စိတ်ထဲမှာ ကသိကအောက်ဖြစ်နေတဲ့ကိစ္စလေးတစ်ခုရှိနေတယ်။
အဲ့လိုဖြစ်ရတာကလည်း မိမိကိုမိမိ မလိမ်မာတာလို့လည်း
ဆုံးတော့ ဆုံးမတာပေါ့လေ။ဒီတိုင်းနေရင်
မသိသာပေမယ့် တွေ့လိုက်တိုင်း
တခြားတော့မဟုတ်ပါဘူး။
ဦးဇင်းကြီးတစ်ပါးမိန့်တော်မူတာနဲ့
ပတ်သက်ပြီး စိတ်က ဖြစ်နေတာပါ။
နေ့စဉ် မနက်တိုင်း
အိမ်ရှေ့လမ်းမပေါ်ကိုတံမြက်စည်းလှည်း
ပါတယ်။နံနက်စောစော
ဆွမ်းခံကြွလေ့ရှိတဲ့ ဦးဇင်းကြီးက
တံမြက်စည်းလှည်းနေတဲ့မိမိကို
ကုသိုလ်တွေလုပ်လှချည်လား
တံမြက်စည်းလှည်းတဲ့ကုသိုလ်က
မနည်းဘူးနော်လို့ မိန့်
တော်မူလေ့ရှိပါတယ်။နေ့စဉ်လိုလို
နုတ်ဆက်တတ်ပြီး အဲ့ဒီတစ်ရက်
မှာတော့ ဦးဇင်းကြီး ဖြတ်သွားချိန်မှာ
လက်အုပ်ချီပြီး ဂါရ၀ပြု
နေတဲ့ မိမိရဲ့ အနားကို တိုးကပ်လာပြီး
ဥမ္မာဒန္နီပျို့ကို ခပ်တိုးတိုး
ရွတ်ပြသွားပါတယ်။ ကုသိုလ်ကောင်းမှုက
အဲ့ဒီလိုရှိတယ်
လို့
ဆိုပါတယ်။အဲ့ဒီလိုမိန့်ပြီးနောက်ပိုင်းမှာတော့ မိမိ အနေနဲ့
ဦးဇင်းကြီးကိုရှောင်ပါတယ်။
အကြောင်းကတော့ စိတ်ထဲမှာ
ကသိ ကအောက်ဖြစ်နေလို့ပါ။
မိမိစိတ်ကိုက ဦးဇင်းကြီးကို
ဘောင်ခတ်ပြီး သတ်မှတ်ချက်ထားမိ
တဲ့အတွက်ကြောင့် အလိုမကျတဲ့စိတ်နဲ့
ကသိကအောက်ဖြစ်
နေတာလို့လည်း တွေးမိပါတယ်။။ ဦးဇင်း
တစ်ပါးအနေနဲ့ဆွမ်းခံကြွပြီးရင်
ကိုယ့်ဘာသာ အမှတ်ကလေးနဲ့
ဆက်သွား အပိုစကားတွေ ပြောမနေနဲ့။
ဒီလိုလေး မိမိ စိတ်ထဲမှာ
ကန့်သတ်ထားလေတော့ စကားစမြည်
ပြောလာတာကိုပဲ အလိုမကျဖြစ်နေတော့တာ။
ဒီထက်ပိုပြီး
ဥမ္မာဒန္နီ ပျို့ကို ရွတ်ပြသွားတော့
ပိုဆိုးပေါ့။ မိမိ ကိုယ်၌က
ရဟန်းတစ်ပါးအပေါ်ဘောင်ခတ်မိတဲ့အဖြစ်။
တကယ်ဆိုရင်
ဦးဇင်းကြီးက မိမိပြုလုပ်တဲ့ ကောင်းမှု
ကုသိုလ်ကြောင့်
ကောင်းကျိုးတွေ ခံစားရမယ့်အကြောင်းကို
ကံတရားနည်းနဲ့
ဆုံးမချင်တာဖြစ်နိုင်ပါလျှက်
မိမိစိတ်က ဘောင်ခတ်ပြီး ရှုမြင်
သုံးသပ်မိလေတော့ နေရင်း ထိုင်ရင်းကို
စိတ်ထဲမှာကသိကအောက်
တွေ ဖြစ်လို့ပေါ့။ ခုဆို အဲ့ဒီ အစွဲက
မနက်ခင်းတိုင်း ဦးဇင်းကြီး
ဆွမ်းခံကြွလာတာမြင်တိုင်း
ကသိကအောက်ကြီးဖြစ်နေတာ။
ပြောတဲ့ဦးဇင်းကြီးက
တစ်ခွန်းနှစ်ခွန်းလောက်ပြောပြီး
ပြီးသွားတာကြာပေါ့။ မိမိမှာတော့
ဘောင်ခတ်ပြီး ရှုမြင်တဲ့စိတ်နဲ့
ကသိကအောက်ဖြစ်နေတုံး။ ဆိုတော့ကာ……
စိတ်တစ်ခုရဲ့အစွဲဟာ နှစ်သက်ရာ
မနှစ်သက်ရာ အကုန်စွဲတတ်တဲ့
သဘောအတိုင်း စိတ်ရဲ့နိယာမ
သဘောလေးကတော့ ပီပြင်နေလေရဲ့။
မိမိက အဲ့ဒီအစွဲတစ်ခုကို
ဖျောက်ဖျက်ဖို့ မကြိုးစားပဲ ဆွဲကိုင်ထားတာ
ဖြစ်နေပြီ။ ရဟန်းတစ်ပါးဟာ
ဘုရားရှင်ချမှတ်ထားတဲ့ စည်းကမ်း
ဝိနည်းတော်များကိုလိုက်နာကျင့်ကြံရမှာဖြစ်ပါတယ်။
အဲ့ဒီလိုမကျင့်ကြံ
ရင် အပြစ်ဖြစ်ပါတယ်။ မကျင့်ကြံရကောင်းလားလို့
အလိုမကျဖြစ်ရင်
ကဲ့ရဲ့ပြစ်တင်မိရင်
စော်ကားပြောဆိုမိရင် ပြောတဲ့သူမှာအပြစ်ဖြစ်မယ်။
သိတော့ သိတာပဲ။ ဒါပေမယ့် စိတ်ဆိုတာက
အလွန်မြန်တာကိုး။
အလိုမကျတာတွေ့တာနဲ့ စိတ်ထဲကနေ
ထင်ချင်ရာထင်ပစ်လိုက်မိတာ။
ပြစ်မှားတဲ့အတွေး တွေးလိုက်မိတာ။
ပြစ်မှားတယ်ဆိုတာကလဲ
ပြစ်မှားတတ်တဲ့စိတ် ဒေါသကိလေသာ
ကို မပယ်ရသေးလို့လည်းဖြစ်တာပါ။
ကာမရာဂနဲ့ ပဋိဃလို့ခေါ်တဲ့
လောဘ စိတ် ဒေါသစိတ်တွေကို
အနာဂါမိမဂ်ကသာ
ပယ်သတ်နိုင်တာကိုးနော်။
သောတာပတ္တိမဂ်နဲ့ သကဒါဂါမိမဂ် နှစ်ပါး
က ဒိဋ္ဌိ နဲ့ ၀ိစိကိစ္ဆာ ကိုသာ ပယ်သတ်
ပါသေးတယ်။ ဒီတော့
စိတ်ကလေးက လွှတ်ခနဲဆို
ဖြစ်ပြီးသွားပြီ။ ဒီစိတ် မဖြစ်သင့်ဘူးလို့
တွေးမိတာက နောက်ကျနေပြီ.။
ဒေါသဖြစ်ပြီးပြီ။ အလိုမကျဖြစ်ပြီးပြီ။
ထင်ချင်ရာထင်ပြီးပြီ။
အပြစ်တင်တဲ့အတွေးက တွေးပြီးသွားပြီ။
စိတ်ထဲမှာဖြစ်တာဆိုတော့
ဖြစ်ဖို့လည်းလွယ်နေတာကိုး။
ဘယ်သူမှလည်း မသိဘူးလေ။ မျက်နှာမှာ
ပြုံးထားပေမယ့်
စိတ်က ပုပ်ပွပြီး ထင်ချင်ရာထင်
စော်ကားချင်ရာစော်ကားတတ်ကြတာပါလား။
စဉ်းစားကြည့်ရင်
အင်မတန်ကြောက်စရာကောင်းတာက စိတ်ပဲ။
နောက်ဆုံးဘ၀နဲ့ ရဟန္တာဖြစ်ပြီး
နိဗ္ဗာန်ဝင်စံမယ့် ပုဂ္ဂိုလ်ကြီးတောင်
စိတ်တစ်ခု
အလွယ်ဖြစ်လိုက်မိတာနဲ့ ယောက်ျားစင်စစ်ကနေ မိန်းမ
ဖြစ်သွားခဲ့တယ်။
ဘယ်လောက်ကြောက်စရာကောင်းလဲ။
အတိတ်က ဆုတောင်းကောင်းခဲ့လို့
ရွှေရောင် အဆင်းရှိတဲ့
ကစ္စနာ ရဟန္တာမထေရ်ကို မြင်တဲ့ခဏ
အဆင်းကို သာယာမိတဲ့
စိတ်နဲ့ ကာမရာဂစိတ်တွေပေါက်ဖွားပြီး
အကုသိုလ်ဇော စောလိုက်တာ
“ ငါ့ မိန်းမ ငါ့ဇနီးမယား
ဖြစ်ရင်ကောင်းမှာပဲ” လို့ တွေးမိလိုက်တာ
ချက်ချင်းပဲ သောရေယျ လုလင်ဟာ
ယောက်ျားစင်စစ်ကနေ
မိန်းမ အသွင်သဏ္ဍန်ကို
ပြောင်းလဲသွားပါရော။
စိတ်က ဖောက်ပြန်လိုက်တဲ့ခဏလေးတွင်းမှာ
သီလ သမာဓိ ပညာ အားကြီးတဲ့
အပူဇော်ခံထိုက်သော ရဟန္တာ
မထေရ်မြတ်ကို
တဏှာမျက်လုံးနဲ့ကြည့်ပြီး ပြစ်မှားလိုက်တဲ့စိတ်
ဒိဋ္ဌိနဲ့ယှဉ်ပြီးဖြစ်ပေါ်တဲ့ လောဘမူတဲ့
အကုသိုလ် စိတ်ကလေး
စိတ်ထဲမှာ တွေးကြံတာကိုက
ငါ့မိန်းမ လို့ဆိုထားတာ
ငါ ဆိုတဲ့ သက္ကာယ ဒိဋ္ဌိအစွဲကပါပြီးသား ။
သုံးရုံကလေး သုံးတာ
မဟုတ်ဘူး။တကယ်ယူထားတာ။
နိမ့်ကျတဲ့စိတ်က ပြောင်းလဲလိုက်တာ။
မြင်တဲ့အာရုံ အပေါ်မှာ
မြင့်မြတ်တဲ့စိတ်ကလေး မမွေးပဲ
နိမ့်ကျတဲ့စိတ်က ၀င်သွားပြီး
ပြောင်းလဲလိုက်တာ။ လက်ငင်း ချက်ချင်း
ယောက်ျားစင်စစ်က မိန်းမသားဘ၀ကို
ရသွားတယ်။
မြင်လိုက်တဲ့အဆင်းအာရုံ အပေါ်မှာ
နှစ်သက်လိုလားတဲ့
သာယာမိတဲ့ ဝေဒနာလေးတစ်ချက်ကနေ
တဏှာဆိုတဲ့
လိုချင်ရချင်မိတဲ့ စိတ် အစွဲအလန်းနဲ့
ငါ့မိန်းမဖြစ်ရင် ကောင်းမှာပဲလို့
တောင့်တတဲ့ စိတ်တစ်ခု
ပြုလုပ်ဖြစ်တည်လိုက်တဲ့ခဏမှာပဲ
နာမ်တရားရဲ့ဖေါက်ပြန်မှုကြောင့်
အထည်ရုပ်ခန္ဓာကြီးတောင်မှ
ပြောင်းလဲဖွဲ့တည်တဲ့အဖြစ်။ ဒါကြောင့်
ပဋိစ္စသမုပ္ပါဒ်မှာ
ဝေဒနာပစ္စယာ တဏှာ က
ကြောက်စရာအကောင်းဆုံးပါပဲ။
ဝေဒနာကြောင့် တဏှာဖြစ်ရာက
စွဲစွဲလန်းလန်းနဲ့ စိတ်က
ဆုံးဖြတ်ကြံစည်လိုက်တာနော်။
ဖြစ်သွားတာက စိတ်ကလေး တစ်ချက်ပဲ။
ဝစီကံ မပါဘူး။
ကာယကံ မပါဘူး။ မနောကံလေး တစ်ချက်
ဖြစ်လိုက်တာပဲ ရှိတယ်။
ကြောက်စရာကောင်းလိုက်တဲ့ စိတ် နော်။
မိမိကကော မိမိစိတ်ကို ဘယ်လိုထိန်းမလဲ။
လစ်ခနဲ လစ်ခနဲ
ပြစ်မှားလိုတဲ့စိတ်ကလေး ၀င်ဝင်နေတာ။
အလိုမကျဖြစ်ဖြစ်နေတာ။
အန္တရာယ် များလိုက်တာ။
ဖြစ်ပြီးသွားတဲ့စိတ်ကို သိသိပြီး
ဒီစိတ်မျိုးမဖြစ်ရဘူးလို့
ကိုယ့်ကိုကိုယ် သတိပေးနေတဲ့ကြားက
ဦးဇင်းကြီးကိုတွေ့တိုင်း
အလိုမကျဖြစ်နေလိုက်တာ။
ဒီတော့ ဦးဇင်းကြီးကို
မတွေ့အောင်ရှောင်တယ်။
မနက်ဆို ဆွမ်းခံကြွတဲ့အချိန်ထက်
စောပြီး ပို၍ ပို၍ စောပြီး
သန့်ရှင်းရေး လုပ်တယ်။ ဆွမ်းလောင်းတာက
အမေကပဲ
လောင်းတာပါ။ အမေက ကိုယ်တိုင်ချက်ပြီး
ရိုရိုသေသေ
လောင်းလှုလေ့ရှိပါတယ်။ မိမိက
ဝိုင်းကူပေးရုံလောက်ပဲ။
အဲ့တော့ မတွေ့ရင်
မပြစ်မှားမိတော့ဘူးပေါ့။
ဒါပေမယ့် အမေ နေမကောင်းဖြစ်တယ်ဆိုတော့
ကိုယ်တိုင် ထ ပြီး ဆွမ်းချက်ရတယ်။
ပြီးတော့
ဦးဇင်းကြီးက ဆွမ်းခံချိန်မှာ
ကြွလာတယ်။ မိမိက
တာဝန်ယူထားရပြီးဆိုတော့
ဆွမ်းလည်းလောင်းရတော့မယ်။
မလောင်းလို့လည်း မရဘူး။
မိမိတို့အိမ်က တစ်နေ့ကို ဆွမ်းက
၃ မျိုး လောင်းနေတာ။ အာရုံဆွမ်းမှာ
ပုဗ္ဗာရုံကျောင်းတိုက်က
ရဟန်း သာမဏေ စုစုပေါင်း ၁၀ ပါး (သို့)
၁၂ ပါးလောက်က
လမ်းမပေါ်ကနေ လမ်းလျှောက်ပြီး
ဆွမ်းခံကြွတဲ့အခါ
အိမ်ဝင်းအပြင်ထွက်ပြီး
ဆွမ်းလောင်းတယ်။ ဦးဇင်းကြီးကတော့
အိမ်ထဲဝင်ပြီး ထိုင်ခုံမှာ ကျကျနန
ထိုင်ပြီး ဆွမ်းခံယူပြီး ဆုတွေ
ပေးပြီးမှ ပြန်ကြွတာ။ နောက် ပြီး
နေ့ဆွမ်း ကို ရွာကျောင်းက
ကိုရင်လေးတွေက ဆွမ်းချိုင့် နဲ့
လာကောက်ပေးတယ်။
အဲ့ဒီလိုဆိုတော့ ဦးဇင်းကြီးက
အချိန်ကျပြီ။ အိမ်ထဲဝင်လာပြီး
ပြင်ဆင်ထားတဲ့ ထိုင်ခုံမှာ ကျကျနန
ထိုင်နေပြီ။ ဦးဇင်းကြီး
လက်ထဲက ကိုင်လာတဲ့ စတီးချိုင့်ကို
ရိုရိုသေသေ လှမ်းယူ။
ပြီးတော့ ချိုင့် အလွတ်ထဲကို
ဆွမ်းဟင်းလောင်းထဲ့။ ချိုင့်ကိုပြန်ပြီးဆင့်။
ဦးဇင်းကြီးကိုပေးပြီး
ပန်းကန်လေးနဲ့ ထည့်ထားတဲ့
ဆွမ်းထမင်းကို ဦးဇင်းလက်နဲ့
ပိုက်ထားတဲ့ သပိတ်ထဲ လောင်း
ထည့်။ လောင်းထည့်ပြီးတာနဲ့
ဦးဇင်းကြီးရဲ့ မလှမ်းမကမ်းမှာ
ရိုရိုကျိုးကျိုးလေး ပုဆစ်တုပ်
ထိုင်ပြီး လက်အုပ်ချီတယ်။
ဦးဇင်းကြီးက မေးတယ် ဒကာမကြီးက
ဘယ်သွားတာလဲ တဲ့။
အမေ နေမကောင်းလို့ဘုရားလို့
လျှောက်လိုက်တယ်။
လက်အုပ်ချီပြီး ဦးဇင်းကြီးကို
ရှိခိုးတယ်။
အဲ့ဒီမှာ…..ကသိ ကအောက်စိတ်နဲ့
ရှိခိုးကန်တော့လို့တော့မရဘူး။
မိမိစိတ်ကို မိမိပြင်တယ်။
မြတ်စွာဘုရားရှင်ကို မှန်းဆလိုက်တယ်။
မြတ်စွာဘုရားရှင်အား ရည်မှန်း၍
ဤသာသနာတော်ကို
စောင့်ရှောက်တော်မူကြကုန်သော
သံဃာတော်အရှင်သူမြတ်တို့အား
ဆွမ်းအဟာရဖြင့် ကပ်လှုပူဇော်ပါ၏
လို့ စိတ်ထဲမှာ တွေးလိုက်တယ်။
တွေးလိုက်တဲ့ခဏ
မြတ်စွာဘုရားရှင်ကို ယုံကြည်ခြင်း ဟူသော
သဒ္ဓါတရားနဲ့အတူ
သံဃာတော်အရှင်သူမြတ်ကို ရိုသေစွာ
ကပ်လှုခြင်း ဟူသော သက္ကစ္စ
ဂါရ၀တရား စိတ်ထဲမှာ ကိန်းအောင်းပြီး
ကြည်လင်ရွှင်ပြစွာ ၀မ်းမြောက်ဝမ်းသာ
လှုဒါန်းလိုက်ရတယ်။
သံဃာလို့ စိတ်က
ရည်မှန်းလိုက်တဲ့အချိန်မှာ ပုဂ္ဂိုလ်မပါတော့ဘူး။
စိတ်ထဲမှာ အလိုမကျဖြစ်စေတဲ့
ဦးဇင်းကြီးမရှိတော့ဘူး။
မိမိလှုဒါန်းတဲ့ ဆွမ်းက သံဃိက ဒါန
အဖြစ်လှုဒါန်းတာဖြစ်သွားပြီ။
သံဃာကိုရည်မှန်းလိုက်တာဖြစ်တဲ့အတွက်
တစ်ဦးတစ်ယောက်
အမြင်အတွေးတွေပျက်ပြီး ပျောက်သွားတယ်။
ဦးဇင်းကြီးက သူပေးနေကျ ဆုတွေ
အရှည်ကြီး ပေးပြီး
ပြန်ထွက်သွားလေရဲ့။
အစောက ဖြစ်နေတဲ့ ကသိ ကအောက်စိတ်တွေ
မရှိတော့ဘူး။
အရင်နေ့တွေတုန်းက ဖြစ်ဖြစ်နေတဲ့
အလိုမကျစိတ်တွေ
မဖြစ်တော့ဘူး။ မြတ်စွာဘုရားရှင်ကို
အာရုံပြုပြီး မှ
သံဃာတော်ကို ရည်မှန်းပြီး ဆွမ်းအဟာရ
လောင်းလှုလိုက်တာ
ကုသိုလ် စိတ်ကို ပြောင်းလဲသွားတယ်။
မြန်ဆန်လွန်းတဲ့စိတ်။
ကောင်းတဲ့ဘက်ကို
ပြုပြင်ချင်တဲ့စိတ်နဲ့ ပြုပြင်လိုက်တော့လည်း
ကုသိုလ်စိတ်တွေဖြစ်လို့။အလိုမကျစိတ်ကိုမွေးထားတော့လည်း
အကုသိုလ်စိတ်တွေဖြစ်လို့။
စိတ်တစ်ခုကို အရင်းပြုပြီး
အကုသိုလ်စိတ်တွေ မဖြစ်စေပဲ
ကုသိုလ် စိတ်တွေဖြစ်အောင်
ထိန်းကျောင်းလို့ပြုပြင်နိုင်ကြပါစေ။
ခက်ဆစ်အဖွင့်-
ကသိကအောက်=ကိုယ်စိတ်
မသက်မသာဖြစ်ခြင်း။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment