ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, December 22, 2015

သစ္စာ ၄ ချက်


 ဒုက္ခသစ္စာနဲ့မဂ္ဂသစ္စာ
………..။………..။………..

အရှုခံဘက်က ရုပ်နာမ် ၂-ပါး၊အကျယ်ချဲ့ရင် ခန္ဓာငါးပါး၊
အဲ့ဒါတွေဟာ တစ်ခုမျှ မမြဲကြဘူး။တဖွဲဖွဲတသဲသဲ အသစ်
အဟောင်းပြောင်းလွဲနေကြတာပဲ၊ဒီခန္ဓာငါးပါးကြီးဟာ
ရလာကတည်းက မသက်သာဘူး၊ဒုက္ခသစ္စာကြီးပဲ။


“ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ဗျာဓိပိဒုက္ခာ၊မရဏာမ္ပိဒုက္ခံ” လို့
ဓမ္မစကြာ တရားဦးထဲမှာပါတယ် မဟုတ်လား။ ဘာသစ္စာတွေတဲ့တုံး။
ဒုက္ခသစ္စာတွေ။ အို နာ သေ ကွဲ မွဲ အကုန်လုံး ဒုက္ခသစ္စာတွေပဲ။
လိုချင်တာ မရတာလဲ ဒုက္ခသစ္စာပဲ၊ ဒုက္ခတွေအကုန်လုံး
မဆုံးနိုင်တော့ဘူး။ချူံးပြောလိုက်တော့မယ်။

“သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ”
ခန္ဓာ ငါးပါးလုံးဒုက္ခတုံး ဒုက္ခခဲ  ဒုက္ခသစ္စာကြီးပဲ -တဲ့။
အေး…အဲ့ဒီခန္ဓာငါးပါးကြီးဟာ စက္ကန့်မလပ်၊မိနစ်မလပ်၊
တရစပ် ဖြစ် - ပျက် နေကြတာ၊ အဲ့ဒီ အဖြစ်အပျက်တွေက
နှိပ်စက်နေကြလို့ ဒုက္ခဖြစ်နေကြရတာပဲ။ဒါဖြင့် အဲ့ဒီ
ဖြစ် - ပျက် တွေကိုရော ဘာသစ္စာခေါ်မလဲ၊ ဒုက္ခသစ္စာ
ခေါ်မယ်။ ဟုတ်တယ်။

အဲ့ဒီ ဖြစ် - ပျက် နေတာတွေကို ဒီကနေ ဥာဏ်နဲ့ကြည့်ရင်
မြင်ရတယ်။ ဖြစ်လိုက် ပျက်လိုက်  ဖြစ်လိုက် ပျက်လိုက်နဲ့
အသစ် အဟောင်းပြောင်းလွဲနေတာတွေကို မြင်ရတယ်။
သမာဓိကလေး ထူထောင်ပြီး ဥာဏ်နဲ့ကြည့်ရင် မြင်ရနိုင်တယ်။
အဲ့ဒီမြင်တတ်တဲ့ဥာဏ်ကို ကျတော့ မဂ္ဂသစ္စာခေါ်တယ်။

ဖြစ်ပျက်က ဒုက္ခသစ္စာ မြင်တဲ့ဥာဏ်က မဂ္ဂသစ္စာ
စွဲစွဲမြဲမြဲ မှတ်ထားကြ။


သမုဒယသစ္စာနဲ့ နိရောဓသစ္စာ
…။……….။………….။……….။…

သမာဓိ ထူထောင်ပြီး ဥာဏ်နဲ့ကြည့်တဲ့အခါ ခန္ဓာရဲ့ အဖြစ်-အပျက်ကို
မြင်ရနိုင်တယ်။ အဲ့ဒီ အဖြစ် အပျက်တွေကို မြင်နေတဲ့အခိုက်မှာ
လောဘ တဏှာ မပေါ်လာနိုင်ဘူး။

ဘာပြုလို့လဲဆိုတော့ လောဘတဏှာလာမယ့်နေရာ ဟဒယ၀တ္ထုမှာ
မဂ်ဥာဏ်ရောက်နေလို့ပါပဲ။မဂ်ဥာဏ်က ဦးနှင့်နေလို့ပါပဲ။
မဂ်ဥာဏ်ကလည်း ဟဒယ၀တ္ထုပေါ်မှာပေါ်ရတာ၊လောဘတဏှာ
လာရင်လည်း ဟဒယ၀တ္ထုပေါ်မှာပဲ လာရမှာ၊ မဂ်ဥာဏ်ကလည်း
နာမ်တရား၊ လောဘတဏှာကလည်း နာမ်တရား၊
နာမ်တရားတို့ဆိုတာကလည်း တစ်ချိန်တည်းမှာ (၂)မျိုးပြိုင်၍
ဖြစ်ရရိုးထုံးစံမရှိ၊တစ်မျိုးစီသာဖြစ်ရတာ။ အခု မဂ်ဥာဏ်ဆိုတဲ့
နာမ်တရားက ဟဒယ၀တ္ထုပေါ်မှာ ဦးစွာပေါ်နှင့်တယ်။
အဲ့ဒါကြောင့်လောဘတဏှာဆိုတဲ့ နာမ်တရားက အဲ့ဒီ ဟဒယ၀တ္ထု
ပေါ်မှာ နောက်ထပ်ပေါ်လို့ မရတာ။

ဒီတော့ လောဘ တဏှာ မပေါ်နိုင်ပဲ ပျောက်နေရတာပေါ့။
လောဘတဏှာ သေနေတယ် ဆိုပါတော့။
အဲ့ဒီ လောဘတဏှာကို သစ္စာဖွဲ့ရင် သမုဒယသစ္စာလို့ မှတ်ကြ၊
ဒါဖြင့် သမုဒယသစ္စာသေနေတာပေါ့။ အေး …အဲ့ဒီလို
အဖြစ် အပျက်တွေကိုမြင်နေတဲ့အခိုက်မှာ သမုဒယသစ္စာ
မပေါ်လာနိုင်ဘူး။ သေနေတယ်လို့ဆိုရတာပေါ့။ ဒါတွင် ဘယ်ကမလဲ။
သမုဒယသစ္စာကလုပ်လို့ ပေါ် ပေါ်လာရတဲ့ နောင်ဘ၀ နောင်ခန္ဓာ
တွေလဲ မပေါ်လာတော့ဘူး။ ဘ၀ ခန္ဓာတွေချုပ်ငြိမ်းကုန်တယ်။
အဲ့ဒီလိုချုပ်ငြိမ်းကုန်တာဟာ နိရောဓသစ္စာပဲ။ နောင်ခန္ဓာတွေ မပေါ်လာပဲ
ချုပ်ငြိမ်းကုန်တာ နိရောဓသစ္စာခေါ်ပါတယ်။


သစ္စာ  ၄- ချက် ပြန်စစ်ဆေး
………..။…………။……………..

ဒီသဘောတွေကြေညက်သွားအောင်ပြန်ပြီး စစ်ဆေးမယ်။
၁။ဖြစ် ပျက် က ဒုက္ခသစ္စာ
၂။မြင်တဲ့ဥာဏ်က မဂ္ဂသစ္စာ
၃။သေတာက သမုဒယ သစ္စာ
၎။နောင်ခန္ဓာ မလာတာက နိရောဓသစ္စာ

သစ္စာတရားဆိုတာ အဲ့ဒီလို ခန္ဓာထဲမှာ ရှိတာ။
သစ္စာတရားဆိုတာ စာအုပ်ထဲမှာရှိတာမဟုတ်ဘူး။
စာအုပ်ထဲမှာရှိတာက မှတ်တမ်းပဲ။ ခန္ဓာထဲမှာဖြစ်ပေါ်သမျှကို
စာနဲ့ရေးပြီး စာအုပ်ထဲမှာ မှတ်တမ်းတင်ထားခြင်းမျှသာဖြစ်တယ်။

အမှန်ကတော့ သစ္စာတရားဆိုတာ အခုပြောခဲ့တဲ့အတိုင်း
ခန္ဓာထဲမှာပဲ ရှိတယ်။

မှတ်ချက်။  ။ နောင်ခန္ဓာမလာတာက နိရောဓသစ္စာ ဟု
ဆိုရာ၌ကိုယ့်အဆင့်နှင့်ကိုယ်ပြောနိုင်၏။ ဥပမာ-
သောတာပန်ဖြစ်သွားလျှင် ထိုပုဂ္ဂိုလ်အတွက် အပါယ်လေးပါး
ခန္ဓာမလာနိုင်တော့ချေ။ သကဒါဂါမ်အတွက် အထူးမရှိ။
အနာဂါမ်ဖြစ်သွားလျှင် အပါယ်လေးဘုံနှင့် ကာမသုဂတိ ၇ -ဘုံ၊
ပေါင်း (၁၁)ပါးသော ခန္ဓာတွေ မလာနိုင်တော့ချေ။
ရဟန္တာဖြစ်သွားလျှင်ကား ဘယ်ခန္ဓာမှ မလာနိုင်တော့ချေ။ 


(မိုးကုတ် ဆရာတော်ဘုရားကြီး ၏ တစ်ဘ၀ သာသနာမှ)




*****တတိယမြောက်သမီးတော်*****

0 comment: