ္တဖိုလ် သို့ 
ရောက်၏။မိမိ၏ အာယုသင်္ခါရ ကို ဆင်ခြင်သော် အသက်၏နည်းပါခြင်းကို သိရလျှင်
မြတ်စွာဘုရားအား ပရိနိဗ္ဗာန် ပြုခြင်း ကိုခွင့်ပြုပေးရန် လျှောက်ကြားလေ၏။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ပြုခဲ့ဖူးသော ကုသိုလ် ကောင်းမှူတို့ အကြောင်းကို
ထန့် ခုနှစ်ဆင့်အမြင့်မှ နေ၍ ဟောကြားရန် မိန့် တော်မူသဖြင့်  အမတ်ကြီးသည်
ကောင်းလှပါပြီ ဘုရား  ဟု လျှောက်ထားပြီး မြတ်စွာဘုရားကိုရှိခိုး၍ ထန်းတစ်ဆင့်အမြင့်သို့
တက်ပြီး မြေပြင်သို့ ပြန်ဆင်းကာ မြတ်စွာဘုရားကို ရှိခိုး၏။တဖန် ထန်းနှစ်ဆင့်အမြင့်သို့ 
တက်၍ မြေပြင်သို့  ပြန်ဆင်းကာ မြတ်စွာဘုရားကို ရှိခိုး၏။ထို မှတဖန် ထန်းသုံးဆင့်အမြင့်သို့ 
တက်၍ မြေပြင်သို့  ပြန်ဆင်း ကာ မြတ်စွာဘုရားကိုရှိခိုး၏။ထိုနည်းအတိုင်း ထန်းခုနှစ်ဆင့်
အမြင့်သို့  ရောက်သော် တပည့်တော်၏ ကောင်းမှူကံ ကိုနာတော်မူကြပါဘုရား ဟု
လျှောက်ထားလေ၏။

ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာ ထက်`၌ ၀ိပဿီ မြတ်စွာဘုရားထင်ရှား ပွင့်တော်မူသောအခါ
ဘုရားတပည့်တော်သည် လူများအပေါင်း ကို ကောင်းမှူတို့ ကို ပြုစေခဲ့ပါသည်ဘုရား၊
ဥပုသ် နေ့ `၌ ဥပုသ် ဆောက်တည်ကြပါကုန်လော့။ အလှူပေးကြပါကုန်လော့။
ဘုရားရတနာ အစရှိသည်တို့ နှင့်တူသောတစ်ပါးသော ရတနာ မည်သည် မရှိ။
ရတနာ သုံးပါး တို့ အား ပူဇော်သက္ကာရ မှူကိုပြုကြပါကုန်လော့။  ဟု ကြွေးကြော် လှည့်လည်
ခဲ့ပါ၏။ထို့ သို့ လှည့်လည်သည်ကိုဗန္ဓုမတီ မင်းကြီသည် တပည့်တော်အားခေါ်စေ၍
လှည့်လည်သွားလာရာတွင် သုံးရန် မြင်း ကို၎င်း။ရထားကို၎င်း။ ဆင်ကို၎င်း။အခြားသော
စည်းစိမ်ကို၎င်း ချီးမြှင့်တော်မူပါ၏။ထို ကုသိုလ်ကံကြောင့် စန္ဒကူး နံသည် လှိုင်၏။ခံတွင်းမှ
ကြာညိုနံသည် လှိုင်၏။တပည့်တော်သည် ဤ ကောင်းမှူကိုပြုအပ်ပါသည် ဘုရား   ဟု
လျှောက်ထားလေ၏။

ဤသို့ လျှင် ရှေး က ပြုခဲ့သည့် ကုသိုလ်ကောင်းမှူကိုဟောကြားပြီးနောက် ကောင်းကင်ထက်`၌
နေလျှက် တေဇော ကသိုဏ်းဈာန်ကိုဝင်စားပြီးပရိနိဗ္ဗာန် ပြုလေ၏။ခန္ဓာ ကိုယ်မှ မီးလျှံတို့ သည်
အသွေးအာသားတို့ ကို တောက်လောင်လျှက်ရွှေဖြင့်ပြီးသော ပန်းကဲ့သို့သော ဓါတ်တော်တို့ သည်
မြေပြင်သို့ ကျလာကုန်၏။


ဤသည်မှာ နိဗ္ဗာန် ဆော် ကုသိုလ် ကိုပြုခဲ့သူ၏ ကောင်းမှူ ကံ အကြောင်း ဖြစ်ပါသည်။
ယနေ့ ခေတ် အခါတွင်နိဗ္ဗာန်ဆော် ကုသိုလ်ကောင်းမှူ ပြုလုပ်သူများစွာရှိနေ၏။
ဘာသာ သာသနာ ကိုထွန်းကားပြန့် ပွားစေရန် ဆောင်ရွက်နေကြသူများ လှူဒါန်းနေကြ
သူများ။ အင်တာနက် စာမျက်နှာများတွင် အခြားသူများပါ ဘာသာ သာသနာ ကိုလေ့လာ
ခွင့် ဖတ်ရှူခွင့်ရစေရန် ရည်ရွယ်၍ ဘာသာရေးစာပေများကို share လုပ်ခြင်းများသည်
နိဗ္ဗာန် ဆော် ပြုလုပ်ခြင်းပင်ဖြစ်သည်။ထို့ ကြောင့်အင်တာနက် စာမျက်နှာများ`၌
ဘာသာရေး စာပေများ share လုပ်ခြင်း ပြန့် ပွားအောင် ဖြန့် ဝေခြင်း လှူဒါန်းခြင်းတို့ ကိုပြုလုပ်
နေသူတို့ သည် သန္တတိ အမတ်ကြီးပြုခဲ့သော ကောင်းမှူကုသိုလ် နှင့် အချိုးညီပါသောကြောင့်
အဆုံးစွန်သောဘ၀ `၌ နိဗ္ဗာန် ကိုမျက်မှောက်ပြုရမည်မှာ ဧကန်မလွဲဖြစ်ပါတော့သည်။

          

              *****တတိယမြောက်သမီးတော်*****



ကျမ်းကိုး။   ။အရှင်ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော ပုံတော်စုံ ဓမ္မပဒ၀တ္ထုတော်ကြီး ဒုတိယတွဲ
                စာမျက်နှာ-၃၄ သန္တတိ အမတ်ကြီး ၀တ္ထု ။

Posted on: Thursday, August 1, 2013

အရိယာ ပုဂ္ဂိုလ် ဘယ်လိုရှာမလဲ


သောတာပန် အရိယာ သည် ကာမဂုဏ်`၌ တပ်မက်သော ကာမရာဂ ကိုမပယ်နိုင်သေး။
ထို့ ကြောင့်လောကီကာမ ချမ်းသာထက် အဆ ပေါင်းများစွာသာလွန်သော လောကုတ္တရာ
ဓမ္မ ဖလ သမာပတ်ချမ်းသာကို ၀င်စား၍ နေနိုင်ပါလျက် အမြဲ မ၀င်စားပဲ ကာမ ဂုဏ်ချမ်းသာကို
ခံစားကြသေးသည်။

ဤသည်မှာ မဟာစည်ဆရာတော်ဘုရားကြီး မိန်ဆို့ ချက်ဖြစ်ပါသည်။

မိမိ လေ့လာခဲ့ဖူးသမျှတွင်လည်း ဤကဲ့သို့  ဆရာတော်များ ဆိုမိန့် သည်ကို လေ့လာမှတ်သားခဲ့ရသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကဿပ ရဟန္တာ ကိုယ်တော်မြတ် အား
အလုပ်အကျွေးပြုနေသူ ကပ္ပိယ သည် ** ခုခေတ်မှာ  ရဟန္တာ မစဲတမ်းရှိတယ်လို့ သာ
ပြောတယ် ဘယ်လိုပုဂ္ဂိုလ်က ရဟန္တာ မှန်း ကိုမသိပါဘူး ဘုရား** ဟု အရှင် မြတ်ကို လျှောက်တင်ရာ..
ရဟန္တာ ကိုယ်တော်မြတ်က**ကပ္ပိယကြီး ရဟန္တာ ကိုယ်တော်ကို အနား ကပ်ပြီးအလုပ်အကျွေးပြုနေတာ
တောင် ရဟန္တာ မှန်း သိဖို့ ခက်ခဲတယ်**ဟူ၍ မိန့် တော်မူဖူး၏။

ဤ သည် တို့ ကိုထောက်ရှူခြင်းအားဖြင့် ရဟန္တာ ကိုပင် မသိနိုင်သောပုထုဇဉ်များသည်
ကာမဂုဏ်အာရုံခံစားနေသော သောတာပန် အရိယာကို မည်သို့ မှ မသိနိုင်ကြပေ။

ယခုကဲ့သို့ သာသနာတွင်းကာလ သာသနာတော် နေလိုလလိုထွန်းတောက်နေချိန်တွင်
သောတာပန် သကဒါဂါမ် တို့  ရှိနေမည်ဖြစ်ပြီး ကာမဂုဏ် အာရုံကိုခံစားနေအုံးမည်
 ဖြစ်လေသောကြောင့် မည်သို့ မှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။

သို့သော် အရှင်ကဿပ မထေရ် ကဲ့သို့ ပင် အရိပ်အမြွက်သော်မျှ ပြောပြပါလိမ့်မည်။
အသိပညာ ဗဟုသုတ တို့ ခေါင်းပါးသော သူတို့ သည် အရိပ် အမြွက် မဆိုထားနှင့်
အကောင်လိုက် ကိုယ်ထင်ပြသည်ပင် ဘာကောင်မှန်း သိကြမည် မဟုတ်။

အရိယာ တို့ မည်သည်မှာ အရိပ်အမြွက်သော်မျှ ပြောကြပါလိမ့်မည်။

သို့ ပါသောကြောင့် မိမိ အနီး ပတ်ဝန်းကျင် မှ အရိပ်အမြွက်သော်မျှပြောလာသူကို လေ့လာမှတ်သား၍
ဆည်းကပ်ပါမူ အကျိုးထူးတို့ ပေးပေလိမ့်မည်။

စော်ကား မော်ကားပြောဆိုမိပါမူ သာမာန်ထက် အကျိုးများစွာယုတ်ပေလိမ့်မည်။

သတိထားဆင်ခြင်နိုင်ကြစေခြင်းအကျိုးငှါ တင်ပြလိုက်ရခြင်းသာဖြစ်ပါသည်။


                        *****တတိယမြောက်သမီးတော်*****

Posted on: Saturday, July 20, 2013

သံဝေဂ မေးခွန်းများ.....?


အသင်...အသက်ကြီးနေပြီ သဘောထား မကြီးနိုင်သေးဘူးလား?
အသင်...ဆံပင်တွေ ဖြူနေပြီ စိတ်ထားမဖြူနိုင်သေးဘူးလား?
အသင်...ဆံပင်တွေကျွတ်နေပြီ အကျွတ်တရား မရနိုင်သေးဘူးလား?
အသင်...ထိပ်ပြောင်နေပြီ  ကိလေသာ ပြောင်အောင်မလုပ်နိုင်သေးဘူးလား?
အသင်...မျက်စိ မှူန်နေပြီ တရားအတွက် စမ်းတ၀ါးဝါး ဖြစ်နေတုံး ပဲလား?
အသင်... နားထိုင်းနေပြီ တရားနာဖို့ ထိုင်းမှိုင်းနေတုံးပဲလား?
အသင်...အသက် ရှူသံ ချို့ တဲ့နေပြီ အာနာ ပါန လုပ်ဖို့ ချို့ တဲ့နေတုံး ပဲလား?
အသင်...လျှာထူနေပြီ မကောင်းမှူမှာ ထူပူနေတုံးပဲလား?
အသင်...သွား ကျိုးနေပြီ မာန်မာန မကျိုးနိုင်သေးဘူးလား?
အသင်...ပါးစပ် ရွဲ့ နေပြီ ကုသိုလ် ကိုအရွဲ့တိုက်နေတုံးပဲလား?
အသင်...အသံပြာနေပြီ ခုထိ ဗျာ များနေတုံးပဲလား?
အသင်...လက်တွေတုန်နေပြီ  ပုတီး ကိုင်ဖို့  ချီတုံချတုံ ဖြစ်နေတုံးပဲလား?
အသင်...ခြေထောက်တွေ ယိုင်နေပြီ အမှားဘက်ကို ယိုင်နေတုံးပဲလား?
အသင်...အသားအရေတွေ တွန့် နေပြီ  ကုသိုလ် လုပ်ဖို့ တွန့် နေတုံးပဲလား?
အသင်...ခါးကိုင်းနေပြီ  ရတနာ သုံးပါးကို မကိုင်းရှိုင်းနိုင်သေးဘူးလား?
အသင်...စိတ်တွေဝေနေပြီ ၀ိပဿနာလုပ်ဖို့  တွေဝေနေတုံးပဲလား?


အရှင် သုခမိန္ဒ
တက္ကသီလ မဟာဓမ္မာစရိယ
MA(Buddhism)(Sri lanka)



                      ***** တတိယမြောက်သမီးတော် *****

Posted on: Thursday, July 18, 2013

တွေ့ မြင်ခဲ့ရ သံဝေဂ သတိနဲ့ ဆင်ခြင်ကြစေချင်




သမီးတော် (၁၁-၇-၂၀၁၃) နေ့  ကအလုပ်ကိစ္စ နှင့်ခရီးထွက်ခဲ့ပါတယ်။
မန္တလေးနဲ့ ပြင်ဦးလွင် ကိုရောက်ခဲ့ပါတယ်။

ပြောရရင်တော့ သမီးတော်တို့  မြို့ က တောမြို့ လေးပါ။
တောမြို့ လေးမှာ သူတောင်းစားတစ်ယောက်မှ မရှိပါဘူး။
ဆင်းရဲတဲ့သူတွေရှိပေမယ့် တောင်းစားတဲ့အခြေအနေ မျိုးတော့မရှိကြဘူး။
သူများအိမ်မှာ အ၀တ် လိုက်လျှော်တဲ့သူ သန့် ရှင်းရေးလုပ်တဲ့သူ ထမင်းဟင်းချက်တဲ့သူတွေ
တော့ ရှိပါတယ်။ ကိုယ်ထမင်း ကို ရှာစားကြတဲ့ လူမျိုးတွေပဲ ရှိတယ် လို့ ဆိုချင်တာပါ။

မန္တလေး ရောက်တော့ သူတောင်းစားတော်တော် များများကိုတွေ့ ရတယ်။
ဘယ်လို အကြောင်းကြောင့်များ သူတောင်းစားဖြစ်နေတာလဲ ဆိုတဲ့  အတွေးတွေ ၀င်မိတယ်။

 ခန္ဓာ ရရင်ဒုက္ခ သစ္စာ ပါဆိုမှ  စားဖို့ နေဖို့  ပါ ဒုက္ခ ဆိုမှတော့ ဘ၀ က တော်တော်ဆိုးပြီပေါ့။
အရင် ဘ၀တွေမှာ သူတော်ကောင်းတွေကို သူတောင်းစားတွေလို့ များ ပြောဆိုပြစ်မှားကြလို့ လား။
ကိုယ်တိုင်က ၀ီရိယ အားနည်းပြီး ပျင်းရိလို့ လား။


တွေ့ ခဲ့သမျှ သူတောင်းစားတွေကလည်း ခြေကော လက်ကော အကောင်းတွေ ကြီးပါပဲ။
ဘာတစ်ခုမှ မချို့ ယွင်းပဲနဲ့ ကိုတောင်းစားနေကြတာ။သံသရာ တစ်လျှောက်လုံးများ
ဒီလိုပဲနေသွားကြလေမလားတောင် မသိပါဘူး။
ဒီလိုလူတွေ သံသရာကို ဘယ်လိုအဆုံးသတ် နိုင်မှာလဲ ။
သနားစရာလည်း ကောင်းသလို စိတ်ပျက်စရာလည်း ကောင်းပါတယ်။

အတွေးတွေ အများကြီးပါ။

ဒီလိုလူတွေ က သစ္စာကို မရှာနိုင်တာ ထားတော့ ။ ပြည့်စုံတဲ့သူတွေကော သစ္စာ ကိုရှာကြရဲ့လား။
ငွေကြေးပြည့်စုံနေပါလျှက်နဲ့။ ငွေကိုပဲထပ်ရှာပြီး ပျော်နေကြမှာ။ သေခြင်းတရားကိုမေ့ နေကြမှာ။
ငါမသေနိုင်သေးဘူးလို့ တွေးပြီး ငွေပဲရှာဖို့ အားသန်နေကြမှာ။

မြတ်စွာဘုရားရဲ့သာသနာတော် နဲ့ ဆုံခိုက်လေးမှာ သစ္စာ သိဖို့  ကြိုးစားတဲ့ သူဆိုတာ
တော်တော်ကိုနည်းပါတယ် ။သမီးတော်နေတဲ့ ရွာမှာ လူဦးရေ (၃၀၀၀)လောက်ရှိမယ်.
တရားစခန်းဖွင့်တော့ စခန်းဝင်တဲ့ သူ က (၁၀၀)တောင် မပြည့်ဘူး။
တခြားနေရာတွေလည်း အဲ့လို ပါပဲ။

ဒီတော့ သစ္စာသိဖို့ ကြိုးစားတဲ့သူ ထက် ငွေရှာဖို့ ပဲ အားသန်တဲ့သူ က ပိုများတယ် ဆိုတာ
အသိသာကြီးပါ။ငွေကြေးပြည့်စုံပေမယ့်  သစ္စာသိအောင်မကြိုးစားတဲ့သူ
သမီးတော် ခရီးထွက်တဲ့ အချိန်မှာတွေ့ ခဲ့တဲ့ သူတောင်းစားတွေနဲ့ ဘာများခြားနားမှာတဲ့လဲ။
သူတောင်းစားတွေ နဲ့ အတူတူပါပဲ။ သူတို့ က နေစရာ စားစရာတောင်မရှိလို့  တရားတောင်မနာနိုင်တာ။
သစ္စာသိဖို့ အဝေးကြီးပါ။ နေစရာ စားစရာရှိပြီး အလှူဒါန ပြုပေမယ့်လို့  သစ္စာသိဖို့  မကြိုးစားတာဟာ
အင်မတန်မိုက်မဲ တဲ့သူတွေ လို့  ပြောရမှာပါ။

လူရယ်လို့ ဖြစ်လာပြီး တကယ် တန်ဖိုးရှိချင်တယ် ဆိုရင်ဖြင့် သစ္စာ သိအောင် အမြန်ဆုံး
လေ့လာအားထုတ်ကြပါလို့  တိုက်တွန်းချင်ပါတယ်။
သစ္စာသိအောင်မကြိုးစားရင်တော့ သူတောင်းစားနဲ့မခြားတဲ့ သံသရာလည်ခြင်းမှာပဲ
ကျင်လည်နေကြအုံးမှာပါ။

ကိုယ့်ကိုကိုယ် ကယ်တင်ကြပါ။ သေခြင်းတရားကိုမမေ့ ကြပါနဲ့။
အသိတရားရှိရှိ အသိဥာဏ် မြင့်မြင့် နဲ့ လူဖြစ်ကျိုးနပ်သူများဖြစ်ကြပါစေလို့ ဆုတောင်းရင်း

                  *****တတိယမြောက်သမီးတော်*****

Posted on: Sunday, July 7, 2013

သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား


ဒကာ။ ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်တယ်ဆိုတာ ဘယ်ဒိဋ္ဌိကို ပယ်တာလဲ ဆရာတော်။သောတာပန်တွေဟာ လင်ယူ သားမွေး ရောင်းဝယ်ရေးကိစ္စတွေ လုပ်နေသေးတယ်၊ သား မြေး လင် သေတော့လည်း ငိုကြွေးသေးတယ် ဆိုတော့ကာ ဒိဋ္ဌိစွဲ မကုန်သေးလို့သာ ဖြစ်ရမှာပေါ့၊ ရှင်းပြပါဦးဆရာတော်၊ လွယ်လွယ်နဲ့ သိနိုင်အောင်ပေါ့ ဘုရား။

ဆရာ။ ။ အင်း….ဒကာကြီးတို့ မေးခွန်းက လွယ်လွယ်နဲ့ မပြီးနိုင်တဲ့
အဖြေမျိုးပဲ၊ ဉာဏ်နားရှိသူများမှ နားလည်မှာဖြစ်တယ်၊ ဉာဏ်နားနဲ့ စိတ်
ဝင်စားပြီးတော့ မှတ်သားပါ။
 

သောတာပန်မှာ နိစ္စစွဲနဲ့ အတ္တစွဲ ဒိဋ္ဌိတွေ မရှိဘူးဆိုပေမဲ့ တထစ်ချ ဧကန္တ
မမှတ်ရဘူး၊ လုံးဝမရှိတဲ့ နိစ္စနဲ့ အတ္တစွဲ ဒိဋ္ဌိကတော့ ဝိပ္ပလ္လာသတရား သုံး
ပါးထဲက….သောတာပန် ပုဂ္ဂိုလ်၌ နိစ္စ - ခိုင်မြဲတဲ့ အတ္တကောင် ငါကောင်
ရှိတယ်လို့ ယူစွဲထားတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသကိုတော့ အကြွင်းမရှိဘဲ သောတာ
ပတ္တိမဂ်က ပယ်သတ်လိုက်တယ်၊ လုံးဝ မရှိတော့ဘူးပေါ့။
အဲဒီ……သောတာပတ္တိမဂ် ပယ်သတ်ပုံထူးတာက ခန္ဓာငါးပါးအပေါ်၌ စွဲ
ယူတဲ့ သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို ခန္ဓာတပါးစီသာ ပယ်သတ်နိုင်တာ၊
ရူပက္ခန္ဓာတပါး အပေါ်၌ ထင်ရှားအောင်ပြရရင်…
၁။ ရူပက္ခန္ဓာသည် ငါ။
၂။ ငါသည် ရူပက္ခန္ဓာ။
၃။ ရူပက္ခန္ဓာ၌ ငါရှိသည်။
၎။ ငါ၌ ရူပက္ခန္ဓာ ရှိသည်။
ဆိုတဲ့ (ရူပံ အတ္တတော သမနုပဿတိ) စသည်ဖြင့် ရုပ်အပေါ်၌ အတ္တ
ကောင်ရှိတယ် ခိုင်မြဲတယ် ဟူသော ဒိဋ္ဌိမျိုးလုံးဝ မရှိတဲ့ သက္ကာယဒိဋ္ဌိ
စွဲကို ပယ်သတ်တယ်လို့ မှတ်ယူရမည်တဲ့။
ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတို့ အပေါ်မှာ
လည်း အဲသည်လိုဘဲ တပါးစီ တပါးစီ သက္ကာယဒိဋ္ဌိတွေကို ပယ်သတ်
သွားတယ်လို့ မှတ်ယူရမည်တဲ့။
 

သောတာပန်ဟာ အဲဒီအတိုင်း ခန္ဓာငါးပါးအပေါ်မှာ သက္ကာယဒိဋ္ဌိအစွဲ
နှစ်ဆယ်ကိုသာ ပယ်ဖြတ်သုတ်သင် ရှင်းလင်းနိုင်သေးတာလို့ မှတ်ယူ
ရမည်တဲ့။အိမ်ထောင်သားမွေးရောင်းဝယ်ရေးနဲ့ ငိုကြွေးမှု စသည်တွေ ရှိနေသေး
တာကတော့ သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသတို့က ၀င်ဝင် စွက်နေ
လို့ဟု မှတ်ရမည်တဲ့။ခန္ဓာတပါးစီ အပေါ်မှာ သူကောင် ငါကောင် အတ္တစွဲ ငါစွဲ ကင်းနေသော်
လည်း ခန္ဓာငါးပါးလုံးကို ပေါင်းရုံးစွဲမှီပြီး ခေါ်ဆိုသမုတ်နေတဲ့ တကိုယ်
လုံး တကောင်လုံးကိုပင် ယောက်ျား မိန်းမ ငါ့လင် ငါ့သား ငါ့ဥစ္စာ ငါ့
ဟာ ဟု သိမှု စိတ္တဝိပ္ပလ္လာသနဲ့ မှတ်မှု သညာဝိပ္ပလ္လာသတို့က ရှိနေ
သေးသောကြောင့် လင်ယူ သားမွေးတွေ လုပ်နေကြသေးတယ်လို့
သာ မှတ်ယူရမည်။
ဒါပေမဲ့ ပုထုဇဉ်တုန်းကလိုတော့ အစွဲအမြဲ သဲသဲမဲမဲ စုံရေ မျက်ပြဲကြီး
မဟုတ်တော့ဘူး၊ အမှတ်မဲ့နေတဲ့အခါမှာသာ စိတ္တဝိပ္ပလ္လာသနဲ့ သညာ
ဝိပ္ပလ္လာသ နှစ်ပါးက ၀င်နေတာ၊ ၀င်နိုင်တာပါတဲ့။
ယောနိသော မနသိကာရနဲ့ ဆင်ခြင်စဉ်းစားမိတဲ့အခါမျိုးနဲ့ ၀ိပဿနာ
တရားပွားများ ရှုမှတ်နေတဲ့ အခါမျိုးကျတော့ ဒီ သညာအမှတ်မှားတို့
စိတ္တအသိမှားတို့ဟာ လုံးဝ ၀င်မလာတော့ဘူးတဲ့။
 

ကဲ….ဒကာကြီးတို့ စဉ်းစားကြည့်စမ်း၊ သောတာပန်မှာ ရှုမှတ်ဆင်ခြင်
မှု မရှိဘဲနဲ့ မြင် ကြား စသည့် အာရုံတို့ ပေါ်တိုင်း အနိစ္စဓမ္မတွေဘဲလို့
အမြဲထင်မှတ်သိရှိနေရင် ရဟန္တာနဲ့ ဘာထူးသေးသလဲ၊ အာသဝ
တရားလေးပါး ကုန်ခန်းရာ ရောက်သွားမှာပေါ့၊ ကဲ…ရှင်းရဲ့လား။
 

ဒကာ။ ။ ဝိပ္ပလ္လာသ တရား သုံးပါးတို့တွင် သောတာပန်ပုဂ္ဂိုလ်က
သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသ နှစ်ပါးကျန်ရှိနေသေးတယ်ဆိုတာ
သိရလို့ ရှင်းလင်းသွားပါပြီ ဆရာတော်၊ သောတာပန် ပယ်တဲ့ ဒိဋ္ဌိနဲ့
ဝိစိကိစ္ဆာ ဆိုရာမှာ သောတာပတ္တိမဂ်က ဒိဋ္ဌိဝိပ္ပလ္လာသ ဖြစ်တဲ့ သက္ကာ
ယဒိဋ္ဌိနှစ်ဆယ်ကိုသာ လုံးဝ ပယ်ဖြတ်လိုက်တယ် ဆိုတာလည်း ခုမှပဲ
ရှင်းတော့တယ် ဆရာတော်၊ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဘုရား။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ



(https://www.facebook.com/groups/358953880845864/) မှ ကူးယူဖေါ်ပြပါသည်။

*****တတိယမြောက်သမီးတော်*****

Posted on: Tuesday, July 2, 2013

ဘ၀ မှာ အနိုင်ရသူဖြစ်ဖို့ 





ကဿပ ဘုရားရှင် လက်ထက်တော်အခါ က ရဟန်းတော် နှစ်ပါးရှိတယ်။
တစ်ပါးက ၀ိပဿနာ တရားအားထုတ်တယ် ဒါန ကောင်းမှူ လုပ်စရာမလိုဘူး။ဝိပဿနာ အကျင့်ပဲ ကျင့်မယ်
လို့  ဆိုတယ်။ တစ်ပါးကတော့ အေး ဘုန်းကြီးဆိုပေမယ့် ဒါန ကောင်းမှူ လုပ်သင့်တယ်။ သာရဏိယ ၀တ်
ဆိုတာ ဖြည့်သင့်တယ်လို့ ယူဆပြီး ကိုယ်ရလာတဲ့ဆွမ်းသင်္ဃန်းကို သီးတင်းသုံးဖေါ်တွေကိုမျှဝေလှူဒါန်းတယ်

ရဟန်းနှစ်ပါး ပျံလွန်တော်မူတော့ နတ်ပြည်မှာ သွားဖြစ်တယ်။ဝိပဿနာ အကျင့်သာကျင့်ပြီး ဘာမှမလှူတဲ့ ရဟန်းက နတ်ဖြစ်ပေမယ့် လှူဒါန်းမှူပြုတဲ့ ရဟန်း ရဲ့ အဆင့်အတန်းကိုမမှီဘူး။လှူဒါန်းမှူပြုတဲ့ ရဟန်း က
သက်တမ်းပိုရှည်တယ်။အဆင်းပိုလှတယ်။ ချမ်းသာသုခပိုများတယ်။ခွန်အားဗလပိုကြီးတယ်။ အစိုးရမှူလည်း
ပိုများတယ်။

နတ်ပြည်ကနေ လူပြည့်ရောက်တဲ့အခါ ဒါန ကောင်းမှူပြုတဲ့ ပုဂ္ဂိုလ်က  ဘုရင့်သားတော်လာဖြစ်တယ်။
ဒါနကောင်းမှူ မပြုခဲ့တဲ့ ပုဂ္ဂိုလ်က အထိမ်းတော်ရဲ့ သားလာဖြစ်တယ်။

ဒါက ဘာကိုပြဆိုလည်းဆိုရင် ၀ိပဿနာ ကျင့်ရင်ပြီးတာပဲလို့ တွေးပြီး ဒါန မပြုရင် ဘ၀ ရှုံးတယ်ဆိုတာကို
ပြဆိုတာပါပဲ။

အဓိက က မဂ်ဆိုဒ် ဖို့  ဖြစ်ပါတယ်။မဂ်ဖိုလ်ကို မရရင်တော့ ဒါန ကောင်းမှူပြုဖို့ လိုအပ်ပါတယ်။

သံသရာမှာလည်နေအုံးမယ့်သူတစ်ယောက်ဟာ ဒါန သီလ ကိုအထူးတလည်ဆောက်တည်ဖို့ 
လိုအပ်ပါတယ်။ အရိယာ မဂ် ကိုရထားပြီးရင်တော့ ဒါန ကောင်းမှူ မပြုလည်း ကိစ္စ မရှိပါဘူး။
ကိုယ့်ပြုတဲ့ ဘာဝနာ အားကို ကိုယ့်ကိုကိုယ်ချင့်ချိန်ပြီး ဆင်ခြင်နိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။
ဘ၀ ဘ၀ သံသရာလည်နေအုံးမယ့်သူများဟာ အသိအဆင်ခြင် မရှိရင်တော့  အနိုင်ရသူမဖြစ်ပဲ
အရှုံးနဲ့ ရင်ဆိုင်ရမယ့်သူများသာဖြစ်လာမယ်ဆိုတာ သတိပေး တိုက်တွန်းလိုက်ပါတယ်။



              *****တတိယမြောက်သမီးတော်*****



ကျမ်းကိုး။      ။အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ( Ph.D)၏ နိုင်သူနှင့် ရှူံးသူ စာအုပ်ကိုမှီငြမ်းပါသည်။