အကောင်းမြင်ဝါဒကို သူတော်ကောင်း
စိတ်ဓါတ်လို့
ယူဆမယ်ဆိုရင် လွဲတယ်လို့ပဲ ပြောပါရစေ။
တစ်ချို့က အမှန်အတိုင်းမြင်တွေ့တာကိုပြောတဲ့အပေါ်မှာ
သူတစ်ပါး စိတ်မချမ်းမသာဖြစ်အောင်ပြောတယ်လို့
ယူဆပြီး အဆိုးမြင်တဲ့သူလို့ ထင်တတ်ကြတယ်။
တကယ်တော့ ဘယ်နေရာမှာဖြစ်ဖြစ် အမှန်ကိုအမှန်အတိုင်း
လက်ခံတာ သိတာက အကောင်းဆုံးပါပဲ။
တဒင်္ဂ စိတ်ချမ်းသာ
ပါစေတော့လို့အမှန်တရားကိုဖုံးကွယ်တိုင်း
ကောင်းကျိုးဖြစ်ရင်
တော်ပေမယ့် နစ်နာစရာတွေဖြစ်သွားခဲ့ရင်
ဖုံးကွယ်မှုကြောင့်
ထားမိတဲ့စေတနာ က အကျိုးမဲ့စေပါတယ်။လူတော်တော်များများက
မြောက်ပင့်ပြောတာကို ကြိုက်တတ်ကြတယ်။
အကောင်းကိုပဲ
ပြောတာကို လက်ခံချင်ကြတယ်။ ဆိုးတာတစ်ခုခု
အားနည်းချက်
တစ်ခုခုကို ထောက်ပြလိုက်ရင် လက်မခံချင်ကြတော့ဘူး။
ထောက်ပြတဲ့သူ ဝေဖန်တဲ့သူကို ရန်သူလိုမြင်ကြတယ်။
ထောက်ပြဝေဖန်တာကကိုယ့်မှာရှိတဲ့
အားနည်းချက်ကို ဖာထေး
ပြုပြင် ဖြည့်စွက်နိုင်အောင် ထောက်ပြတယ်ဆိုတာ
နားလည်ရင်
သိတ်ကို တန်ဖိုးရှိပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ
အားနည်းချက်ကိုမှ
ရှာပြောတယ်ဆိုပြီး အဆိုးမြင်သမားလို့
ထင်ကြရင်
မိမိရဲ့ပြည့်စုံမှုအတွက် လစ်ဟင်းသွားတော့တာပါပဲ။
ဝေဖန်ထောက်ပြတာနဲ့ မနာလိုလို့ ကဲ့ရဲ့တာကိုလည်း
ဝေခွဲတတ်ဖို့လိုပါတယ်။ တစ်ချို့က
မနာလိုတဲ့စိတ်နဲ့
ဘာမှ မဆိုင်တဲ့ မိသားစု ကိစ္စ လူမှုရေးကိစ္စ
စသည်အားဖြင့်
အဆင်မပြေမှုတွေ အားနည်းချက်တွေကို
လူသိအောင်
ဖေါ်ထုတ်ပြီး မိမိရဲ့ တန်ဖိုးရှိမှု
အောင်မြင်မှုတွေကို
ဖုံးကွယ် ဖျောက်ဖျက်ဖို့ ကြိုးစားတာလည်း
ရှိတတ်ပါတယ်။
ဒါမျိုးကျတော့ မနာလိုလို့ ပြောတဲ့ကိစ္စပါ။
မိမိရဲ့ အောင်မြင်မှုမှာ
အားနည်းချက်မရှိအောင် ထောက်ပြဆွေးနွေးတာမျိုးကသာ
ကောင်းသောအကြံပေးခြင်း ဝေဖန်ထောက်ပြခြင်းဖြစ်ပါတယ်။
မိမိရဲ့ အောင်မြင်မှုမှာ လစ်ဟာမှုတွေ
ရှိနေသေးတာကို
ပိုပြီးပြည့်စုံအောင် အမှန်အတိုင်းဝေဖန်ထောက်ပြရင်တော့
လက်ခံပြီးစဉ်းစားချင့်ချိန်ရမှာပါ။
အမှန်ကို အမှန်အတိုင်း ပြောမိလို့
အညှိုးကြီးတဲ့သူဆိုတာ
ဗုဒ္ဓ၀င်မှာတော့ မာဂဏ္ဍီ ပုဏ္ဏေးမလေးတစ်ယောက်ရှိခဲ့ပါတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့
ရုပ်အဆင်းတော်ကိုတွေ့မြင်ပြီး
သားမက်တော်ချင်တဲ့ မာဂဏ္ဍီပုဏ္ဏားကြီးက ဘုရားရှင်ကို
အလွန်လှပတဲ့ သမီးလေး မာဂဏ္ဍီကိုလက်ခံတော်မူပါ လို့
ကိုယ်တိုင်ဆောင်နှင်း ပေးအပ်ပါတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က
ပုဏ္ဏားကြီးတို့ ဇနီးမောင်နှံကို
တရားဟောချိန်တန်ပြီဟု ရွှေဥာဏ်တော်ဖြင့်သိကာ
မာဂဏ္ဍီသမီးကို ကျင်ကြီး ကျင်ငယ်
ရွံစဖွယ် အသီးသီးတို့ ယိုစီး
မလောက် ပြည့်လျှံ၍နေသည်ဖြစ်ရာ ပြစ်မှားဖို့ထား၍
ခြေဖျားနှင့်မျှ
ငါ မထိ မတို့လိုပါ လို့ မိန့်တော်မူလိုက်တယ်။
မြတ်စွာဘုရားရှင်က မာဂဏ္ဍီပုဏ္ဏေးမလေးကို
စိတ်မချမ်းမသာဖြစ်အောင်
မိန့်တော်မူလိုက်တာမဟုတ်ဘူး။ အမှန်တရားကို
သိအောင် ထင်မြင်အောင်
အသုဘ အပုပ်ကောင်ကြီးဆိုတာကို သဘောပေါက်အောင်
မိန့်တော်မူလိုက်တာ။
ဒီလို အမှန်တရားကို ပြောလို့ အမှန်တိုင်းသိမြင်ဖို့ဆိုတာကလည်း
ဥာဏ်ရင့်တဲ့သူ ဥာဏ်ထက်တဲ့သူမှ မြင်သိမှာကိုး။
ဥာဏ်နုံ ဥာဏ်နဲ့
ဥာဏ်မွဲတဲ့သူတွေကတော့ အမှန်တရားအစစ်ကို
ဘယ်လောက်ပြောပြော
နားလည်း မလည်သလို လက်လည်းလက်မခံနိုင်ကြဘူး။
တရားဓမ္မဆိုတာ လူပညာရှိ ပါရမီ ရင့်သန်ကြတဲ့သူတွေသာ
နှစ်ခြိုက်
လိုလားကြပြီး အ၀ိဇ္ဇာ အမိုက်မှောင်ကို
ဖယ်ရှားဖို့ ကြိုးစားအားထုတ်
ကြတာ မဟုတ်လား။လူ့ အန္ဓ အမိုက်အမဲတွေကတော့
အနာပေါ်
တုတ်ကျသလို အခံရခက်ကြပါတယ်။
မြတ်စွာဘုရားရှင်က အလင်းရောင်ပြပေးလိုက်တာနဲ့
မာဂဏ္ဍီပုဏ္ဏားကြီး
ဇနီးမောင်နှံဟာ ကာယအပုပ်ကောင်မှန်း
ထင်ရှားစွာ သိမြင် သံဝေဂ
ရပြီး မြတ်ဘုရားရဲ့ တရားရေအေးကို
သောက်သုံးလို့
အနာဂါမ်အရိယာတွေဖြစ်သွားကြပါတယ်။ဒီလိုအနာဂါမ်
အရိယာဖြစ်ကြတယ်ဆိုတာ အမှန်တရားကို
လက်ခံကြလို့ ဖြစ်ကြတာပါ။
ငါ့ သမီးကိုပြောရက်လေခြင်းလို့များ
တွေးလိုက်ကြမယ်ဆိုရင်
မဂ်ဖိုလ်နဲ့ ဆန့်ကျင်ဘက်ကို ရောက်ကြအုံးမှာပါပဲ။
မာဂဏ္ဍီပုဏ္ဏေးမလေးကတော့ အမှန်အတိုင်းပြောတာကို
လက်မခံနိုင်လို့ ဘုရားရှင်ကို ရန်ညှိုးထားပြီး
အပြစ်များစွာ ကျူးလွန်ခဲ့ပါတယ်။
အကောင်းမြင်ဝါဒကို ဆုပ်ကိုင်ပြီး
ကံတရားရဲ့အထောက်အပံ့
ကြောင့် မာဂဏ္ဍီပုဏ္ဏေးမလေးကို လှပတယ်
တင့်တယ်တယ်လို့
မြင်မယ်ဆိုရင် မြင်လို့ရပါတယ်။
ဒါပေမယ့် တကယ့်အမှန်တရား
အစစ်က အသုဘ အပုပ်ကောင်ပါပဲ။ ရေမိုးသန့်စင်ပြီး
အမွှေးနံသာလိမ်းကျံခြယ်သထားလို့သာ
လှပတင့်တယ်
ရှုချင်စဖွယ် ဖြစ်နေခဲ့တာကိုးနော်။
ဥာဏ်ပါရမီအားနည်းကြသူ
ဆိုတော့ အမှန်တရားကို သိလည်းမသိ
နားလည်းမလည်
လက်လည်းလက်မခံကြဘူးပေါ့။
ဒါကြောင့်အမှန်တရားကို ရှုမြင်သုံးသပ်ပြီး
လက်ခံတတ်တဲ့
အကျင့်မျိုးရှိအောင် လေ့ကျင့်သင့်ပါတယ်။
ဒီလိုလေ့ကျင့်
ပေးခြင်းဟာ စိတ်ဓါတ်ကိုခိုင်မာစေပြီး
ဥာဏ်ရည်လည်း
ထက်မြက်စေပါတယ်။ အမှန်တရားကို စူးရှစွာ
ထွင်းဖောက်ပြီး
တော့လည်း မြင်လာစေနိုင်ပါတယ်။ အမှန်တရားကို
ဖုံးကွယ်ပြီး
စိတ်ချမ်းသာအောင် စိတ်ကျေနပ်အောင်
ကောင်းတာလေးပဲ
ရွေးပြောပြီး မြောက်ပင့် ချီးကျူးတာပဲ
ကြုံတွေ့ရလွန်းတဲ့သူများဟာ
စိတ်ဓါတ်ကြံ့ခိုင်မှု အားနည်းလာတတ်ပါတယ်။
အမြဲတမ်း
ချီးကျူးစကားကိုပဲ ကြားနေကျဖြစ်လေတော့
အားနည်းချက်
တစ်ခုခု အပြစ် တစ်ခုခုကို ထောက်ပြဝေဖန်လိုက်တဲ့အခါ
အမှန်ကို မြင်နိုင်စွမ်းမရှိပဲ
အပြစ်စကားကိုပြောရပါ့မလားလို့
ရန်လိုမုန်းထားဖြစ်တတ်ပါတယ်။
လူကြီးများကိုယ်တိုင်က အမှန်အမှားကို
ခွဲခြားပြသဖို့ လိုအပ်ပါတယ်။
ဒါဟာ အမှန်တရားပဲ။ အဲ့ဒီအမှန်တရားကိုလက်ခံကျင့်သုံးရမယ်။
ပြီးတော့ မိမိရဲ့ အားနည်းချက်ကို
ပြုပြင်ဖြည့်စွက်နိုင်ရမယ်ဆိုတာ
သင်ကြားတတ်ခဲ့မယ်ဆိုရင် လူတစ်ယောက်ဟာ
ပါရမီတစ်ခုကို
ပြီးမြောက်အောင်ဆောင်ရွက်ရာရောက်ပါတယ်။ပါရမီတစ်ခု
ပြည့်ဖို့
ဆိုတာ စိတ်ဓါတ်ခိုင်မာဖို့ သိတ်ကို
အရေးကြီးတာပါ။
လောကီနယ်ပယ်မှာ အောင်မြင်အောင်
တိုးတက်အောင် တိုက်တွန်းပြီး
ချီးကျူးကြ မြောက်ပင့်ကြလုပ်တယ်။
အပြစ်ပြောတဲ့စကားကို အားနည်းချက်
ထောက်ပြဝေဖန်တာကို စိတ်အားငယ်မှာစိုးရိမ်ပြီး
တားမြစ်ကြတယ်။
ကာကွယ်ကြတယ်။ ပြောခဲ့ရင် ပြောတဲ့သူကို
ပြဿနာရှာလွှတ်တယ်။
နောက်ထပ်ပြောခွင့်မရအောင် စည်းခြားကြတယ်။
ဒီလိုနဲ့ပဲ အပြစ်
ပြောတာကိုမကြားဖူးတဲ့ သူတွေဟာ အားနည်းချက်တွေ
ဝေဖန်ထောက်ပြ
တာကိုလည်း လက်မခံတတ်ကြတော့ဘူး။
မစီစစ်တတ်ကြတော့ဘူး။
ဒါကြောင့် လောကုတ္တရာနယ်ပယ်ရောက်တော့
တရားကို မနာတတ်ကြတာ။
သစ္စာတရားဆိုတာ ခန္ဓာရဲ့ ဆင်းရဲခြင်းတွေကိုပြောတယ်။
ဘ၀ရခြင်းရဲ့ ဆင်းရဲခြင်း
တွေကိုပြောတယ်။ ကာမဂုဏ်အာရုံတွေရဲ့
ညစ်ညမ်းခြင်းတွေကိုပြောတယ်။
အခြားသော ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာကို
အဆိုးမြင်ဝါဒလို့
ဆိုတဲ့အထိ မြင်ကြတယ်။ ဒါက သူတို့ကျင်လည်ရတဲ့
ဘာသာတရားရဲ့ အဆုံး
အမတွေနဲ့ မတူတဲ့အချက်တွေကြောင့်ပါပဲ။
သူတို့ ဘာသာမှာ မိမိ
ဘ၀ ကောင်းစားအောင် မိမိ မိသားစုကောင်းစားအောင်
ကာမဂုဏ်
အာရုံဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာတွေပြည့်စုံအောင် အောင်မြင်တဲ့သူ
ကျော်ကြားတဲ့သူဖြစ်အောင် သူတစ်ပါးယုံကြည်အောင် စကားကောင်း
ပြောဆိုခြင်း စတဲ့ အဆုံးအမတွေနဲ့ပဲ
ကျင်လည်နေကြတာဖြစ်တော့
ခန္ဓာရဲ့ ဆင်းရဲခြင်းအကြောင်းတွေ
ဘ၀ရခြင်းရဲ့ ဆင်းရဲခြင်းအကြောင်းတွေ
ကာမဂုဏ်အာရုံတွေကိုခံစားခြင်းဟာဆင်းရဲတယ်ဆိုတာတွေ
ပြောလိုက်တဲ့
အခါ ဒီဆင်းရဲခြင်းတွေကိုပြောပြတာ
အမှန်တရားလို့ လက်မခံကြတော့ဘူး။
ရုပ်ပိုင်းဆိုင်ရာပြည့်စုံခြင်းကို
ချမ်းသာတယ်လို့ ယူဆနေကြတယ်။
စကတည်းက အမှန်တရားနဲ့ ကင်းကွာပြီး
ရင်းနှီးကျွမ်းဝင်ခဲ့ကြတာ။
အသုဘတွေ ဒုက္ခတွေနဲ့ ရင်းနှီးနေခဲ့တာ
ရင်းနှီးနေကျလိုဖြစ်နေတော့
ယဉ်ပါးပြီး အသုဘ ကို သုဘလို့မြင်တယ်။
ဒုက္ခကို သုခ လို့ ထင်တယ်။
တစ်ချို့ဆိုရင် အိမ်ထောင်ရေးပြဿနာတွေ လူမှုရေးပြဿနာတွေ
ကြုံရ ဆုံရ အခက်အခဲတွေဖြစ်ရ ချစ်သူခင်သူတို့နဲ့ တွေ့ဆုံရ
ဝမ်းသာခြင်း ၀မ်းနည်းခြင်းတွေဖြစ်ရ
ပူဆွေးသောကရောက်ရ
စသဖြင့် ကြုံဆုံရတဲ့ အပေါ်မှာ ဒါဟာ ဘ၀ရဲ့ ရသပဲလို့ခံယူပြီး
ကျေနပ်နေကြတယ်။ တစ်ကောင်ကြွက်တွေဆိုရင်
တွေ့ဆုံခြင်း
ကြေကွဲခြင်း ၀မ်းနည်းခြင်း စတဲ့
ရသတွေ ခံစားခွင့်တောင်ရတာ
မဟုတ်ဘူးဆိုပြီး ဆင်းရဲခြင်းတွေကို
ချိုမြိန်စွာ သုံးဆောင်ကြလေရဲ့။
ဆင်းရဲခြင်းတွေကိုနှစ်ခြိုက်ခုံမင်တဲ့သူတွေ
ဆင်းရဲခြင်းကို ဖက်တွယ်ထားတဲ့
သူတွေဆိုတာ ချမ်းသာခြင်းအစစ်အမှန်ကို
ဘယ်သူရှာဖွေပါတော့မလဲ။
တစ်ယောက်ကိုတစ်ယောက်ကျေနပ်အောင်
ပျော်ရွှင်အောင်
အမှန်တရားကနေ သွေဖီပြီး ပြောကြဆိုကြ
မြောက်ပင့်ကြ
တိုက်တွန်းကြတာ အရိုးစွဲနေကြလေတော့
မဂ္ဂင် (၈)ပါးဆိုတဲ့
လမ်းမှန် လမ်းဖြောင့်ကို လမ်းကောက်ကောက်လျှောက်နေကျ
သူတွေဟာ မလျှောက်တတ်ကြတော့ဘူး။
ပျင်းစရာကောင်းတယ်
ဖြောင့်မတ်လွန်းတော့ ရသတွေ မပါဘူးဆိုပြီး
ရှောင်ဖယ်ကြ
ပါတော့တယ်။
မာဂဏ္ဍီပုဏ္ဏားကြီးတို့ ဇနီးမောင်နှံဟာ
အမှန်တရားကို
မီးမောင်းထိုးပြတာနဲ့ သိနိုင်စွမ်းတဲ့
ဥာဏ်ထက်မြက်သူ။
အမှန်တရားကိုလက်ခံလိုစိတ် ရှိတဲ့သူတွေဖြစ်လို့
ဥာဏ်ထဲမှာ
ရှင်းလင်းစွာ သိမြင်ကြတာ။ သမီးဆိုတဲ့အစွဲနဲ့
အကောင်းမြင်
အကောင်းပြောချင်တဲ့စိတ်မျိုးတွေသာ
ကြီးစိုးခဲ့မယ်ဆိုရင်
ဒီအမှန်တရားကို သိနိုင်စွမ်းကြမှာ
မဟုတ်ပါဘူး။
အကောင်းမြင်ဝါဒကို ဆုပ်ကိုင်ထားကြသူတွေဟာ
အမှန်တရားက
သွေဖီကြသူများသာဖြစ်ပါတယ်။ အကောင်းမြင်ပေးလိုက်စမ်းပါ။
အကောင်းပြောပေးလိုက်စမ်းပါ စသည်အားဖြင့်
တိုက်တွန်းပြောဆို
နေကြခြင်းများဟာ အမှန်တရားကို လက်မခံနိုင်ကြသူများလို့
ဆိုစရာဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ အနုသယကိလေသာကိန်း
နေကြသူများ ပီပီ ကောင်းသောစကား
ကောင်းသောအသံ စသည်ဖြင့်
ကြားချင်ကြပါတယ်။ချီးကျူးဂုဏ်ပြုခြင်းကို
ခံယူလိုကြပါတယ်။
အပြစ်ပြောခြင်း ဝေဖန်ခြင်းကို လက်မခံလိုကြပါဘူး။
ဒီတော့
အမှန်တရားကို အလိုရှိသူများ မဟုတ်ကြတော့ဘူး။
အမှန်တရားကို
အလိုရှိသူဟာ မကောင်းတာ ကို မကောင်းဘူးလို့
မြင်သိပြီး
ပြောနိုင်ရမယ်။ ကောင်းတာကို ကောင်းတယ်လို့
မြင်သိပြီး
ပြောနိုင်ရမယ်။ လက်လည်း လက်ခံရမယ်။
ဒီလိုမှ မဟုတ်ပဲ
မကောင်းတာကို မကောင်းဘူးလို့ မပြောပဲ
ဖယ်ထား ချန်ထားပြီး
ကောင်းတာကိုပဲ ပြောမယ်ဆိုရင် တဖက်လူကိုလည်း
မကောင်းတဲ
အချက်ကလေး သတိထားပြီး ဆင်ခြင်ဖို့
ပြင်ဆင်ဖို့ သတိပေး
ရာ မရောက်တော့ပဲ ဖုံးဖိ ကာကွယ်ရင်း
အမှန်တရားနဲ့ သွေဖီ
လာတယ်။ ဆန့်ကျင်လာတယ်။ အမှန်တရားလမ်းကြောင်းပေါ်ကနေ
လွဲချော်သွားကြပါတော့တယ်။ကိုယ်တိုင်ကလည်း
လွဲချော်အောင်
ဦးဆောင်ခေါ်ယူသကဲ့သို့ ဖြစ်သွားသလိုအကောင်းမြင်စိတ်နဲ့
ပြောပေးသူကို နှစ်လိုခင်မင်ရင်း
အပြောခံရသူပါ အမှန်တရားမှ
တိမ်းစောင်းသွားပါတယ်။ ဒီလိုကျင့်သုံးမှုမျိုးဟာ
ကောင်းမွန်
မြင့်မြတ်တဲ့ ကျင့်သုံးမှု တစ်ခု
မဟုတ်တော့ဘူးဆိုတာ
သိစေချင်ပါတယ်။
ကောင်းတာကိုလည်း သိရမယ် ပြောရမယ်။
မကောင်းတာကိုလည်း
သိရမယ် ပြောရမယ်။ ကောင်းတာကို ဆက်လက်ထိန်းသိမ်းရမှာ
ဖြစ်ပြီး မကောင်းတာကို ပြုပြင်မွမ်းမံ
အစားထိုးတတ်ရမှာဖြစ်ပါတယ်။
မဂ္ဂင်(၈)ပါးမှာ မှန်ကန်စွာသိမှုဆိုတာ
ရှိပါတယ်။ လောကီနယ်ပယ်မှာ
ကျင်လည်ရင်း အမှန်ကို အမှန်အတိုင်း
သိနိုင်စွမ်းတဲ့သူ လက်ခံကျင့်သုံး
လေ့ ရှိတဲ့သူဟာ လောကုတ္တရာနယ်ပယ်မှာလည်း
မှန်စွာသိမြင်နိုင်ဖို့
ပိုပြီးလွယ်ကူပါတယ်။ကြံစည်မှုမှာလည်း
မှန်ကန်ကောင်းမွန်တာကို
ဖြောင့်မတ်စွာ ကြံစည်လေ့ရှိသူဟာ
လောကုတ္တရာနယ်ပယ်ရောက်
ရင်လည်း အလေ့အကျင့်တစ်ခု ရှိပြီးသားဖြစ်ပါလိမ့်မယ်။မှန်ကန်စွာ
ပြောဆိုမှုပြုလုပ်ပြီး မှန်ကန်စွာလည်း
ပြုလုပ်လေ့ရှိတဲ့သူတွေဟာ
မှန်ကန်စွာ အသက်မွေးခြင်းလည်း ဖြစ်သွားပါတယ်။
အကောင်းမြင်ဝါဒကျင့်သုံးသူဆိုတာ
တကယ်တမ်းပြောရရင်
အဂတိ တရား လေးပါးထဲက ဆန္ဒာဂတိကို
ကျူးလွန်နေခြင်းသာ
ဖြစ်ပါတယ်။ပီယ၀ါစာလို့ ယူဆပြီး
ကျင့်သုံးနေကြခြင်းဖြစ်ပါတယ်။
အကောင်းမြင်စိတ်ရှိသူ ကောင်းသော
စကားကိုဆိုသူလို့
အထင်ရောက်စေပြီး မိမိကို ချစ်ခင်စေလိုခြင်းသဘောကို
သက်ရောက်ပါတယ်။လောဘ နဲ့ ပြောတဲ့စကားဖြစ်နေပါပြီ.။
ဖြောင့်မတ်ခြင်းမရှိသော လှည့်ဖြားခြင်းသာလျှင်ဖြစ်ပါတယ်။
တကယ်တော့ မဂ္ဂင် (၈)ပါးဆိုတာ လောကုတ္တရာနယ်ပယ်တင်မက
လောကီနယ်ပယ်မှာပါ ခံယူကျင့်သုံးသင့်တဲ့
လမ်းစဉ်များပဲ
ဖြစ်ပါတယ်။ အကောင်းမြင်ခြင်းနဲ့
မသွားပဲ အမှန်သိခြင်းနဲ့
သုံးသပ်ဆင်ခြင်ပြီး ယူဆပြောဆိုခြင်းကသာ
အလယ်အလတ်
လမ်းစဉ်ကျင့်သုံးရာရောက်ပါလိမ့်မယ်။
အကောင်းမြင်ဝါဒဟာ
တကယ်တော့ အတ္တ ဆန်ပါတယ်။ အကောင်းမြင်ဝါဒကို
ပြောဆို ကျင့်ကြံလို့ မုန်းသူမရှိ
ချစ်ခင်သူတွေများလာပြီး
ငါ မှ ငါ ဆိုတဲ့ အတ္တ၀ါဒုပါဒါန်
အထိ စွဲလမ်းသွားနိုင်ပါတယ်။
သူတစ်ပါး ချစ်ခင်အောင်ပြောနိုင်တယ်လို့
ယူဆသွားပါတယ်။
ဒါဟာ လှည့်ဖြားခြင်းပါပဲ။ သူတစ်ပါးကို
စိတ်ချမ်းသာစေချင်လို့
အကောင်းပြောသလိုလိုနဲ့ မိမိကို
ရန်လိုမုန်ထားမဖြစ်အောင်
ချစ်ခင် အောင် လာဘ်လာဘ အချွေအရံ အလိုရှိခြင်း ဆိုတဲ့
စိတ်လှည့်စားမှုတစ်ခုဖြစ်ပါတယ်။
အမှန်တရားကိုဖုံးကွယ်တဲ့
လှည့်ဖြားခြင်းတစ်ခုပါ။
မကောင်းမှုကို ကဲ့ရဲ့ခြင်းဟာ သူတော်ကောင်းတရားဆိုပြီး
သူတစ်ပါး အပြစ်ကို ရှုတတ်ခြင်းဆိုတဲ့ မသူတော်တရား
ကလည်း စိတ်ကိုလှည့်ဖြားပါတယ်။ အဲ့ဒီလိုပဲ
မှားတာ မှန်တာ တရားတာ မတရားတာ ကို မစဉ်းစားပဲ
မိမိကိုချစ်ခင်လာအောင် ပြောခြင်းဟာလည်း စိတ်ကိုလှည့်ဖြား
ခြင်းပဲ ဖြစ်ပါတယ်။ အကောင်းမြင်ဝါဒလို့
ဆုပ်ကိုင်ပြီး
မေတ္တာ ကရုဏာ နဲ့ ဆက်ဆံသလိုလို ရင်းနှီးရောထွေးပြီး
လာဘ်လာဘ ကိုမျှော်ကိုးခြင်းတွေဟာ
စိတ်လှည့်ဖြားခံရခြင်းတွေပါပဲ။
တဖက်သားကိုလှည့်ဖြားခြင်းဖြစ်သလို
မိမိကိုယ်ကိုလည်း
လှည့်ဖြားခြင်းဖြစ်ပါတယ်။တဖက်သူကို
ကောင်းသောစကား
ပြောသယောင်ယောင် အသွင်ကိုဆောင်ပြီး
အမှန်တရားက
သွေဖယ်ပါတယ်။
ဒီတော့ အကောင်းမြင်ဝါဒဆုပ်ကိုင်ထားပါတယ်ဆိုပြီး
အမှန်တရားကို ဖုးံကွယ်ကြခြင်း သဘောဟာ
မှန်ကန်ခြင်း
မရှိတာကို သိပြီး အမှန်ကို သိခြင်း
အမှန်ကိုပြောခြင်း
စသည်ဖြင့် ဖြောင့်မတ်သောစိတ်ထားနဲ့
ဖြောင့်မတ်သောစကားကို ပြောဆိုကျင့်ကြံ
နေထိုင်ခြင်းသည်သာ
သမ္မာဒိဋ္ဌိ သမာသင်္ကပ္ပ သမာဝါစာ သမာကမ္မန
္တ ဖြစ်ပြီး
သမာအာဇီဝ မြောက်ပါလိမ့်မယ်။
အကောင်းမြင်ဝါဒဟုဆိုလျှက် လှည့်ဖြားခြင်းမှ
ကင်းကြပါစေ။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment